News @ M-Media

Blog

  • ဘိုးအင်းနှင့်ပေါင်း၍ ဆော်ဒီက လေကြောင်းကာကွယ်ရေး အဆင့်မြှင့်မည်

    ဘိုးအင်းနှင့်ပေါင်း၍ ဆော်ဒီက လေကြောင်းကာကွယ်ရေး အဆင့်မြှင့်မည်

    ဧပြီ ၁၁၊ ၂၀၂၂

    M-Media


    -ဆော်ဒီအစိုးရပိုင် စစ်လက်နက်ထုတ်လုပ်ရေးလုပ်ငန်း SAMI ဟာ အမေရိကန် လေယာဥ်ကုမ္ပဏီ ဘိုးအင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက်တွေ ရရှိခဲ့ပါတယ်။ 

    သဘောတူညီချက်အရ ဘိုးအင်းကုမ္ပဏီဟာ ဆော်ဒီ လေကြောင်းကာကွယ်ရေး ကဏ္ဍအားလုံးအတွက် ၀န်ဆောင်မှု ပေးသွားမှာ ဖြစ်ပါတယ်။ 

    SAMI လုပ်ငန်းရဲ့ ဥက္ကဌ အဟ်မဒ် အလ်-ခါတစ်ဘ်က အခု ပူးပေါင်းဆောင်ရွက်မှုဟာ နိုင်ငံရဲ့တိုးတက်လာတဲ့ လကြောင်းကဏ္ဍရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပြီး လာမယ့်နှစ်အနည်းငယ်အတွင်း အောင်မြင်မှုအသီးအပွင့်တွေကို မြင်ရတော့မယ်လို့ ပြောကြားခဲ့ပါတယ်။ 

    ၂၀၃၀ မှာ နိုင်ငံက လိုအပ်တဲ့ စစ်လက်နက်ပစ္စည်းရဲ့ ၅၀ ရာခိုနှုန်းကို ပြည်တွင်းမှာထုတ်လုပ်ဖို့ ဆော်ဒီအစိုးရက ပစ်မှတ်ထားနေတဲ့အချိန် ဘိုးအင်းကုမ္ပဏီဟာ ဆော်ဒီအာရေဗျက သူတို့ရဲ့ လုပ်သားအင်အားကို ၅၀ ရာခိုင်နှုန်းအထိ ချဲ့ထွင်ဖို့ စီစဥ်နေပါတယ်။ 

    Ref: Arab News  

  • ပါကစ္စတန်တွင် ၀န်ကြီးချုပ်အပြောင်းအလဲဖြစ်

    ပါကစ္စတန်တွင် ၀န်ကြီးချုပ်အပြောင်းအလဲဖြစ်

    ဧပြီ ၁၁၊ ၂၀၂၂

    M-Media 


    ပါကစ္စတန်၀န်ကြီးချုပ်သစ် ရှဟ်ဘက်ဇ် ရှရှစ်ဖ်

    -၀န်ကြီးချုပ် အင်မရန်းခန်းကို အယုံအကြည်မရှိအဆို တင်သွင်းကာ ပြီးခဲ့တဲ့တစ်ပတ်က ဖြုတ်ချခဲ့ပြီးတဲ့နောက် ပါကစ္စတန်လွှတ်တော်ဟာ အတိုက်အခံခေါင်းဆောင် ရှဟ်ဘက်ဇ် ရှရှစ်ဖ်ကို ၀န်ကြီးချုပ်သစ်အဖြစ် ဒီကနေ့မှာ ရွေးချယ်လိုက်ပါတယ်။ 

    အသက် ၇၀ အရွယ်ရှိပြီဖြစ်တဲ့ ရှဟ်ဘက်ဇ်ဟာ နိုင်ငံရေးသမားတစ်ယောက်ထက် အုပ်ချုပ်ရေးဖက်မှာ ထူးချွန်သူအဖြစ် ပြည်တွင်းမှာ လူသိများပါတယ်။ 

    ပါကစ္စတန်၀န်ကြီးချုပ်အဖြစ် သုံးကြိမ်ဆက် တာ၀န်ထမ်းဆောင်ခဲ့တဲ့ နာ၀က်ဇ်ရှရစ်ဖ်ရဲ့ညီလည်း ဖြစ်ပါတယ်။ ရှဟ်ဘက်ဇ်ဟာ နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးမူ၀ါဒတွေကို ချမှတ်တဲ့ စစ်တပ်နဲ့ ဆက်ဆံရေးကောင်းသူပါ။ 

    ၀န်ကြီးချုပ် အင်မရန်းခန်းကို ဖြုတ်ချရေးမှာ အတိုက်အခံ မဟာမိတ်ခေါင်းဆောင်အဖြစ် ရှဟ်ဘက်ဇ်က ဦးဆောင်ခဲ့ပါတယ်။ အင်မရန်းခန်းကတော့ သူ ဖြုတ်ချခံရမှုမှာ အမေရိကန်က အနောက်ကနေ ကြိုးကိုင်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ 

    ၀န်ကြီးချုပ်သစ် မရွေးမီ အင်မရန်းခန်းပါတီ PTI က လွှတ်တော်အမတ်တွေအားလုံး အမတ်အဖြစ်ကနေ နှုတ်ထွက်ပြီး ဆန္ဒပြခဲ့ပါတယ်။ 

    ၁၉၄၇ ခုနှစ် ဗြိတိန်ထံကနေ လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်း ပါကစ္စတန်မှာ သက်တမ်းပြည့် တာ၀န်ထမ်းဆာင်ရတဲ့ ၀န်ကြီးချုပ် တစ်ဦးမှ မရှိခဲ့တဲ့ ခန်းကတော့ လွှတ်တော်မှာ အယုံအကြည်မရှိအဆို တင်သွင်း ဖြုတ်ချခံရတဲ့ ပထမဆုံး ၀န်ကြီးချုပ်အဖြစ် မှတ်တမ်း၀င်ပါတယ်။ 

    ထောက်လှမ်းရေးအကြီးအကဲ ခန့်အပ်မှုမှာ စစ်တပ်နဲ့ ပြဿနာတက်တာ၊ နိုင်ငံရေး စီးပွားရေး အကြီးအကျယ် ကျဆင်းတာတွေက အင်မရန်းခန်း ရာထူးက ဖြုတ်ချခံရမှု အကြောင်းအရင်းတွေ ဖြစ်ပါတယ်။ 

    Ref: Reuters 

  • အိန္ဒိယတောင်ပိုင်းတွင် မွတ်စလင်များကို ဒုက္ခပေးရေးလှုပ်ရှားမှု အရှိန်မြင့်

    အိန္ဒိယတောင်ပိုင်းတွင် မွတ်စလင်များကို ဒုက္ခပေးရေးလှုပ်ရှားမှု အရှိန်မြင့်

    ဧပြီ ၇၊ ၂၀၂၂

    M-Media 

    -အိန္ဒိယနိုင်ငံတောင်ပိုင်း ကနာတာကာ ပြည်နယ်မှာ မွတ်စလင်တွေအပေါ် ဖိနှိပ်ဒုက္ခပေးရေး ကမ်ပိန်းတွေကို ဟိန္ဒူ ဘာသာရေးအဖွဲ့အစည်းတွေက တိုးမြှင့် လုပ်ဆောင်လာပါတယ်။ 

    စာသင်ကျောင်းတွေမှာ မွတ်စလင်အမျိုးသမီးတွေ ပု၀ါဆောင်းမှုကို ပိတ်ပင်တဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာက စတင်ခဲ့တဲ့ ဒီလုပ်ရှားမှုတွေဟာ အခုအချိန်မှာတော့ ဟာလာလ် အစားအသောက် ပိတ်ပင်ရေး၊ ဗလီတွေမှာ စပီကာနဲ့ ၀တ်ပြုဖို့ နှိုးဆော်မှုကို ပိတ်ပင်ရေး၊ အသီးအနှံ စီးပွားရေးမှာ မွတ်စလင်လုပ်ငန်းရှင်တွေကို ဖယ်ရှားရေးအထိ ကျယ်ပြန့်လာပါတယ်။ 

    ထင်ရှားတဲ့ ဟိန္ဒူဘာသရေးခေါင်းဆောင် ဆစ်ဒါလင်ဂါ ဆွာမီဂျီးက မွတ်စလင်တွေဟာ ပြည်နယ်အတွင်းက သရက်သီးစျေးကွက်ကို လွှမ်းမိုး ချုပ်ကိုင်ထားတယ်လို့ စွပ်စွဲခဲ့ပြီး ဟိန္ဒူတွေအနေနဲ့ ဘာသာတူလုပ်ငန်းရှင်တွေကိုသာ အားပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ 

    လက်ယာစွန်းရောက် ဟိန္ဒူဘာသာရေးအဖွဲ့ Hindu Janajagruti Samiti က တာ၀န်ရှိသူ ချန်ဒရူး မိုဂါက မွတ်စလင်တွေဟာ ‘တံတွေးထွေး ဂျီဟတ်’ ဆင်နွှဲနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ 

    “အသီးအနှံလုပ်ငန်းကို မွတ်စလင်တွေက လက်၀ါးကြီး အုပ်ထားတယ်။ သူတို့ရောင်းတဲ့ ပေါင်မုန့်တွေ၊ အသီးတွေမှာ တံတွေးထွေးပြီးမှ ရောင်းတာကိုလည်း ကျွန်တော်တို့ တွေ့ရပါတယ်။ မွတ်စလင်တွေ လက်၀ါးကြီးအုပ်ထားတာကို ရပ်တန့်ရေး ကူညီဖို့၊ ဟိန္ဒူစျေးသည်တွေရာင်းတဲ့ သစ်သီးတွေကိုသာ ၀ယ်ယူဖို့ ဟိန္ဒူတွေကို ကျွန်တော် တိုက်တွန်းပါတယ်”

    နောက်ထပ် ဟိန္ဒူဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ပရာရှနက်သ် ဆမ်ဘာဂီကလည်း ဟိန္ဒူလယ်သမားတွေရဲ့လုပ်အားကို မွတ်စလင်လုပ်ငန်းရှင်တွေက ခေါင်းပုံဖြတ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ 

    ကာနာတာကာပြည်နယ်ကို အုပ်စိုးနေတဲ့ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP အဖွဲ့၀င်တစ်ချို့နဲ့ ဟိန္ဒူလက်ယာစွန်းရောက်တွေဟာ ပြည်နယ်အတွင်းက ဟာလာလ် အသားလုပ်ငန်းကို သပိတ်မှောက်ဖို့ ပြီးခဲ့တဲ့သီတင်းပတ်ကစတင်ပြီး တိုက်တွန်းဆော်သြလာခဲ့ပါတယ်။ 

    မွတ်စလင်တွေ ၀တ်ပြုဖို့ နှိုးဆော်တဲ့အခါမှာ လော်စပီကာအသုံးပြုမှုကို တားဆီးပိတ်ပင်ဖို့လည်း ဟိန္ဒူအဖွဲ့အစည်းတွေက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဆန္ဒထုတ်ဖော်မှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ 

    Ref: Times of India, India Today 

  • ကမ္ဘာ့ဖလားတွင် မိနစ် ၁၀၀ ကန်ခိုင်းမည့်ဂယက် ဖီဖာပြန်ရှင်း

    ကမ္ဘာ့ဖလားတွင် မိနစ် ၁၀၀ ကန်ခိုင်းမည့်ဂယက် ဖီဖာပြန်ရှင်း

    ဧပြီ ၇၊ ၂၀၂၂ 

    M-Media 


    ကမ္ဘာ့ဖလားကျင်းပမည့် ကာတာနိုင်ငံမှ ဘောလုံးကွင်းတစ်ခု

    -အခုနှစ် ကာတာနိုင်ငံမှာလုပ်မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တစ်ပွဲကို မိနစ် ၁၀၀ ကစားခိုင်းဖို့ စီစဥ်နေတယ်ဆိုတဲ့ သတင်းတွေကို ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် ဖီဖာက ငြင်းဆိုလိုက်ပါတယ်။ 

    ဘောလုံး ကွင်းထဲမှာရှိမနေတဲ့အချိန်တွေကို ကာမိစေဖို့အတွက် နာကျင်အချိန်ပိုကို ၁၀ မိနစ်အထိ ကန်ခိုင်းဖို့ ဖီဖာဥက္ကဌ ဂီယန်နီ အင်ဖာတီနိုက ဒိုင်လူကြီးတွေကို တိုက်တွန်းဖို့ရှိတယ်ဆိုတဲ့ သတင်းတွေကို ဥရောပ သတင်းဌာနတစ်ချို့က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ဖော်ပြခဲ့ကြပါတယ်။ 

    ဒါပေမယ့် ဖီဖာရဲ့ မနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာတော့ အခုနှစ်ကုန်ပိုင်းမှာ ကျင်းပမယ့် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်စည်းမျဥ်းကိုမှ ပြောင်းလဲမှာ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။

    ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ကာတာနိုင်ငံမှာ နို၀င်ဘာ ၂၁ ရက်နေ့ကနေ ဒီဇင်ဘာ ၁၈ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး လက်ရှိမှာတော့ ဘရာဇီးလ်အသင်းက ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။  

    Ref: Goal 

  • ယီမင်ပြည်တွင်းစစ် အဆုံးသတ်ရေး ကြိုးပမ်းမှု အရှိန်မြင့်လာ

    ယီမင်ပြည်တွင်းစစ် အဆုံးသတ်ရေး ကြိုးပမ်းမှု အရှိန်မြင့်လာ

    ဧပြီ ၇၊ ၂၀၂၂

    M-Media 


    -၈ နှစ်နီးပါးရှိနေတဲ့ ယီမင်ပြည်တွင်းစစ် အဆုံးသတ်ရေး ကြိုးပမ်းမှု ပိုမိုအားကောင်းလာပြီး နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ သမ္မတ ဟာဒီက အာဏာခွဲ၀ေမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    ဆော်ဒီဦးဆောင်တဲ့ အာရပ်မဟာမိတ်အဖွဲ့က ကျောထောက်နောက်ခံပြုထားတဲ့ ဟာဒီအစိုးရနဲ့ ဒေသတော်တော်များများကို သိမ်းပိုက်ထားတဲ့ ဟူသီသူပုန်အဖွဲ့တို့ ၂ လကြာ အပစ်ရပ်ရေးဟာ တစ်ပတ်အတွင်းကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ဒါဟာ ၂၀၁၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိအဖြစ် တစ်နိုင်ငံလုံး အပစ်ရပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

    သမ္မတဟာဒီဟာ သဘောထားမတူသူတွေနဲ့  တွေ့ဆုံဆွေးနွေးနိုင်ရေး ကြိုးပမ်းနေပြီး ဒုတိယသမ္မတကို ထုတ်ကာ သမ္မတဆိုင်ရာ ကောင်စီကို မနေ့က အာဏာခွဲ၀ေပေးခဲ့ပါတယ်။ လတ်တလော တွေ့ဆုံဆွေးနွေးမှုမှာ ဟူသီသူပုန်အဖွဲ့ မပါ၀င်ပါဘူး။ 

    အာဏာခွဲ၀ေမှု ထွက်ပေါ်လာပြီးနောက်ပိုင်း ဆော်ဒီက ကန်ဒေါ်လာ ၂ ဘီလီယံ၊ ယူအေအီးက ၁ ဘီလီယံ ထောက်ပံ့မယ်လို့ ကြေငြာခဲ့ပါတယ်။ 

    ဟူသီသူပုန်အဖွဲ့က ဆော်ဒီဦးဆောင်တဲ့ အာရပ်မဟာမိတ်အဖွဲ့၀င် နိုင်ငံတွေအပေါ် ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်တာတွေကို ရပ်ဆိုင်းမယ်လို့ ရမ်ဇာန်ဥပုသ်လမတိုင်ခင်က ကြေငြာခဲ့ပြီး၊ အာရပ်မဟာမိတ်အဖွဲ့ကလည်း ယီမင်မှာ အပစ်ရပ်ကြောင်း နောက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။ 

    Ref: Aljazeera