News @ M-Media

အခက်အခဲများကြောင့် ရမ်းဗြဲ မှ ရန်ကုန်သို့ ရွှေ့ပြောင်းလာသည့် ကမန် တိုင်းရင်းသားများအား ဧည့်စာရင်း မပေး

မတ် ၁၁၊ ၂၀၁၆
M-Media
သတင်း-ဖြူလေး

Kaman2
ရခိုင်ပြည်နယ်မှ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို.နယ်သို့ရောက်ရှိနေသော ကမန်တိုင်းရင်းသားအချို.။ (ဓာတ်ပုံ- ကေဇွန်နွေး/Myanmar Now)

ရန်ကုန်။    ။  အလုပ်အကိုင် ရှာဖွေဖို့နဲ့ ကျောင်းတက်ဖို့အတွက် လာကြတဲ့ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်မှ ရန်ကုန်မြို့သို့ ရောက်လာတဲ့  ကမန်တိုင်းရင်းသား (၂၂) ယောက်ကို  ၄င်းတို့ လက်ရှိ တည်းခို နေထိုင်ရာတွင်  သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများက အထက်ညွှန်ကြားချက်ဟုဆိုကာ ဧည့်စာရင်းများတိုင်တန်းခြင်းကို ခွင့်မပြုခြင်း ဖြစ်နေပါတယ်။

အဆိုပါ ကမန်တိုင်ရင်းသား(၂၂) ဦးသည် ရမ်းဗြဲမြို့ ဒုက္ခသည်စခန်းတွင် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည့်အခက်အခဲများကြောင့် ပညာသင်ကြားနိုင်ရေးနှင့် အလုပ်အကိုင်များ ရှာဖွေနိုင်ရေးတို့အတွက် ၂၀၁၅ ခုနှစ် နိုဝင်ဘာတွင် ရန်ကုန်မြို့သို့ လာရောက်ရခြင်း ဖြစ်ကြောင်း ကမန်တိုင်းရင်းသားလူမှုကွန်ယက်မှ တာဝန်ရှိသူတစ်ဦးက M-Media ကိုပြောပါတယ်။

“သူတို့တွေဟိုမှာ ဘာအခွင့်အလမ်းမှ မရှိလို့၊ အရာရာအဆင်မပြေဖြစ်လွန်းနေလို့ ပညာရေးတွေလည်း တစ်ပိုင်းတစ်စဖြစ်နေတဲ့ လူတွေစုပြီး တစ်အိမ်ကို တစ်ယောက် နှစ်ယောက် အဲ့လိုလာကြာတာ။ ရန်ကုန်ရောက်တော့လည်း နီးစပ်ရာ ဆွေးမျိုးတွေ အိမ်မှာနေပြီး သူတို့ကြိုးစားကြမလို့ လာကြတာပါ။ အဲ့ဒါကို ဒုက္ခသည်စခန်းကနေ လူ (၂၂) ယောက် ရန်ကုန်ရောက်လာတယ်ဆိုပြီး ဟိုကလှမ်းသတင်းပို့တော့ ဒီက သက်ဆိုင်ရာလူတွေက သူတို့ကို ချက်ချင်းပြန်ဆိုပြီး လုပ်တယ်။ ကျွန်တော်မေးချင်တာက နိုင်ငံသားတစ်ယောက်က ကိုယ့်နိုင်ငံအတွင်းမှာ မည်သည့်နေရာမဆို လွတ်လပ်စွာသွားလာနေထိုင်နိုင်လို့မရဘူးလား။ ဒီလိုတွေ လုပ်နေတာဟာ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးတွေ လိုက်ပိတ်ပင်နေတာနဲ့ တူတူပါပဲ” လို့ ကမန်တိုင်းရင်းသားတစ်ဦးက ဆိုပါတယ်။

အဆိုပါ ကမန်တိုင်းရင်းသား (၂၂)  ဦးအတွက် အခြားနိုင်ငံသားများနီးတူ ၎င်းတို့နေထိုင်ရာ မြို့နယ်များတွင် ယာယီသန်းခေါင်း စာရင်းဖြင့် နေထိုင်ခွင့်ပေးရန်အတွက် ကမန်တိုင်းရင်းသားကွန်ယက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး၊ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာ လ.ဝ.က ဦးစီးဌာနမှူးများထံသို့ တင်ပြထားပါတယ်။

၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်တွင် လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက်ပိုင်း ရမ်းဗြဲမြို့နယ်အတွင်း ကမန် တိုင်းရင်းသားများမှာ မိမိတို့နေထိုင်ရာနေရာများကို ယခုချိန်ထိ ပြန်လည်ရရှိခြင်း မရှိသေးဘဲ ဒုက္ခသည်စခန်းများတွင်သာ နေထိုင်နေ ရပါတယ်။

ဆက်စပ်သတင်းများ ဖတ်၇န်
——————————
ရန်ကုန်ရောက် နိုင်ငံသားစိစစ်ရေးကတ် ကိုင်ထားသူ ၂၀ ကို ရခိုင်သို့ ပြန်ရန် လဝက ညွန်ကြား
http://www.m-mediagroup.com/news/50125

ကမန်ဒုက္ခသည်များကို နေရပ်ရင်း အတင်းပြန်ခိုင်း
www.m-mediagroup.com/news/50190

ရန်ကုန်ရောက် ကမန် ၂ဝ နေရပ်ရင်းပြန်ရန် ဆန္ဒမရှိ
http://www.m-mediagroup.com/news/50190

Comments

Leave a Reply