News @ M-Media
Blog
  • အီမရိတ်လေကြောင်းလိုင်းက ကမ္ဘာ့အရှည်ဆုံး ခရီးစဉ်တစ်ခုကို ပျံသန်း
    အီမရိတ်လေကြောင်းလိုင်းက ကမ္ဘာ့အရှည်ဆုံး ခရီးစဉ်တစ်ခုကို ပျံသန်း
    မတ် ၃၊ ၂၀၁၆
    M-Media
    plane
    – အီမရိတ်လေကြောင်းလိုင်းက Airbus A380 လေယာဉ်ဟာ ကမ္ဘာ့အရှည်ကြာဆုံး ပျံသန်းမှုအဖြစ် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ကနေ နယူးဇီလန်နိုင်ငံ အောက်ကလန်မြို့ကို မရပ်မနား ပျံသန်းခဲ့တယ်လို့ သိရပါတယ်။
    ဗုဒ္ဓဟူးနေ့က ပျံသန်းခဲ့သည့် အဆိုပါ ခရီးစဉ်ဟာ မိုင်ပေါင်း ၈၈၂၄ မိုင် အကွာအဝေးရှိခဲ့ပြီး၊ ပြန်လည်ထွက်ခွာမယ့် လမ်းကြောင်းဟာလည်း အရှည်ဆုံးခရီးစဉ် ဖြစ်မှာဖြစ်ပါတယ်။ အပြန်ခရီးမှာတော့ ခရီးသည်တွေအနေနဲ့ လေယာဉ်ပေါ်မှာ ၁၇ နာရီနဲ့ ၁၅ မိနစ်ခန့် လိုက်ပါရမှာ ဖြစ်ပါတယ်။
    ဒါပေမယ့် ယခုလ နှောင်းပိုင်းမှာလည်း အီမရိတ်လေကြောင်းလိုင်းဟာ ဒူဘိုင်း-ပနားမား ခရီးစဉ်ကို ၁၇ နာရီနဲ့ ၃၅ မိနစ်ကြာ ပျံသန်းမှာ ဖြစ်တဲ့အတွက်ကြောင့် ယခုခရီးစဉ်ရဲ့ စံချိန်ဟာ သိပ်ကြာကြာခံမှာ မဟုတ်ပါဘူး။ ဒူဘိုင်း-အောက်ကလန် ခရီးစဉ် ပထမဆုံပျံသန်းမှုကို A380 လေယာဉ်နဲ့ ပြုလုပ်ခဲ့ပေမယ့် နောက်ပိုင်း ပုံမှန်ပြေးဆွဲမှုမှာတော့ ဘိုးအင်း ၇၇၇ လေယာဉ်ကိုသာ အသုံးပြုမှာ ဖြစ်ပါတယ်။
    “တိုးတက်တဲ့နည်းပညာနဲ့ ကောင်းမွန်တဲ့အစီအမံတွေရဲ့ အကူအညီကြောင့် ခရီးသည်တွေကို အချိန်အနည်းဆုံးနဲ့ တတ်နိုင်သမျှ မြန်မြန် အရောက်ပို့ဆောင်ပေးနိုင်မှာပါ” လို့ အီမရိတ်လေကြောင်းလိုင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
    နယူးဇီလန်ပို့ဆောင်ရေးဝန်ကြီး ဆိုင်မွန် ဘရစ်ဂျက်စ်ကတော့ အချိန်သုံးနာရီလောက် လျှော့နိုင်ခဲ့တဲ့ ဒူဘိုင်း-အောက်ကလန် မရပ်မနားပျံသန်းမှုဟာ ဒူဘိုင်းနဲ့ နယူးဇီလန်ကြား ဆက်ဆံရေးကို ပိုမိုခိုင်မာစေတဲ့အပြင် နယူးဇီလန်နဲ့ တခြားနိုင်ငံတွေရဲ့ ဆက်ဆံရေးကိုလည်း တိုးတက်စေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
    “ဒီ တိုက်ရိုက်ပျံသန်းနိုင်မှုဟာ နှစ်နိုင်ငံကြား ကုန်သွယ်မှုနဲ့ ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းကို ပိုမိုအားပေးရာရောက်တဲ့အပြင် ခရီးသည်တွေအတွက်လည်း ပိုမိုရွေးချယ်နိုင်တဲ့ အခွင့်အလမ်းတွေ ရရှိစေပါတယ်” လို့ ဘရစ်ဂျက်စ်က ပြောကြားခဲ့ပါတယ်။
    Ref: Presstv
  • အာဆင်နယ်၏ လတ်တလောရလဒ်များအတွက် စိုးရိမ်မိသည်ဟု ၀င်းဂါးဝန်ခံ
    အာဆင်နယ်၏ လတ်တလောရလဒ်များအတွက် စိုးရိမ်မိသည်ဟု ၀င်းဂါးဝန်ခံ
    မတ် ၃၊ ၂၀၁၆
    M-Media
    winger
    – ဆွမ်းဆီးအား ရှုံးနိမ့်ခဲ့ပြီးနောက် မိမိအနေဖြင့် အသင်း၏ ရလဒ်ကျဆင်းမှုများအတွက် စိုးရိမ်မိသည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ၀န်ခံပြောကြားလိုက်သည်။
    ယမန်နေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ် ၂၈ တွင် အာဆင်နယ်မှာ အိမ်ကွင်း၌ ဆွမ်ဆီးအား ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲအားလုံးတွင် နောက်ဆုံး ၃ ပွဲဆက်တိုက် ရှုံးနိမ့်မှုလည်း ဖြစ်သည်။ ထို့ကြောင့် ထိပ်ဆုံးမှ လက်စတာနှင့် ၆ မှတ် ကွာဟသွားပြီဖြစ်သည်။
    “(ဆွမ်ဆီးကိုရှုံးတာဟာ) ကံမကောင်းစွာနဲ့ ရှုံးခဲ့တာပါ။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ အခွင့်အရေးအများကြီး ဖန်တီးနိုင်ခဲ့ပါတယ်။ အဆုံးသတ်ပိုင်းမှာ ကျွန်တော်တို့ ကံမကောင်းခဲ့ဘူး။ သူတို့ တစ်ပွဲလုံးမှာ ဂိုးပေါက်ကို ၂ ကြိမ်ကန်သွင်းနိုင်ပြီး ၂ ဂိုး ရခဲ့ပါတယ်။ စိတ်ပျက်စရာ ရလဒ်ဖြစ်ပြီး ကစားသမားတွေကလည်း တော်တော်လေး စိတ်ဓာတ်ကျနေပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့ ရလဒ်တွေအတွက် စိုးရိမ်မိပါတယ်။ ၃ ပွဲဆက်ရှုံးခဲ့တယ်။ အသင်းအတွက် သိပ်ခက်ခဲတဲ့အချိန်ပါ။ ကျွန်တော်တို့ ပြန်လာရမှာဖြစ်ပြီး ကောင်းကောင်းနဲ့ ဟာကွက်မရှိ ကစားရပါလိမ့်မယ်” ဟု ၀င်းဂါးက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    အာဆင်နယ်မှာ စနေနေ့တွင် ဒုတိယနေရာမှ စပါးနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
    Ref: Goal
  • ဂျပန် အမျိုးသမီးအလုပ်သမား ၃ ပုံ ၁ ပုံမှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ခံနေရ
    ဂျပန် အမျိုးသမီးအလုပ်သမား ၃ ပုံ ၁ ပုံမှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ခံနေရ
    မတ် ၃၊ ၂၀၁၆
    M-Media
    japan 4
    – နိုင်ငံအတွင်းက အလုပ်လုပ်နေတဲ့ ဂျပန်အမျိုးသမီး သုံးပုံတစ်ပုံခန့်ဟာ လုပ်ငန်းခွင်မှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ရင်ဆိုင်နေရတယ်လို့ အစိုးရလေ့လာမှုတစ်ရပ်က ဖော်ထုတ်လိုက်ပါတယ်။
    ၂၀၁၅ ခုနှစ် စက်တင်ဘာနဲ့ အောက်တိုဘာလအတွင်း သုံးပတ်ကြာ ကြာမြင့်ခဲ့တဲ့ စစ်တမ်းကောက်ယူမှုကို ဂျပန်ကျန်းမာရေး၊ အလုပ်သမားရေးနဲ့ လူမှုဖူလှုံရေးဝန်ကြီးဌာန သုံးခုပေါင်းကာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
    အင်္ဂါနေ့က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဂျပန်နိုင်ငံအတွင်း အရင်အလုပ်လုပ်ဖူးသူတွေ၊ လက်ရှိလုပ်နေသူတွေ၊ အချိန်ပိုင်း၊ အချိန်ပြည့် စသဖြင့် အမျိုးသမီး ၉၆၀၀ ခန့်ကို စာရင်းကောက်ယူခဲ့တဲ့ ရလဒ်တွေကို ဖော်ပြထားပါတယ်။ စစ်တမ်းဖြေဆိုကြသူတွေဟာ အသက် ၂၅ နဲ့ ၄၄ ကြား ရှိသူများ ဖြစ်ကြပါတယ်။
    ဖြေဆိုသူ အမျိုးသမီး ၃၀ ရာခိုင်နှုန်းခန့်က ၎င်းတို့အနေနဲ့ လုပ်ငန်းခွင်တွေမှာ လိင်ပိုင်းဆိုင်ရာထိပါးမှုတွေ ခံစားနေရတယ်လို့ ဆိုပါတယ်။ အဲ့ဒီထဲကမှ တစ်ဝက်လောက်က ၎င်းတို့ရဲ့ ရုပ်ရည်၊ အသက်အရွယ်၊ ပုံပန်းသဏ္ဍာန်တွေကို ရည်ရွယ်ပြီး ယောင်္ကျားလေးလုပ်ဖော်ကိုင်ဖက်တွေရဲ့ ၀ိုင်းဖွဲ့ပြောဆိုမှုကို ခံရတယ်လို့ ဖွင့်ဟခဲ့ကြပါတယ်။ တခြား ၄၀ ရာခိုင်နှုန်းခန့်သော အမျိုးသမီးတွေကတော့ ကိုယ်ထိလက်ရောက် ထိတွေ့ခံရတဲ့အထိ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။
    ယင်းအစီရင်ခံစာမှာပဲ ၃၈ ရာခိုင်နှုန်းခန့်သော အမျိုးသမီးတွေက ၎င်းတို့ကို လိင်ပိုင်းဆိုင်ရာနဲ့ပက်သက်တဲ့ မေးခွန်းတွေ အမေးခံရတယ်လို့လည်း ဆိုကြပါတယ်။ တစ်ချို့ဆို ချိန်းတွေ့ဖို့တောင်းဆိုတဲ့အထိ သို့မဟုတ် လိင်ဆက်ဆံဖို့တောင်းဆိုတာမျိုးအထိ ရှိတယ်လို့ ဖြေကြားခဲ့ပါတယ်။
    စစ်တမ်းကောက်ယူမှုမှာ ပါဝင်ခဲ့တဲ့ ၆၃ ရာခိုင်နှုန်းသော အမျိုးသမီးတွေက လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်တာနဲ့ပက်သက်လို့ သက်ဆိုင်ရာကို အသိပေးပြောကြားတာမျိုး ရှိခဲ့ပါဘူး။ တိုင်ကြားသူ ၁၀ ယောက်မှာ ၁ ယောက်လောက်ဟာ ရာထူးလျှော့ချခံရတာလို မမျှမတ ဆက်ဆံခံရတယ်လို့ ဆိုပါတယ်။
    ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးအနေနဲ့ တိုင်းပြည်စီးပွားရေးတိုးတက်ဖို့ အမျိုးသမီးတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ ကတိပြုခဲ့ပြီးနောက်ပိုင်း ဒီအချက်အလက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ ကမ္ဘာ့စီးပွားရေးဖိုရမ်က ထုတ်ပြန်တဲ့ ကမ္ဘာလုံးဆိုင်ရာ ကျားမကွာဟချက် ၂၀၁၅ စာရင်းအရ နိုင်ငံပေါင်း ၁၄၅ နိုင်ငံအနက် ဂျပန်နိုင်ငံဟာ ၁၀၁ မှာ ရပ်တည်နေပါတယ်။
    Ref: Presstv
  • သြဇီမွတ်စလင်များ၏ အစ္စလာမ့်အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲ အမြင်မှားမှုများကို ဖယ်ရှားနိုင်
    သြဇီမွတ်စလင်များ၏ အစ္စလာမ့်အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲ အမြင်မှားမှုများကို ဖယ်ရှားနိုင်
    မတ် ၂၊ ၂၀၁၆
    M-Media
    Ausie
    – အစ္စလာမ့်ရေးရာ သင်ကြားမှုတွေကို သိရှိဖို့နဲ့ အစ္စလာမ်အပေါ် အထင်မှားအမြင်မှား ဖြစ်မှုတွေကို ပပျောက်စေဖို့အတွက် သြစတေးလျ မွတ်စလင်တွေက အစ္စလာမ့်အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
    နိုင်ငံအတွင်း ဒုတိယ လူဦးရေအထူထပ်ဆုံးမြို့ဖြစ်တဲ့ ကွင်စလန်းပြည်နယ် ဘွန်ဒါဘာ့ဂ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အစ္စလာမ်ဘာသာဝင်မဟုတ်သူ အမြောက်အများ တက်ရောက်ခဲ့ကြပါတယ်။
    ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး ဟောပြောပို့ချမှု ပြုလုပ်ခဲ့တဲ့ အစ္စလာမ့် ဓမ္မပညာရှင် အမျိုးသမီး ဟိုင်ဒီ ဆိုင်ရီက်ဘာဆန်က ဒီအလုပ်ရုံဆွေးနွေးပွဲ ရည်ရွယ်ချက်ဟာ တကယ့် စစ်မှန်တဲ့အစ္စလာမ်ဆိုတာ ဘာလဲဆိုတာကို ပြသဖို့နဲ့ ယူဆချက်အမှားတွေ၊ အမြင်မရှင်းတာတွေကို ဖယ်ရှားဖို့ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    “IS လုပ်နေတာတွေက ကျွန်မနဲ့ မွတ်စလင်လူထုကြီးကို ကိုယ်စားမပြုပါဘူး” လို့ သူက ဆိုပါတယ်။
    ဆွေးနွေးတင်ပြခဲ့ကြတဲ့ ခေါင်းစဉ်တွေထဲမှာ ကုရ်အာန်၊ စွန်နာ (တမန်တော် မုဟမ္မဒ်သခင်၏ ဓလေ့နှင့် သြ၀ါဒတော်)၊ ရှရီအာဥပဒေ၊ အစ္စလာမ်ကပြောသည့် အမျိုးသမီးများ အခန်းကဏ္ဍ၊ ဂျီဟတ်နဲ့ အကြမ်းဖက်ဝါဒအကြောင်းတွေလည်း ပါဝင်ပါတယ်။
    ဆိုင်ရီက်ဘာဆန်က အကြမ်းဖက်ဝါဒပြဿနာဟာ လက်ရှိမှာ ထပ်တလဲလဲ ဖြေရှင်းနေရတဲ့ ပြဿနာဖြစ်နေပြီး အရှေ့ အလယ်ပိုင်းကလူတွေ၊ ဟီဂျဘ်ဝတ်ထားတဲ့ အမျိုးသမီးတွေဟာ အကြမ်းဖက်သမားတွေဖြစ်နိုင်တယ်ဆိုတဲ့ အမြင်မှားတွေကို ဖယ်ရှားဖို့ လိုအပ်နေတယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
    “အကြမ်းဖက်ဝါဒကို တိုက်ဖျက်ဖို့ဆိုရင်တော့ ကျွန်မတို့ကိုယ်တိုင်နဲ့ ကျွန်မတို့ ပတ်ဝန်းကျင်ကို အသိပညာပေးဖို့ပါပဲ။ စစ်မှန်တဲ့မွတ်စလင်ဟာ ဘယ်လိုလူမျိုးလဲဆိုတာ၊ ကျွန်မရဲ့ ဦးခေါင်းကို ဖုံးထားတာဟာ ဦးနှောက်ကို ဖုံးထားတာ မဟုတ်ဘူးဆိုတာ သိဖို့ပါပဲ”
    အစ္စလာမ့်ရဲ့ ယုံကြည်ချက်နဲ့ သင်ကြားမှုတွေကို မီဒီယာတွေက ပုံဖျက်ဖော်ပြနေတာတွေနဲ့ ပတ်သက်လို့လည်း သူမက ထည့်သွင်း ပြောကြားခဲ့ကာ ဂျီဟတ်ဆိုတာ မကောင်းမှုဒုစရိုက်တွေကနေ ကျဉ်ရှောင်ဖို့ ရုန်းကန်ခြင်းကိုသာ ဆိုလိုပြီး၊ မွတ်စလင်မဟုတ်သူတွေအပေါ် ပြုလုပ်တဲ့ ဘာသာရေးစစ်ပွဲမျိုး မဟုတ်ဘူးလို့လည်း ဆိုင်ရီက်ဘာဆန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
    အဲဒီအလုပ်ရုံဆွေးနွေးမှာ အစ္စလာမ်က အမျိုးသမီးတွေကို ဖိနှိပ်တယ်ဆိုတဲ့ ဒဏ္ဍာရီယုံတမ်းစကားတွေအကြောင်း အပါအ၀င် မွတ်စလင်တွေနဲ့ပတ်သက်တဲ့ ယိုးစွပ်ပြောဆိုမှုတွေကိုလည်း ဖြေရှင်းခဲ့ကြပါတယ်။
    Ref: ABC
  • အင်ဒိုတွင် ငလျင်ကြောင့် ဆူနာမီသတိပေးချက် ထုတ်ပြန်ထား
    အင်ဒိုတွင် ငလျင်ကြောင့် ဆူနာမီသတိပေးချက် ထုတ်ပြန်ထား
    မတ် ၂၊ ၂၀၁၆
    M-Media
    indo
    – အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်း အနောက်ပိုင်း ကမ်းရိုးတမ်းတွင် အင်အား ၇.၉ မဂ္ဂနီကျုရှိ ငလျင်တစ်ခု ယနေ့တွင် လှုပ်ခတ်သွားသောကြောင့် ဆူနာမီသတိပေးချက် ထုတ်ပြန်ထားသည်ဟု သိရသည်။
    မြေပြင်အောက် ၁၀ ကီလိုမီတာအနက်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး အနောက်ဆူမားတြား၊ မြောက်ဆူမားတြားနှင့် အာချေးပြည်နယ်တို့တွင် ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်းဖြစ်သည်။ လတ်တလောတွင် ထိခိုက်ဒဏ်ရာရမှု သတင်းများ မရရှိသေးသော်လည်း ပျက်ဆီးဆုံးရှုံးမှုများ ဖြစ်နိုင်သည့် အလားအလာ ရှိနေသည်။
    ငလျင်ကြောင့် အင်ဒိုပြည်သူများမှာ ကုန်းမြင့်ပိုင်းသို့ ထွက်ပြေးခဲ့ကြသည်။ ၂၀၀၄ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံတွင် အိန္ဒိယသမုဒ္ဒရာမှ ဆူနာမီလှိုင်းလုံးများ ဆိုးဆိုးဝါးဝါးရိုက်ခတ်မှုကို ခံစားခဲ့ရသည်။ အဆိုပါ ဆူနာမီအတွင်း နိုင်ငံပေါင်း တစ်ဒါဇင်ခန့်မှ လူပေါင်း ၂ သိန်း ၃ သောင်းခန့် သေဆုံးခဲ့ပြီး အများစုမှာ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်မှဖြစ်သည်။
    Ref: Aljazeera