News @ M-Media

Blog

  • သြဇီမွတ်စလင်များ၏ အစ္စလာမ့်အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲ အမြင်မှားမှုများကို ဖယ်ရှားနိုင်

    သြဇီမွတ်စလင်များ၏ အစ္စလာမ့်အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲ အမြင်မှားမှုများကို ဖယ်ရှားနိုင်

    မတ် ၂၊ ၂၀၁၆
    M-Media

    Ausie

    – အစ္စလာမ့်ရေးရာ သင်ကြားမှုတွေကို သိရှိဖို့နဲ့ အစ္စလာမ်အပေါ် အထင်မှားအမြင်မှား ဖြစ်မှုတွေကို ပပျောက်စေဖို့အတွက် သြစတေးလျ မွတ်စလင်တွေက အစ္စလာမ့်အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

    နိုင်ငံအတွင်း ဒုတိယ လူဦးရေအထူထပ်ဆုံးမြို့ဖြစ်တဲ့ ကွင်စလန်းပြည်နယ် ဘွန်ဒါဘာ့ဂ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အစ္စလာမ်ဘာသာဝင်မဟုတ်သူ အမြောက်အများ တက်ရောက်ခဲ့ကြပါတယ်။

    ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး ဟောပြောပို့ချမှု ပြုလုပ်ခဲ့တဲ့ အစ္စလာမ့် ဓမ္မပညာရှင် အမျိုးသမီး ဟိုင်ဒီ ဆိုင်ရီက်ဘာဆန်က ဒီအလုပ်ရုံဆွေးနွေးပွဲ ရည်ရွယ်ချက်ဟာ တကယ့် စစ်မှန်တဲ့အစ္စလာမ်ဆိုတာ ဘာလဲဆိုတာကို ပြသဖို့နဲ့ ယူဆချက်အမှားတွေ၊ အမြင်မရှင်းတာတွေကို ဖယ်ရှားဖို့ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “IS လုပ်နေတာတွေက ကျွန်မနဲ့ မွတ်စလင်လူထုကြီးကို ကိုယ်စားမပြုပါဘူး” လို့ သူက ဆိုပါတယ်။

    ဆွေးနွေးတင်ပြခဲ့ကြတဲ့ ခေါင်းစဉ်တွေထဲမှာ ကုရ်အာန်၊ စွန်နာ (တမန်တော် မုဟမ္မဒ်သခင်၏ ဓလေ့နှင့် သြ၀ါဒတော်)၊ ရှရီအာဥပဒေ၊ အစ္စလာမ်ကပြောသည့် အမျိုးသမီးများ အခန်းကဏ္ဍ၊ ဂျီဟတ်နဲ့ အကြမ်းဖက်ဝါဒအကြောင်းတွေလည်း ပါဝင်ပါတယ်။

    ဆိုင်ရီက်ဘာဆန်က အကြမ်းဖက်ဝါဒပြဿနာဟာ လက်ရှိမှာ ထပ်တလဲလဲ ဖြေရှင်းနေရတဲ့ ပြဿနာဖြစ်နေပြီး အရှေ့ အလယ်ပိုင်းကလူတွေ၊ ဟီဂျဘ်ဝတ်ထားတဲ့ အမျိုးသမီးတွေဟာ အကြမ်းဖက်သမားတွေဖြစ်နိုင်တယ်ဆိုတဲ့ အမြင်မှားတွေကို ဖယ်ရှားဖို့ လိုအပ်နေတယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “အကြမ်းဖက်ဝါဒကို တိုက်ဖျက်ဖို့ဆိုရင်တော့ ကျွန်မတို့ကိုယ်တိုင်နဲ့ ကျွန်မတို့ ပတ်ဝန်းကျင်ကို အသိပညာပေးဖို့ပါပဲ။ စစ်မှန်တဲ့မွတ်စလင်ဟာ ဘယ်လိုလူမျိုးလဲဆိုတာ၊ ကျွန်မရဲ့ ဦးခေါင်းကို ဖုံးထားတာဟာ ဦးနှောက်ကို ဖုံးထားတာ မဟုတ်ဘူးဆိုတာ သိဖို့ပါပဲ”

    အစ္စလာမ့်ရဲ့ ယုံကြည်ချက်နဲ့ သင်ကြားမှုတွေကို မီဒီယာတွေက ပုံဖျက်ဖော်ပြနေတာတွေနဲ့ ပတ်သက်လို့လည်း သူမက ထည့်သွင်း ပြောကြားခဲ့ကာ ဂျီဟတ်ဆိုတာ မကောင်းမှုဒုစရိုက်တွေကနေ ကျဉ်ရှောင်ဖို့ ရုန်းကန်ခြင်းကိုသာ ဆိုလိုပြီး၊ မွတ်စလင်မဟုတ်သူတွေအပေါ် ပြုလုပ်တဲ့ ဘာသာရေးစစ်ပွဲမျိုး မဟုတ်ဘူးလို့လည်း ဆိုင်ရီက်ဘာဆန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အဲဒီအလုပ်ရုံဆွေးနွေးမှာ အစ္စလာမ်က အမျိုးသမီးတွေကို ဖိနှိပ်တယ်ဆိုတဲ့ ဒဏ္ဍာရီယုံတမ်းစကားတွေအကြောင်း အပါအ၀င် မွတ်စလင်တွေနဲ့ပတ်သက်တဲ့ ယိုးစွပ်ပြောဆိုမှုတွေကိုလည်း ဖြေရှင်းခဲ့ကြပါတယ်။

    Ref: ABC

  • အင်ဒိုတွင် ငလျင်ကြောင့် ဆူနာမီသတိပေးချက် ထုတ်ပြန်ထား

    အင်ဒိုတွင် ငလျင်ကြောင့် ဆူနာမီသတိပေးချက် ထုတ်ပြန်ထား

    မတ် ၂၊ ၂၀၁၆
    M-Media

    indo

    – အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်း အနောက်ပိုင်း ကမ်းရိုးတမ်းတွင် အင်အား ၇.၉ မဂ္ဂနီကျုရှိ ငလျင်တစ်ခု ယနေ့တွင် လှုပ်ခတ်သွားသောကြောင့် ဆူနာမီသတိပေးချက် ထုတ်ပြန်ထားသည်ဟု သိရသည်။

    မြေပြင်အောက် ၁၀ ကီလိုမီတာအနက်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး အနောက်ဆူမားတြား၊ မြောက်ဆူမားတြားနှင့် အာချေးပြည်နယ်တို့တွင် ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်းဖြစ်သည်။ လတ်တလောတွင် ထိခိုက်ဒဏ်ရာရမှု သတင်းများ မရရှိသေးသော်လည်း ပျက်ဆီးဆုံးရှုံးမှုများ ဖြစ်နိုင်သည့် အလားအလာ ရှိနေသည်။

    ငလျင်ကြောင့် အင်ဒိုပြည်သူများမှာ ကုန်းမြင့်ပိုင်းသို့ ထွက်ပြေးခဲ့ကြသည်။ ၂၀၀၄ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံတွင် အိန္ဒိယသမုဒ္ဒရာမှ ဆူနာမီလှိုင်းလုံးများ ဆိုးဆိုးဝါးဝါးရိုက်ခတ်မှုကို ခံစားခဲ့ရသည်။ အဆိုပါ ဆူနာမီအတွင်း နိုင်ငံပေါင်း တစ်ဒါဇင်ခန့်မှ လူပေါင်း ၂ သိန်း ၃ သောင်းခန့် သေဆုံးခဲ့ပြီး အများစုမှာ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်မှဖြစ်သည်။

    Ref: Aljazeera

  • အင်ဒိုနီးရှားတွင် ငလျင်ကြီးလှုပ်၊ ဆူနာမီဖြစ်နိုင်ကြောင်း သတိပေးထား

    အင်ဒိုနီးရှားတွင် ငလျင်ကြီးလှုပ်၊ ဆူနာမီဖြစ်နိုင်ကြောင်း သတိပေးထား

    မတ်လ ၂ ၊ ၂၀၁၆

    12814556_574958685994517_1703055864716102306_n
    ဒေသစံတော်ချိန် ၆နာရီ ၄၉မိနစ် ၄၈ စက္ကန့် (မြန်မာစံတော်ချိန် ၇နာရီ ၁၉မိနစ် ၄၈စက္ကန့်)က အင်ဒိုနီးရှား အနောက်ဖက်၊ ဆူမတြားကမ်းလွန်မှ ပမာဏ ၇.၉ ငလျင်ကြီး လှုပ်ခတ်ပြီးနောက် ဆူနာမီ ဖြစ်နိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။ အကယ်၍ ဆူနာမီလှိုင်းများ ထွက်ခဲ့လျှင် မြန်မာကမ်းရိုးတမ်းများသို့ နောက်ထပ် ၅နာရီမှ ၈နာရီအကြား ရောက်ရှိလာနိုင်ပါတယ်။ တနင်္သာရီ၊ ဧရာဝတီနှင့် ရခိုင် ကမ်းရိုးတမ်းရှိ လှေများ၊ ကမ်း ခြေနေထိုင်သူများ သတိရှိကြပါ။

    Myanmar Earthquake Committee

  • မြန်မာနိုင်ငံရှိ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများနှင့် မွတ်စလင်လူနည်းစုများ၏ ဒုက္ခများကို မျက်ကွယ်ပြု၍ မရဟု ကုလပြော

    မြန်မာနိုင်ငံရှိ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများနှင့် မွတ်စလင်လူနည်းစုများ၏ ဒုက္ခများကို မျက်ကွယ်ပြု၍ မရဟု ကုလပြော

    မတ် ၂၊ ၂၀၁၆
    M-Media

    ohchr

    – မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူများနှင့် မွတ်စလင်လူနည်းစုများ ကြုံတွေ့ခံစားနေရသည့် ဒုက္ခသုက္ခများအား မျက်ကွယ်ပြုမေ့လျော့ထား၍ မရဟု ကုသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးမှ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ညွှန်ကြားရေးမှူး ဂျွန် ဂင်းက ပြောကြားလိုက်သည်။

    ဖေဖော်ဝါရီ ၂၂ ရက်နေ့မှ ၂၅ နေ့အထိ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော ခရီးစဉ်နှင့်ပတ်သက်၍ မတ်လ ၁ ရက်နေ့တွင် နယူးယောက်မြို့၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    ထိုခရီးစဉ်အတွင်း ဂျွန် ဂင်းမှာ ၂၀၁၂ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် ရိုဟင်ဂျာနှင့် ကမန်မွတ်စလင်များကို ဦးတည်သော အကြမ်းဖက်တိုက်ခိုက်မှုအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသူများ နေထိုင်သည့် မြေပုံဒုက္ခသည်စခန်းကို သွားရောက်ခဲ့ပြီး ထိုစခန်းတွင် တဲများ ပြိုကျပျက်ဆီးမှု ပတ်ဝန်းကျင်သန့်ရှင်းရေး အခြေအနေများ အလွန်ဆိုးဝါးမှုအတွက် အံ့သြတုန်လှုပ်ရသည်ဟု ဆိုသည်။

    ထို့ပြင် မွတ်စလင်ဒုက္ခသည်စခန်းများတွင် နေထိုင်သူများမှာ လွတ်လပ်စွာ သွားလာခွင့်ကို ကန့်သတ်ခံထားရကြောင်း၊ ဆေးရုံသို့သွားရောက် ဆေးကုသမှုလည်း ပိတ်ပင်ခံထားရကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “ဒီလို ဆိုးရွားတဲ့အခြေအနေမျိုးမှာ ကလေးသူငယ်များစွာကို တွေ့ရတာဟာ တော်တော်လေး စိတ်ထိခိုက်စရာဖြစ်ပါတယ်”

    ရိုဟင်ဂျာမိခင်တစ်ဦးကမူ မြေပုံမြို့ရှိ မြို့နယ်ဆေးရုံက ၎င်းအား မွတ်စလင်ဖြစ်နေသည့်အတွက် ဆေးကုသခွင့် မပေးခဲ့သောကြောင့် ၎င်း၏ တစ်လအရွယ် ကလေးငယ် သေဆုံးခဲ့ရသည်ဟု ဖွင့်ဟခဲ့ကြောင်း ညွှန်ကြားရေးမှူးက ထပ်လောင်းပြောကြားခဲ့သည်။

    “ခွဲခြားဆက်ဆံမှုတွေနဲ့ အခွင့်အရေးတွေကို ကန့်သတ်ပိတ်ပင်တာ၊ လူမဆန်တဲ့ မူဝါဒတွေဟာ ဆုံးရှုံးမှု၊ ကျဆုံးမှုကိုသာ ဖြစ်စေမှာဖြစ်ပြီး၊ အဲဒီလိုပြုလုပ်တဲ့အခါတိုင်းမှာ ကျရှုံးမှုနဲ့သာ ရင်ဆိုင်ခဲ့ရတာကို သမိုင်က သင်ခန်းစာ ပေးနေပါတယ်”

    အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူများတွက် ရခိုင်ပြည်နယ်အစိုးရ၏ ဆောင်ရွက်မှုများတွင် တိုးတက်မှုများ ရှိနေခြင်းကို ဂျွန် ဂင်းက အသိအမှတ်ပြုခဲ့သော်လည်း ခွဲခြားဆက်ဆံသော မူဝါဒများအား အဆုံးသတ်ရန်လည်း မေတ္တာရပ်ခံခဲ့သည်။

    ကုသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမျူးရုံးမှ ညွှန်ကြားရေးမှူး ဂျွန် ဂင်းမှာ ၎င်း၏ ခရီးစဉ်အတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဆက်လက်ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူများကိုလည်း သွားရောက် ကြည့်ရှုခဲ့သည်။

    မြန်မာနိုင်ငံတွင် ပဋိပက္ခကြောင့် ပြည်သူများ အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရမှုများ၊ ဘေးဒုက္ခ ခံစားနေရမှုများအတွက် ၀မ်းနည်းကြောင်း၊ ကချင်ပြည်သူများက ဒေသအတွင်း မြေမြှုပ်မိုင်းများ များပြားလာမှုအတွက် စိုးရိမ်မှုများရှိနေသည်ကို ကြားသိခဲ့ရကြောင်း ဂျွန် ဂင်းက ပြောကြားခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများ၊ အထူးသဖြင့် ပြည်တွင်းမှ အစိုးရမဟုတ်သော အဖွဲ့များ၏ စွမ်းဆောင်ချက်များကို ချီးကျူးပြောဆိုခဲ့သည်။

    Ref: UN

  • Rove Beetle ပိုးကောင်တို့၏ အရည် ရူပဗေဒ ဗဟုသုတ

    Rove Beetle ပိုးကောင်တို့၏ အရည် ရူပဗေဒ ဗဟုသုတ

    မတ် ၂ ၊ ၂၀၁၆
    M-Media
    အေးထွန်း ရှာဖွေတင်ဆက်သည်။
    Rove Beetle
    အရည်မော်လီကျူးတွေဟာ အချင်းချင်း တစ်ခုနဲ့ တစ်ခု ဆွဲကပ်ကြပါတယ်။

    ဒါကြောင့် အရည်တစ်ခုဖြစ်တဲ့ ရေမော်လီကျူးတွေဟာလဲ တစ်ခုနဲ့တစ်ခု ဆွဲကပ် (Cohesion) ကြပါတယ်။

    အလည် မှာရှိတဲ့ ရေမော်လီကျူးတွေဟာ အဖက်ဖက်က အားဟန်ချက်ညီညီ ဆွဲနေတာကို ခံရတဲ့ အတွက် မည်သည့် လားရာ (Direction) ကိုမှ မကပ်သွားပဲ တည်ငြိမ်နေပါတယ်။

    ဒါပေမဲ့ အပေါ်ဆုံး မျက်နှာပြင်က ရေမော်လီကျူးတွေအနေနဲ့ကတော့ သူတို့ရဲ့ အပေါ်ဘက်မှာ သူတို့ကို ဆွဲငင်မဲ့ရေမော်လီကျူးတွေ မရှိပါဘူး၊
    အောက်ဘက်က ရေမော်လီကျူးတွေကသာ သူတို့ကို ဆွဲငင်ပါတယ်။ ဆိုတော့ သူတို့ဟာ အောက်ဘက် ရေမော်လီကျူးတွေဆီသို့ ပိုမိုနီးကပ်လာပါတယ်။

    ဒီလို နီးကပ်သွားတဲ့အတွက် ရေမျက်နှာပြင်ဟာ ကျုံ့သွားပြီး တင်းမာခိုင်ခန့်မူ ရှိသွားပါတယ်။
    ဒါကို ရေရဲ့ မျက်နှာပြင် ဆွဲတင်းအား (Surface Tension) လို့ ခေါ်ပါတယ်။

    ဒီလို ရေရဲ့ မျက်နှာပြင်ဆွဲတင်းအားကြောင့် တစ်ချို့သော ရေထက် ပိုမိုသိပ်သည်းတဲ့ အရာဝတ္ထုတွေ ၊ သက်ရှိတွေဟာ ရေပေါ်မှာ မနစ်မြုပ်ပဲ ရပ်တည်နေနိုင်တာဖြစ်ပါတယ်။

    မတူညီသော အရည်တွေမှာ မတူညီသော မျက်နှာပြင်ဆွဲတင်းအား တန်ဖိုးတွေရှိပါတယ်။

    ဥပမာ ရေရဲ့ မျက်နှာပြင် ဆွဲတင်းအားဟာ ဆပ်ပြာရည်ရဲ့ မျက်နှာပြင် ဆွဲတင်းအားထက် ပိုမို အားကောင်း ပါတယ်။ ဒီလိုပါပဲ ပြဒါးရည်ရဲ့ မျက်နှာပြင် ဆွဲတင်းအားဟာ ရေရဲ့ မျက်နှာပြင် ဆွဲတင်းအားထက် ပိုမို အားကောင်း ပါတယ်။

    ဒါဆို တကယ်လို့များ မျက်နှာပြင် ဆွဲတင်းအားမတူညီသော အရည် ၂ခု ရောလိုက်ရင် ဘာများဖြစ်မလဲ၊

    ဒီလိုဆိုရင် ဆွဲတင်းအားမြင့်တဲ့ နေရာက အရည်တွေဟာ ဆွဲတင်းအားနည်းရာ အရည်နဲ့ ဝေးရာကို ပြေးသွားပါတယ်။  ဒါကို Marangoni Effect လို့ ခေါ်ပါတယ်။

    ဒီဖြစ်စဉ်ကို လေ့လာဆည်းပူး ဖြန့်ဝေခဲ့သူ အီတလီ ရူပဗေဒပညာရှင် Carlo Marangoni ကို ဂုဏ်ပြုပြီး ပေးထားတဲ့ အမည်ပါ။

    အခု ကျွန်တော်တို့ Rove Beetle (Stenus bipunctatus) ပိုးကောင်လေးတွေရဲ့ ရန်ရှောင်နည်းကို ကြည့်ရအောင်ပါ။

    ရေရဲ့ မျက်နှာပြင်ဆွဲတင်းအားကြောင့် Rove Beetle ပိုးကောင်တွေဟာ ရေပေါ်လမ်းလျှောက်နိုင်ပါတယ် ။ ပုံမှန်အားဖြင့် သူတို့ဟာ ရေပေါ်မှာ တစ်စက္ကန့်ကို ၂-၃ စင်တီမီတာ နှုန်းလေးနဲ့ ဖြေးဖြေးလေး လမ်းလျှောက် တာပါ။

    ဒါပေမဲ့ တကယ်လို့ သူတို့ဟာ ရန်သူရဲ့ အန္တရာယ် တစ်စုံတစ်ရာကို သင်္ကာမကင်းဖြစ် သတိထားမိလိုက်တာနဲ့ တစ်ပြိုက်နက် သူတို့ရဲ့ စအိုကနေ Stenusin လို့ ခေါ်တဲ့ ဓာတုဗေဒပစ္စည်းကို စွန့်ထုတ်လိုက်ပါတယ် ။

    ဒီ Stenusin ဆိုတဲ့ ဓာတုဗေဒပစ္စည်းဟာ ကျရောက်ရာနေရာက ရေရဲ့ မျက်နှာပြင်ဆွဲတင်းအားကို လျှော့ကျစေနိုင်တဲ့ အစွမ်းသတ္တိရှိနေပါတယ်။

    ဆိုတော့ ဒီပိုးကောင်တွေရဲ့ စအိုရှိရာ ခန္ဓာကိုယ်နောက်ဘက်က ရေဟာ မျက်နှာပြင်ဆွဲတင်းအား နည်းသွားပါပြီ၊ ခန္ဓာကိုယ်အရှေ့ဘက်က ရေရဲ့ မျက်နှာပြင်ဆွဲတင်းအားကတော့ နဂိုအတိုင်း အားကောင်းဆဲပါ။

    ဒီအခါမှာ မျက်နှာပြင်တင်းအား မတူညီသော အရည် ၂ခု ရောနေတဲ့ အခြေအနေဖြစ်သွားပြီ ဖြစ်တဲ့အတွက် Marangoni Effect ဟာ ဖြစ်တည်လာပါပြီ ။

    ( Insect edited by Wikipedians ,Produced by Pedia Press GmbH, Boppstrasse 64 , Mainz, Germany , Pg . 19)

    မျက်နှာပြင်တင်းအားများတဲ့ ရေတွေဟာ ပိုးကောင်ရဲ့ ခန္ဓာကိုယ်နောက်ဘက်က မျက်နှာပြင်တင်းအားနည်းတဲ့ ရေတွေထံမှ အဝေးကို ထွက်ပြေးကုန်ပါတယ်။ ထွက်ပြေးတဲ့ ရေနဲ့အတူ ပိုးကောင်လဲ ပါလာတာပေါ့။

    ဒီအမြန်နှုန်းဟာ တစ်စက္ကန့်ကို ၄၅-၇၀ စင်တီမီတာကြားရှိပါတယ်။ ပိုးကောင်အနေနဲ့ နဂိုရှိရာနေရာကနေ မြန်ဆန်တဲ့နှုန်းနဲ့ ထွက်ပြေးနိုင်ပြီပေါ့ ။

    ခန္ဓာကိုယ်အလျှား ၅မီလီမီတာတောင်မရှိတဲ့ Rove Beetle တွေအတွက် အလွန်ကို မြန်ဆန်တဲ့ ထွက်ပြေး နှုန်းဖြစ်ပါတယ်။ အရွယ်အစားအရ နှိုင်းယှဉ်ပြောရမယ် ဆိုရင် လူတစ်ယောက်ဟာ တစ်နာရီကို ၃၇၃-၅၅၉ မိုင်ကြား ပြေးသွားနိုင်တဲ့ ပုံစံပါ။

    (Extraordinary Animals: An Encyclopedia of Curious and Unusual Animals By Ross Piper ၊ Pg , 138)

    ဒီပိုးကောင်တွေဟာ Surface Tension ကို နားလည်နိုင်ပါသလား ???

    ဒီပိုးကောင်တွေဟာ Marangoni Effect ကို နားလည်နိုင်ပါသလား။ ???

    အန္တရာယ်ကြုံတွေ့စဉ်မှာ Marangoni Effect ဖြစ်တည်ပြီး အလျှင်အမြန်ထွက်ပြေးနိုင်စေရင် ခန္ဓာကိုယ် အနောက်ဘက်က ရေရဲ့ မျက်နှာပြင်ဆွဲတင်းအား (Surface Tension) ကို လျှော့ချပစ်ဖို့ သူတို့ရဲ့ စအိုကနေ Stenusin လို့ ခေါ်တဲ့ ဓာတုဗေဒပစ္စည်းကို စွန့်ပစ်ရမယ်လို့ သူတို့ဘယ်လိုသိနေပါသလဲ ။ ??? ဒါဟာ အန္ဓရာယ် ကြုံမှ ဘာလုပ်ရမလဲ စဉ်းစားရင်း သိနိုင်တဲ့ ကိစ္စမဟုတ်ပါဘူး။

    Stenusin ဓာတုဗေဒပစ္စည်းဟာ ရေမျက်နှာပြင် ဆွဲတင်းအားကို လျှော့ချပစ်နိုင်တယ် လို့ကော သူတို့ ကြိုတင်သိနိုင်ပါသလား။ ???

    ———————-

    **M-Media Knowledge ကဏ္ဍမှ အပတ်စဉ် ဗုဒ်ဓဟူးနေ့ တိုင်း တင်ဆက်ပါမည်။