News @ M-Media

Blog

  • အင်ဒိုနီးရှားတွင် ငလျင်ကြီးလှုပ်၊ ဆူနာမီဖြစ်နိုင်ကြောင်း သတိပေးထား

    အင်ဒိုနီးရှားတွင် ငလျင်ကြီးလှုပ်၊ ဆူနာမီဖြစ်နိုင်ကြောင်း သတိပေးထား

    မတ်လ ၂ ၊ ၂၀၁၆

    12814556_574958685994517_1703055864716102306_n
    ဒေသစံတော်ချိန် ၆နာရီ ၄၉မိနစ် ၄၈ စက္ကန့် (မြန်မာစံတော်ချိန် ၇နာရီ ၁၉မိနစ် ၄၈စက္ကန့်)က အင်ဒိုနီးရှား အနောက်ဖက်၊ ဆူမတြားကမ်းလွန်မှ ပမာဏ ၇.၉ ငလျင်ကြီး လှုပ်ခတ်ပြီးနောက် ဆူနာမီ ဖြစ်နိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။ အကယ်၍ ဆူနာမီလှိုင်းများ ထွက်ခဲ့လျှင် မြန်မာကမ်းရိုးတမ်းများသို့ နောက်ထပ် ၅နာရီမှ ၈နာရီအကြား ရောက်ရှိလာနိုင်ပါတယ်။ တနင်္သာရီ၊ ဧရာဝတီနှင့် ရခိုင် ကမ်းရိုးတမ်းရှိ လှေများ၊ ကမ်း ခြေနေထိုင်သူများ သတိရှိကြပါ။

    Myanmar Earthquake Committee

  • မြန်မာနိုင်ငံရှိ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများနှင့် မွတ်စလင်လူနည်းစုများ၏ ဒုက္ခများကို မျက်ကွယ်ပြု၍ မရဟု ကုလပြော

    မြန်မာနိုင်ငံရှိ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများနှင့် မွတ်စလင်လူနည်းစုများ၏ ဒုက္ခများကို မျက်ကွယ်ပြု၍ မရဟု ကုလပြော

    မတ် ၂၊ ၂၀၁၆
    M-Media

    ohchr

    – မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူများနှင့် မွတ်စလင်လူနည်းစုများ ကြုံတွေ့ခံစားနေရသည့် ဒုက္ခသုက္ခများအား မျက်ကွယ်ပြုမေ့လျော့ထား၍ မရဟု ကုသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးမှ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ညွှန်ကြားရေးမှူး ဂျွန် ဂင်းက ပြောကြားလိုက်သည်။

    ဖေဖော်ဝါရီ ၂၂ ရက်နေ့မှ ၂၅ နေ့အထိ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော ခရီးစဉ်နှင့်ပတ်သက်၍ မတ်လ ၁ ရက်နေ့တွင် နယူးယောက်မြို့၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    ထိုခရီးစဉ်အတွင်း ဂျွန် ဂင်းမှာ ၂၀၁၂ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် ရိုဟင်ဂျာနှင့် ကမန်မွတ်စလင်များကို ဦးတည်သော အကြမ်းဖက်တိုက်ခိုက်မှုအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသူများ နေထိုင်သည့် မြေပုံဒုက္ခသည်စခန်းကို သွားရောက်ခဲ့ပြီး ထိုစခန်းတွင် တဲများ ပြိုကျပျက်ဆီးမှု ပတ်ဝန်းကျင်သန့်ရှင်းရေး အခြေအနေများ အလွန်ဆိုးဝါးမှုအတွက် အံ့သြတုန်လှုပ်ရသည်ဟု ဆိုသည်။

    ထို့ပြင် မွတ်စလင်ဒုက္ခသည်စခန်းများတွင် နေထိုင်သူများမှာ လွတ်လပ်စွာ သွားလာခွင့်ကို ကန့်သတ်ခံထားရကြောင်း၊ ဆေးရုံသို့သွားရောက် ဆေးကုသမှုလည်း ပိတ်ပင်ခံထားရကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “ဒီလို ဆိုးရွားတဲ့အခြေအနေမျိုးမှာ ကလေးသူငယ်များစွာကို တွေ့ရတာဟာ တော်တော်လေး စိတ်ထိခိုက်စရာဖြစ်ပါတယ်”

    ရိုဟင်ဂျာမိခင်တစ်ဦးကမူ မြေပုံမြို့ရှိ မြို့နယ်ဆေးရုံက ၎င်းအား မွတ်စလင်ဖြစ်နေသည့်အတွက် ဆေးကုသခွင့် မပေးခဲ့သောကြောင့် ၎င်း၏ တစ်လအရွယ် ကလေးငယ် သေဆုံးခဲ့ရသည်ဟု ဖွင့်ဟခဲ့ကြောင်း ညွှန်ကြားရေးမှူးက ထပ်လောင်းပြောကြားခဲ့သည်။

    “ခွဲခြားဆက်ဆံမှုတွေနဲ့ အခွင့်အရေးတွေကို ကန့်သတ်ပိတ်ပင်တာ၊ လူမဆန်တဲ့ မူဝါဒတွေဟာ ဆုံးရှုံးမှု၊ ကျဆုံးမှုကိုသာ ဖြစ်စေမှာဖြစ်ပြီး၊ အဲဒီလိုပြုလုပ်တဲ့အခါတိုင်းမှာ ကျရှုံးမှုနဲ့သာ ရင်ဆိုင်ခဲ့ရတာကို သမိုင်က သင်ခန်းစာ ပေးနေပါတယ်”

    အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူများတွက် ရခိုင်ပြည်နယ်အစိုးရ၏ ဆောင်ရွက်မှုများတွင် တိုးတက်မှုများ ရှိနေခြင်းကို ဂျွန် ဂင်းက အသိအမှတ်ပြုခဲ့သော်လည်း ခွဲခြားဆက်ဆံသော မူဝါဒများအား အဆုံးသတ်ရန်လည်း မေတ္တာရပ်ခံခဲ့သည်။

    ကုသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမျူးရုံးမှ ညွှန်ကြားရေးမှူး ဂျွန် ဂင်းမှာ ၎င်း၏ ခရီးစဉ်အတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဆက်လက်ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူများကိုလည်း သွားရောက် ကြည့်ရှုခဲ့သည်။

    မြန်မာနိုင်ငံတွင် ပဋိပက္ခကြောင့် ပြည်သူများ အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရမှုများ၊ ဘေးဒုက္ခ ခံစားနေရမှုများအတွက် ၀မ်းနည်းကြောင်း၊ ကချင်ပြည်သူများက ဒေသအတွင်း မြေမြှုပ်မိုင်းများ များပြားလာမှုအတွက် စိုးရိမ်မှုများရှိနေသည်ကို ကြားသိခဲ့ရကြောင်း ဂျွန် ဂင်းက ပြောကြားခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများ၊ အထူးသဖြင့် ပြည်တွင်းမှ အစိုးရမဟုတ်သော အဖွဲ့များ၏ စွမ်းဆောင်ချက်များကို ချီးကျူးပြောဆိုခဲ့သည်။

    Ref: UN

  • Rove Beetle ပိုးကောင်တို့၏ အရည် ရူပဗေဒ ဗဟုသုတ

    Rove Beetle ပိုးကောင်တို့၏ အရည် ရူပဗေဒ ဗဟုသုတ

    မတ် ၂ ၊ ၂၀၁၆
    M-Media
    အေးထွန်း ရှာဖွေတင်ဆက်သည်။
    Rove Beetle
    အရည်မော်လီကျူးတွေဟာ အချင်းချင်း တစ်ခုနဲ့ တစ်ခု ဆွဲကပ်ကြပါတယ်။

    ဒါကြောင့် အရည်တစ်ခုဖြစ်တဲ့ ရေမော်လီကျူးတွေဟာလဲ တစ်ခုနဲ့တစ်ခု ဆွဲကပ် (Cohesion) ကြပါတယ်။

    အလည် မှာရှိတဲ့ ရေမော်လီကျူးတွေဟာ အဖက်ဖက်က အားဟန်ချက်ညီညီ ဆွဲနေတာကို ခံရတဲ့ အတွက် မည်သည့် လားရာ (Direction) ကိုမှ မကပ်သွားပဲ တည်ငြိမ်နေပါတယ်။

    ဒါပေမဲ့ အပေါ်ဆုံး မျက်နှာပြင်က ရေမော်လီကျူးတွေအနေနဲ့ကတော့ သူတို့ရဲ့ အပေါ်ဘက်မှာ သူတို့ကို ဆွဲငင်မဲ့ရေမော်လီကျူးတွေ မရှိပါဘူး၊
    အောက်ဘက်က ရေမော်လီကျူးတွေကသာ သူတို့ကို ဆွဲငင်ပါတယ်။ ဆိုတော့ သူတို့ဟာ အောက်ဘက် ရေမော်လီကျူးတွေဆီသို့ ပိုမိုနီးကပ်လာပါတယ်။

    ဒီလို နီးကပ်သွားတဲ့အတွက် ရေမျက်နှာပြင်ဟာ ကျုံ့သွားပြီး တင်းမာခိုင်ခန့်မူ ရှိသွားပါတယ်။
    ဒါကို ရေရဲ့ မျက်နှာပြင် ဆွဲတင်းအား (Surface Tension) လို့ ခေါ်ပါတယ်။

    ဒီလို ရေရဲ့ မျက်နှာပြင်ဆွဲတင်းအားကြောင့် တစ်ချို့သော ရေထက် ပိုမိုသိပ်သည်းတဲ့ အရာဝတ္ထုတွေ ၊ သက်ရှိတွေဟာ ရေပေါ်မှာ မနစ်မြုပ်ပဲ ရပ်တည်နေနိုင်တာဖြစ်ပါတယ်။

    မတူညီသော အရည်တွေမှာ မတူညီသော မျက်နှာပြင်ဆွဲတင်းအား တန်ဖိုးတွေရှိပါတယ်။

    ဥပမာ ရေရဲ့ မျက်နှာပြင် ဆွဲတင်းအားဟာ ဆပ်ပြာရည်ရဲ့ မျက်နှာပြင် ဆွဲတင်းအားထက် ပိုမို အားကောင်း ပါတယ်။ ဒီလိုပါပဲ ပြဒါးရည်ရဲ့ မျက်နှာပြင် ဆွဲတင်းအားဟာ ရေရဲ့ မျက်နှာပြင် ဆွဲတင်းအားထက် ပိုမို အားကောင်း ပါတယ်။

    ဒါဆို တကယ်လို့များ မျက်နှာပြင် ဆွဲတင်းအားမတူညီသော အရည် ၂ခု ရောလိုက်ရင် ဘာများဖြစ်မလဲ၊

    ဒီလိုဆိုရင် ဆွဲတင်းအားမြင့်တဲ့ နေရာက အရည်တွေဟာ ဆွဲတင်းအားနည်းရာ အရည်နဲ့ ဝေးရာကို ပြေးသွားပါတယ်။  ဒါကို Marangoni Effect လို့ ခေါ်ပါတယ်။

    ဒီဖြစ်စဉ်ကို လေ့လာဆည်းပူး ဖြန့်ဝေခဲ့သူ အီတလီ ရူပဗေဒပညာရှင် Carlo Marangoni ကို ဂုဏ်ပြုပြီး ပေးထားတဲ့ အမည်ပါ။

    အခု ကျွန်တော်တို့ Rove Beetle (Stenus bipunctatus) ပိုးကောင်လေးတွေရဲ့ ရန်ရှောင်နည်းကို ကြည့်ရအောင်ပါ။

    ရေရဲ့ မျက်နှာပြင်ဆွဲတင်းအားကြောင့် Rove Beetle ပိုးကောင်တွေဟာ ရေပေါ်လမ်းလျှောက်နိုင်ပါတယ် ။ ပုံမှန်အားဖြင့် သူတို့ဟာ ရေပေါ်မှာ တစ်စက္ကန့်ကို ၂-၃ စင်တီမီတာ နှုန်းလေးနဲ့ ဖြေးဖြေးလေး လမ်းလျှောက် တာပါ။

    ဒါပေမဲ့ တကယ်လို့ သူတို့ဟာ ရန်သူရဲ့ အန္တရာယ် တစ်စုံတစ်ရာကို သင်္ကာမကင်းဖြစ် သတိထားမိလိုက်တာနဲ့ တစ်ပြိုက်နက် သူတို့ရဲ့ စအိုကနေ Stenusin လို့ ခေါ်တဲ့ ဓာတုဗေဒပစ္စည်းကို စွန့်ထုတ်လိုက်ပါတယ် ။

    ဒီ Stenusin ဆိုတဲ့ ဓာတုဗေဒပစ္စည်းဟာ ကျရောက်ရာနေရာက ရေရဲ့ မျက်နှာပြင်ဆွဲတင်းအားကို လျှော့ကျစေနိုင်တဲ့ အစွမ်းသတ္တိရှိနေပါတယ်။

    ဆိုတော့ ဒီပိုးကောင်တွေရဲ့ စအိုရှိရာ ခန္ဓာကိုယ်နောက်ဘက်က ရေဟာ မျက်နှာပြင်ဆွဲတင်းအား နည်းသွားပါပြီ၊ ခန္ဓာကိုယ်အရှေ့ဘက်က ရေရဲ့ မျက်နှာပြင်ဆွဲတင်းအားကတော့ နဂိုအတိုင်း အားကောင်းဆဲပါ။

    ဒီအခါမှာ မျက်နှာပြင်တင်းအား မတူညီသော အရည် ၂ခု ရောနေတဲ့ အခြေအနေဖြစ်သွားပြီ ဖြစ်တဲ့အတွက် Marangoni Effect ဟာ ဖြစ်တည်လာပါပြီ ။

    ( Insect edited by Wikipedians ,Produced by Pedia Press GmbH, Boppstrasse 64 , Mainz, Germany , Pg . 19)

    မျက်နှာပြင်တင်းအားများတဲ့ ရေတွေဟာ ပိုးကောင်ရဲ့ ခန္ဓာကိုယ်နောက်ဘက်က မျက်နှာပြင်တင်းအားနည်းတဲ့ ရေတွေထံမှ အဝေးကို ထွက်ပြေးကုန်ပါတယ်။ ထွက်ပြေးတဲ့ ရေနဲ့အတူ ပိုးကောင်လဲ ပါလာတာပေါ့။

    ဒီအမြန်နှုန်းဟာ တစ်စက္ကန့်ကို ၄၅-၇၀ စင်တီမီတာကြားရှိပါတယ်။ ပိုးကောင်အနေနဲ့ နဂိုရှိရာနေရာကနေ မြန်ဆန်တဲ့နှုန်းနဲ့ ထွက်ပြေးနိုင်ပြီပေါ့ ။

    ခန္ဓာကိုယ်အလျှား ၅မီလီမီတာတောင်မရှိတဲ့ Rove Beetle တွေအတွက် အလွန်ကို မြန်ဆန်တဲ့ ထွက်ပြေး နှုန်းဖြစ်ပါတယ်။ အရွယ်အစားအရ နှိုင်းယှဉ်ပြောရမယ် ဆိုရင် လူတစ်ယောက်ဟာ တစ်နာရီကို ၃၇၃-၅၅၉ မိုင်ကြား ပြေးသွားနိုင်တဲ့ ပုံစံပါ။

    (Extraordinary Animals: An Encyclopedia of Curious and Unusual Animals By Ross Piper ၊ Pg , 138)

    ဒီပိုးကောင်တွေဟာ Surface Tension ကို နားလည်နိုင်ပါသလား ???

    ဒီပိုးကောင်တွေဟာ Marangoni Effect ကို နားလည်နိုင်ပါသလား။ ???

    အန္တရာယ်ကြုံတွေ့စဉ်မှာ Marangoni Effect ဖြစ်တည်ပြီး အလျှင်အမြန်ထွက်ပြေးနိုင်စေရင် ခန္ဓာကိုယ် အနောက်ဘက်က ရေရဲ့ မျက်နှာပြင်ဆွဲတင်းအား (Surface Tension) ကို လျှော့ချပစ်ဖို့ သူတို့ရဲ့ စအိုကနေ Stenusin လို့ ခေါ်တဲ့ ဓာတုဗေဒပစ္စည်းကို စွန့်ပစ်ရမယ်လို့ သူတို့ဘယ်လိုသိနေပါသလဲ ။ ??? ဒါဟာ အန္ဓရာယ် ကြုံမှ ဘာလုပ်ရမလဲ စဉ်းစားရင်း သိနိုင်တဲ့ ကိစ္စမဟုတ်ပါဘူး။

    Stenusin ဓာတုဗေဒပစ္စည်းဟာ ရေမျက်နှာပြင် ဆွဲတင်းအားကို လျှော့ချပစ်နိုင်တယ် လို့ကော သူတို့ ကြိုတင်သိနိုင်ပါသလား။ ???

    ———————-

    **M-Media Knowledge ကဏ္ဍမှ အပတ်စဉ် ဗုဒ်ဓဟူးနေ့ တိုင်း တင်ဆက်ပါမည်။

  • အနားမယူခင် အာဂျင်တီးနားတွင် ကစားချင်သည်ဟု မက်ဆီဖွင့်ဟ

    အနားမယူခင် အာဂျင်တီးနားတွင် ကစားချင်သည်ဟု မက်ဆီဖွင့်ဟ

    မတ် ၂၊ ၂၀၁၆
    M-Media

    messi 1

    – ဘောလုံသမားဘ၀မှ အနားမယူခင် မိမိမှာ အာဂျင်တီးနားရှိ ကလပ်အသင်းတစ်ခုခုတွင် ကစားချင်သည်ဟု ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီက ပြောကြားလိုက်သည်။

    ၂၀၁၅ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ကို ရရှိခဲ့သည့် မက်ဆီက မိမိအနေဖြင့် ဘာစီလိုနာမှလွဲ၍
    အခြားသော အသင်းများတွင် မကစားဟု အကြိမ်ကြိမ်အခါခါ ပြောကြားထားသော်လည်း ၎င်းမွေးဖွားရာ အာဂျင်တီးနားတွင်ြ
    ပန်လည်ကစားရန် အစီအစဉ်ရှိနေသည်။

    “ဒါဟာ ကျွန်တော် ဆောင်ရွက်ချင်နေတဲ့ ကိစ္စတစ်ခုပါပဲ။ ဘယ်တော့လဲဆိုတာတော့ ကျွန်တော် မပြောတတ်သေးပါဘူး။ ဒါပေမယ့် ဒါဟာ ဖြစ်နိုင်ခြေပါ။ ရေတိုအတွက်ရော၊ ရည်ရှည်အတွက်ပါ ကျွန်တော် ရည်ရွယ်ချက်ပန်းတိုင်တွေ သတ်မှတ်ထားတာမျိုး မရှိပါဘူး။ ဒါပေမယ့် ခန္ဓာကိုယ်က လိုက်နိုင်သမျှကာလပတ်လုံး ကစားသွားမှာပါ။ အသင်းအတွက် ပေးဆပ်စရာတွေလည်း ရှိနေပါသေးတယ်။ အချိန်ကျပြီဆိုရင်တော့ ဆုံးဖြတ်ချက် ချသွားမှာပါ” ဟု မက်ဆီက ပြောကြားခဲ့သည်။

    ထိုပြင် အာဂျင်တီးနားလက်ရွေးစင်အသင်းဖြင့် ဆုဖလားများ မရရှိသေးသည့်အတွက် စိတ်ပျက်မိသည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “အာဂျင်တီးနားအသင်း ရှုံးတိုင်း ကျွန်တော် မကျေနိုင်မချမ်းနိုင် ဖြစ်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့နိုင်သင့်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ကမ္ဘာ့ဖလားနဲ့ ကိုပါအမေရိကတို့ကို ရရှိနိုင်လောက်အောင် ကျွန်တော်တို့ ကြိုးစားအားထုတ်ခဲ့ပါတယ်”

    Ref: Goal

  • ရိုးရာ သင်္ကြန်ဖျက်သိမ်းမည့် သတင်းထွက်ပေါ်ခြင်း ကိစ္စ ဘာသာရေး ပဋိပက္ခ ဖန်တီးခြင်းဖြစ်ကြောင်း ဦးကိုနီရှင်း

    ရိုးရာ သင်္ကြန်ဖျက်သိမ်းမည့် သတင်းထွက်ပေါ်ခြင်း ကိစ္စ ဘာသာရေး ပဋိပက္ခ ဖန်တီးခြင်းဖြစ်ကြောင်း ဦးကိုနီရှင်း

    About U Ko Ni
    မေစနိုး၊ တင့်ဇော်ထွန်း

    ရန်ကုန် မတ်-၁
    မတ် ၁ ရက်နေ့က လူမှုကွန်ရက်စာမျက်နှာ ဖေစ့်ဘုတ်ခ်တွင် ပျံ့နှံ့ခဲ့သည့် မြန်မာ့ရိုးရာ သင်္ကြန်ကို ၂၀၁၇ ခုနှစ်၌ စတင်ဖျက်သိမ်းမည်ဟု ရှေ့နေဦးကိုနီက ပြောဆိုခဲ့ကြောင်း ဒီမိုကရက်တစ်ဗမာ့အသံ လိုဂိုအသုံးပြုထားသည့် အကောင့်တခုတွင် ဖော်ပြထားမှုနှင့် ပတ်သတ်၍ ၄င်းအနေဖြင့် လုံးဝ မပြောဆိုခဲ့ကြောင်းနှင့် ဘာသာရေး ပဋိပက္ခ ဖန်တီးလိုခြင်း သက်သက်သာ ဖြစ်ကြောင်း တရားလွှတ်တော် ရှေ့နေဥိးကိုနီက ယင်းကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းပြောဆိုခဲ့သည်။

    ပျံနှံ
    —-
    ၂၀၁၇ ခုနှစ် သင်္ကြန်ကို စတင်ဖျက်သိမ်းတော့မည် ဖြစ်ပြီး စည်းကမ်းမရှိသည့် မြန်မာ့စ၇ိုက်များကို အစိုးရသစ်လက်ထက်တွင် စတင်ပြုပြင်သွားတော့မည်ဖြစ်ကြောင်း ရှေ့နေဦးကိုနီက ဒီမိုကရက်တစ် ဗမာ့အသံ သတင်းဌာနသို့ ပြောကြားကြောင်း ဒီဗွီဘီ ရုပ်သံလိုဂို အသုံးပြုထားသည့် ဖေစ့်ဘုတ်ခ် အကောင့်တခု၌ ဖော်ပြခဲ့ပြီး ယင်းကဲ့သို့ ပြောဆိုမှုများမှာ အွန်လိုင်းမီဒီယာများတွင် ပျံနှံနေမှုကြောင့် (DVB) မှ ဗျူရို အကြီးအကဲဖြစ်သူ ဦးတိုးဇော်လတ်နှင့် ဥိးကိုနီတို့ တွေ့ဆုံမေးမြန်းခြင်း ပြုလုပ်ပြီး ယခုကဲ့သို့ ပြန်လည်ရှင်းလင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

    စော်ကား
    ————–
    ပုဂ္ဂိုလ်ရေးအရ စော်ကားတာတွေကို ကျွန်တော် နားလည်ပေးနိုင်ပါတယ်။ အခုဟာက ပုဂ္ဂိုလ်ရေးဆိုတဲ့ အဆင့်ထက် ကျော်သွားပြိး ဘာသာရေး ပဋိပက္ခဖြစ်အောင် တမင်လုပ်နေကြတဲ့အခါကျတော့ အင်မတန် အရုပ်ဆိုးအကျည်းတန်ပါတယ်။ ဒါကို မယုံကြဖို့

    မေတ္တာရပ်ခံချင်ပါတယ်။ တိုက်တွန်းချင်ပါတယ်” ဟု ဦးကိုနီက ပြောဆိုသည်။

    အဆိုပါ ဖေ့စ်ဘွတ်ခ်အကောင့်တွင် ရှေ့နေ ဦးကိုနီက သင်္ကြန်သည့် အရက်သမားများအတွက် အကြောင်းပြခြင်း သက်သက်ဖြစ်သည့်အတွက် ရုံးပိတ်ရန်လည်း မလိုအပ်ကြောင်း၊ ယင်းစရိုက်များ ကို လာမည့်အစိုးရသစ် လက်ထက်တွင် ပြန်လည် ပြုပြင် သွားမည်ဟာ ဒီဗွီဘီသို့ ပြောဆိုခဲ့ကြောင်း ဖော်ပြထားခဲ့ခြင်းဖြစ်သည်။

    ” ကျွန်တော်တို့ အနေနဲ့ ဆာဗာ ထိန်းသိမ်းတဲ့ ဌာနကိုတော့ အသိပေးစာ ပို့ထားပါတယ်။ ကျွန်တော်တို့ကို ဦးတည်ပြီး တော့ ဆိုင်ဘာတိုက်ခိုက်မှုရှိခဲ့တယ် ဆိုတာကို သတိထားဖို့ပေါ့၊ အခုရက်ပိုင်းလေးမှာ ပိုပြီး စိပ်လာတယ်။ ဆွီဒင်က အဖွဲ့တစ်ဖွဲ့ ရဲ့ စစ်တမ်းမှာ တော့ ဒီလို ဖြစ်တဲ့ IP Address တွေမှာ တပ်မတော့လို အဖွဲ့ အစည်းတွေပါ ပါဝင်နေတယ်ဆိုတာမျိုးကို စစ်တမ်းတရားဝင်ထုတ်ထားတာ ရှိတယ်။ ခုလို နိုင်ငံေ၇းအရ ထိလွယ်ရှလွယ် အကဲဆန်နေတဲ့ အချိန်မှာ ပိုပြီးတော့ သတိထားရတာပေါ့။ မီဒီယာကို ဆိုင်ဘာတိုက်ခိုက်တယ်ဆိုတာက ပြည်သူတွေရဲ့ သိပိုင်ခွင့်တွေကို တိုက်ခိုက်တာပဲပေါ့။ ဦးကိုနီကို မူတည်ပြိး ဒီဗွီဘီကို တိုက်လို့ ကျွန်တော်တို့ ပြန်ဖြေရှင်းပေးရတဲ့အခါမှာ အကောင်းဆုံးအနေနဲ့ အင်တာဗျူးလုပ်ခဲ့တာပါ။

    နည်းနည်းလေး ရှုပ်ထွေးနေတဲ့အချိန် မှာ ဒါမျိုးတိုက်ခိုက်မှုတွေက တိုင်းပြည်အတွက် လည်း မကောင်းပါဘူး။ ဆိုရှယ်မီဒီယာ တို့ ဒီဂျစ်တယ်မီဒီယာတို့ဆိုတာ အများပိုင်တဲ့ နေရာတွေပါ။ အများပိုင်နေရာကနေပြီးတော့ Privacy ကို တိုက်ခိုက်နေတာတွေကို လက်ခံနိုင်စရာ

    အကြောင်းမရှိပါဘူး။ လွတ်လပ်စွာ ဖော်ပြခွင့် အတွက်လည်း အကျိုးမရှိလို့ ကျွန်တော်တို့ သေသေချာချာ လိုက်စုံစမ်းနေပါတယ်” ဟု ဒီမိုကရက်တစ်ဗမာအသံ (DVB) မှာ ဗျူရို အကြီးအကဲ ဖြစ်သူ ဦးတိုးဇော်လတ်က ပြောဆိုခဲ့သည်။

    တိုင်ကြားခဲ့ဖူး
    ————-
    ဒီမိုကရက်တစ်ဗမာအသံ (DVB)  အနေဖြင့် ယခင်ကလည်း ယခုကဲ့သို့ ဆိုင်ဘာတိုက်ခိုက်ခံခဲ့ရမပြီး နိုင်ငံတကာ ရဲအဖွဲ့(Interpol) သို့ တိုင်ကြားခဲ့ဖူးကြောင်းသိရသည်။

    မတ်လ ၂ ရက်နေ့ထုတ်  မြန်မာသံတော်ဆင့်မှ ကူးယူဖော်ပြပါသည်။

    ဓါတ်ပုံ- ယခင်အမျိုးသားလွှတ်တော်အမတ်ဟောင်း ဦးလှဆွေ FB စာမျက်နှာတွင် တင်ထားသည့် သတင်းအမှားဓါတ်ပုံ
    https://www.facebook.com/552324938257171/photos/a.553880284768303.1073741829.552324938257171/580418305447834/?type=3&theater