News @ M-Media
Blog
  • ခေါင်းပုံဖြတ်ခံရသည့် မြန်မာလုပ်သားများကို ထိုင်း ပင်လယ်စာလုပ်ငန်းတစ်ခုက နစ်နာကြေးပေးမည်
    ခေါင်းပုံဖြတ်ခံရသည့် မြန်မာလုပ်သားများကို ထိုင်း ပင်လယ်စာလုပ်ငန်းတစ်ခုက နစ်နာကြေးပေးမည်
    မတ် ၂၊ ၂၀၁၆
    M-Media
    thai
    – မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများအပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုအတွက် နစ်နာကြေးအဖြစ် ကန်ဒေါ်လာ ၁.၃ သန်းပေးအပ်ရန် ထိုင်း ငါးလုပ်ငန်းတစ်ခုက သဘောတူလိုက်ပြီး ကျွန်ပြုခိုင်းစေမှုများရှိသည်ဟု မကောင်းသတင်းများ ထွက်ပေါ်ခဲ့သည့် ထိုင်းပင်လယ်စာလုပ်တွင် လုပ်ကိုင်နေရသော ရွှေ့ပြောင်းလုပ်သားများအတွက် ရှားပါးသည့် အောင်မြင်မှုဖြစ်သည်။
    လျော်ကြေပေးမည့် ကုမ္ပဏီမှာ Golden Prize Tuna Canning ဖြစ်ပြီး စမွတ် ဆက်ခ်ဟွန်ဒေသ၌ အခြေစိုက်သော အဆိုပါ ကုမ္ပဏီမှာ ကမ္ဘာတစ်ဝှမ်းသို့ ငါးများ တင်ပို့နေသည့် လုပ်ငန်းတစ်ခုလည်း ဖြစ်သည်။ အလုပ်သမားများ၏ လုပ်ငန်းခွင်အခြေအနေများအပေါ် အမြတ်ထုတ်မှုအတွက် နစ်နာကြေးရရှိရန် အလုပ်သမားအဖွဲ့အစည်းများက လအနည်းငယ် ကြိုးပမ်းခဲ့ရပြီး ရာနှင့်ချီသော မြန်မာလုပ်သားများမှာ ထိုနစ်နာကြေးကို ခံစားရမည်ဖြစ်သည်။
    လူ့အခွင့်အရေးအဖွဲ့များကမူ Golden Prize မှာ အလုပ်သမားများကို အစိုးရက သတ်မှထားသည့်လစာထက် လျှော့ပေးခြင်း၊ အလုပ်သမားခေါင်းများက အလုပ်သမားများအပေါ် ရိုင်းပျစွာ ဆက်ဆံခြင်းနှင့် လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရမှုများအတွက် နစ်နာကြေးပေးမှုမရှိခြင်း စသည့် ဥပဒေချိုးဖောက်မှုများကို အချိန်အတော်ကြာကတည်းက လုပ်ဆောင်နေသည့် ကုမ္ပဏီဖြစ်သည်ဟု ဆိုသည်။
    ထိုကဲ့သို့သော အခြေအနေများကြောင့် ပြီးခဲ့သည့်တစ်ပတ်က အလုပ်သမား ၁၀၀၀ ကျော်မှာ သပိတ်မှောက်မှုများ ပြုလုပ်ခဲ့ကာ ကုမ္ပဏီ ကိုယ်စားလှယ်များက စစ်ဖက်ဆိုင်ရာနှင့် အစိုးရတာဝန်ရှိသူများ၊ ရွှေ့ပြောင်းအလုပ်သမားခေါင်းဆောင်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး နစ်နာကြေးပေးရန် တနင်္လာနေ့တွင် သဘောတူခဲ့ခြင်းဖြစ်သည်။ ထိုစက်ရုံတွင် လုပ်ကိုင်နေသည့် လုပ်သားများမှာ ၂၀၀၀ ကျော်ရှိနေပြီး အများစုမှာ မြန်မာနိုင်ငံမှဖြစ်သည်။
    ထိုင်းနိုင်ငံမှာ ကမ္ဘာ့ တတိယအကြီးဆုံး ပင်လယ်စာတင်ပို့သည့် နိုင်ငံဖြစ်သော်လည်း ထိုလုပ်ငန်းတွင် အိမ်နီးချင်း မြန်မာနှင့် ကမ္ဘောဒီယားနိုင်ငံတို့မှ လုပ်သားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ကျွန်ပြုခိုင်းစေမှုများကြောင့် နာမည်ပျက်များရှိနေပြီး ထိုင်းအစိုးရနှင့် နိုင်ငံတကာမှ စုံစမ်စစ်ဆေးမှုများကို ခံနေရသည်။
    Ref: The Guardian
  • မိုက်ခရိုဆော့ဖ်က HoloLens မျက်မှန်များအတွက် ကြိုတင်အမှာစာများကို လက်ခံ
    မိုက်ခရိုဆော့ဖ်က HoloLens မျက်မှန်များအတွက် ကြိုတင်အမှာစာများကို လက်ခံ
    မတ် ၂၊ ၂၀၁၆
    M-Media
    micorsoft
    – မိုက်ခရိုဆော့ဖ်ရဲ့ အကောင်းဆုံးတီထွင်မှုတစ်ခုလို့ဆိုနိုင်ပြီး ကိုယ့်ရဲ့ မျက်စိအရှေ့မှာ ၃ ဖက်မြင်ပုံရိပ်တွေကို မြင်ရမယ့် HoloLens မျက်မှန်တွေအတွက် ကြိုတင်အမှာစာများကို မှာယူနိုင်ပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။
    မတ်လ ၃၀ မှာ စတင်ပို့ဆောင်ပေးမှာ ဖြစ်ပြီး ဒေါ်လာ ၃၀၀၀ ကျသင့်မှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့တစ်နှစ်လောက်ကတည်းက ထုတ်လုပ်ခဲ့တဲ့ မိုက်ခရိုဆော့ဖ်ရဲ့ Hololens မှန်ဘီလူးဟာ အသုံးပြုသူရဲ့ မြင်ကွင်းအရှေ့မှာ သုံးဘက်မြင်ပုံရိပ်တွေကို ပြသပေးနိုင်မယ့် မျက်မှန်တစ်မျိုး ဖြစ်ပါတယ်။
    ဂူးဂဲလ်မျက်မှန်နဲ့မတူတာတစ်ချက်က HoloLens မျက်မှန်ဟာ တပ်ဆင်ထားသူရဲ့ အပြင်မြင်ကွင်းကို အဟန့်အတားမဖြစ်စေတာပါပဲ။ အရေးအကြီးဆုံးအချက်က ယင်းမျက်မှန်ဟာ ၎င်းနဲ့ချိတ်ဆက်ဖို့ စမတ်ဖုန်း ဒါမှမဟုတ် တခြားသောကိရိယာ ဘာမှ မလိုအပ်ဘဲ မိုက်ခရိုဆော့ဖ် Window 10 ကို Operating System အဖြစ် အသုံးပြုထားပါတယ်။
    “အနာဂတ်နည်းပညာမှာ နှစ်ဘက်မြင်ပုံရိပ်လောက်သာ မဟုတ်တော့ပါဘူး၊ တကယ့်ကမ္ဘာကြီးထဲကို အနီးကပ်ကြည့်ရှုနေရသလို ဖြစ်လာပါမယ်။ တကယ့်ကမ္ဘာကြီးနဲ့ အတူ ယှဉ်တွဲတည်ရှိနေတာက သုံးဘက်မြင်ကမ္ဘာကြီးသာ ဖြစ်ပါတယ်။ အနာဂတ်ဟာ ရုပ်လုံးကြွပုံရိပ်တွေသာဖြစ်လာမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ အဲဒီအနာဂတ်ကို ဘ၀ထဲခေါ်ဆောင်လာမယ့် တီထွင်သူတွေကိုလည်း စွမ်းအားမြှင့်တင်ပေးသွားပါမယ်” လို့ HoloLens တီထွင်ခဲ့သူ အဲလက်စ် ကစ်ပ်မန်းက ပြောကြားခဲ့ပါတယ်။
    လောလောဆယ်တော့ သတ်မှတ်ထားသူတွေထံ ပို့ဆောင်ရောင်းချပေးသွားမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ ကမ္ဘာအနှံ့ ဖြန့်ဖြူးသွားမှာဖြစ်ပါတယ်။
    Ref: IINA
  • မိမိအနာဂတ်အတွက် အာမခံချက်မရှိဟု ဇီဒိန်းဝန်ခံ
    မိမိအနာဂတ်အတွက် အာမခံချက်မရှိဟု ဇီဒိန်းဝန်ခံ
    မတ် ၂၊ ၂၀၁၆
    M-Media
    zidane 4
    – လက်ရှိ မိမိ၏ အခြေအနေမှာ နေ့စဉ် တိုးတက်မှုများ ရှိနေသော်လည်း လာမည့်နှစ်တွင် အသင်း၌ ဆက်လက် ရှိ၊ မရှိဆိုသည်မှာ မရေရာသည့်ကိစ္စဖြစ်ကြောင်း ရီးယဲလ်နည်းပြ ဇီဒိန်းက ထုတ်ဖော်ပြောကြားလိုက်သည်။
    ဇီဒိန်းမှာ ယခင်က ရီးယဲလ် အရန်အသင်းနည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဇန်န၀ါရီလက ဘင်နီတက်ဇ်ကို ထုတ်ပယ်ခဲ့ပြီးနောက်ပိုင်း ရီးယဲအသင်းကြီး၏ နည်းပြ ဖြစ်လာခဲ့ခြင်းဖြစ်သည်။ ဇီဒိန်းလက်ထက်တွင် ရီးယဲလ်မှာ ပြည်တွင်းနှင့် ပြည်ပတွင်ပါ ခြေစွမ်းကောင်းများကို ပြသနိုင်သော်လည်း ပြီးခဲ့သည့်တစ်ပတ်တွင် ဒုတိယနေရာမှ အက်သလက်တီကိုအား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် တတိယနေရာတွင်ရှိနေသည့် ရီးယဲလ်မှာ ထိပ်ဆုံးမှ ဘာကာနှင့် ၁၂ မှတ် ကွာဟသွားပြီဖြစ်သည်။
    ဇီဒိန်းကမူ မိမိ၏ အနေအထားမှာ စောင့်ကြည့်ဆဲအခြေအနေတွင် ရှိနေသည်ဟု ဆိုသည်။
    “အရေးအကြီးအချက်က လက်ရှိအခြေအနေမှာ ကျွန်တော် ပျော်ရွှင်နေတာပဲဖြစ်ပါတယ်။ ပြီးတော့ နေ့စဉ် လုပ်စရာရှိတာတွေလုပ်နေပြီး တိုးတက်မှုတွေလည်း ရှိနေပါတယ်။ ကျွန်တော်စရောက်ကတည်းက သပိတ်ဝင်အိတ်ပင် ဖြစ်ခဲ့တယ်။ အခုတော့ တစ်ပွဲရှုံးခဲ့ပြီး ကောင်းခဲ့တာတွေအားလုံးက ပျောက်သွားပါတယ်။ အသင်းနဲ့ အလုပ်လုပ်ဖို့ကလွဲလို့ ကျန်တာတွေကို ကျွန်တော် စိတ်မ၀င်စားပါဘူး။ ရှေ့ဆက်သွားရမယ်။ ဘာမှ ကျွန်တော် မစိုးရိမ်ပါဘူး။ နောက်ထပ် ၃ လအတွင်းမှာ ဘာဖြစ်မလဲဆိုတာကိုလည်း ကျွန်တော်မသိပါဘူး” ဟု ဇီဒိန်းက အက်သလက်တီကိုနှင့် ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    Ref: Goal
  • အီးယူသံအမတ်ကို စော်ကားသည့် အစ္စရေးဗီယိုတစ်ခုကို ဥရောပသမဂ္ဂ ရှုတ်ချ
    အီးယူသံအမတ်ကို စော်ကားသည့် အစ္စရေးဗီယိုတစ်ခုကို ဥရောပသမဂ္ဂ ရှုတ်ချ
    မတ် ၂၊ ၂၀၁၆
    M-Media
    EU
    – ပါလက်စတိုင်းပိုင်နက်မှာ တရားမ၀င်နေထိုင်နေတဲ့ အစ္စရေးအခြေချနေထိုင်သူအဖွဲ့က ဖန်တီးထားပြီး အီးယူသံအမတ်ကို လူသားစားရုပ်ရှင်ဇာတ်ကောင်တစ်ခုအဖြစ် ပုံဖော်ထားတဲ့ ဗီဒီယိုတစ်ခုကို ဥရောပသမဂ္ဂက ဝေဖန်ရှုတ်ချလိုက်ပါတယ်။
    တနင်္ဂနွေနေ့က ပြန့်နှံ့ခဲ့တဲ့ အဲဒီဗီဒီယိုထဲမှာ အစ္စရေးဆိုင်ရာ ဥရောပသမဂ္ဂ သံအဖွဲ့ခေါင်းဆောင် ဒိန်းမတ် နိုင်ငံသား လာ့စ် ဖာဘော့ဂ် အန်ဒါဆန်ကို The Silence of the Lambs ဇာတ်ကားထဲမှာပါဝင်တဲ့ လူသားစားဇာတ်ကောင် Hannibal Lector အဖြစ် ပုံဖော်ထားတာ ဖြစ်ပါတယ်။
    ဗီဒီယိုထုတ်လုပ်တဲ့အဖွဲ့ဖြစ်တဲ့ Jerusalem Periphery Forum က အန်ဒါဆန်ဟာ ဂါဇာမှာရှိတဲ့ ပါလက်စတိုင်းတွေအတွက် အကူအညီအထောက်အပံ့များပေးပြီး အစ္စရေးကို ဖျက်ဆီးနေတယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။
    “အမြင်မတူညီမှုတွေရှိနေပေမယ့် ကိုယ်ရေးကိုယ်တာခြိမ်းခြောက်မှုတွေနဲ့ ဝေဖန်တိုက်ခိုက်မှုတွေ အသုံးချပြီး ပျက်ရယ်လှောင်ပြောင်တာဟာ ဘယ်တော့မှာ တရားမျှတနိုင်မှာမဟုတ်ပါဘူး” လို့ တနင်္လာနေ့မှာထုတ်ပြန်ခဲ့တဲ့ ကြေငြာချက်မှာ ဥရောပသမဂ္ဂက ပြောကြားခဲ့ပါတယ်။
    ဗီဒီယိုထဲမှာ ပါလက်စတိုင်းတွေအတွက် ဥရောပသမဂ္ဂက အရှေ့ဂျေရုဆလင်နဲ့ မအာလီအဒူမင်ကြားမှာ အိမ်ယာဆောက်လုပ်ပေးမှုတွေကို ရည်ညွှန်းမှုတွေလည်း ပါဝင်ပါတယ်။
    “ဂါဇာမှာ လိုအပ်ချက်ရှိတဲ့ လူ့အဖွဲ့အစည်းတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေသာဖြစ်တယ်” လို့ အီးယူက ၎င်းရဲ့ အကူအညီအပေါ် ကာကွယ်ပြောဆိုသွားပါတယ်။
    ပါလက်စတိုင်းပိုင်နက်တွေအတွင်း အစ္စရေးက ကျူးကျော်သိမ်းပိုက်ကာ ဆောက်လုပ်ထားတဲ့ တရားမ၀င် အခြေချအိမ်ယာတွေမှာ နေထိုင်တဲ့ ဂျူးအရေအတွက်ဟာ သန်းဝက်ကျော် ရှိနေပါတယ်။
    အဲဒီလို တရားမ၀င်အခြေချအိမ်ယာတွေဆောက်လုပ်ဖို့ အစ္စရေးအာဏာပိုင်တွေဟာ ပါလက်စတိုင်းတွေကို အင်အားသုံးမောင်းထုတ်တာမျိုး ရှိခဲ့ပါတယ်။ ၎င်းတို့ရဲ့ နေအိမ်အဆောက်အအုံတွေ ဖျက်ဆီးပစ်လိုက်ခြင်းဟာလည်း အစ္စရေးရဲ့ နယ်မြေသိမ်းယူရေးမူဝါဒ တစိတ်တပိုင်း ဖြစ်ပါတယ်။
    ပါလက်စတိုင်းတွေရဲ့ ရပိုင်ခွင့်ကို အသိအမှတ်ပြုဖို့ အစ္စရေးက ငြင်းဆိုခဲ့တဲ့အပြင် အခြေခံလိုအပ်ချက်များ ပေးအပ်ဖို့ကိုလည်း ငြင်းပယ်ခဲ့ပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒီမူဝါဒဟာ ပါလက်စတိုင်းတွေကို လူမျိုးတုန်းသတ်ဖြတ်မှုဆီ ဦးတည်သွားစေမယ်လို့ ပြောကြားခဲ့ကြပါတယ်။
    Ref: Presstv
  • ၀က်စ်ဘရွန်းနှင့်ပွဲ သရေသာရမှုမှာ မမျှတဟု လက်စတာ ကွင်းလယ်လူပြော
    မတ် ၂၊ ၂၀၁၆
    M-Media
    king
    – ၀က်စ်ဘရွန်းနှင့်ပွဲတွင် ထိုက်တန်သည့်အနိုင် မရရှိခဲ့သည့်အတွက် စိတ်ပျက်မိသည်ဟု လက်စတာအသင်း ကွင်းလယ်လူ အန်ဒီကင်းက ပြောကြားလိုက်သည်။
    ယမန်နေ့က ကစားခဲ့သည့် အဆိုပါပရီးမီးယားလိဂ်ပွဲတွင် လက်စတာမှာ ကစားကွက်နှင့် ဂိုးသွင်းခွင့် အသာရခဲ့သော်လည်း ၂ ဂိုးစီသရေဖြင့်သာ ကျေနပ်ခဲ့ရသည်။ ထိုပွဲတွင် ၁ ဂိုးသွင်းယူပေးခဲ့သည့် ကင်းကမူ ထိုရလဒ်မှ တရားမျှတမှုမရှိဟု ဆိုသည်။
    “ကျွန်တော်တို့ နိုင်ခဲ့သင့်တာပါ။ သူတို့ ဂိုးသွင့်ခွင့် ၂ ကြိမ်လောက်ပဲရပြီး ၂ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ကတော့ ကိုယ့်ကိုယ်ကို အားတင်းပြီး စနေနေ့ပွဲ (၀က်ဖို့ဒ်နှင့်ပွဲ) ကို ယှဉ်ပြိုင်မှာပါ” ဟု ကင်းက ပြောကြားခဲ့သည်။ ထို့ပြင် မိမိတို့မှာ အမြဲတမ်းဂိုးသွင်းနိုင်မည်ဟူသော ယုံကြည်ချက်ရှိနေပြီး ယခုရလဒ်မှာ စိတ်ပျက်ဖွယ်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    လက်စတာမှာ လက်ရှိအချိန်တွင် ၁ ပွဲပိုဖြင့် ဒုတိယနေရာမှ စပါးကို ၃ မှတ်ဖြတ်ကာ ပရီးမီးယားလိဂ်ဇယားအား ဦးဆောင်ထားသည်။
    Ref: Goal