မတ် ၈၊ ၂၀၁၆
M-Media
– ဆီးရီးယားက ကာ့ဒ်တွေ သိမ်းပိုက်ထားရာ နိုင်ငံမြောက်ပိုင်းမှာ အမေရိကန်ရဲ့ ဒုတိယမြောက် လေတပ်စခန်းတစ်ခု ဆောက်လုပ်နေမှုဟာ ပြီးလုပြီးခင် ဖြစ်နေပြီလို့ သိရပါတယ်။
အဲဒီ ဒုတိယမြောက်လေတပ်စခန်းဟာ စစ်ဖက်ရော အရပ်ဖက်မှာပါ အသုံးပြုသွားမှာ ဖြစ်တယ်လို့ အာရ်ဘီးလ်မြို့အခြေစိုက် သတင်းဝဘ်ဆိုက်တစ်ခုဖြစ်တဲ့ BasNews ရဲ့ ဖော်ပြမှုကို ကိုးကားကာ Reuters သတင်းဌာနက ထပ်ဆင့် ဖော်ပြခဲ့ပေမယ့် အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM) ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အမေရိကန်အနေနဲ့ ဆီးရီးယားမှာ မည်သည့်လေယာဉ်ကွင်းကိုမှ ထိန်းချုပ်ထားတာမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။
ဒီလေတပ်စခန်းဟာ ဟာဆာကာပြည်နယ် ရာမီလန်မြို့မှာ တည်ရှိတာဖြစ်ပြီး ပြေးလမ်းဖောက်လုပ်တဲ့ လုပ်ငန်းအများစုဟာ ပြီးစီးသွားကာ၊ တူရကီနဲ့ကပ်နေတဲ့ ကိုဘာနီမြို့မှာလည်း အမေရိကန်က လေတပ်စခန်းတစ်ခုကို ဆောက်လုပ်နေတယ်လို့ အမည်မဖော်ပြတဲ့ စစ်တပ်သတင်းရင်းမြစ်ကို ကိုးကားပြီး BasNews က ဖော်ပြခဲ့တာပါ။
ဒီစီမံကိန်းတွေမှာ အမေရိကန်က ကျွမ်းကျင်ပညာရှင်တွေနဲ့ နည်းပညာကျွမ်းကျင်သူတွေ ပါဝင်တယ်လို့လည်း ဆိုပါတယ်။ ဆီးရီးယားက ကာ့ဒ်တပ်ဖွဲ့တွေကလည်း သူတို့ဟာ ကုန်စည်သယ်ယူပို့ဆောင်ဖို့အတွက် အမေရိကန်စစ်တပ်ရဲ့ ရဟတ်ယာဉ်နဲ့ ရာမီလန် လေတပ်စခန်းကို အသုံးပြုခဲ့တယ်လို့ မကြာသေးခင်က ပြောကြားခဲ့ပါတယ်။
IS စစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ တပ်ဖွဲ့တွေကို အကူအညီပေးနိုင်ဖို့ အမေရိကန်ဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ဆီးရီးယားမြောက်ပိုင်းကို အထူးတပ်သားပေါင်းများစွာ စေလွှတ်ခဲ့ပါတယ်။ ဆီးရီးယားက ကာ့ဒ်တွေကို အကြမ်းဖက်သူပုန်တွေလို့ သတ်မှတ်ထားတဲ့ နေတိုးမဟာမိတ် တူရကီရဲ့ စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း အမေရိကန်စစ်ဘက်ဟာ ကာ့ဒ်တွေနဲ့ နက်နက်ရှိုင်းရှိုင်း ပက်သက်ခဲ့ပါတယ်။
အမေရိကန်ဦးဆောင်တဲ့ လေတပ်စစ်ဆင်ရေးတွေဟာ လွန်ခဲ့တဲ့တစ်နှစ်က စတင်ခဲ့ပြီး အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ IS တွေကို ရည်ရွယ်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုလို တိုက်ခိုက်မှုတွေဟာ အစွန်းရောက်စစ်သွေးကြွတွေကို မနှိမ်နှင်းနိုင်သေးပါဘူး။
Ref; Presstv
Leave a Reply
You must be logged in to post a comment.