News @ M-Media

Blog

  • ထိုင်၀မ်ကို အဆင်မြင့် ပက်ထရီယော့ ဒုံးခွင်းစနစ် ကန်ရောင်းမည်

    ထိုင်၀မ်ကို အဆင်မြင့် ပက်ထရီယော့ ဒုံးခွင်းစနစ် ကန်ရောင်းမည်

    ဧပြီ ၆၊ ၂၀၂၂

    M-Media


    -တရုတ်နဲ့ ဆက်ဆံရေးတင်းမာမှုတွေ ရှိနေတဲ့ ထိုင်၀မ်ကို နည်းပညာမြင့် ပက်ထရီယော့ ဒုံးခွင်းစနစ် ရောင်းချသွားဖို့ အမေရိကန် အစိုးရက အတည်ပြုလိုက်ပါတယ်။ 

    ထိုင်၀မ်က သူတို့ဟာ လွတ်လပ်တဲ့ ဒီမိုကရက်တစ်နိုင်ငံတစ်ခု ဖြစ်တယ်လို့ သတ်မှတ်ထားပေမယ့် တရုတ်အစိုးရကတော့ ပြည်မကြီးရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် မှတ်ယူထားပြီး၊ လိုအပ်ရပ် စစ်အင်အားသုံး သိမ်းပိုက်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ 

    ဒါဟာ သမ္မတ ဂျိုးဘိုင်ဒန်လက်ထက် ထိုင်၀မ်ကို တတိယအကြိမ်မြောက် လက်နက်ရောင်းချတာပါ။ အခုတစ်ခေါက်မှာတော့ ပက်ထရီယော့ ဒုံးခွင်းစနစ် ချထားရေး၊ ထိန်းသိမ်းရေး၊ လေ့ကျင့်သင်ကြားပေးရေး ပါ၀င်မှာဖြစ်ပြီး ကန်ဒေါ်လာ ၉၅ သန်း တန်ဖိုးရှိပါတယ်။ 

    ထိုင်၀မ်စစ်တပ်ကို ခေတ်မီရေးနဲ့ လေကြောင်းကာကွယ်ရေးစွမ်းအား ကောင်းမွန်လာရေး ကူညီမှုဟာ အမေရိကန်ရဲ့ အမျိုးသားအကျိုးစီးပွား၊ စီးပွားရေးနဲ့ လုံခြုံရေးကို ပံ့ပိုးပေးတာ ဖြစ်တယ်လို့ ကန်ကာကွယ်ရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    အစိုးရရဲ့ သဘောထားကို လွှတ်တော်က အတည်ပြုဖို့ လိုပြီး ထိုင်၀မ် ကာကွယ်ရေး၀န်ကြီးက တစ်လအတွင်း ဒီသဘောတူညီချက် အသက်၀င်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။ 

    ဘိုင်ဒန်အစိုးရလက်ထက်မှာ ထိုင်၀မ်ကို ဟောင်၀စ်ဇာအမြောက် ပါ၀င်တဲ့ ကန်ဒေါ်လာ သန်း ၇၅၀ တန် လက်နက်ရောင်းချမှု၊ ဒေါ်လာသန်း ၁၀၀ တန်ကြေးရှိတဲ့ ပက်ထရီယော့ ဒုံးခွင်းစနစ်ရောင်းချမှုတွေ ပြုလုပ်ပြီး ဖြစ်ပါတယ်။ 

    Ref: Reuters  

  • နယ်စပ်မှ တရားမ၀င် ၀င်လာသူများ မရှိရန် ထိုင်းက တင်းတင်းကြပ်ကြပ် ကိုင်တွယ်မည်

    နယ်စပ်မှ တရားမ၀င် ၀င်လာသူများ မရှိရန် ထိုင်းက တင်းတင်းကြပ်ကြပ် ကိုင်တွယ်မည်

    ဧပြီ ၆၊ ၂၀၂၂

    M-Media 

    -မတ်လအတွင်း မြန်မာနိုင်ငံက တရားမ၀င် ၀င်ရောက်လာသူ ၁၆၀၀ ကျော်လောက်ကို ဖမ်းဆီးရမိတယ်လို့ ထိုင်းနိုင်ငံက ထုတ်ပြန်ပြီး စစ်ဆေးဖမ်းဆီးမှုတွေ ပိုမိုလုပ်ဆောင်သွားဖို့လည်း ရှိနေပါတယ်။  

    ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံကို နယ်စပ်ကနေ အလုပ်အကိုင်အတွက် တရားမ၀င် သွားရောက်ကြတဲ့ မြန်မာနိုင်ငံသားအရေအတွက် သိသိသာသာ မြင့်တက်လာပါတယ်။ 

    အခုနှစ် ဇန်န၀ါရီလမှာ တရားမ၀င် ၀င်ရောက်တဲ့ မြန်မာနိုင်ငံသား ၄၀၀၀ ကျော်၊ ဖေဖော်၀ါရီလမှာ ၅၀၀၀ ကျော်ရှိခဲ့ပြီး၊ မတ်လမှာတော့ အရေအတွက် ကျဆင်းသွားပါတယ်။ 

    မဲဆောက်အခြေစိုက်ပြီး မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ JACBA အဖွဲ့ ဥက္ကဌ မိုးဂျိုက တရားမ၀င် ၀င်ရောက်လာသူတွေ တားဆီးရေး တင်းတင်းကြပ်ကြပ်ဆောင်ရွက်ဖို့အတွက် ထိုင်းဗဟိုအစိုးရက ညွှန်ကြားထားတာကြောင့် အခုလို အရေအတွက် ကျဆင်းသွားတာလို့ ပြောပါတယ်။ 

    ထိုင်းအာဏာပိုင်တွေဟာ နယ်စပ်တစ်လျှောက် လုံခြုံရေး တိုးမြှင့်ချထားတာ၊ ကျေးရွာတွေကို ရှောင်တခင် ၀င်စစ်တာ၊ လူကုန်ကူးသူတွေကို ပြင်းပြင်းထန်ထန် အရေးယူတာတွေကို ပိုမို လုပ်ဆောင်လာဖို့ရှိတယ်လို့လည်း မိုးဂျိုက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    Ref: The Star 

  • ငွေလိုနေသည့် စစ်ကောင်စီ ကျောက်မြတ်ပြပွဲလုပ်မည်

    ငွေလိုနေသည့် စစ်ကောင်စီ ကျောက်မြတ်ပြပွဲလုပ်မည်

    ဧပြီ ၆၊ ၂၀၂၂

    M-Media 


    ၂၀၂၁ ခုနှစ် ဧပြီလက ကျောက်မြတ်ပြပွဲတွင် တွေ့ရသည့် အာဏာသိမ်း စစ်ခေါင်းဆောင်

    -အာဏာသိမ်းစစ်ကောင်စီဟာ နေပြည်တော်မှာ ကျောက်မြတ်ရတနာ အရောင်းပြပွဲ ကျင်းပဖို့ စီစဥ်နေပါတယ်။ 

    စစ်ခေါင်းဆောင်တွေ ထိန်းချုပ်လုပ်ကိုင်နေတဲ့ မြန်မာ့ကျောက်မြတ်လုပ်ငန်းက ဧပြီလ ၂၂ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပြီး ကျောက်စိမ်း၊ ပတ္တမြား၊ ပုလဲတွေ ပါ၀င်မှာပါ။ 

    ရေနံနဲ့ သဘာ၀ဓာတ်ငွေ့လုပ်ငန်း၊ ကျောက်မြတ်ရတနာ လုပ်ငန်းတွေဟာ မြန်မာစစ်ခေါင်းဆောင်တွေ ၀င်ငွေအဓိကရတဲ့ စီးပွားရးတွေ ဖြစ်ပါတယ်။ 

    အခုပြပွဲမှာ လာရောက်ပြသဖို့အတွက် စစ်ကောင်စီက လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ထားပါတယ်။ အာဏာသိမ်းပြီး သိပ်မကြာခင် ၂၀၂၁ ခုနှစ် ဧပြီလမှာ စစ်ကောင်စီဟာ ကျောက်မြတ်ရတနာ ပြပွဲတစ်ခု ကျင်းပခဲ့ပါသေးတယ်။ 

    Ref: The Star

  • ယူကရိန်းတွင် ရုရှားက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် သတင်းများ ထွက်ပေါ်

    ယူကရိန်းတွင် ရုရှားက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် သတင်းများ ထွက်ပေါ်

    ဧပြီ ၅၊ ၂၀၂၂

    M-Media


    – ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုမှာ ရုရှားတပ်တွေဟာ အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ အများအပြား ကျူးလွန်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ဆက်တိုက် ထွက်လာပါတယ်။ 

    အထူးသဖြင့် ပြီးခဲ့တဲ့ရက်ပိုင်းမှာ ရုရှားတပ်တွေ ဆုတ်ခွာသွားတဲ့ မြို့တော်ကိဗ် ဆင်ခြေဖုံးက ဘူချာဒေသမှာ ဖြစ်ပါတယ်။  

    ယူကရိန်းတပ်တွေ ဘူချာဒေသကို ပြန်လည်ထိန်းချုပ်ပြီးတဲ့နောက် လမ်းတွေ၊ လူနေအိမ်တွေမှာ အရပ်သားတွေ အစုလိုက်အပြုံလိုက် အသတ်ခံထားရတဲ့ အလောင်းတွေ ၃ ပတ်လောက် ဒီအတိုင်းရှိနေတဲ့ ဓာတ်ပုံတွေ အများအပြား ပေါ်ထွက်လာပါတယ်။ 

    အနည်းဆုံး အရပ်သား ၃၀၀ လောက် ဘူချာမှာ အသတ်ခံလိုက်ရတာပါ။ ဘူချာမြို့က ကလေးဆေးရုံကို စစ်ကြောရေးစခန်းအဖြစ် ရုရှားတပ်တွေက အသုံးပြုခဲ့ပြီး လက်ပြန်ကြိုးတုတ် အသတ်ခံထားရတဲ့ အမျိုးသား ၅ ဦး အလောင်း တွေ့ရှိတာကိုလည်း ယူကရိန်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ 

    ကိဗ်ဒေသမှာ ရုရှားတပ်တွေက ကျူးလွန်ခဲ့တယ်လို့ ယူဆရတဲ့ စစ်ရာဇ၀တ်မှု ၇၀၀၀ လောက်ကို စာရင်းသွင်းပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေကြောင်း ယူကရိန်းရှေ့နေချုပ်က ထုတ်ပြန်ပါတယ်။ 

    ဘူချာမြို့မှာ အရပ်သားတွေ အစုလိုက်အပြုံလိုက် အသတ်ခံရတဲ့ သတင်းတွေကို အလျင်အမြန် စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂက တိုက်တွန်းထားပြီး ကမ္ဘာ့ကြက်ခြေနီအဖွဲ့က စုံစမ်းစစ်ဆေးမှုမှာ ကူညီပေးနေပါတယ်။ 

    နိုင်ငံအရှေ့တောင်ပိုင်း မာရီယိုပိုးမြို့မှာ ရုရှားဟာ အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ အထောက်အထားတွေကို ဖုံးကွယ်ဖို့ ဆောင်ရွက်နေတယ်လို့ ယူကရိန်း၀န်ကြီးချုပ် ဇယ်လင်စကီးက ပြောပါတယ်။ 

    မာရီယိုပိုးကို ရုရှားတပ်တွေ ၀ိုင်းထားတာ သီတင်းပတ်ချီ ကြာနေပြီဖြစ်ပြီး မြို့ရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကလည်း ပျက်ဆီးနေပြီ ဖြစ်ပါတယ်။ 

    ရုရှားကတော့ စွပ်စွဲမှုတွေဟာ ယူကရိန်ဖက်က လုပ်ကြံဖန်တီးထားမှုတွေသာဖြစ်တယ်လို့ တုန့်ပြန်ပြောကြားထားပါတယ်။ 

    Ref: Reuters 

  • လူထုမကြိုက်သောကြောင့် အစိုးရအဖွဲ့တစ်ခုလုံးနီးပါး နှုတ်ထွက်

    လူထုမကြိုက်သောကြောင့် အစိုးရအဖွဲ့တစ်ခုလုံးနီးပါး နှုတ်ထွက်

    ဧပြီ ၄၊ ၂၀၂၂

    M-Media


    -စီးပွားရေးပြဿနာကြောင့် လူထုအုံကြွမှု အကြီးအကျယ်ဖြစ်နေတဲ့ သီရိလင်္ကာနိုင်ငံမှာ မနေ့က အစိုးရအဖွဲ့ တစ်ခုလုံးနီးပါး ရာထူးကနေ နှုတ်ထွက်သွားခဲ့ပါတယ်။ 

    အစိုးရအဖွဲ့၀င် ၂၈ ဦး ရှိရာမှာ သမ္မတ ဂိုတာဘာယာ ရာဂျာ ပက်ဆာနဲ့ သူ့ရဲ့ညီ ၀န်ကြီးချုပ် မာဟင်ဒါ ရာဂျာပက်ဆာတို့ကလွဲပြီး ၀န်ကြီး ၂၆ ဦးစလုံး နှုတ်ထွက်သွားခဲ့ကြတာ ဖြစ်ပါတယ်။ 

    အစိုးရမှာ နိုင်ငံခြားငွေ လုံလုံလောက်လောက် မရှိတော့တာကြောင့် လောင်စာဆီ၊ အခြခံအစားအသောက်တွေ၊ ဆေး၀ါးတွေကို နိုင်ငံခြားက မတင်သွင်းနိုင်တော့ဘဲ ပြတ်လတ်နေတာပါ။ 

    ဒီကိစ္စကို ဖြေရှင်းမပေးနိုင်တဲ့အတွက် သီရိလင်္ကာပြည်သူတွေဟာ ပြီးခဲ့တဲ့တစ်ပတ်ကစလို့ အကြီးအကျယ် ဆန္ဒပြခဲ့ကြပြီး အရေးပေါ်အခြေအနေ ထုတ်ပြန်ပေမယ့်လည်း ဆန္ဒပြမှုက ရပ်ဆိုင်းမသွားပါဘူး။ 

    သမ္မတ ဂိုတာဘာယာဟာ အစိုးရအဖွဲ့မှာ ဆွေမျိုးတွေကို ရွေးခန့်ထားပြီး၊ အခုနှုတ်ထွက်သွားတဲ့ ၀န်ကြီးတွေထဲမှာ ဂိုတာဘာယာရဲ့ အမျိုး ၃ ဦးဖြစ်တဲ့ ဘဏ္ဍာရေး၀န်ကြီး၊ စိုက်ပျိုးရေး၀န်ကြီးနဲ့ အားကစား၀န်ကြီးတို့ ပါ၀င်ပါတယ်။ 

    ဂိုတာဘာယာကတော့ နိုင်ငံရေးအတိုက်အခံအဖွဲ့တွေကို ဖိတ်ခေါ်ပြီး ဒီပြဿနာကို ဖြေရှင်းရေး ကူညီပေးဖို့ တောင်းဆိုထားပါတယ်။ 

    Ref: Reuters