News @ M-Media

Blog

  • ကျူးဘားနှင့် ဥရောပတို့ သံတမန်ဆက်ဆံရေး ပြန်စရန် လက်မှတ်ထိုး

    ကျူးဘားနှင့် ဥရောပတို့ သံတမန်ဆက်ဆံရေး ပြန်စရန် လက်မှတ်ထိုး

    မတ် ၁၂၊ ၂၀၁၆
    M-Media

    cub

    – ကျူးဘားနှင့် ဥရောပသမဂ္ဂတို့မှာ ပုံမှန် သံတမန်ဆက်ဆံရေး ပြန်လည်စတင်ရန်အတွက် သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးလိုက်ပြီး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် အကူအညီပေးရေးအတွက် လမ်းဖွင့်ပေးလိုက်ခြင်းလည်း ဖြစ်သည်။

    ယမန်နေ့က ကျူးဘားနိုင်ငံ ဟာဗားနားမြို့တွင် ဥရောပနိုင်ငံခြားရေး ပေါ်လစီရေးရာ အကြီးအကဲ ဖက်ဒရီကာ မိုဂ်ဟီရီနီနှင့် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ကျူးဘားနိုင်ငံခြားရေးဝန်ကြီး ဘရူနို ရော်ဒရီဂက်ဇ်က ထိုကဲ့သို့ လက်မှတ်ရေးထိုးခြင်းကို အတည်ပြုခဲ့သည်။

    ကျူးဘားမှာ ရန်ဘက် အမေရိကန်နှင့် မကြာသေးမီက သံတမန်ဆက်ဆံရေး ပြန်လည်တည်ဆောက်ခဲ့ပြီး ဥရောပသမဂ္ဂနှင့် ယခုသဘောတူညီချက်တွင် နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ရေး၊ ကုန်သွယ်ရေးနှင့် အကူအညီပေးရေးအတွက် မူဘောင်များ ရေးဆွဲရေး၊ ကျူးဘား၏ တစ်ပါတီနိုင်ငံရေးနစ်ကို ပြောင်းလဲရန် တွန်းအားပေးသည့်အနေဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ က ဥရောပမှ ပြုလုပ်ခဲ့သည့် တစ်ဖက်သတ်ပေါ်လစီများကို ဖယ်ရှားပေးရေးတို့လည်း ပါဝင်သည်။

    အမေရိကန်သမ္မတ အိုဘားမားမှာ မတ်လ ၂၀ ရက်နေ့တွင် ဟာဗားနားသို့ သွားရောက်လည်ပတ်ရန် ရှိနေပြီး ၁၉၅၉ ခုနှစ် ကျူးဘားတော်လှန်ရေးပြီးနောက် ပထမဆုံးရောက်ရှိမည့် အမေရိကန်သမ္မတလည်း ဖြစ်သည်။

    Ref: Aljazeera

  • အသင်းမှာ ကစားပုံကောင်းပြီး ရလဒ်ကောင်း မရခြင်းသာဖြစ်သည်ဟု မန်ယူနည်းပြပြော

    အသင်းမှာ ကစားပုံကောင်းပြီး ရလဒ်ကောင်း မရခြင်းသာဖြစ်သည်ဟု မန်ယူနည်းပြပြော

    မတ် ၁၂၊ ၂၀၁၆
    M-Media

    van gal 5

    – မိမိအသင်း၏ ကစားပုံမှာ ပြောစရာမရှိဘဲ ရလဒ်ကောင်း ပျောက်ဆုံးခြင်းသာဖြစ်သည်ဟု မန်ယူနည်းပြ လူးဝစ်ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    မန်ယူမှာ ကြာသာပတေးနေ့က ကစားခဲ့သည့် ယူရိုပါလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲ ပထမကျော့တွင် လီဗာပူးလ်အသင်းအား ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး ဗန်ဂါးလ်၏ ခံစစ်အသားပေး ကစားမှုအတွက် ဝေဖန်မှုများကို ခံခဲ့ရသည်။ သို့သော်လည်း ဗန်ဂါးလ်ကမူ အသင်း၏ကစားပုံအား ကာကွယ်ခဲ့ကာ အနိုင်ရလဒ်များ ပျောက်ဆုံးခြင်းဖြစ်သည်ဟု ဆိုသည်။

    “ဟုတ်ကဲ့။ ကစားပုံက အလုပ်ဖြစ်တယ်လို့ ထင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ဟာ အခြေအနေအချိန်အခါကိုလိုက်ပြီး လုပ်ရတာမို့လို့ပါ။ တကယ်လို့ ကစားသမား များများစားစား မရှိတဲ့အချိန်မှာ ပြိုင်ပွဲ ၃ ခုလောက် ကစားရတာဟာ တော်တော်လေး ခက်ခဲပါတယ်။ ကစားပုံက အလုပ်ဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် ယူရိုပါနဲ့ FA ဖလားတို့မှာ ချန်ပီယံဖြစ်ရမယ်လို့ ထင်ထားတဲ့အချိန် လိုအပ်တဲ့ ရလဒ်ကောင်းကို မရတာပါ” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

    ယူရိုပါလိဂ်တွင် နောက်တစ်ဆင့်တက်ရန် မျှော်လင့်ချက်နည်းလာသောကြောင့် မန်ယူမှာ လာမည့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရန်အတွက် ပရီးမီးယားလိဂ်၌ အဆင့် ၄ အတွင်းဝင်ရန် လိုအပ်နေသည်။

    Ref: Goal

  • အစ္စလာမ်ကြောက်ရောဂါတိုက်ဖျက်ရေး ဗြိတိန်အဖွဲ့အစည်းများ ဆောင်ရွက်နေ

    အစ္စလာမ်ကြောက်ရောဂါတိုက်ဖျက်ရေး ဗြိတိန်အဖွဲ့အစည်းများ ဆောင်ရွက်နေ

    မတ် ၁၂၊ ၂၀၁၆
    M-Media

    uk

    – မွတ်စလင်အမည်ခံ အကြမ်းဖက်သမားတွေကြောင့် အင်္ဂလန်မှာ အစ္စလာမ်မုန်းတီးရေးတွေ များလာတာနဲ့အမျှ အဖွဲ့အစည်းအတော်များများကလည်း မွတ်စလင်တွေကို ပစ်မှတ်ထားတဲ့ အမုန်းရာဇ၀တ်မှုတွေ တိုက်ဖျက်ဖို့ စတင်လုပ်ဆောင်လာကြပြီး လူထုအသိပညာရေးကိုလည်း တိုးမြှင့်ဆောင်ရွက်လာခဲ့ပါတယ်။

    ဗြိတိန်မှာ ၂၀၁၄ ခုနှစ်ကတည်းက အစ္စလာမ်ဆန့်ကျင်ရေး ထိုးနှက်မှုတွေဟာ ၆၀ ရာခိုင်နှုန်းလောက် မြင့်တက်လာတယ်လို့ လန်ဒန်ရဲတပ်ဖွဲ့က ပြောပါတယ်။ ဗြိတိန် အစ္စလာမ်ကြောက်ရောဂါ ဆန့်ကျင်ရေးအဖွဲ့ Tell MAMA ကတော့ တစ်တိုင်းပြည်လုံးမှာ ဒီလိုအဖြစ်အပျက်ပေါင်း ၂၅၀၀ လောက် ရှိတယ်လို့ ဆိုပါတယ်။

    ဒါ့ကြောင့် လူ့အဖွဲ့အစည်းအတွင်း အကွဲအပြဲတွေမဖြစ်ဖို့အတွက် ယူကေမှာရှိတဲ့ အဖွဲ့အစည်းတွေဟာ ပညာရေးမြှင့်တင်တာမျိုးတွေ၊ ရုပ်ပြကာတွန်းနဲ့ သရုပ်ဖော်တာမျိုးတွေ ပြုလုပ်ပြီး တုံ့ပြန်နေကြပါတယ်။

    ပြီးခဲ့တဲ့ နိုဝင်ဘာလက ဖြစ်ပွားခဲ့တဲ့ ပဲရစ်တိုက်ခိုက်မှုအပြီးမှာ အစ္စလာမ်ကြောက်ရောဂါကြောင့် ဖြစ်ပွားတဲ့ တိုက်ခိုက်မှုတွေ တဟုန်ထိုးမြင့်တက်လာပါတယ်။ အင်္ဂလန်အခြေစိုက် အစ္စလာမ့်လူ့အခွင့်အရေးကောင်စီ (IHRC) ကတော့ ပြီးခဲ့တဲ့နှစ်တွေမှာ အစ္စလာမ်ဆန့်ကျင်ရေး သဘောတရားတွေကို ထုတ်ဖော်ပြောဆိုတဲ့ နာမည်ကြီးတွေကို သရော်တဲ့အနေနဲ့ “အစ္စလာမ်ကြောက်ရောဂါဆု” ကို ချီးမြှင့်ပေးအပ်ဖို့ စီစဉ်ထားပါတယ်။

    အဲဒီ “တစ်နှစ်တာ အစ္စလာမ်ကြောက်ရောဂါဆု” ကို မွတ်စလင်တွေအပေါ် ဒေါသထွက်စေတဲ့ မှတ်ချက်မျိုးတွေ ပြောဆိုခဲ့တဲ့အတွက် အမေရိကန်နိုင်ငံရေးသမား ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ IHRC ကတော့ ဒီလိုပြုလုပ်ခြင်းအားဖြင့် အစ္စလာမ်ကြောက်ရောဂါအခြေခံ ရာဇ၀တ်မှုတွေအတွက် ထိရောက်တဲ့အရေးယူမှုတွေ ပြုလုပ်တဲ့နေရာမှာ အကူအညီပေးနိုင်မယ်လို့ ဆိုပါတယ်။

    Tell MAMA အဖွဲ့ကို တည်ထောင်သူဖြစ်ပြီး၊ အကြီးအကဲလည်းဖြစ်သူ မာဆူဒ် ရှဒ်ဂျရာဟ်ကတော့ ဒီ အစ္စလာမ်ကြာက်ရောဂါဆု ဟာ မွတ်စလင်တွေအပေါ် နေ့စဉ်ကျူးလွန်နေတဲ့ ရာဇ၀တ်မှုကြီးတွေကို အရေးမပါသလို ဖြစ်သွားစေလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

    ဗြိတိန်မွတ်စလင်ကောင်စီ (MCB) ကဲ့သို့သော အဖွဲ့အချို့က မွတ်စလင်မဟုတ်သူတွေကို အစ္စလာမ်နဲ့ပက်သက်လို့ သင်ကြားပေးခြင်းကသာ အသိပညာနုံနဲ့မှုကြောင့်ဖြစ်ပေါ်လာရတဲ့ အမုန်းရာဇ၀တ်မှုတွေကို လျှော့ချပေးနိုင်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ ဆိုပါတယ်။

    “ကျွန်ုပ်တို့ဗလီသို့လာရောက်ပါ” လို စည်းရုံးလှုံ့ဆော်မှုတွေဟာ မွတ်စလင်တွေအနေနဲ့ တခြားအဖွဲ့အစည်းက လူတွေကို မိမိယုံကြည်ရာသာသနာနဲ့ ပက်သက်လို့ ရန်လိုမှုတွေကိုကျော်လွန်ပြီး ရှင်းပြခွင့်ရတဲ့ အစီအစဉ်မျိုးဖြစ်တဲ့အတွက် သိပ်ကောင်းတဲ့ အစီအစဉ်မျိုးဖြစ်တဲ့အကြောင်း MCB ရဲ့ ပြောရေးဆိုခွင့်ရှိသူ မစ်ဒဒ် ဗာဆီက ပြောကြားခဲ့ပါတယ်။

    Ref: IINA

  • အခက်အခဲများကြောင့် ရမ်းဗြဲ မှ ရန်ကုန်သို့ ရွှေ့ပြောင်းလာသည့် ကမန် တိုင်းရင်းသားများအား ဧည့်စာရင်း မပေး

    အခက်အခဲများကြောင့် ရမ်းဗြဲ မှ ရန်ကုန်သို့ ရွှေ့ပြောင်းလာသည့် ကမန် တိုင်းရင်းသားများအား ဧည့်စာရင်း မပေး

    မတ် ၁၁၊ ၂၀၁၆
    M-Media
    သတင်း-ဖြူလေး

    Kaman2
    ရခိုင်ပြည်နယ်မှ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို.နယ်သို့ရောက်ရှိနေသော ကမန်တိုင်းရင်းသားအချို.။ (ဓာတ်ပုံ- ကေဇွန်နွေး/Myanmar Now)

    ရန်ကုန်။    ။  အလုပ်အကိုင် ရှာဖွေဖို့နဲ့ ကျောင်းတက်ဖို့အတွက် လာကြတဲ့ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်မှ ရန်ကုန်မြို့သို့ ရောက်လာတဲ့  ကမန်တိုင်းရင်းသား (၂၂) ယောက်ကို  ၄င်းတို့ လက်ရှိ တည်းခို နေထိုင်ရာတွင်  သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများက အထက်ညွှန်ကြားချက်ဟုဆိုကာ ဧည့်စာရင်းများတိုင်တန်းခြင်းကို ခွင့်မပြုခြင်း ဖြစ်နေပါတယ်။

    အဆိုပါ ကမန်တိုင်ရင်းသား(၂၂) ဦးသည် ရမ်းဗြဲမြို့ ဒုက္ခသည်စခန်းတွင် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည့်အခက်အခဲများကြောင့် ပညာသင်ကြားနိုင်ရေးနှင့် အလုပ်အကိုင်များ ရှာဖွေနိုင်ရေးတို့အတွက် ၂၀၁၅ ခုနှစ် နိုဝင်ဘာတွင် ရန်ကုန်မြို့သို့ လာရောက်ရခြင်း ဖြစ်ကြောင်း ကမန်တိုင်းရင်းသားလူမှုကွန်ယက်မှ တာဝန်ရှိသူတစ်ဦးက M-Media ကိုပြောပါတယ်။

    “သူတို့တွေဟိုမှာ ဘာအခွင့်အလမ်းမှ မရှိလို့၊ အရာရာအဆင်မပြေဖြစ်လွန်းနေလို့ ပညာရေးတွေလည်း တစ်ပိုင်းတစ်စဖြစ်နေတဲ့ လူတွေစုပြီး တစ်အိမ်ကို တစ်ယောက် နှစ်ယောက် အဲ့လိုလာကြာတာ။ ရန်ကုန်ရောက်တော့လည်း နီးစပ်ရာ ဆွေးမျိုးတွေ အိမ်မှာနေပြီး သူတို့ကြိုးစားကြမလို့ လာကြတာပါ။ အဲ့ဒါကို ဒုက္ခသည်စခန်းကနေ လူ (၂၂) ယောက် ရန်ကုန်ရောက်လာတယ်ဆိုပြီး ဟိုကလှမ်းသတင်းပို့တော့ ဒီက သက်ဆိုင်ရာလူတွေက သူတို့ကို ချက်ချင်းပြန်ဆိုပြီး လုပ်တယ်။ ကျွန်တော်မေးချင်တာက နိုင်ငံသားတစ်ယောက်က ကိုယ့်နိုင်ငံအတွင်းမှာ မည်သည့်နေရာမဆို လွတ်လပ်စွာသွားလာနေထိုင်နိုင်လို့မရဘူးလား။ ဒီလိုတွေ လုပ်နေတာဟာ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးတွေ လိုက်ပိတ်ပင်နေတာနဲ့ တူတူပါပဲ” လို့ ကမန်တိုင်းရင်းသားတစ်ဦးက ဆိုပါတယ်။

    အဆိုပါ ကမန်တိုင်းရင်းသား (၂၂)  ဦးအတွက် အခြားနိုင်ငံသားများနီးတူ ၎င်းတို့နေထိုင်ရာ မြို့နယ်များတွင် ယာယီသန်းခေါင်း စာရင်းဖြင့် နေထိုင်ခွင့်ပေးရန်အတွက် ကမန်တိုင်းရင်းသားကွန်ယက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး၊ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာ လ.ဝ.က ဦးစီးဌာနမှူးများထံသို့ တင်ပြထားပါတယ်။

    ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်တွင် လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက်ပိုင်း ရမ်းဗြဲမြို့နယ်အတွင်း ကမန် တိုင်းရင်းသားများမှာ မိမိတို့နေထိုင်ရာနေရာများကို ယခုချိန်ထိ ပြန်လည်ရရှိခြင်း မရှိသေးဘဲ ဒုက္ခသည်စခန်းများတွင်သာ နေထိုင်နေ ရပါတယ်။

    ဆက်စပ်သတင်းများ ဖတ်၇န်
    ——————————
    ရန်ကုန်ရောက် နိုင်ငံသားစိစစ်ရေးကတ် ကိုင်ထားသူ ၂၀ ကို ရခိုင်သို့ ပြန်ရန် လဝက ညွန်ကြား
    http://www.m-mediagroup.com/news/50125

    ကမန်ဒုက္ခသည်များကို နေရပ်ရင်း အတင်းပြန်ခိုင်း
    www.m-mediagroup.com/news/50190

    ရန်ကုန်ရောက် ကမန် ၂ဝ နေရပ်ရင်းပြန်ရန် ဆန္ဒမရှိ
    http://www.m-mediagroup.com/news/50190

  • အိန္ဒိယအတွက် ယခုနှစ်ဟဂ်ျခွဲတမ်းကို ဆော်ဒီ သတ်မှတ်ပေး

    အိန္ဒိယအတွက် ယခုနှစ်ဟဂ်ျခွဲတမ်းကို ဆော်ဒီ သတ်မှတ်ပေး

    မတ် ၁၂၊ ၂၀၁၆
    M-Media

    hajj 4

    – ယခုနှစ် အိန္ဒိယနိုင်ငံအတွက် ဟဂ်ျဘုရားဖူးခရီးစဉ်ခွဲတမ်းကို ဆော်ဒီအာရေးဗျက ၁၃၆,၀၂၀ အထိ သတ်မှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

    အိန္ဒိယနိုင်ငံခြားရေးရာ ၀န်ကြီး ဗီ ကေ ဆင်း ဦးဆောင်တဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နဲ့ ဆော်ဒီဟဂ်ျရေးရာဝန်ကြီး ဘန်ဒါ ဟဂ်ျဂျာတို့ ယမန်နေ့က သဘောတူလက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး အဲဒီအထဲက ၁၀၀,၀၂၀ ဦးဟာ အိန္ဒိယနိုင်ငံ ဟဂ်ျကော်မတီကတဆင့် သွားရမည်ဖြစ်ကာ ကျန်တဲ့ ၃၆,၀၀၀ ကတော့ ပုဂ္ဂလိက ခရီးသွားကုမ္ပဏီတွေကတဆင့် သွားရမှာဖြစ်ပါတယ်။

    အိန္ဒိယကိုယ်စားလှယ်အဖွဲ့မှာ ဆော်ဒီဆိုင်ရာ အိန္ဒိယသံအမတ် အဟ်မဒ် ဂျာဝိဒ်၊ သံမှူး ဘီ အက်စ် မူဘာရက်တို့လည်း ပါဝင်ခဲ့ပါတယ်။ လူနည်းစုရေးရာဝန်ကြီးဌာ ပူးတွဲအတွင်းရေးမှူး ရာကက်ရှ် မိုဟန်၊ အိန္ဒိယ ဟဂ်ျကော်မတီ အကြီအကဲ အာတူရ် ရဟ်မန်၊ အရပ်ဖက် လေကြောင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူး ပူဂျာ ဂျင်ဒဲလ်၊ ဟဂ်ျကောင်စီဝင် ရှာဟစ်ဒ် အလမ်တို့ကတော့ အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။

    မက္ကာမြို့က မတ်စ်ဂျစ်ဟရမ် ဗလီဝတ်ကျောင်းတော် ပရ၀ုဏ်ကို တိုးချဲ့မှုတွေ ဆောင်ရွက်နေတာကြောင့် ဆော်ဒီအာရေဗျဟာ ပင်လယ်ကွေ့နိုင်ငံတွေရဲ့ ဟဂ်ျခွဲတမ်းကို ၅၀ ရာခိုင်နှုန်း လျှော့ချခဲ့ပြီး အခြားနိုင်ငံတွေကိုတော့ ၂၀ ရာခိုင်နှုန်းစီ လျှော့ချထားခဲ့ပါတယ်။ ဆော်ဒီနဲ့ အိန္ဒိယတို့ကတော့ ဟဂ်ျခရီးစဉ်နဲ့ ဆက်စပ်တဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ရပြီး ယခုနှစ် ဟဂ်ျဘုရားဖူးရာသီမှာ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း သဘောတူခဲ့ကြပါတယ်။

    Ref: Arab News