News @ M-Media

Blog

  • ဒိုင်လုပ်ငန်းတွင် ဗီဒီယိုအကူအညီမှာ စိတ်ပျက်စရာဟု ကော်လီနာပြော

    ဒိုင်လုပ်ငန်းတွင် ဗီဒီယိုအကူအညီမှာ စိတ်ပျက်စရာဟု ကော်လီနာပြော

    မတ် ၆၊ ၂၀၁၆
    M-Media

    colina

    – ယနေ့ခေတ်တွင် မိမိမှာ ဗီဒီယိုအကူအညီဖြင့် ဒိုင်လုပ်ရပါက စိတ်ပျက်လိမ့်မည်ဟု နာမည်ကျော် ကမ္ဘာ့ဖလားဒိုင်လူကြီးဟောင်း ပီယာလီဂွီ ကော်လီနာက ပြောကြားလိုက်ပြီး လက်ရှိ လူကျွံဘောစည်းမျဉ်းများကိုလည်း တိုးတက်အောင် ပြောင်းလဲသင့်သည်ဟု ဆိုသည်။

    နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ်များ ဘုတ်အဖွဲ့ IFBA မှာ ဒိုင်လူကြီးများ ဆုံးဖြတ်ချက်ချရာတွင် ဗီဒီယိုအနှေးပြကွက် ပြန်လည်ကြည့်ရှုမှုစနစ်ကို အစမ်းသဘောအနေဖြင့် အသုံးပြုရန် ဆုံးဖြတ်ခဲ့သည်ဟု ဖီဖာဥက္ကဌသစ် ဂီယန်နီ အင်ဖန်တီနိုက စနေနေ့တွင် ပြောကြားခဲ့ပြီးနောက် ကော်လီနာ၏ ယခုမှတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

    အဆိုပါ စနစ်ကို ၂၀၁၇-၁၈ ဘောလုံးရာသီ ပွဲများတွင် လက်တွေ့စမ်းသပ်အသုံးပြုရန် ရှိနေသည်။ ထို့ပြင် ဝေးလ်နိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် IFBA ၏ အစည်းအဝေးတွင် ဂိုးဧရိယာအတွင်း ပြစ်ဒဏ်ကျူးလွန်မှုအတွက် ၃ ထပ်ကွမ်းအပြစ်ပေးခြင်း (ပင်နယ်တီ၊ အနီကဒ်နှင့် ပွဲပယ်ပြစ်ဒဏ်) တို့ကို ဖျက်သိမ်းရန်လည်း ပါဝင်သည်။

    “တကယ်လို့ ဒီနေ့မှာ ကျွန်တော်က ဒိုင်လူကြီးတစ်ယောက် ဖြစ်မယ်ဆိုရင်၊ ပုံရိပ်တွေကို အခြေခံပြီး ဆုံးဖြတ်ရတာကို ကျွန်တော် စိတ်ပျက်မိမှာပါ။ အဲဒီပုံရိပ်တွေကို ကျွန်တော် သုံးစရာမလိုသလို ကျွန်တော့်ရဲ့ ကျွမ်းကျင်မှုနဲ့လည်း ဘာမှ မပတ်သက်ပါဘူး။ ဘောလုံးလောက ဖွံ့ဖြိုးရမယ်လို့ အင်ဖန်တီနိုပြောတာကို ကျွန်တော် သဘောတူပါတယ်။ အခု ကျွန်တော်တို့ စောင့်ကြည့်ရမယ်။ လေ့လာရမယ်။ အဲဒီနောက်မှာ ပွဲရဲ့အခြေအနေအပေါ် ဒါတွေက ဘယ်လောက်နဲ့ ဘယ်လို သက်ရောက်နိုင်သလဲဆိုတာကို စဉ်စားပြီး ဆုံးဖြတ်ရမှာပါ။ ရည်ရွယ်ချက်က ပွဲကို လွယ်ကူစေဖို့ ဖြစ်ပါတယ်” ဟု ကော်လီနာက ပြောကြားခဲ့သည်။

    သို့သော်လည်း ၃ ထပ်ကွမ်းအပြစ်ပေးမှု ဖယ်ရှားခြင်းကို ကြိုဆိုကြောင်း၊ အကူဒိုင်များ၏ အမြင်အာရုံမှာ အကန့်အသတ်ရှိသောကြောင့် လူကျွံဘော ဥပေဒကို တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြား ခဲ့သည်။

    Ref: Goal

  • နောက် ၅ နှစ်အတွင်း တရုတ်လူဦးရေ ၄၅ သန်း တိုးမည်

    နောက် ၅ နှစ်အတွင်း တရုတ်လူဦးရေ ၄၅ သန်း တိုးမည်

    မတ် ၆၊ ၂၀၁၆
    M-Media

    china population

    – တရုတ်နိုင်ငံက နောက်ငါးနှစ်အတွင်းမှာ လူဦးရေ ၄၅ သန်း ၀န်းကျင်လောက် တိုးတက်လာနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားပြီး ဒီပမာဏဟာ စပိန်နိုင်ငံလူဦးရေလောက်ရှိတဲ့ ပမာဏပဲ ဖြစ်ပါတယ်။

    ကလေးတစ်ဦးမူဝါဒ ဖျက်သိမ်းအပြီး ကြီးထွားလာမယ့် လူဦးရေကို ရင်ဆိုင်ရမယ့်အတွက်ကြောင့် ဒီလို ခန့်မှန်းလိုက်တာဖြစ်ပြီး အမျိုးသားပြည်သူ့ကွန်ဂရက်မှာ တင်သွင်းခဲ့တဲ့ ငါးနှစ်တာ စီမံကိန်းမူကြမ်းမှာ ၂၀၂၀ ခုနှစ်ရောက်ရင် တရုတ်နိုင်ငံရဲ့ လူဦးရေဟာ သန်းပေါင်း ၁၄၀၀၀ ၀န်းကျင်လောက် ရှိလာမယ်လို့ ဖော်ပြထားပါတယ်။

    ဒါဟာတစ်အိမ်ထောင် ကလေးတစ်ယောက်သာ မွေးဖွားရမယ်ဆိုတဲ့ ပြဌာန်းချက် ရှိနေတဲ့အချိန် ၂၀၁၁ ခုနှစ်တုန်းက ထုတ်ပြန်ခဲ့တဲ့ ခန့်မှန်းချက်ထက် ခြားနားနေပါတယ်။ အဲဒီတုန်းက စီမံကိန်းထဲမှာ ၂၀၁၅ ခုနှစ်အထိ လူဦးရေ သန်းပေါင်း ၁၃၉၀ အတွင်းသာ ထိန်းသိမ်းထားမယ်လို့ ကတိပြုထားတာပါ။

    ယခုနှစ်မှာ တရုတ်အစိုးရဟာ တစ်အိမ်ထောင် ကလေးတစ်ယောက်မူဝါဒကို ဖြေလျှော့ပေးလိုက်ပြီး ကလေးနှစ်ယောက်ထိ ယူခွင့်ပြုလိုက်ပါတယ်။ သို့သော်လည်း မိဘတော်တော်များများက ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် တစ်ယောက်ထက် ပိုယူလိုစိတ် မရှိကြပါဘူး။

    ပြီးခဲ့တဲ့ ငါးနှစ်တာအတွင်းမှာ တရုတ်လူဦးရေဟာ ၃၃ သန်း တိုးပွားလာခဲ့ရာကနေ ၂၀၂၀ မှာ လူဦးရေတိုးပွားမှုဟာ သိသိသာသာ မြင့်မားလာမယ်လို့ ခန့်မှန်းထားကြပါတယ်။၂၀၁၅ အဆုံးပိုင်းမှာ တရုတ်နိုင်ငံရဲ့ လူဦးရေဟာ သန်းပေါင်း ၁၃၇၀ ရှိခဲ့ပြီး ကလေးမွေးဖွားမှုကတော့ ၃၂၀၀၀၀ လောက် ကျဆင်းခဲ့တယ်လို့ တရားဝင်အချက်အလက်တွေအရ သိရပါတယ်။

    တစ်အိမ်ထောင် ကလေးတစ်ယောက်စနစ်ကြောင့် တရုတ်ပြည်သူတွေဟာ ယောင်္ကျားလေးသာ ပိုမိုရွေးချယ်လေ့ရှိပြီး မိန်းကလေးကိုယ်ဝန်ကို ဖျက်ချလေ့ရှိတာကြောင့် နိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ လိင်အချိုးအစား မမျှတမှုကို ဖြေရှင်းပေး မယ်လို့ တရုတ်အစိုးရက ကတိပြုခဲ့ပါတယ်။

    တရုတ်နိုင်ငံဟာ ၁၉၇၀ နှောင်းပိုင်းလောက်မှာ တစ်အိမ်ထောင်ကလေးတစ်ယောက်မူဝါဒကို စတင်ကျင့်သုံးခဲ့ပြီး ၁၉၈၀ နဲ့ ၂၀၁၄ ကြားအတွင်းမှာ ယောင်္ကျား၊ မိန်းမ အချိုးဟာ ၁၁၄း၇ ရှိခဲ့ပါတယ်။ ဒါ့အပြင် တရုတ်အမျိုးသား သန်း ၃၀ ကျော်ဟာ မိန်းမ မရှိဘဲ တစ်ကိုယ်တည်းနေထိုင်သွားရမယ့်အန္တရာယ် ရှိနေပါတယ်။

    အမျိုးသား စာရင်းအင်းဗျူရိုကတော့ အဲဒီ လိင်မညီမျှမှုအချိုးဟာ မနှစ်က ၁၁၃.၅၁ လောက်ရှိတယ်လို့ ဇန်န၀ါရီမှာ ပြောကြားခဲ့ပါတယ်။

    Ref; Channel News Asia

  • ချန်ပီယံလိဂ်ဝင်ခွင့်နေရာကို ချယ်ဆီး စွန့်လွှတ်

    ချန်ပီယံလိဂ်ဝင်ခွင့်နေရာကို ချယ်ဆီး စွန့်လွှတ်

    မတ် ၆၊ ၂၀၁၆
    M-Media

    hiddink

    – ပရီးမီးယားလိဂ် ထိပ်ဆုံး ၄ သင်းအတွင်း ၀င်ရန်မှာ ချယ်ဆီးအတွက် မဖြစ်နိုင်သလောက် ဖြစ်သွားပြီဟု နည်းပြ ဂူစ်ဟစ်ဒင့်က ၀န်ခံပြောကြားလိုက်သည်။

    ယမန်နေ့က ကစားခဲ့သည့် စတုတ်စီးတီးအသင်းနှင့်ပွဲတွင် ချယ်ဆီးမှာ ဘားထရန့် ထရာအိုယေး၏ဂိုးဖြင့် ဦးဆောင်ခဲ့သော်လည်း ချေပဂိုးပြန်ပေးခဲ့ရကာ သရေတစ်မှတ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။ ထို့ကြောင့် ချယ်ဆီးမှာ အဆင့် ၁၀ နေရာတွင် ရပ်တည်နေပြီး စတုတ္ထနေရာမှ မန်စီးတီးအသင်းနှင့် ၁၀ မှတ် ကွာဟသွားပြီဖြစ်သည်။

    ဟစ်ဒင့်ကမူ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ကို စွန့်လွှတ်ခဲ့သည်။

    “(ထိပ်ဆုံးလေးနေအတွင်း ၀င်ဖို့ကတော့) မဖြစ်နိုင်သလောက် ဖြစ်သွားပါပြီ။ အထူးသဖြင့် အခြားအသင်းတွေက အပြိုင်ကြိုးစားနေတဲ့အခါမှာပါ။ တစ်ဖက်ကကြည့်ရင် ဒီဇင်ဘာမှာ တန်းဆင်းဇုန်နဲ့ တစ်မှတ်သာ ကွာနေတဲ့ ကျွန်တော်တို့အသင်းဟာ ပြန်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလောက် အချိန်တိုတိုလေးအတွင်းမှာ ကျွန်တော်တို့ဟာ အန္တရာယ်ကင်းတဲ့နေရာကို ရောက်လာခဲ့ပါတယ်။ ချယ်ဆီးရဲ့ ပုံမှန်အနအထားနဲ့ ဇယားအလယ်လောက် ရောက်နေတာဟာ မလုံလောက်ပါဘူး” ဟု ဟစ်ဒင့်က ပြောကြားခဲ့သည်။

    Ref : Goal

  • ပျော်ရွှင်ခြင်းက နှလုံးကို ထိခိုက်စေနိုင်

    ပျော်ရွှင်ခြင်းက နှလုံးကို ထိခိုက်စေနိုင်

    မတ် ၆၊ ၂၀၁၆
    M-Media

    – ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်တက္ကသိုလ်ဆေးရုံရဲ့ လေ့လာမှုတစ်ရပ်အရ ရှားရှားပါးပါးဖြစ်ရပ်တွေမှာ အလွန်အမင်း ပျော်ရွှင်မှုတွေကြောင့် နှလုံးကို ထိခိုက်ပျက်ဆီးစေတာကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

    အရင်ကတွေ့ရှိခဲ့တဲ့ လေ့လာမှုတွေအရ ၀မ်းနည်းပူဆွေးခြင်း၊ ဒေါသထွက်ခြင်း၊ ကြောက်ရွံ့ခြင်း စတဲ့ ပြင်းထန်တဲ့စိတ်လှုပ်ရှားမှုမျိုးတွေမှာ ရင်ဘတ်အောင့် အသက်ရှုကြပ်တာမျိုး၊ နှလုံးရောဂါနဲ့ တစ်ခါတစ်ရံမှာ အသက်သေစေနိုင်တဲ့ အထိ ဖြစ်စေနိုင်တာကို တွေ့ရပါတယ်။

    ပျော်ရွှင်မှုကြောင့် နှလုံးထိခိုက်တယ်ဆိုတဲ့ အခြေအနေမျိုးဟာ အတွေ့ရရှားလေ့ရှိပြီး ကျွမ်းကျင်သူတွေကတော့ နှလုံးပျက်စီးခြင်းရောဂါ takotsubo syndrome လို့ သတ်မှတ်ထားပါတယ်။ ဒီလိုဖြစ်ရတာဟာ နှလုံးရဲ့ အဓိကသွေးလွှတ်ခန်းကနေ ကောင်းစွာ သွေးမလွှတ်ပေးနိုင်တော့ဘဲ နှလုံးကြွက်သားတွေ ခဏတာ အားနည်းသွားတာမျိုး ရုတ်တရက် ဖြစ်သွားစေလို့ပဲ ဖြစ်ပါတယ်။

    ပျော်ရွှင်မှုကို ခံစားပြီးတဲ့နောက်ပိုင်းမှာ ဒီရောဂါ ဖြစ်တတ်သလားဆိုတာကို ပထမဆုံး စမ်းသပ်မှုအတွင်း ဒီလို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ သုတေသနပညာရှင်တွေကတော့ ဒီရောဂါကို “ပျော်ရွှင်သော နှလုံးရောဂါ” လို့ နာမည်ပြောင် ပေးထားပါတယ်။

    “ပျော်စရာကောင်းတဲ့အဖြစ်အပျက်တွေနဲ့ ၀မ်းနည်းစရာကောင်းတဲ့ အဖြစ်အပျက်တွေမှာ အလားတူရောဂါမျိုး ဖြစ်စေနိုင်တဲ့ အစွမ်းသတ္တိတွေ ရှိပါတယ်” လို့ လေ့လာမှုမှာ ပါဝင်ခဲ့သူ သုတေသီ ဂျလီနာ ဂါဒရီက ပြောကြားခဲ့ပါတယ်။

    စိတ်ခံစားမှုကြောင့် ဝေဒနာဖြစ်သူပေါင်း ၄၈၅ ယောက်ကို စမ်းသပ်ခဲ့ရာမှာ အယောက် ၂၀ ခန့်ဟာ မွေးနေ့ပွဲ၊ မင်္ဂလာပွဲ၊ စုံညီပွဲ၊ အားကစားပွဲ စတဲ့ ပျော်ပွဲရွှင်မှုတစ်ခုခုကြောင့် အဲဒီလိုရောဂါမျိုး ဖြစ်ပေါ်နေတာကို တွေ့ရှိခဲ့ပါတယ်။ အများစုဖြစ်တဲ့ ၄၆၅ ယောက်ကတော့ အသုဘအခမ်းအနား တက်ရောက်အပြီး သို့မဟုတ် လူမှုရေးအဆင်မပြေတာ တစ်ခုခု စတဲ့ ၀မ်းနည်းစရာကောင်းတဲ့ အဖြစ်အပျက်တစ်ခုခုကြောင့် ဖြစ်တာကို တွေ့ရပါတယ်။

    လေ့လာမှုရလဒ်တွေအရ ယင်းကဲ့သို့သော ရောဂါမျိုး အများဆုံး တွေ့ရလေ့ရှိသူတွေဟာ သွေးဆုံးပြီး အမျိုးသမီးတွေမှာ ဖြစ်ပါတယ်။ ပျော်ရွှင်မှုနဲ့ နှလုံးပျက်စီးမှု နှစ်ခုလုံးရဲ့ နောက်ကွယ်က အသေးစိတ်ဖြစ်စဉ်တွေကို ထပ်မံလေ့လာဖို့လိုသေးတယ်လို့ ဂါဒရီက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: IINA

  • ဇီကာဗိုင်းရပ်စ်ကူးစက်မှု လာအိုတွင်ဖြစ်ပေါ်

    ဇီကာဗိုင်းရပ်စ်ကူးစက်မှု လာအိုတွင်ဖြစ်ပေါ်

    မတ် ၆၊ ၂၀၁၆
    M-Media

    zika 13

    – လာအိုနိုင်ငံအတွင်း ဇီကာဗိုင်းရပ်စ် ပြန့်နှံ့ကူးစက်မှု ရှိနေသည်ဟု ကမ္ဘာ့ကျန်မာရေးအဖွဲ့ WHO က ပြောကြားလိုက်ပြီး မွေးကင်းစကလေးငယ်များ ဥာဏ်ရည်မပြည့်စုံခြင်းကို ဖြစ်စေသာ အဆိုပါဇီကာဗိုင်းရပ်စ်နှင့်ပတ်သက်၍ စိုးရိမ်ရမှုများ မြင့်တက်လာခဲ့သည်။

    ကူးစက်မှုမှာ တစ်ခုသာဖြစ်ပြီး လာအိုမှာ နိုင်ငံအတွင်း ဇီကာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသော ၄၁ နိုင်ငံမြောက်နိုင်ငံ ဖြစ်လာခဲ့သည်။ ဇီကာမှာ လက်တင်အမေရိကနိုင်ငံများအတွင် အများဆုံး ဖြစ်ပွားနေပြီး ကုလသမဂ္ဂက ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေအထိ ကြေငြာခဲ့ရသည်။

    လာအိုအာဏာပိုင်များကမူ ထိုကိစ္စနှင့်ပတ်သက်၍ မည်သည့် သတင်းထုတ်ပြန်မှုမှ မပြုလုပ်သေးပေ။ လာအိုနှင့် အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် လအတွင်းက အသက် ၂၂ နှစ်အရွယ် ပြည်သူတစ်ဦး ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသည်ဟု သတင်းထွက်ခဲ့ပြီး နောက်ပိုင်းတွင် ပြန်လည်ကောင်းမွန်လာခဲ့သည်။

    ထိုင်းနိုင်ငံတွင် ၂၀၁၂ ခုနှစ်မှစ၍ ဇီကာဗိုင်းကူးစက်သူမှာ တစ်နှစ်လျှင် ၅ ဦးခန့် ရှိခဲ့သော်လည်း ကပ်ရောဂါအဖြစ် ဖြစ်ပေါ်ခဲ့ခြင်းမရှိချေ။ လက်ရှိအချိတွင် ဇီကာကို ကာကွယ်ကုသနိုင်သည့် ဆေးဝါးများ မရှိသေးချေ။

    Ref: Channelnewsasia