News @ M-Media

Blog

  • မက္ကဆီကိုတွင် လိင်ပိုင်းဆိုင်ရာ အရှက်ရမှုအတွက် အမျိုးသမီးများ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တုံ့ပြန်နေရ

    မက္ကဆီကိုတွင် လိင်ပိုင်းဆိုင်ရာ အရှက်ရမှုအတွက် အမျိုးသမီးများ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တုံ့ပြန်နေရ

    မတ် ၁၀၊ ၂၀၁၆
    M-Media

    mexico 2

    – နိုင်ငံအတွင်း လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှုတွေကို မက္ကဆီကို အမျိုးသမီးအုပ်စုတစ်ခုက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြန်လည်တုံ့ပြန်နေတယ်လို့ သိရပါတယ်။

    လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက စတင်ခဲ့တဲ့ အဲဒီအမျိုးသမီးအုပ်စုရဲ့ တုံ့ပြန်မှုဟာ ထူးခြားပြီး Sexista Punk လို့ခေါ်တဲ့ သီချင်း၊ ရောင်စုံပန်းဖွားပစ်လွှတ်တဲ့သေနတ် (confetti gun) တွေကိုသာ အသုံးပြုတာဖြစ်ပါတယ်။

    “အရာရာတိုင်းက ယောက်ျားတွေရဲ့ဘေးမှာ ၀ိုင်းဝိုင်းလည်နေတဲ့ လောကကြီးမှာ ကျွန်မတို့ နေထိုင်နေရတာပါ။ အဲ့ဒီယောင်္ကျားတွေကို ပညာပေးဖို့ ကျွန်မတို့စိတ်မ၀င်စားဘူး၊ ကျွန်မတို့ရဲ့ အတွေးကတော့ ဆန့်ကျင်ဘက်ပါ၊ မိန်းမတွေကို ပညာပေးဖို့ဖြစ်ပါတယ်” လို့ Daughters of Violence အဖွဲ့ဝင်ဖြစ်သူ အန်နာ ဘီယာထရစ်ဇ်က ပြောကြားခဲ့ပါတယ်။

    ဒီအဖွဲ့နဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့ ယောင်္ကျားအနည်းငယ်လောက်ကသာ အမျိုးသမီးများတွေကို ၀န်ချတောင်းပန်ခဲ့ကြပေမယ့် အမျိုးသမီးတွေကတော့ ရလဒ်ကောင်းတစ်ချို့ကို မြင်တွေ့နေရပြီဖြစ်တယ်လို့ ဆိုပါတယ်။

    Daughters of Violence အဖွဲ့ရဲ့ အဖွဲ့ဝင်နောက်တစ်ဦးဖြစ်သူ အန်နာ ကာရင်က “အခုဆိုရင် ဒီတုံ့ပြန်မှုနဲ့ပက်သက်ပြီး ပိုစွမ်းအားရှိလာသလို၊ ပိုပြီးယုံကြည်မှုရှိလာသလို ခံစားနေရပါတယ်။ လမ်းပေါ်မှာ သွားလာဖို့အတွက် ကြောက်ရွံ့တာမျိုး မရှိတော့ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

    လမ်းပေါ်မှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေနဲ့ ပက်သက်ပြီး အရေးယူဖို့ မက္ကဆီကိုမှာ ဥပဒေပြဌာန်းထားခြင်း မရှိပါဘူး။ ဒီလိုမျိုး ရဲတပ်ဖွဲ့အပေါ် ယုံကြည်ကိုးစားရမှု မဲ့နေတဲ့ နိုင်ငံမျိုးမှာ အမျိုးသမီးတွေအနေနဲ့ ၎င်းတို့တွေ့ကြုံခံစားရတာတွေကို ထုတ်ဖော်ပြောဆိုဖို့ ခက်ခဲလာပြီး၊ ဥပဒေတစ်ခု ပြဌာန်ပေးဖို့လည်း တောင်းဆိုနေကြပါတယ်။

    “ဥပဒေပိုင်းဆိုင်ရာ အပြောင်းအလဲလုပ်ဖို့ဆိုတာ အချိန်တွေယူရဦးမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ အခြားအမျိုးသမီးတွေကို စကားပြောဖို့၊ အသိပညာပေးဖို့ စတဲ့ လက်ငင်းလုပ်ရမယ့်ကိစ္စတွေကို အရေးတကြီး ဆောင်ရွက်ရပါမယ်၊ ဒါမှသာ မိန်းမတွေအနေနဲ့ စော်ကားခံရတာတွေအတွက် အကူအညီတစ်စုံတစ်ရာ တောင်းဆိုနိုင်မှာ ဖြစ်ပါတယ်” လို့ အမျိုးသမီးအခွင့်အရေးအဖွဲ့ဖြစ်တဲ့ Habitajes AC က အဖွဲ့ဝင် ယူကာရီ မီလန်က ပြောကြားခဲ့ပါတယ်။

    လိင်ပိုင်းဆိုင်ရာ အရှက်ရစေမှုကို တုံ့ပြန်နေတဲ့ အဲဒီအမျိုးသမီးတွေဟာ သူတို့ရဲ့ သတင်းစကားတွေကို လူမှုကွန်ရက် စာမျက်နှာတွေကနေ တစ်ဆင့် ဖော်ပြနေပြီး လက်တင်အမေရိကတစ်ဝှမ်းက အားပေးထောက်ခံမှုတွေကိုလည်း ရရှိနေပါတယ်။ သူတို့ရဲ့လှုပ်ရှားမှုတွေကို မက္ကဆီကိုရဲ့လမ်းတွေပေါ်ကနေ ကျော်လွန်ကာ အခြေားသော ဒေသတွေ၊ နိုင်ငံတွေမှာလည်း လုပ်ဆောင်သွားဖို့ရှိနေတယ်လို့ ဆိုပါတယ်။

    Ref: Al-jazeera

  • ဘာသာကွဲပြားမှုကြောင့် အပြစ်မကြီး ကြီးအောင် လုပ်ဆောင်ခံနေ ရကြောင်း ဇော်ဇော်လတ်နှင့် ပွင့်ဖြူလတ်တို့ပြောကြား

    ဘာသာကွဲပြားမှုကြောင့် အပြစ်မကြီး ကြီးအောင် လုပ်ဆောင်ခံနေ ရကြောင်း ဇော်ဇော်လတ်နှင့် ပွင့်ဖြူလတ်တို့ပြောကြား

    မန္တလေး ၊ မတ်၉
    မြေးချစ်ညို

    Friday Times News Journal မှ ကူးယူဖော်ပြပါသည်

    ZZL

    ငြိမ်းချမ်းရေးအတွက် အလုပ်လုပ် ရာတွင် ဘာသာကွဲပြားမှုဖြစ်နေ သည့်အတွက် ထောင်မကျ ကျအောင် လုပ်နေသည့် လုပ်ရပ်များရှိနေကြောင်း ဇော်ဇော်လတ်က မီဒီယာများသို့ ပြော ကြားခဲ့သည်။

    မတ် ၉ ရက်နေ့က မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် စစ်ဆေးရန် ကျန်ရှိနေသေးသည့် အမှု ဖြစ်သော မတရားအသင်းနှင့် ဆက်သွယ်မှုအတွက် စစ်ဆေးအပြီး ပြန် အထွက်တွင် အထက်ပါအတိုင်း ပြော ကြားခဲ့ခြင်းဖြစ်သည်။

    ” ဗမာမျိုးရိုးကဆင်းသက်လာတဲ့သူတွေ ဖြစ်တယ်။ နန်းတွင်းမှာ အမှုတော်ထမ်းခဲ့တဲ့ စစ်သူကြီးရွှေလှံဗိုဆိုတာ ကျွန်တော့် အဘိုးတွေဖြစ်တယ်။ ဒါကို တချို့က ပြောကြတယ်၊ ဒီကောင်တွေ မွတ်စလင်မို့လို့ ဒါမျိုးတွေလုပ်နေတာလို့ ကဲ့ရဲ့တာတွေရှိတယ်။ အပြစ်ကို ပိုကြီး အောင်လုပ်ပြီး ထောင်ထဲကိုပို့တာ ခံ နေရတယ်”ဟု ဇော်ဇော်လတ်က ပြောကြားခဲ့သည်။

    အတူဖမ်းဆီးထားခံရသူ ပွင့်ဖြူ လတ်က ¤င်းတို့အနေဖြင့် ငြိမ်းချမ်းရေး အတွက် ဘာသာပေါင်းစုံ အဖွဲ့များ နှင့်အတူ သွားရောက်ခဲ့ခြင်းဖြစ်ပြီး ခရီးစဉ်အား ဦးဆောင်ခဲ့သူများ မဟုတ်ကြောင်း၊ သို့သော် ဖမ်းဆီးခံရ သည့်အချိန်တွင် မိမိတို့သုံးဦးသာ ဖမ်း ဆီးခံခဲ့ရကြောင်းကို မီဒီယာသို့ပြောကြားခဲ့သည်။

    ”ငြိမ်းချမ်းရေးကို လိုလားတဲ့ ဘာသာပေါင်းစုံကသူတွေ တစ်စိတ်တည်း တစ်ဝမ်းတည်း သွားခဲ့ကြတာ ဖြစ်တယ်။ မငြိမ်းချမ်းတဲ့နေရာမှာ ငြိမ်းချမ်းရေးအလံစိုက်ဖို့ ကိုယ်ကျိုးစွန့်လုပ်ခဲ့ ကြတာဖြစ်တယ်။ ဒီထဲကမှ ကျွန်တော် တို့ အစ္စလာမ်ဘာသာဝင်နှစ်ယောက်ကို နိုင့်ထက်စီးနင်းလုပ်ပြီး ဖမ်းထားကြတာ ဖြစ်တယ်”ဟု ပွင့်ဖြူလတ်က ပြောကြားခဲ့သည်။

    ၂ဝ၁၃ ခုနှစ်က ကချင်ပြည်နယ် လိုင်ဇာမြို့သို့ စစ်ဘေးခံပြည်သူများ အတွက် သွားရောက်ကူညီသည့် ခရီးစဉ်တွင် သေနတ်ကိုင်ပြီးဓာတ်ပုံ ရိုက်ခဲ့သည့် ဓာတ်ပုံအား လူမှုကွန်ရက်စာ မျက်နှာပေါ်တွင် တင်ထားခဲ့ပြီးနောက် မတရားအသင်းနှင့် ဆက်သွယ်မှု၊ နယ် စပ်ဖြတ်ကျော်မှုတို့ဖြင့် ဖမ်းဆီးစစ်ဆေး ခဲ့ပြီး၊ အိန္ဒိယနယ်စပ်၊ မိဇူရမ်ပြည်နယ် သို့ သွားရောက်မှုအတွက် ဇော်ဇော် လတ်၊ ပွင့်ဖြူလတ်နှင့် ဇော်ဝင်းဗိုတို့အား ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်နေ့က ထောင်ဒဏ်နှစ်နှစ်စီ ချမှတ်ခဲ့ပြီးဖြစ် သည်။

    မတရားအသင်းဆက်သွယ်မှုဖြင့် ရင်ဆိုင်နေရသေးသည့် ဇော်ဇော်လတ် နှင့် ပွင့်ဖြူလတ်တို့အား လာမည့် ၁၆ ရက်နေ့တွင် ထပ်မံစစ်ဆေးသွား မည်ဖြစ်ကြောင်း ချမ်းအေးသာစံမြို့နယ် တရားရုံးက ထပ်မံချိန်းဆိုလိုက်သည်။

  • ရှဥ့်တို့၏ မာယာ

    ရှဥ့်တို့၏ မာယာ

    မတ် ၉ ၊ ၂၀၁၆
    M-Media
    အေးထွန်း ရှာဖွေတင်ဆက်သည်။

    Ground Squirrel

    သွေးနွေးသတ္တဝါတွေရဲ့ ခန္ဓာကိုယ်ဟာ အနီအောက်ရောင်ခြည် အပူဓာတ်ကို ထုတ်လွှတ်ပါတယ်။

    ဒီအနီအောက်ရောင်ခြည် ဖြာထွက်မူ အပူဓာတ်ကို ထောက်လှမ်းနိုင်သော သတ္တဝါတွေလဲရှိပါတယ်။

    ဥပမာအားဖြင့် ခလောက်မြွေတွေဟာ သားကောင်တွေရဲ့ ခန္ဓာကိုယ်ကနေ ထွက်တဲ့ အနီအောက်ရောင်ခြည် အပူဓာတ်ကို ထောက်လှမ်းနိုင်စွမ်းရှိသော ထူးရှယ် အာရုံခံ အင်္ဂါ (Pit Organ) ပိုင်ဆိုင်ထားတဲ့ အတွက် ပိန်းပိတ်အောင် မှောင်နေလဲပဲ သားကောင်ကို ရှာဖွေနိုင်စွမ်းရှိနေတာပါ။

    ဒါကြောင့် သွေးနွေးသတ္တဝါတွေဖြစ်တဲ့ ကလ်လီဖိုးနီးယား Ground Squirrel ရှဥ့်တွေရဲ့ အဓိက ရန်သူဟာ ခလောက်မြွေတွေပါပဲ၊

    ခလောက်မြွေတွေဟာ မှောင်မဲနေရင်လဲ ဒီရှဥ့်တွေရဲ့ ခန္ဓာကိုယ်က ထွက်တဲ့အနီအောက်ရောင်ခြည် အပူဓာတ်ကို ထောက်လှမ်းပြီး ရှဥ့်တွေကို သတ်စားပစ်ဖို့ ရှာဖွေနိုင်ပါတယ်။

    ဒါပေမဲ့ ဒီရှဥ့်တွေဟာလဲ အံ့ဩစရာ ကောင်းလောက်အောင် ခလောက်မြွေတွေကို ပြန် အရူးလုပ်နိုင်စွမ်း ရှိနေတယ်ဆိုတာကို University of California , Davis မှ စိတ္တဗေဒ လက်ထောက် ပရော်ဖက်ဆာ ဒေါက်တာ Aaron Rundus နဲ့ အဖွဲ့ဟာ တွေ့ရှိခဲ့ကြပါတယ်။။
    ပုံမှန်အားဖြင့်ဆိုရင် ဒီရှဥ့်တွေရဲ့ အမြှီးဟာ သူတို့ရဲ့ အပေါ်ပိုင်း ခန္ဓာကိုယ်လောက် အပူဓာတ်ကို မထုတ်လွှတ်ပါဘူး။

    ဒါကြောင့် ခလောက်မြွေတွေအနေနဲ့ အမှောင်ထဲမှာ ဒီရှဥ့်တွေရဲ့ အပေါ်ပိုင်းခန္ဓာကိုယ်အရွယ်အစားကိုသာ ကိုယ်စားပြူတဲ့ အပူဓာတ်ကိုသာ ထောက်လှမ်းမိမှာဖြစ်ပါတယ်။

    ဒါပေမဲ့ ထူးဆန်းတာက ဒီရှဥ့်တွေဟာ ခလောက်မြွေတွေနဲ့ စတင်ရင်ဆိုင်တွေ့ရှိပြီး တစ်ခဏအတွင်းမှာ သူတို့ရဲ့ အပေါ်ပိုင်း ခန္ဓာကိုယ်ကဲ့သို့ အပူဓာတ်ထုတ်လွှတ်နိုင်ရန် အမြှီးကို အပူတိုက်ပြီး မြွေရဲ့ မျက်နှာအနားဆက်တိုက် လှုပ်ရမ်းနေပြလိုက်ပါတယ်။

    အမြှီးကို ဘယ်လိုအပူတိုက်လဲဆိုရင် ရှဥ့်ဟာ သူ့ရဲ့ အမြှီးမှာရှိတဲ့ သွေးကြောတွေကို ချဲ့ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းက သွေးပူတွေကို အမြှီးဆီပါ မျှဝေ ပို့ဆောင် ပေးလိုက်တာ ဖြစ်ပါတယ်။

    ဒါဟာ ခလောက်မြွေကို အံ့အားတသင့်ဖြစ် တုန့်ဆိုင်းသွားစေပါတယ်။ ဘာလို့လဲဆိုရင် သူဟာ နဂိုက ရှဥ့်ရဲ့ အပေါ်ပိုင်းခန္ဓာကိုယ်အရွယ်အစားကိုသာ ထောက်လှမ်းမိပြီး ၊ အခုကျတော့ ချက်ချင်း အမြှီးကိုပါ ထောက်လှမ်းမိသွားပါတယ်။

    ဆိုလိုတာကတော့ သူ့သားကောင်ဟာ ရုတ်တရက်ကြီး အရွယ်အစား ကြီးထွားလာတယ်လို့ သူခံစားလိုက်ရပါတယ်။

    ဒီလို ခလောက်မြွေရဲ့ အံ့အားတသင့် ဖြစ် တုန့်ဆိုင်းမူဟာ ရှဥ့်အတွက် ရန်သူ့ဘေးမှ လွတ်မြောက်ရန် အခွင့်အရေးတွေကို ရသွားစေပါတယ်။

    နောက်ထပ်ထူးခြားမူ တစ်ခုကတော့ ဒီရှဥ့်တွေဟာ အနီအောက်ရောင်ခြည်အပူဓာတ်ကို အာရုံခံနိုင်သော ခလောက်မြွေနဲ့ ရင်ဆိုင်တွေ့မှသာ လှည့်စားရန်အတွက် အမြှီးကိုပါ အပူတိုက် လှုပ်ရမ်းပြတာ ဖြစ်ပြီး ၊ ဒီလို အပူဓာတ်အာရုံခံစွမ်းရည် မရှိသော အခြားသော မြွေအမျိုးအစားတွေနဲ့ ရင်ဆိုင်ရရင်တော့ အမြှီးထိ အပူတိုက်ခြင်း အမူကို မပြုလုပ်ကြပါဘူး။

    အနီအောက် ရောင်ခြည်အပူဓာတ်ကို ထောက်လှမ်းနိုင်စွမ်းမရှိသော အခြားသော မြွေအမျိုးအစားတွေကိုတော့ ဒီနည်းလမ်းနဲ့ လှည့်စားလို့ မရမှန်း သူတို့ဟာ နားလည်နေကြပါတယ်။
    ( Ground squirrels use an infrared signal to deter rattlesnake predation by Rundus, Aaron S., Owings, Donald H., Joshi, Sanjay S., Chinn, Erin & Giannini, Nicholas , 2007)

    ဒီရှဥ့်တွေဟာ ခလောက်မြွေတွေကို ပြန်လည် အရူးလုပ်နိုင်ရုံမျှမက ခလောက်မြွေတွေကို အခြားနည်းနဲ့ အသုံးချကြပါသေးတယ်။

    အဲဒါကတော့ သူတို့ဟာ ခလောက်မြွေတွေရဲ့ အရေခွံဟောင်းတွေကို ရှာဖွေပြီး ဝါးစားပါတယ်။ ပြီးတော့ တံတွေးတွေကို သူတို့ရဲ့ ခန္ဓာကိုယ်အနှံ့ သုတ်လိမ်းကြပါတယ်။

    ဒါဟာ မြွေတွေအပါအဝင် အခြားသော သူ့ရဲ့ရန်သူတွေအနေနဲ့ သူ့ခန္ဓာကိုယ်ကနေ ခလောက်မြွေနံ့ ရရှိပြီး ရှောင်ရှားသွားကြစေ ဖို့ဖြစ်ပါတယ်။

    (Bats Sing, Mice Giggle: The Surprising Science of Animals’ Inner Lives By Karen Shanor and Jagmeet Kanwal ; Camouflage , bluff or outmaneuver)

    ဒီရှဥ့်တွေဟာ ကျွန်တော့် အတွက် တွေးစရာတွေ ပေးနေပါတယ်။

    သူတို့ဟာ ဘယ်လိုများ မြွေတွေထဲကမှ ခလောက်မြွေတွေမှာ အနီအောက်ရောင်ခြည် အပူဓာတ်ကို ထောက်လှမ်းနိုင်စွမ်းရှိတယ်လို့ သိနေကြပါသလဲ၊

    သူတို့ဟာ သူတို့ရဲ့ အရွယ်အစားကို ရုတ်တရက်ကြီးမားသွားတယ်လို့ ခလောက်မြွေတွေ မှတ်ထင် တုံ့ဆိုင်းသွားအောင် အမြှီးကို ရုတ်တရက်အပူတိုက်ပစ်ရမယ်လို့ ဘယ်လိုများ နားလည်နေကြပါသလဲ

    ရှင်းပါတယ်။ ဒါတွေဟာ အန္တရာယ်ကြုံမှ ဘာလုပ်ရမလဲလို့ စဉ်းစားရာကနေ ရရှိလာတဲ့ အသိမဖြစ်နိုင်ပါဘူး၊ ဒီလိုစဉ်းစားနေရင် သူဟာ ခလောက်မြွေစာဖြစ်သွားပါပြီ။ ဆိုတော့ ဒီအပြုအမူဟာ သူတို့ရဲ့ မွေးရာပါ ထူးဆန်းသော အသိဉာဏ်ရဲ့ ရလဒ်သာ ဖြစ်ပါတယ်။

    ** အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါသည်။

  • ကမ္ဘာ့သန်းကြွယ်သူဋ္ဌေးများဆီ စီးဝင်နေတဲ့ မြန်မာ့ချွေးစက်များ

    ကမ္ဘာ့သန်းကြွယ်သူဋ္ဌေးများဆီ စီးဝင်နေတဲ့ မြန်မာ့ချွေးစက်များ

    မတ် ၉၊ ၂၀၁၆

    M-Media
    ၂၀၁၂ စက်တင်ဘာ ၇ ရက် ရန်ကုန် မရမ်းကုန်းမြို့နယ် အလုပ်သမားရေးရာရုံးရှေ့တွင် လစာတိုးရေးအတွက် ဆန္ဒပြနေကြသော Myue & Soe အထည်စက်ရုံလုပ်သားများ (ဓာတ်ပုံ – စိုးဇေယျာထွန်း၊ ရိုက်တာ)

    – အကြမ်းထည်သစ်သားဆောင်တစ်ခုရဲ့ သန့်ရှင်းထည်ဝါမှုမဲ့အခန်းငယ်လေးထဲ အထည်စက်ရုံ အလုပ်သမငယ်လေးတွေ ရှိနေကြတယ်။ ရွာမှာကျန်ရစ်တဲ့သူတို့မိဘများရဲ့ဓာတ်ပုံတွေရဲ့တစ်ဖက်တစ်ချက်မှာ မြန်မာပေါ့ပ်အဆိုတော်တွေရဲ့ပုံတွေကို အခန်းငယ်နံရံမှာ ချိတ်ဆွဲထားတယ်။ ဒါပေမယ့် အပြင်ဖက်က မြောင်းပုပ်ရေအနံ့ကတော့ အခန်းထဲအထိ ၀င်ရောက်နေရဲ့။ အဲ့ဒီက သွေးချင်းသုံးဦးနဲ့ သူတို့ရဲ့ဝမ်းကွဲညီအစ်မတွေအားလုံးဟာ နိုင်ငံတကာနာမည်ကြီး အထည်ကုမ္ပဏီရဲ့ စက်ရုံများမှာ အလုပ်လုပ်နေကြသူတွေပါ။ အဲ့ဒီအထည်စက်ရုံများက GAP, Primark, H&M, Tesco စတဲ့ အမှတ်တံဆိပ်တွေအတွက် ဗြိတိန်၊ အမေရိကန်နဲ့ အခြားနိုင်ငံတွေဆီ ပြည်ပပို့ကုန်အဖြစ် ချုပ်လုပ်နေကြတာပါ။ သူတို့ဟာ Oxfan နဲ့လက်တွဲထားတဲ့ အလုပ်သမားအခွင့်အရေးအုပ်စုဝင်ဖြစ်ပြီး အလုပ်သမားများကောင်းစားရေးအတွက် တိုက်ပွဲဝင်နေကြသူတွေဖြစ်ပါတယ်။ သူတို့ရဲ့အသံတွေကိုနားထောင်ဖို့ ကျွန်တော်တို့ စက်ရုံတွေအထိ သွားရောက်ကွင်းဆင်းခဲ့ကြတယ်။ မြန်မာ့အထည်အလိပ်လုပ်ငန်းကဏ္ဍဟာ အလျင်အမြန် ကြီးထွားကျယ်ပြန့်လျက်ရှိပါတယ်။ လက်ရှိမှာ အထည်စက်ရုံလုပ်သားတွေ သုံးသိန်းဝန်းကျင်ရှိကြပြီး ၉၀ ရာခိုင်နှုန်းက အမျိုးသမီးတွေ၊ များသောအားဖြင့် အသက် ၂၅ နှစ်အောက်အရွယ်တွေဖြစ်ကြတယ်။

    သူတို့ရဲ့ နေ့တွက်လုပ်အားခ (အမေရိကန်) ၂.၈ ဒေါ်လာက ဘ၀တစ်ခုအတွက် ရပ်တည်ရှင်သန်ဖို့ မလုံလောက်ပါဘူး။ အထည်စက်ရုံလုပ်သားအားလုံးရဲ့ ထက်ဝက်နီးပါးဟာ အကြွေးနွံထဲ နစ်မွန်းနေပြီး အစားအစာ၊ ဆေးဝါး၊ သယ်ယူပို့ဆောင်ရေး စတဲ့ အခြေခံလိုအပ်ချက်များအတွက် ချေးငှားသုံးစွဲနေရတယ်လို့ Oxfan ရဲ့ မကြာသေးမီ ကွင်းဆင်းလေ့လာချက်တစ်ရပ်မှာ တွေ့လိုက်ရပါတယ်။ သူတို့တစ်တွေဟာ တစ်ပတ်မှာ ၆ ရက်၊ တစ်ရက်ကို ၁၁ နာရီထိ အလုပ်ဆင်းရတယ်။ ဒါ့အပြင် ဥပဒေကြောင်းအရရှိနေတဲ့ ဖျားနာခံစားခွင့် ဆိုတာ မရရှိသလောက်ပါပဲ။ ဖြစ်နိုင်ချေမရှိတဲ့ ထုတ်ကုန်လျာထားချက်ပြည့်မီဖို့ ညဖက်အထိ အလုပ်ဆင်းနေကြရတယ်လို့ လူအများအပြားက ဆိုကြတယ်။ ဖြစ်ရပ်တစ်ခုမှာဆိုရင် ရက်သတ္တပတ်လုံးလုံး နေ့စဉ် နံနက် ၆း၃၀ နာရီအထိ ချုပ်လုပ်ကြရပြီး ၇း၃၀ နာရီမှာ လုပ်ငန်းခွင် ပြန်ဝင်ကြရတာကို တွေ့ရတယ်။ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးက အလွန်အရေးကြီးလှပါတယ်။ လူသုံးဦးမှာတစ်ဦး လုပ်ငန်းခွင် အနာတရ ဖြစ်ကြတယ်လို့ ဆိုကြတယ်။ ဒါ့အပြင် ၀င်ပေါက်ထွက်ပေါက်များလည်း ပိတ်ထားတဲ့အတွက် စက်ရုံမီးလောင်မှုအပေါ် လူအများအပြားက စိုးရွံ့ထိတ်လန့်နေကြရပါတယ်။

    ကျွန်တော်တို့ မြန်မာနိုင်ငံကို ရောက်ရှိနေစဉ် Oxfan ရဲ့အစီရင်ခံစာ ထွက်လာပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဒါဗိုစ်မှာကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ၁ ရာခိုင်နှုန်းသော လူတန်းစားက ကမ္ဘာ့စီးပွားရေးကို မွှေနှောက်ချုပ်ကိုင်နေကြကြောင်း၊ ဘီလျံနာပေါင်း ၆၂ ဦးဟာ အခုဆိုရင် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများရဲ့ ထက်ဝက်လောက်ကို တန်းတူ ပိုင်ဆိုင်မှု ရှိနေကြောင်း၊ အဲ့ဒီ ထိပ်တန်း ၁ ရာခိုင်နှုန်းလူတွေအကြိုက် ကမ္ဘာ့စီးပွားရေးက ယိမ်းကနေရကြောင်း၊ လွန်ခဲ့တဲ့ ၁၅ နှစ်ကတည်းက ကမ္ဘာ့စီးပွားရေးတိုးတက်မှုစုစုပေါင်းရဲ့ ထက်ဝက်လောက်က သူတို့အတွက် ဖြစ်နေပြီး ကျန်တဲ့ အောက်ခြေ ၅၀ ရာခိုင်နှုန်းကလည်း သူတို့နဲ့ မကင်းနိုင်ကြောင်း ဖွင့်ချဖော်ပြထားပါတယ်။

    အလွန်စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုကတော့ ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာ ၆၄ ဦးအနက် လေးဦးဟာ အထည်အရောင်းဆိုင်လုပ်ငန်းပိုင်ရှင်တွေ ဖြစ်နေတာပါပဲ။ ဒေါ်လာ ၆၄ ဘီလီယံပိုင်ဆိုင်တဲ့ စပိန်က Amancio Ortega ဟာ Zara ရဲ့ ပိုင်ရှင်ဖြစ်ပြီး Inditex ဧရာမအထည်လုပ်ငန်းကို ဦးဆောင်နေပါတယ်။ ဒေါ်လာ ၂၄ ဘီလီယံ ကြွယ်ဝတဲ့ Swede Stefan Persson ဟာ H&M ရဲ့ ဥက္ကဋ္ဌဖြစ်ပြီး လုပ်ငန်းရဲ့အစုရှယ်ယာ ၂၈ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပါတယ်။ ဂျပန်က Uniqlo ပိုင်ရှင် Tadashi Yanai ဟာ ဒေါ်လာ ၂၀ ဘီလီယံ ချမ်းသာတယ်။ နောက်ဆုံးတစ်ဦးကတော့ Nike ရဲ့ ဥက္ကဋ္ဌအဖြစ် ၂၀၁၅ ခုနှစ်အထိ ၅၁ နှစ်ကြာအုပ်ချုပ်ခဲ့တဲ့ Phil Knight ဖြစ်ပြီး ဒေါ်လာ၂၁ ဘီလီယံ ချမ်းသာကြွယ်ဝသူဖြစ်ပါတယ်။

    မြန်မာနိုင်ငံက စက်ရုံတွေကို H&M က ၀ယ်ယူနေသလို Uniqlo ကလည်း အလားတူအတိုင်း ပြုလုပ်ဖို့ ရှိနေပါတယ်။
    Inditex က တင်သွင်းမှုကွင်းဆက်နဲ့ အချိန်လျှော့ချရေးပုံဟန်ကို စတင်လမ်းဖောက်ခဲ့ပြီး အခုအချိန်မှာ သူ့စံနှုန်းကဖက်ရှင်အ၀တ်တွေ အလျင်အမြန်ရရှိဖို့ ဖြစ်နေပါတယ်။ ဒီစီးပွားရေးလုပ်ထုံးက တင်သွင်းသူနဲ့ သူတို့ရဲ့လုပ်သားတွေအပေါ် ဖိအား အလွန်ကြီးမားစေပါတယ်။ အတင်းအဓမ္မ အချိန်ပိုအလုပ်ဆင်းခိုင်းခြင်း၊ လုပ်အားခကို နည်းနိုင်သမျှ နည်းပါးအောင် ခေါင်းပုံဖြတ်လာစေခြင်းတို့ကြောင့် ဖြစ်ပါတယ်။

    H&M ကလည်း သူတို့အ၀တ်အထည်တွေကို ထုတ်လုပ်ပေးတဲ့ မြန်မာပြည်ကစက်ရုံတွေမှာ ဒီလိုအနေအထားနဲ့ ရသလောက်ညှစ်ထုတ်နေကြပါတယ်။ နာမည်ကြီးတံဆိပ်အများအပြားကတော့ ဒီလိုမျိုးအဖြစ်မရှိပါဘူးလို့ ငြင်းဆိုတတ်ကြတယ်။ “နာမည်ကြီးတံဆိပ်အရောင်းဆိုင်တွေက သူတို့ရဲ့အ၀တ်အထည်တွေကို ဘယ်မှာထုတ်လုပ်ကြတယ်ဆိုတာ ဘာကြောင့် ဖုံးကွယ်ထားလိုတဲ့အကြောင်းရင်းတစ်ခုလောက် မင်း စဉ်းစားမိသလား” လို့ ကျွန်တော့် လုပ်ဖော်ကိုင်ဖက်တစ်ဦးက ဆိုလာပါတယ်။ H&M နဲ့ Indetex နှစ်ခုစလုံးက သူခိုးဈေးလုပ်သားခ အရေးကို ကိုင်တွယ်ဖို့ တက်လှမ်းခဲ့ကြတယ်။ ပမာအားဖြင့် လုပ်သားခ/ဈေးနှုန်း ညှိနှိုင်းမြှင့်တင်ရေးဆိုင်ရာ ကမ္ဘာ့အလုပ်ရုံများသမဂ္ဂနဲ့ ပဋိညာဉ်လက်မှတ်ရေးထိုးထားကြတယ်။ သို့ပေမယ့်လည်း ၂၀၀၁ မှ ၂၀၁၁ ခုနှစ်အတွင်း ပြည်ပကို အ၀တ်အထည်တင်ပို့တဲ့ ထိပ်တန်း ၁၅ နိုင်ငံက အထည်အလိပ်လုပ်သားများအတွက် လုပ်အားခတွေမှာတော့ သဘောတူညီချက်အမှန်အတိုင်း ဆောင်ရွက်ပေးမှု ပျက်ကွက်နေခဲ့ပါတယ်။

    ကမ္ဘာ့ဆင်းရဲမွဲတေမှုလျှော့ချရေးကို အထောက်အကူပြုနေတဲ့ စီးပွားရေးစနစ်မှာ ရိုက်ခတ်မှုဖြစ်လို့ Oxfan ဟာ အရင်းရှင်ဝါဒဆန့်ကျင်တဲ့အဖွဲ့အဖြစ် ဝေဖန်သူအချို့က စွပ်စွဲကြတယ်။ လုပ်ဆောင်မှုဖြစ်စဉ်အရ အဲ့ဒါအမှန်ပဲလို့ ဆိုရပါမယ်။ ယခု ကျွန်တော်တို့ ဆုံတွေ့ခဲ့ရတဲ့ မိန်းမရွယ်လေးတွေဟာ လုပ်အားခ တစ်နေ့ ၁.၉ ဒေါ်လာသာ ရနေကြပြီး တရားဝင် အနိမ့်ဆုံးဆင်းရဲမှုသတ်မှတ်ချက်ထက်ပင် ပိုလွန်နေပါတယ်။ ဒါနဲ့တင် လုံလောက်ပြီလို့ ထင်နေကြပါသလား ?

    လူထုဘ၀ အသွင်ကူးပြောင်းရေးအတွက် အရင်းရှင်ဝါဒရဲ့သြဇာအင်အားကို Oxfan က အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် အင်္ဂလန်ဘဏ်ဦးစီးမှူး ကြွေးကြော်ထားနေတဲ့ လက်ရှိ ဈေးကွက်တင်းကြပ်ရေးစံနှုန်းက ကျွန်တော်တို့ကို အကြွင်းမဲ့ စိတ်ပျက်သွားစေပါတယ်။ ကွန်ဆာဗေးတစ် အမတ်ဟောင်း Matthew Oarus က The Times သတင်းစာမှာ ကျွန်တော်တို့ရဲ့ ဒါဗို့စ်အစီရင်ခံစာနဲ့ပတ်သက်ပြီး ဒီလိုရေးသားထားပါတယ်။ လက်ရှိခေတ် အရင်းရှင်စံနစ်ကို ခုခံကာကွယ်ဖို့ ကြိုးစားနေသူများကိုကြည့်ပြီး USSR ကိုကာကွယ်ဖို့ကြိုးစားခဲ့တဲ့ ကွန်မြူနစ်တွေကို သတိရသွားစေပါတယ်တဲ့။ “ရာစုသစ်မှာ ဈေးကွက်လွတ်လပ်မှုကို ခုခံကာကွယ်မယ်ဆိုရင်တော့ မမျှတမှုဆိုတဲ့ ဧရာမဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်”။

    သမိုင်းတစ်လျှောက်ကို လေ့လာကြည့်လိုက်ရင် ကလေးသူငယ်များကို အလုပ်မခိုင်းစေရေး၊ တစ်နေ့အလုပ်ချိန် ၁၀ နာရီဖြစ်ရေး၊ လစာရအလုပ်နားရက်၊ ဖျားနာခံစားခွင့်၊ သာမန်လူတန်းစားများ ဘ၀ပြေလည်နိုင်မယ့် လုပ်အားခ ရရှိရေးတွေအပေါ် တိုက်ပွဲဝင်ခဲ့သူများဟာ အရင်းရှင်ဝါဒဆန့်ကျင်ရေးသမားတွေ မဟုတ်ခဲ့ကြပါဘူး။ ကျွန်တော်တို့က အကောင်းဆုံးလုပ်ဆောင်ပေးနိုင်မယ်လို့ သူတို့ ယုံကြည်ထားခဲ့ကြခြင်းသာ ဖြစ်ပါတယ်။ အတိတ်ကာလ လှုပ်ရှားတက်ကြွသူများဟာ ငထုံငထိုင်းတွေ၊ ဆူပူအောင်လှုံ့ဆော်သူတွေအဖြစ် သတ်မှတ်ခံခဲ့ကြရတယ်။ ဒါပေမယ့် တိုးတက်ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းရဲ့ဂုဏ်အင်္ဂါတစ်ရပ်အတွက် သူတို့ တိုက်ပွဲဝင်ခဲ့ကြတာလို့ ခုချိန်မှာ ကျွန်တော်တို့သိမြင်သွားကြပါပြီ။

    ဒီခေတ်မှာလည်း ဒီလိုတိုက်ပွဲမျိုးကို ကျွန်တော်တို့ ဆက်လက်ဆင်နွှဲသွားရပါလိမ့်မယ်။ ထိပ်တန်းစာရင်းဝင် ၁ ရာခိုင်နှုန်းထက် လူများစုအတွက် ပိုမိုအကျိုးဖြစ်ထွန်းစေမယ့် အရင်းရှင်စနစ်ကို ကျွန်တော်တို့ ဖန်တီးဖို့ လိုအပ်ပါမယ်။ ဖန်တီးလို့လည်း ရသလို အလုပ်လည်း ဖြစ်ပါတယ်။ ဥပမာအားဖြင့် အဓိကကျတဲ့ ကုမ္ပဏီအများစုက အလုပ်သမားစည်းမျဉ်းဥပဒေနဲ့တစ်ကွ တိုင်းနိုင်ငံများရဲ့ အရင်းအမြစ်သယံဇာတတွေကို အလေးထားလို့ မိမိတို့ရဲ့ စီးပွားရေးလုပ်ထုံအတိုင်းဆောင်ရွက်နိုင်မယ်ဆိုရင် စက်ရုံတွေကလည်း ဘ၀ရပ်တည်နိုင်တဲ့ လုပ်အားခကို ပေးနိုင်လာပါလိမ့်မယ်။ ပြီးတော့ လုပ်သားတွေအဖို့ စီမံရေးကဏ္ဍမှာ လွတ်လပ်စွာ စေ့စပ်ညှိနှိုင်းမှုတွေ ရရှိလာစေမှာဖြစ်ပါတယ်။

    ပိုမိုကောင်းမွန်တဲ့ လူသားအခြေပြုစီးပွားရေးတစ်ခုတည်ဆောက်ဖို့ ကျွန်တော်တို့ဆီမှာ စွမ်းရည်၊ နည်းပညာနဲ့ စိတ်ကူးစိတ်သန်းတွေ ပိုင်ဆိုင်ကြပါတယ်။ ဒီနေရာမှာ အနိမ့်ဆုံးလုပ်အားခ မဟုတ်ဘဲ အမြင့်ဆုံးလုပ်အားခ ဖြစ်စေရပါမယ်။ ဒါမှ လက်တစ်ဆုပ်စာအခွင့်ထူးခံတစ်စုအတွက်မျှသာ အကျိုးဖြစ်ထွန်းစေတဲ့ မတန်တဆ ကြွယ်ဝချမ်းသာမှုကို အဆုံးသတ်နိုင်မှာဖြစ်ပါတယ်။

    မြန်မာနိုင်ငံက မိန်းမရွယ်လေးတွေကို သူတို့ရဲ့အခွင့်အရေးနဲ့ပတ်သက်ပြီး တွေ့ဆုံလေ့လာခဲ့ချိန် – ထိုင်းနဲ့ ကမ္ဘောဒီးယားက အထည်စက်ရုံလုပ်သားတွေရဲ့ ရုန်းထအောင်မြင်မှုကို တွေ့မြင်ခဲ့ချိန်မှာ ကျွန်တော့်အဖို့ အနာဂတ်မျှော်လင့်ချက်တွေ ပြည့်လွှမ်းသွားပါတယ်။ အကောင်းဆုံး၊ အမျှတဆုံးအနာဂတ်တစ်ခုအတွက် သူတို့ တိုက်ပွဲဝင်ကြပါဦးမယ်၊ ကျွန်တော်လည်း ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ သူတို့ကို ကူညီနိုင်ဖို့ ပြုလုပ်ဆောင်ရွက်သွားတော့မှာ ဖြစ်ပါတယ်။

    Ref : The Irrawaddy – Max Lawson’s “From Myanmar Sweatshops to Billionaires in Switzerland”
    မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင်ပြန်ဆိုသည်။

  • အမျိုးသမီးများအပေါ် လေးစားမှုရှိရန် အစ္စလာမ်က သွန်သင်ထားဟု ပါကစ္စတန်မှ ပြည်နယ်ဝန်ကြီးချုပ် ပြော

    အမျိုးသမီးများအပေါ် လေးစားမှုရှိရန် အစ္စလာမ်က သွန်သင်ထားဟု ပါကစ္စတန်မှ ပြည်နယ်ဝန်ကြီးချုပ် ပြော

    မတ် ၉၊ ၂၀၁၆
    M-Media

    paki 5

    – အစ္စလာမ်သာသနာမှာ အမျိုးသမီးများအပေါ် လေးစားမှုရှိရန် သွန်သင်ထားပြီး မိမိအနေဖြင့် နိုင်ငံအတွင်းရှိ အမျိုးသမီးများ၏ အဆင့်အတန်း မြင့်မားရေးအတွက် တိုက်ပွဲဝင်သွားမည်ဟု ပါကစ္စတန်ရှိ ပန်ဂျပ်ပြည်နယ် ၀န်ကြီးချုပ် ရှဟ်ဘက်ဇ် ရှရစ်ဖ်က ပြောကြားလိုက်သည်။

    အင်္ဂါနေ့က ပြုလုပ်ခဲ့သည့် “အမျိုးသမီးများနေ့” အခမ်းအနားတွင် ရှရစ်ဖ်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ပါကစ္စတန်လူဦးရေ၏ ထက်ဝက်ခန့်မှာ အမျိုးသမီးများဖြစ်ကာ ၎င်းတို့၏ ပူးပေါင်ပါဝင်မှုမရှိဘဲ နိုင်ငံ၏ ရည်မှန်းချက်များ အောင်မြင်မည်မဟုတ်ဟု ဆိုသည်။

    “တမန်တော်မြတ်ကြီးရဲ့ သြ၀ါဒတော်မှာ ‘ဂျန္နသ်နိဗ္ဗာန်ဟာ မိခင်ရဲ့ ခြေဖ၀ါးအောက်မှာရှိတယ်’ လို့ မိန့်ကြားထားပါတယ်။ ဒါဟာ အမျိုးသမီးတွေရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးခြင်း တစ်မျိုးပါပဲ။ ကံမကောင်း အကြောင်းမလှစွာနဲ့ဘဲ သည်းမခံနိုင်မှုကနေ ပေါက်ဖွားလာတဲ့ လုပ်ရပ်တွေက ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို ကြီးမားတဲ့ဆုံးရှုံးမှုတွေ ဖြစ်စေပါတယ်”

    အမျိုးသမီးများအား လုပ်ပိုင်ခွင့်ပေးခြင်းနှင့်ပတ်သက်၍ ဆန့်ကျင်ကန့်ကွက်နေမှုများကိုလည်း ရရှစ်ဖ်က ဝေဖန်ခဲ့ပြီး အမျိုးသမီးများအား ၎င်းတို့ရထိုက်သည့် အခွင့်အရေးနှင့် ဂုဏ်သိက္ခာများ ပေးခြင်းကသာ အစ္စလာမ်၏ သွန်သင်ဆုံးမမှုနှင့် ကိုက်ညီခြင်းဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။ ထို့ပြင် ဓမ္မပညာရှင်များအနေဖြင့် ၎င်းတို့၏ ဒေသနာများတွင် အမျိုသမီးများအား လေးစားမှုနှင့်ပတ်သက်သည့် အကြောင်းအရာများကို အသားပေး ဟောကြားရန်လည်း တိုက်တွန်းခဲ့သည်။

    “ကျွန်တော်တို့ရဲ့လုပ်ရပ်တွေနဲ့ ချဉ်းကပ်မှုတွေကို ပြောင်းလဲပစ်ရပါမယ်။ တူရကီ၊ အင်ဒိုနီးရှား၊ ဂျော်ဒန်၊ မလေးရှားနဲ့ အခြားသောအစ္စလာမ့်နိုင်ငံတွေမှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ ရင်ဘောင်တန်း အလုပ်လုပ်နေကြပါတယ်။ ဒါပေမယ့် အစ္စလာမ့်ပြည်သူ့သမ္မတနိုင်ငံလို့ အမည်မှည့်ခေါ်ထားတဲ့ ကျွန်တော်တို့နိုင်ငံက ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ အမျိုးသမီးတွေပါဝင်ခွင့်ကို ကန့်သတ်ထားတာဟာ သိပ်တော့မကောင်းပါဘူး” ဟု ၀န်ကြီးချုပ်က ဖွင့်ဟပြောဆိုခဲ့သည်။

    ပါကစ္စတန်နိုင်ငံရှိ အမျိုးသမီးမျာမှာ ပင်ကိုယ် ပါရမီရှိကြပြီး၊ ထိုအမျိုးသမီးများ ပူးပေါင်းပါဝင်မှသာ နိုင်ငံမှာ ရှေ့ဆက်ချီတက်နိုင်မည်ဖြစ်ကြောင်း ရှရစ်ဖ်က ထပ်လောင်းပြောကြားခဲ့သည်။

    Ref: IINA