မတ် ၁၄၊ ၂၀၁၆
M-Media
– အမေရိကန်နိုင်ငံကိုယ်စားပြု မွတ်စလင်အားကစားမယ်အား ၀န်ထမ်းတစ်ဦးက ဘာသာရေးအရ ထိခိုက်သောစကားများ ပြောဆိုခဲ့ခြင်းအတွက် တက္ကဆက်တွင် ကျင်းပပြုလုပ်သည့် South by Southwest (SXSW) အနုပညာပွဲတော်ကို ကျင်းပသူများက ယမန်နေ့တွင် တောင်းပန်လိုက်သည်ဟု သိရသည်။
အော်စတင်မြို့တွင်ပြုလုပ်သည့် အဆိုပါရုပ်ရှင်နှင့် ဂီတပွဲတော်သို့ အမေရိကန် ဓားသိုင်းအားကစားမယ် အစ်ဗသီဟဂ်ျ မိုဟာမက်က ယမန်နေ့က သွားရောက်ရာတွင် စေတနာ့ဝန်ထမ်းတစ်ဦးက ၎င်း၏ ဟိဂျဘ်ပုဝါကို ဖယ်ရှားပေးမှ ၀င်ခွင့်အထောက်အထားလက်မှတ်အတွက် ဓာတ်ပုံရိုက်ပေးမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဒါက ဘာသာရေးသွန်သင်မှုကြောင့် ၀တ်ဆင်ထားတာလို့ ကျွန်မက ရှင်းပြပေမယ့် သူက ကျွန်မဟီဂျဘ်ကို ချွတ်ရမယ်လို့ပဲ ပြောခဲ့ပါတယ်” ဟု အစ်ဗသီဟဂ်ျက ၎င်း၏ Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။
SXSW ပွဲတော်ကို ကျင်းပပြုလုပ်သူများက Ruters သို့ ပေးပို့သော အီမေးလ်တွင် ထိုအဖြစ်အပျက် ဖြစ်ပွားပြီးနောက်ပိုင်း ဟီဂျဘ်ချွတ်ရန် ပြောဆိုခဲ့သည့် စေတနာ့ဝန်ထမ်းကို အခမ်းအနားတွင် တာဝန်ထမ်းဆောင်ခြင်းမှ ဖယ်ရှားလိုက်သည်ဟု ဖော်ပြထားသည်။
“ဒီကိစ္စအတွက် ကျွန်တော်တို့ အရှက်ရမိသလို၊ အစ်ဗသီဟဂ်ျကိုလည်း တောင်းပန်ပါတယ်။ ဒီအဖြစ်အပျက်တွက် ကျွန်တော်တို့ တကယ့်ကို နောင်တရမိပါတယ်” ဟု SXSW မှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။
အသက် ၃၀ အရွယ် ရှိပြီဖြစ်သည့် အစ်သီဟဂ်ျမှာ အမေရိကန်ကိုယ်စားပြု အားကစားသမားများထဲတွင် ဟီဂျဘ်ဝတ်ဆင်၍ ယှဉ်ပြိုင်မည့် ပထမဆုံး မွတ်စလင်အမျိုးသမီးကစားသမားဖြစ်ပြီး ရီယိုဒီဂျနေရိုးတွင်ကျင်းပမည့် အိုလံပစ်ပြိုင်ပွဲတွင် အမေရိကန်ကိုယ်စားပြုယှဉ်ပြိုင်ရန် ရွေးချယ်ခံထားရသည်။
သူမမှာ မွတ်စလင်များကို စော်ကားပြောဆိုမှုများ ပြုလုပ်နေသည့် ရီပက်ဘလစ်ကန်နိုင်ငံရေးသမား ဒေါ်နယ် ထရမ့်အား လူသိရှင်ကြား ဝေဖန်သူလည်းဖြစ်သည်။
“တစ်ယောက်ယောက်က ‘ကဲ မွတ်စလင်တွေကို သူတို့နိုင်ငံ ပြန်ပို့စမ်း’ လို့ပြောတာကြားရရင်၊ ကျွန်မက ‘ငါက အမေရိကန်လေ။ ငါက ဘယ်ကိုသွားရမှာတုန်း’ လို့ ပြန်ပြောလိုက်ချင်တယ်” ဟု ဗုဒ္ဓဟူးနေ့က ထရမ့်နှင့်ပတ်သက်၍ သတင်းထောက်များအား ပြောကြားခဲ့သည်။SXSW တွင် ထိုအဖြစ်အပျက် ဖြစ်ပွားပြီးနောက်ပိုင်း အစ်ဗသီဟဂ်ျမှာ မှားယွင်းသည့် သက်သေခံကဒ်ကို ရရှိခဲ့သည်။
“ကျွန်မ မှားယွင်းတဲ့ သက်သေခံလက်မှတ်တစ်ခုကို ရရှိခဲ့ပါတယ်။ အခုအချိန်ကစပြီး ကျွန်မနာမည်ဟာ တာမီရ်ဖြစ်ပြီး Time Warner Inc အတွက် အလုပ်လုပ်နေသူပါ” ဟု ၎င်း၏ Twitter စာမျက်နှာတွင် ထပ်မံရေးသားခဲ့သည်။
Ref: IINA
Leave a Reply
You must be logged in to post a comment.