News @ M-Media

Blog

  • ထိပ်ဆုံးအသင်းများ ဂိုးမြူးခဲ့ပြီး ဘာစီလိုနာက ဆက်လက်ဦးဆောင်နေတဲ့ လာလီဂါပွဲစဉ် ၂၈

    ထိပ်ဆုံးအသင်းများ ဂိုးမြူးခဲ့ပြီး ဘာစီလိုနာက ဆက်လက်ဦးဆောင်နေတဲ့ လာလီဂါပွဲစဉ် ၂၈

    မတ် ၈၊ ၂၀၁၆
    M-Media

    laliga

    – ဒီတစ်ပတ် လာလီဂါပွဲစဉ် ၈ မှာတော့ ထိပ်ဆုံး ၃ သင်းစလုံး ဂိုးမြူးခဲ့ပြီး ဘာစီလိုနာက ၈ မှတ်ဖြတ်ကာ ဆက်လက် ဦးဆောင်ထားပါတယ်။

    အိမ်ကွင်း ဘာနေဗျူးမှာ ရီးယဲလ်တို့ ဆဲလ်တာဗီဂိုကို ၇ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး လတ်တလော ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ရော်နယ်ဒိုက ၄ ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် မိနစ် ၄၀ အထိ ဂိုးရဖို့ ကြိုးစားခဲ့ရပြီး ဒုတိယပိုင်းမှာ ၆ ဂိုး သွင်းနိုင်ခဲ့တာပါ။

    ဘာစီလိုနာကလည်း မက်ဆီရဲ့ သွင်းဂိုး ၂ ဂိုးနဲ့အတူ အဝေးကွင်းမှာ အိုက်ဘာကို ၄ ဂိုးပြတ်ခဲ့ပြီး ဒုတိယနေရာက အက်သလက်တီကိုကတော့ ဗင်လင်စီယာကို အဝေးကွင်းမှာပဲ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

    ဇယားအောက်ခြေက ၃ သင်းမှာ အောက်ဆုံးက လီဗန်တေးတစ်သင်းသာ သရေကျခဲ့ပြီး ဂရာနာဒါနဲ့ စပို့တင်းဂီဂျွန်တို့က ရှုံးနိမ့်ခဲ့ကြပါတယ်။ အဆင့် ၄ က ဗီလာရီးယဲလ်ကလည်း အိမ်ကွင်းမှာ ဖိကစားနိုင်ခဲ့ပေမယ့် လက်စ်ပါးလ်မက်စ်ရဲ့ နောက်တန်းကို မကျော်နိုင်ခဲ့တာကြောင့် ၁ ဂိုး ဂိုးမရှိနဲ့ အရှုံးပေးခဲ့ရပါတယ်။

    laliga 3ဒီတစ်ပတ် လာလီဂါပွဲစဉ်တွေရဲ့ ရလဒ်များကတာ့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ရီးယဲလ် ၇-၁ ဆဲလ်တာဗီဂို
    ဗီလာရီးယဲလ် ၀-၁ လက်စ်ပါးလ်မက်စ်
    ဂီတာဖေး ၁-၁ ဆီးဗီးလား
    ဒီပို့တီဗို ၃-၃ မာလာဂါ
    ရီးယဲလ်ဘက်တစ် ၂-၀ ဂရာနာဒါ
    အိုက်ဘာ ၀-၄ ဘာစီလိုနာ
    စပို့တင်းဂီဂျွန် ၀-၂ ဘီဘာအို
    ဆိုစီဒက် ၁-၁ လီဗန်တေး
    ဗလင်စီယာ ၁-၃ အက်သလက်တီကို
    အက်စပန်ညို ၂-၁ ဗယ်လက်ကာနို

  • ဆီးရီးယားတွင် အမေရိကန်က လေတပ်စခန်းနှစ်ခု ဆောက်လုပ်နေ

    ဆီးရီးယားတွင် အမေရိကန်က လေတပ်စခန်းနှစ်ခု ဆောက်လုပ်နေ

    မတ် ၈၊ ၂၀၁၆
    M-Media

    us airbase

    – ဆီးရီးယားက ကာ့ဒ်တွေ သိမ်းပိုက်ထားရာ နိုင်ငံမြောက်ပိုင်းမှာ အမေရိကန်ရဲ့ ဒုတိယမြောက် လေတပ်စခန်းတစ်ခု ဆောက်လုပ်နေမှုဟာ ပြီးလုပြီးခင် ဖြစ်နေပြီလို့ သိရပါတယ်။

    အဲဒီ ဒုတိယမြောက်လေတပ်စခန်းဟာ စစ်ဖက်ရော အရပ်ဖက်မှာပါ အသုံးပြုသွားမှာ ဖြစ်တယ်လို့ အာရ်ဘီးလ်မြို့အခြေစိုက် သတင်းဝဘ်ဆိုက်တစ်ခုဖြစ်တဲ့ BasNews ရဲ့ ဖော်ပြမှုကို ကိုးကားကာ Reuters သတင်းဌာနက ထပ်ဆင့် ဖော်ပြခဲ့ပေမယ့် အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM) ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အမေရိကန်အနေနဲ့ ဆီးရီးယားမှာ မည်သည့်လေယာဉ်ကွင်းကိုမှ ထိန်းချုပ်ထားတာမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

    ဒီလေတပ်စခန်းဟာ ဟာဆာကာပြည်နယ် ရာမီလန်မြို့မှာ တည်ရှိတာဖြစ်ပြီး ပြေးလမ်းဖောက်လုပ်တဲ့ လုပ်ငန်းအများစုဟာ ပြီးစီးသွားကာ၊ တူရကီနဲ့ကပ်နေတဲ့ ကိုဘာနီမြို့မှာလည်း အမေရိကန်က လေတပ်စခန်းတစ်ခုကို ဆောက်လုပ်နေတယ်လို့ အမည်မဖော်ပြတဲ့ စစ်တပ်သတင်းရင်းမြစ်ကို ကိုးကားပြီး BasNews က ဖော်ပြခဲ့တာပါ။

    ဒီစီမံကိန်းတွေမှာ အမေရိကန်က ကျွမ်းကျင်ပညာရှင်တွေနဲ့ နည်းပညာကျွမ်းကျင်သူတွေ ပါဝင်တယ်လို့လည်း ဆိုပါတယ်။ ဆီးရီးယားက ကာ့ဒ်တပ်ဖွဲ့တွေကလည်း သူတို့ဟာ ကုန်စည်သယ်ယူပို့ဆောင်ဖို့အတွက် အမေရိကန်စစ်တပ်ရဲ့ ရဟတ်ယာဉ်နဲ့ ရာမီလန် လေတပ်စခန်းကို အသုံးပြုခဲ့တယ်လို့ မကြာသေးခင်က ပြောကြားခဲ့ပါတယ်။

    IS စစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ တပ်ဖွဲ့တွေကို အကူအညီပေးနိုင်ဖို့ အမေရိကန်ဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ဆီးရီးယားမြောက်ပိုင်းကို အထူးတပ်သားပေါင်းများစွာ စေလွှတ်ခဲ့ပါတယ်။ ဆီးရီးယားက ကာ့ဒ်တွေကို အကြမ်းဖက်သူပုန်တွေလို့ သတ်မှတ်ထားတဲ့ နေတိုးမဟာမိတ် တူရကီရဲ့ စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း အမေရိကန်စစ်ဘက်ဟာ ကာ့ဒ်တွေနဲ့ နက်နက်ရှိုင်းရှိုင်း ပက်သက်ခဲ့ပါတယ်။

    အမေရိကန်ဦးဆောင်တဲ့ လေတပ်စစ်ဆင်ရေးတွေဟာ လွန်ခဲ့တဲ့တစ်နှစ်က စတင်ခဲ့ပြီး အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ IS တွေကို ရည်ရွယ်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုလို တိုက်ခိုက်မှုတွေဟာ အစွန်းရောက်စစ်သွေးကြွတွေကို မနှိမ်နှင်းနိုင်သေးပါဘူး။

    Ref; Presstv

  • အမေရိကန်တွင် မုန်းတီးရေးအုပ်စု ၉၀၀ နီးပါးရှိပြီး၊ ကယ်လီဖိုးနီးယားတွင် အများစု အခြေစိုက်နေ

    အမေရိကန်တွင် မုန်းတီးရေးအုပ်စု ၉၀၀ နီးပါးရှိပြီး၊ ကယ်လီဖိုးနီးယားတွင် အများစု အခြေစိုက်နေ

    မတ် ၈၊ ၂၀၁၆
    M-Media

    calc

    – ကယ်လီဖိုးနီးယားပြည်နယ်ဟာ အမေရိကန်ပြည်ထောင်စုက တခြားပြည်နယ်တွေထက် ၂၀၁၅ ခုနှစ်အတွင်း မုန်းတီးရေးအုပ်စု ပိုများလာတယ်လို့ တောင်ပိုင်းဆင်းရဲမွဲတေမှုဆိုင်ရာ ဥပဒေဌာန (SPLC) က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

    ဖေဖော်ဝါရီ ၂၇ ရက်နေ့က လော့စ်အိန်ဂျလိစ်အပြင်ဘက် အေနာဟမ်မြို့မှာ လူဖြူအစွန်းရောက်အဖွဲ့ Ku Klux Klan (KKK) က ချီတက်ဆန္ဒပြမှု ပြုလုပ်ဆောင်ရွက်အပြီးမှာ ကယ်လီဖိုးနီးယားပြည်နယ်က အမုန်းအခြေခံ အုပ်စုတွေအပေါ် သတိထားမိလာကြတာ ဖြစ်ပါတယ်။

    တရားဝင်ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ ၂၀၁၅ ခုနှစ် အမေရိကန်မှာ မုန်းတီးရေးအုပ်စု စုစုပေါင်း ၈၉၂ ခု ရှိပြီး အဲ့ဒီထဲကမှ ၆၈ ဖွဲ့ဟာ ကယ်လီဖိုးနီးယားပြည်နယ်မှာ ရှိနေတာဖြစ်ပါတယ်။ ၈၉၂ ဆိုတဲ့ အရေအတွက်ဟာ ၂၀၁၄ ခုနှစ်ကထက် ၁၄ ရာခိုင်နှုန်းလောက် မြင့်တက်လာတာ ဖြစ်တယ်လို့ SPLC က ဆိုပါတယ်။

    အဆိုပါအဖွဲ့တွေဟာ လူမျိုးရေးခွဲခြားတတ်တဲ့အဖွဲ့အစည်းတွေ သက်သက်သာ မဟုတ်ဘဲ မွတ်စလင်တွေအပေါ် ပစ်မှတ်ထားတဲ့ အုပ်စုတွေကတော့ ၂၀၁၄ ကထက် ၄၅ ရာခိုင်နှုန်းလောက် ပိုများလာပါတယ်။ အဲဒီလို အမုန်းတရားအခြေခံ အုပ်စုအရေအတွက် ပိုများလာတာထက် အဲဒီအုပ်စုတွေနဲ့ ဆက်နွယ်နေတယ်လို့ သတင်းထွက်တဲ့ အစွန်းရောက်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုက ပိုများတယ်လို့ SPLC ရဲ့ အကြီးတန်းတာဝန်ရှိသူ မာ့ခ် ပိုတော့က ပြောကြားခဲ့ပါတယ်။

    အေနာဟမ် ချီတက်ဆန္ဒပြမှုနောက်ပိုင်း သေစေနိုင်တဲ့ လက်နက်နဲ့ လုပ်ကြံမှုတစ်ခုမှာ ပါဝင်တယ်လို့ သံသယရှိတဲ့အတွက် KKK အဖွဲ့ဝင်ငါးဦးကို အမေရိကန်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ပြင်းထန်စွာ နာကျင်စေဖို့ ရည်ရွယ်တဲ့ တိုက်ခိုက်မှုမှာ ပါဝင်မယ်လို့ ယူဆရတဲ့ လူ ၇ ဦးလည်း ထပ်မံထိန်းသိမ်းခဲ့ပါတယ်။

    Ref: IINA

  • အိန္ဒိယရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခု ဟိန္ဒူအစွန်းရောက်များ၏ တိုက်ခိုက်မှုကို ခံရ

    အိန္ဒိယရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခု ဟိန္ဒူအစွန်းရောက်များ၏ တိုက်ခိုက်မှုကို ခံရ

    မတ် ၇၊ ၂၀၁၆
    M-Media

    indian church

    – အိန္ဒိယနိုင်ငံရှိ ဟိန္ဒူအစွန်းရောက်အဖွဲ့တစ်ခုမှာ ယမန်နေ့က ခရစ်ယာန်ဘုရားကျောင်းတစ်ခုသို့ ၀င်ရောက်စီးနင်းကာ တိုက်ခိုက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

    ချာတစ်ဂါပြည်နယ် ခါမာရ်ဒီမြို့ရှိ ခရန်ယာန်ဘုကျောင်းတွင် ယမန်နေ့ဝတ်ပြုဆုတောင်းမှုအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဟိန္ဒူအစွန်းအရောက်များမှာ ဘုရားကျောင်းအား ဖျက်ဆီးကာ ၀တ်ပြုသူများကိုလည်း တိုက်ခိုက်ခဲ့ကြသည်။

    “Bajrang Dal (ဟိန္ဒူအစွန်းရောက်အဖွဲ့) က အဖွဲ့ဝင်တွေဟာ ဘုရားကျောင်းထဲကို Jai Sri Ram (ရာမဘုရားအတွက်အောင်မြင်မှု) လို့ ညာသံပေးပြီး ၀င်ရောက်လာကြတာပါ။ အမျိုးသမီးတွေကိုတိုက်ခိုက်ပြီး သူတို့ရဲ့ အ၀တ်တွေကို ဆုတ်ဖြဲပစ်ခဲ့ကြပါတယ်။ ရင်ခွင်ပိုက်ကလေးတွေကိုလည်း ရိုက်နှက်ခဲ့ကြပါတယ်။ ဟိန္ဒူတွေက ဒီဘုရားကျောင်းမှာ ခရစ်ယာန်ကို ပြောင်းလာကြတယ်လို့ သူတို့ စွပ်စွဲတယ်။ သမ္မာကျမ်းစာနဲ့ ဘုရားကျောင်းနံရံမှာချိတ်ထားတဲ့ ပုံတော်တွေကို သူတို့ မရိုမသေ ပြုမူကြပါတယ်” ဟု ချာတစ်ဂါ ခရစ်ယာန်အဖွဲ့ ဥက္ကဌ အာရွန် ပန်နာလာလ်က ပြောကြားခဲ့သည်။

    နိုင်ငံအတွင်းရှိ လူနည်းစုဝင်များ အဆက်မပြတ် တိုက်ခိုက်ခံရမှုမှာ အစိုးရအတွက် ရှက်စရာကောင်းသည့်ကိစ္စ ဖြစ်သည်ဟု ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    “ဘုရားကျောင်းတက်သူတွေအပေါ် ဒီတိုက်ခိုက်မှုဟာ ချာတစ်ဂါပြည်နယ်မှာ လွန်ခဲ့တဲ့ ၅ ပတ်အတွင်း စတုတ္ထမြောက်ဖြစ်တဲ့ တိုက်ခိုက်မှုပါပဲ။ ကနဦးအစီရင်ခံစာရဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။

    တိုက်ခိုက်မှုအပြီးတွင် ဘုရားကျောင်းအတွင်း၌ ကျိုးပဲ့နေသော တူရိယာများ၊ ခုံများ စုတ်ဖြဲထားသော စာရွက်များကို တွေ့မြင်ခဲ့ရသည်ဟု ဆိုသည်။

    “ကျွန်တော်တို့ဟာ စိတ်ဝင်တစားနဲ့ ၀တ်ပြုဆုတောင်းနေတဲ့အချိန်မှာ အမျိုးသားတွေက ၀င်လာပြီး ကျွန်တော်တို့ကို တိုက်ခိုက်တာပါ။ သူတို့ဟာ အမျိုးသမီးတွေနဲ့ ကလေးတွေကို တိုက်ခိုက်ကြတယ်။ သူတို့ ဘာမကျေနပ်တာရှိလဲလို့ မေးဖို့ ကြိုးစားပါသေးတယ်။ ဒါပေမယ့် ဘာအဖြေမှ မလာပါဘူး။ ဒီနေရာကို လုံးဝ ဖယ်ရှားပေးရမယ်လို့လည်း သူတို့က ကြိမ်းဝါးခဲ့ပါတယ်” ဟု ဘုရားကျောင်းမှ ဘုန်းတော်ကြီးတစ်ဦးဖြစ်သူ ရက်ရှ်မာက ပြောကြားခဲ့သည်။

    တိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိသူများကို ဒေသတွင်းဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ပေးခဲ့ရသည်။

    Ref: Islamicnewsdaily

  • အစ္စလာမ့်အသိပညာပေးလှုပ်ရှားမှုတစ်ခု ကနေဒါတွင် ပြုလုပ်

    အစ္စလာမ့်အသိပညာပေးလှုပ်ရှားမှုတစ်ခု ကနေဒါတွင် ပြုလုပ်

    မတ် ၇၊ ၂၀၁၆
    M-Media

    canada

    – မွတ်စလင်အမည်ခံ အကြမ်းဖက်သမားများကြောင့် အစ္စလာမ်အပေါ် နားလည်မှုလွဲခြင်းကို ဖြေရှင်းရန်အတွက် ကနေဒါနိုင်ငံ ၀င်းဆောရ်မြို့ရှိ မွတ်စလင်များက ဗလီဝတ်ကျောင်းတော် တံခါးဖွင့်လှုပ်ရှားမှုများကို ယမန်နေ့က ပြုလုပ်ခဲ့သည်ဟု သိရသည်။

    “ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်က လူ့အဖွဲ့အစည်းကို နွေးနွေးထွေးထွေး ကြိုဆိုဖို့နဲ့ မေတ္တာတရား၊ ငြိမ်းချမ်းရေး သတင်းစကားတွေ ဖြန့်ဝေပေးဖို့ပါပဲ” ဟု မြို့တွင်းရှိ ဘိုက်သွလ် အဟ်ဆန် ဗလီဝတ်ကျောင်းတော်မှ ပြောရေးဆိုခွင့်ရှိသူ အစ်ရ်ဖန်း အဟ်မဒ်က ပြောကြားခဲ့သည်။

    အဆိုပါ လှုပ်ရှားမှုများတွင် အစ္စလာမ်ကပြောသည့် ခန္တီတရား၊ ပညာရေးနှင့် အပြန်အလှန်လေးစားမှုတို့အကြောင်း ဟောပြောတင်ပြခြင်း၊ ဆွေးနွေးခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် အကြမ်းဖက်ဝါဒမှာ အစ္စလာမ်နှင့် မည်သို့မှ သက်ဆိုင်မှုမရှိကြောင်းကိုလည်း ဖြေရှင်းခဲ့ကြသည်။

    “အကြမ်းဖက်မှုပုံစံအားလုံးကို ကျွန်တော်တို့ ငြင်းပယ်ပါတယ်။ ဒီလို ပယ်ချလာတာ လွန်ခဲ့တဲ့ နှစ် ၁၀၀ လောက်ကတည်းကပါ” ဟု အဟ်မဒ်က ဆိုသည်။

    အဆိုပါ ဗလီဝတ်ကျောင်းတော် တံခါးဖွင့်လှုပ်ရှားမှုတွင် သတင်းအချက်အလက်မျှဝေခြင်း၊ ကုရ်အာန်ကျမ်းတော်မြတ်အား အင်္ဂလိပ်၊ စပိန်၊ ဂရိ၊ ဒက်ခ်ျ၊ နော်ဝေ၊ ဂျပန်၊ ကိုရီးယား၊ ဘန်ဂါလီ၊ ဟင်ဒီနှင့် အိန္ဒိယဒေသသုံး စကားများဖြင့် ဘာသာပြန်ထားသည့် စာအုပ်များကို ခင်းကျင်းပြသခြင်းတို့လည်း ပါဝင်ခဲ့သည်။ ထို့ပြင် တက်ရောက်လာသူများကို အစားအသောက်များဖြင့် တည့်ခင်းဧည့်ခံခဲ့ကြသည်။

    Ref: IINA