News @ M-Media
Blog
  • ဗီဒီယိုဂိမ်းကစားခြင်းက ကလေးငယ်များ၏ ဉာဏ်ရည်ကို တိုးတက်စေနိုင်
    ဗီဒီယိုဂိမ်းကစားခြင်းက ကလေးငယ်များ၏ ဉာဏ်ရည်ကို တိုးတက်စေနိုင်
    မတ် ၁၁၊ ၂၀၁၆
    M-Media
    game
    – ဗီဒီယိုဂိမ်းကစားခြင်းဟာ ကလေးငယ်တွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးအတွက် ကောင်းမွန်တယ်လို့ အမေရိကန်ပြည်ထောင်စု ကိုလံဘီယာတက္ကသိုလ်က ပြုလုပ်တဲ့ လေ့လာမှုမှာ တွေ့ရှိခဲ့ရပါတယ်။
    ဒါဟာ ဗီဒီယိုဂိမ်းက ကလေးငယ်တွေအပေါ် ထိခိုက်စေနိုင်တယ်ဆိုတဲ့ လူအများစု ယုံကြည်ထားတာနဲ့တော့ ကွဲလွဲနေပါတယ်။ ဒါပေမယ့် သုတေသနပညာရှင်တွေက ဗီဒီယိုဂိမ်းကစားလေ့ရှိတဲ့ မူလတန်းကျောင်းနေအရွယ် ကလေးငယ်တွေဟာ ကျောင်းတွင်းယှဉ်ပြိုင်ရမှုနဲ့ ဉာဏ်ရည်ပိုင်းဆိုင်ရာတွေမှာ နှစ်ဆနီးပါးတိုးတက်မှုရှိတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
    ယခင် လေ့လာမှုတွေမှာ ကလေးငယ်တွေအနေနဲ့ ဂိမ်းကစားရာကနေ အကြမ်းဖက်မှုစိတ်ဓာတ်၊ ရန်လိုမှုနဲ့ တခြားလူဝင်မဆံ့မှုတွေ သင်ယူတတ်မြောက်သွားနိုင်တယ်လို့ တွေ့ရှိထားတာကြောင့် အခု တွေ့ရှိချက်အသစ်အတွက် ငြင်းခုံရမှုတွေ ရှိလာနိုင်ပါတယ်။
    လေ့လာမှုတစ်ချို့မှာတော့ ဗီဒီယိုဂိမ်းကို အသင့်အတင့် ကစားတာမျိုးဟာ ကလေးငယ်တွေရဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းကို ကောင်းမွန်စေတယ်လို့လည်း တွေ့ရှိခဲ့ရပြီး ယခုနောက်ဆုံးတွေ့ရှိမှုနဲ့ ကိုက်ညီနေပါတယ်။
    “ဗီဒီယိုဂိမ်းဆော့တာဟာ တခါတရံမှာ ကျောင်းနေအရွယ်ကလေးတွေအတွက် အားလပ်ချိန် အပမ်းဖြေမှုတစ်မျိုးလည်း ဖြစ်ပါတယ်။ စမ်းသပ်တဲ့ရလဒ်တွေအရ မကြာခဏ ဂိမ်းဆော့လေ့ရှိတဲ့ ကလေးငယ်တွေဟာ လူမှုဆက်ဆံရေး ကောင်းမွန်လေ့ရှိပြီး ကျောင်းအဖွဲ့လိုက်လုပ်ငန်းတွေမှာလည်း ထူးချွန်တာမျိုးကို တွေ့ရပါတယ်” လို့ ကိုလံဘီယာတက္ကသိုလ် ရောဂါထိန်းချုပ်ရေးဌာန တွဲဖက်ပါမောက္ခ ဒေါက်တာ ကက်သရင်း ကီယက်စ် က ပြောပါတယ်။
    သူတို့ဟာ အသက် ၆ နှစ်က ၁၁ နှစ်အရွယ်ရှိတဲ့ ကလေးငယ်ပေါင်း ၃၁၉၅ ဦးကို လေ့လာခဲ့တာဖြစ်ပြီး၊ ကလေးတွေရဲ့ ကျောင်းတွင်းစွမ်းရည်၊ ဂိမ်းကစားမှု၊ မိဘ၊ ဆရာတွေနဲ့ သူတို့ကိုယ်တိုင်ရဲ့ အမူအကျင့်တွေကို စောင့်ကြည့် မှတ်သားတာမျိုးတွေ ပါဝင်ခဲ့ပါတယ်။
    အဲဒီအထဲမှာ တစ်ပတ်ကို ၅ နာရီနဲ့အထက် ဗီဒီယိုဂိမ်းကစားတဲ့ ကလေး ၂၀ ရာခိုင်နှုန်းဟာ အသိဉာဏ်ပိုင်းဆိုင်ရာမှာ ၁.၇၅ ဆနဲ့ ကျောင်းတွင်းယှဉ်ပြိုင်နိုင်မှုမှာ ၁.၇၅ ဆက် မြင့်တက်လာတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။
    ဗီဒီယိုဂိမ်းကစားတဲ့ကလေးတွေဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်တတ်တယ်လို့ ကလေးမိခင်တွေ၊ ဆရာတွေရဲ့ ပြောကြားမှုတွေတော့ လေ့လာမှုမှာ တွေ့ရှိရခြင်း မရှိပါဘူး။ ဒါပေမယ့် ဂိမ်းများများ ကစားသူတွေဟာ၊ ဂိမ်းနည်းနည်း ကစားသူတွေထက် ပေါင်းသင်းဆက်ဆက်ဆံရေးမှာ အားနည်းတာကိုတော့ တွေ့ရှိခဲ့ရပါတယ်။
    သုတေသီတွေကတော့ ဗီဒီယိုဂိမ်းကစားခြင်းဟာ ကလေးငယ်တွေအပေါ်မှာ အပေါင်းလက္ခဏာဆောင်တဲ့ အကျိုးသက်ရောက်မှုတွေရှိတယ်လို့ ပြောကြားခဲ့ပေမယ့် သုတေသန ထပ်လုပ်ဖို့ လိုသေးတယ်ဆိုတာကိုတော့ ၀န်ခံပြောကြားခဲ့ပါတယ်။
    Ref: IINA
  • လက်စတာ ဘောလုံးကင်းထောက်အား နည်းပြက အသင်း၌ ဆက်လက် ထိန်းသိမ်း လိုနေ
    လက်စတာ ဘောလုံးကင်းထောက်အား နည်းပြက အသင်း၌ ဆက်လက် ထိန်းသိမ်း လိုနေ
    မတ် ၁၁၊ ၂၀၁၆
    M-Media
    leis 5
    – အသင်း၏ ထိပ်တန်း ဘောလုံးကင်းထောက်ဖြစ်ပြီး၊ လက်ထောက်ဖြစ်သူ စတိဗ် ၀ါ့လ်ရှ်အား လာမည့်နှစ်တွင် ထိန်းသိမ်းထားရန် အရေးကြီးသည်ဟု လက်စတာနည်းပြ ကလော်ဒီယို ရာနီယေးရီက ပြောကြားလိုက်သည်။
    လက်စတာအသင်း ပရီးမီးယားလိဂ် ဇယားထိပ်တွင် ဦးဆောင်မှုအတွင်း အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေသည့် တိုက်စစ်မှူး ဂျာမီဗာဒီ၊ ရီယာ့ဒ်မဟ်ရက်ဇ်နှင့် ကွင်းလယ်လူ အန်ဂိုလို ကန်တီတို့အား ရှာဖွေခေါ်ယူမှုတွင် ၀ါ့လ်ရှ်မှာ အဓိကကျခဲ့သူ ဖြစ်သည်။
    “သူတို့ကိုထိန်းထားဖို့ဟာ တော်တော်လေး အရေးကြီးပါတယ်။ သူတို့နှစ်ယောက်စလုံးကို ကျွန်တော်နဲ့အတူ စာချုပ်ချုပ်ဖို့ တောင်းဆိုထားပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော့်ဝန်ထမ်းအားလုံးနဲ့ ကျွန်တော်ဟာ ဆက်ဆံရေးကောင်း ရှိပါတယ်။ ကျွန်တော်နဲ့ အတူရှိနေတဲ့လူတိုင်း ပျော်ရွှင်ချမ်းမြေ့တာကိုပဲ ကျွန်တော် နှစ်သက်ပါတယ်။ သိပ်မကြာခင်မှာ သူတို့ စာချုပ်ချုပ်မှာပါ။ သူတို့ ပျော်ရွှင်လေလေ၊ ကျွန်တော်တို့ ဆက်လက်တိုးတက်လေလေပါပဲ” ဟု ရာနီယေးရီက ပြောကြားခဲ့သည်။
    Ref: Goal
  • ရုရှားစစ်တပ်က လင်းပိုင် ၅ ကောင် ၀ယ်ယူမည်
    ရုရှားစစ်တပ်က လင်းပိုင် ၅ ကောင် ၀ယ်ယူမည်
    မတ် ၁၁၊ ၂၀၁၆
    M-Media
    dolphin
    – ရုရှားကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ လင်းပိုင်ငါးကောင် ၀ယ်ယူချင်နေပြီး တိုက်ပွဲဝင်စစ်သည်တွေအဖြစ် လေ့ကျင့်ပေးနိုင်တဲ့ အဲဒီ ရေနေနို့တိုက်သတ္တ၀ါတွေကို ဘာ့ကြောင့် လိုအပ်နေတယ်ဆိုတဲ့ အကြောင်းအရင်းကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။
    ရုရှားစစ်တပ်က ခေါ်ယူခဲ့တဲ့ တင်ဒါမှာ အဲဒီ လင်းပိုင် ၅ ကောင်ဟာ အထီး ၃ ကောင်နဲ့၊ အမ ၂ ကောင် ဖြစ်ရမှာဖြစ်ပြီး၊ ၂၀၁၆ သြဂုတ်လမတိုင်ခင် လိုချင်တယ်လို့ ဖော်ပြထားပါတယ်။ လင်းပိုင်းတွေရဲ့ အရှည်ဟာ ၂.၃ မီတာကနေ ၂.၇ မီတာအထိ ရှိရမယ်လို့ ဆိုပါတယ်။
    အဲဒီလင်းပိုင်တွေကို ရေနေနို့တိုက်သတ္တ၀ါဆိုင်ရာ တိရစ္ဆာန်ကျွမ်းကျင်ပညာရှင်တစ်ယောက်ရဲ့ ကြီးကြပ်မှုနဲ့ ဖမ်းဆီးပေးရမှာဖြစ်ပြီး၊ ပင်လယ်ရေထည့်ထားတဲ့ ကွန်တိန်နာတွေနဲ့ ရုရှားစစ်တပ်ဆီ မပို့ခင် ရောင်းချသူကပဲ တစ်လခန့် ထိန်းသိမ်းထားရမယ်လို့ တင်ဒါမှာ ဖော်ပြထားပါတယ်။ လင်းပိုင်တစ်ကောင်အတွက် ဒေါ်လာ ၄၉၀၀ ပေးမှာဖြစ်ကာ တင်ဒါအတွက် ဒီလကုန်မှာ အကြောင်းကြားရမှာဖြစ်ပါတယ်။
    ၂၀၁၃ ခုနှစ်မှာ ဂျပန် လင်းပိုင်ရောင်းဝယ်ရေးသမားတွေက မလေ့ကျင့်ရသေးတဲ့ လင်းပိုင် အကောင် ၂၀ ကို ဒေါ်လာ ၁၀,၀၀၀ ကျော်လောက်နဲ့ ယူကရိန်းကို ရောင်းချခဲ့ဖူးပါတယ်။ ရုရှားကတော့ ပင်လယ်နက်ထဲက ဖမ်းဆီးရမိတဲ့ လင်းပိုင်တွေကိုပဲ လက်ခံမှာဖြစ်ပါတယ်။ ဒါပေမယ့် ပင်လယ်နက်ထဲက လင်းပိုင်တွေကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသဘောတူညီချက်စာချုပ်တွေနဲ့ ကာကွယ်ထားတဲ့အတွက် အထူးခွင့်ပြုချက်တစ်ချို့တော့ လိုအပ်နေဦးမှာ ဖြစ်ပါတယ်။
    ဘာ့ကြောင့် ဒီလို လင်းပိုင်တွေ ၀ယ်ယူဖို့ လုပ်ဆောင်ရတယ်ဆိုတာကို ရုရှားစစ်တပ်က ထုတ်ဖော်မပြောခဲ့ပေမယ့်၊ ရုရှားဟာ တိုက်ပွဲဝင်လင်းပိုင်တွေဖြစ်လာအောင် လေ့ကျင့်ပေးမယ့်အစီအစဉ်ကို ပြန်စဖို့ဖြစ်တယ်လို့ ကောလဟာလတွေလည်း ထွက်ပေါ်နေပါတယ်။ ရုရှားရဲ့ အဲဒီအစဉ်ကို ဆိုဗီယက်ခေတ် ၁၉၇၀ လောက်ကတည်းက စတင်ခဲ့တယ်လို့ အမေရိကန် ရေတပ် နို့တိုက်သတ္တ၀ါစီမံကိန်းက ပြောကြားထားဖူးပါတယ်။
    Ref: RT
  • အစ္စရေးက လက်ဘနွန်နယ်စပ်တွင် စစ်အင်အား အမြောက်အများ ချထား
    အစ္စရေးက လက်ဘနွန်နယ်စပ်တွင် စစ်အင်အား အမြောက်အများ ချထား
    မတ် ၁၁၊ ၂၀၁၆
    M-Media
    israle
    လက်ဘနွန်နယ်စပ်မှ အစ္စရေးစစ်သားများ
    – အစ္စရေးစစ်တပ်ဟာ လက်ဘနွန်နယ်စပ်တစ်လျှောက်မှာ စစ်သားနဲ့ လက်နက်ကိရိယာတွေ ထူထပ်စွာချထားပြီး စစ်ရေးလှုပ်ရှားမှုတွေလည်း ဆောင်ရွက်လျက် ရှိနေတယ်လို့ သိရပါတယ်။
    အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားပြီး လက်ဘနွန်နယ်စပ်မှာရှိတဲ့ ပါလက်စတိုင်းနယ်မြေတွေမှာ ဒုတိယမြောက်နေ့အဖြစ် ဗုဒ္ဓဟူးနေ့က ထပ်မံ တိုးမြှင့်ချထားတာဖြစ်ပြီး လက်ဘနွန်ဘက်က သိုးကျောင်းသားတွေနဲ့ လယ်သမားတွေကို အစ္စရေးတပ်သားတွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
    “ကျွန်တော်တို့က အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေကို ပုံမှန်အတိုင်း လုပ်ဆောင်နေတာပါ။ လူတိုင်းကလည်း ကိုယ့်မြေ ကိုယ့်ရေပေါ်မှာ အလုပ်လုပ်နေကြတာပါ၊ ပြီးတော့ အစ္စရေးကင်းလှည့်အဖွဲ့တွေကို ကျွန်တော်တို့ တွေ့လိုက်ရပါတယ်၊ အဲ့ဒီမှာ စစ်သားတွေက ကျွန်တော်တို့ကို မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်တော့တာပါပဲ” လို့ သိုးထိန်းသည်တစ်ဦးဖြစ်သူ မွတ်စတာဖာ အဟ်မဒ်က ပြောပါတယ်။
    နယ်စပ်က လက်ဘနွန်ပြည်သူတွေကတော့ အစ္စရေးစစ်တပ်ဟာ မနက်ပိုင်းကတည်းက မျက်ရည်ယိုဗုံးတွေနဲ့ တရစပ်ပစ်ခတ်နေခဲ့ပြီး၊ နောက်ပိုင်းမှာ အစ္စရေးစစ်သားတွေကို ကေဖာကီလာလို့ခေါ်တဲ့ လက်ဘနွန်ရွာက အစ္စရေးရဲ့ တရားမ၀င်အိမ်ယာတွေမှာ တပ်ဖြန့်ချထားလိုက်တယ်လို့ ဆိုပါတယ်။
    မျက်မြင်သက်သေတွေကတော့ အစ္စရေးစစ်သားတွေဟာ သစ်ပင်ချုံနွယ်များနဲ့ ပုန်းကွယ်ပြီး လက်ဘနွန်နိုင်ငံထဲက လှုပ်ရှားမှုတွေကို စောင့်ကြည့်နေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ လက်ဘနွန်အခြေစိုက် အလ်-အခ်ဘားရ် သတင်းစာကတော့ အစ္စရေးတွေအနေနဲ့ လက်ဘနွန်ကို တိုက်ခိုက်ဖို့ လမ်းစရှာနေပြီး ဒါကို သတိထားဖို့ အစ္စရေးဆင်တဲ့အကွက်ထဲကို မ၀င်ဖို့ အမေရိကန်အာဏာပိုင်တွေက လက်ဘနွန်ကို အစိုးရခေါင်းဆောင်တွေကို သတိပေးခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
    အစ္စရေးဟာ လက်ဘနွန်နိုင်ငံအပေါ် ၂၀၀၀ ခုနှစ်နဲ့ ၂၀၀၆ ခုနှစ်တွေမှာ နှစ်ကြိမ်တိုင်တိုင် ကျူးကျော်တိုက်ခိုက်ခဲ့ပြီး ၂၀၀၆ ခုနှစ် နွေရာသီမှာ ပြုလုပ်ခဲ့တဲ့ ၃၃ ရက်ကြာစစ်ပွဲမှာ အရပ်သားအများစုအပါအ၀င် လက်ဘနွန်ပြည်သူ ၁၂၀၀ ခန့် အသက်ဆုံးရှုံးခဲ့ရပါတယ်။
    လက်ဘနွန်စစ်တပ်အကြီအကဲ ဂျီယန် ခါဝါဂီကတော့ ဘယ်လိုခြိမ်းခြောက်မှုကိုမဆို တုံ့ပြန်ဖို့ မိမိတို့က အပြည့်အ၀ပြင်ဆင်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref: Presstv
  • မန်ယူမှာ အာဆင်နယ်ကဲ့သို့ အဆင့် ၄ ဖြင့်ကျေနပ်ရသည့် အသင်းမျိုး မဖြစ်သင့်ဟု စခိုးလ်ပြော
    မန်ယူမှာ အာဆင်နယ်ကဲ့သို့ အဆင့် ၄ ဖြင့်ကျေနပ်ရသည့် အသင်းမျိုး မဖြစ်သင့်ဟု စခိုးလ်ပြော
    မတ် ၁၁၊ ၂၀၁၆
    M-Media
    man u
    – မန်ယူအသင်းနေဖြင့် အာဆင်နယ်ကဲ့သို့ နှစ်တိုင်း ချန်ပီယံလိဂ် ၀င်ခွင့်နေရာရယူကာ အောင်ပွဲခံရသည့်အသင်းမျိုး မဖြစ်သင့်ဟု ကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်က ပြောကြားလိုက်သည်။
    ယနေ့မနက် ယူရိုပါလိဂ် ၁၆ သင်းအဆင့်ရှုံးထွက်ပွဲ ပထမကျော့အဖြစ် လီဗာပူးလ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ မန်ယူမှာ ၂ ဂိုး ပြတ်ဖြင့်ရှုံးနိမ့်ခဲ့ပြီးနောက် ယူရိုပါလိဂ်မှတစ်ဆင့် လာမည့်နှစ် ချန်ပီယံလိဂ်သို့ ၀င်ရောက်ခွင့်မှာ မသေချာတော့ပေ။ ပရီးမီးယားလိဂ်တွင်လည်း မန်ယူမှာ တစ်ပွဲပိုကစားထားကာ စတုတ္ထနေရာမှ မန်စီးတီးအသင်းနှင့် ၃ မှ တ်အကွာ အဆင့် ၆ နေရာတွင် ရှိနေသည်။
    စခိုးလ်ကမူ မန်ယူအနေဖြင့် ချန်ပီယံလိဂ်ကို ရရှိရန်ရည်ရွယ်ချက် အမြဲတမ်းရှိသင့်သည်ဟု ဆိုသည်။
    “မန်ယူဟာ ရာသီတိုင်း ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ကို ရရှိဖို့အတွက် ယှဉ်ပြိုင်တာမျိုး ဖြစ်သင့်ပါတယ်။ သူတို့ဟာ ပေါင် သန်း ၃၀၀ လောက်သုံးခဲ့ပြီး၊ အဆင့် ၆ နေရာ ရောက်နေပါတယ်။ ချန်ပီယံလိဂ်ကိုလည်း လက်ပြနှုတ်ဆက်ခဲ့ရပြီး ယူရိုပါနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ သူတို့ဟာ ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်တို့လို အသင်းမျိုးနဲ့ ယှဉ်ပြိုင်သင့်တာပါ။ နောက်ဆိုရင် အာဆင်နယ်လို အဆင့် ၄ ရရုံ၊ FA ဖလား အနိုင်ရရုံလောက်နဲ့ ကျေနပ်ရမယ့်ပုံစံမျိုး ကျွန်တော် မြင်နေပါတယ်။ အဆင့် ၄ ရလို့ အာဆင်နယ်အသင်းသားတွေ ကွင်းထဲမှာ ခုန်ပေါက်တာမျိုး ခင်ဗျားတို့ မြင်ဖူးကြမှာပါ။ မန်ယူက ဒါမျိုးဖြစ်လို့ မရပါဘူး” ဟု စခိုးလ်က ပြောကြားခဲ့သည်။
    Ref: Goal