News @ M-Media

Blog

  • ဇီကာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသည့်ရောဂါကို ဖော်ထုတ်နိုင်ပြီ

    ဇီကာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသည့်ရောဂါကို ဖော်ထုတ်နိုင်ပြီ

    မတ် ၁၊ ၂၀၁၆
    M-Media

    zika 12

    – ခြင်မှတစ်ဆင့် ကူးစက်သည့် ဇီကာဗိုင်းရပ်ပိုးကြောင့် ဖြစ်ပွားနိုင်ဖွယ်ရှိသော ရောဂါမှာ Guillain-Barré Syndrome (GBS) ဟု ခေါ်သည့် အာရုံကြောမူမမှန်သည့် ရောဂါဖြစ်သည်ဟု လေ့လာမှုအသစ်ရ သိရှိရသည်။

    အဆိုပါ GBS ရောဂါမှာ အာရုံကြောစနစ် အစိတ်အပိုင်းအား ထိခိုက်မှုကို ဖြစ်စေပြီး ဇီကာဗိုင်းရပ်စ် ကူးစက်နေသည့် လူနာ ၄၂ ဦးတွင် ထိုရောဂါလက္ခဏာများ ပြသနေသည်ကို လေ့လာမှုက ဖော်ပြနေကာ တွေ့ရှိချက်ကို Lancet ဆေးဘက်ဆိုင်ရာဂျာနယ်တွင် ဖော်ပြထားသည်။

    ဇီကာကြောင့်ဖြစ်သည့် အာရုံကြောဆိုင်ရာ ရောဂါလက္ခဏာများတွင် တစ်ကိုယ်လုံးသေသွားခြင်း၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာကြောင့် ပြင်ပအကူအညီဖြင့် အသက်ရှုရခြင်းတို့ ပါဝင်သည်ဟု ဆိုသည်။ သို့သော်လည်း ယခုအချိန်အထိ သေဆုံးမှုဖြစ်စဉ်ကို မတွေ့ရသေးပေ။

    “ဒါဟာ ဇီကာဗိုင်းရပ်စ်ကူးစက်မှုက Guillain-Barré Syndrome ရောဂါ ဖြစ်ပွားနိုင်တယ်ဆိုတဲ့ အထောက်အထားကို ရရှိခဲ့တဲ့ ပထမဆုံး လေ့လာမှုပါပဲ။ ဇီကာဗိုင်းရပ်စ်ဟာ အမေရိကတစ်ဝှမ်းမှာ အလျင်အမြန် ပြန့်နှံ့နေတာကြောင့် အဲဒီနိုင်ငံတွေနေအနဲ့ Guillain-Barré Syndrome ရောဂါရှိနေတဲ့ လူနာတွေကို အသေအချာ ကုသနိုင်ရေး လုံလုံလောက်လောက်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်” ဟု တွေ့ရှိချက်တွင် ဖော်ပြထားသည်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကမူ ဇီကာဗိုင်းရပ်စ် ကူးစက်မှုကို ကမ္ဘာ့ ကျန်းမာရေး အရေးအပေါ်အခြေအနေအဖြစ် ဖေဖော်ဝါရီလကတည်းက ကြေငြာထားခဲ့သည်။

    Ref: Aljazeera

  • အီရတ်မှ မိဘမဲ့ကလေးငယ် ၁၀၀၀ ကို ဆော်ဒီက မွေးစားမည်

    အီရတ်မှ မိဘမဲ့ကလေးငယ် ၁၀၀၀ ကို ဆော်ဒီက မွေးစားမည်

    မတ် ၁၊ ၂၀၁၆
    M-Media

    iraq

    – IS အကြမ်းဖက်အဖွဲ့ရဲ့ လုပ်ရပ်တွေကြောင့် မိဘတွေဆုံးရှုံးခဲ့ရတဲ့ အီရတ်က မိဘမဲ့ကလေး ၁၀၀၀ ကို ဆော်ဒီအာရေဗျက တာဝန်ယူစောင့်ရှောက်သွားမယ်လို့ ဒေသတွင်း မီဒီယာတွေက ယမန်နေ့မှာ ဖော်ပြခဲ့ပါတယ်။

    ဆော်ဒီဘုရင်ကြီး ဆလ်မန်ရဲ့ တိုက်ရိုက်ညွှန်ကြားချက်အရ ဆောင်ရွက်မှာဖြစ်ပြီး ဒီကူညီမှုဟာ ချို့တဲ့သူတွေအတွက် ဆော်ဒီနိုင်ငံရဲ့ လူသားချင်းစာနာထောက်မှုဆိုင်ရာ အကူအညီရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ ဆော်ဒီသံအမတ် သာမာရ် အလ်-ရှဘ်ဟန်က ပြောကြားခဲ့ပါတယ်။

    “စစ်ပွဲဒဏ်ခံနေရတဲ့ ဒေသတွေမှာ ဒီလိုအကူအညီပေးတာဟာ ဆော်ဒီနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အခန်းကဏ္ဍကို ထင်ဟပ်စေပါတယ်။ အီရတ်မှာရှိတဲ့ ကျွန်တော်တို့ ညီအကိုမောင်နှမတွေဟာ အကြမ်းဖက်သမားတွေ ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကြောင့် ဒုက္ခဆင်းရဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အခုပေးမယ့် လူသားချင်းစာနာမှု အကူအညီတွေဟာ အီရတ်က ကလေးငယ်အားလုံးအတွက် အကျုံးဝင်ပါတယ်” လို့ ၎င်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အန်ဘာရ်ပြည်နယ်က စစ်ဒဏ်ခံရသူတွေအတွက် ဆော်ဒီဟာ မကြာခင်ကဘဲ အကူအညီတွေ ချက်ချင်းပေးပို့ခဲ့ပါတယ်။ ကုလသမဂ္ဂကနေတဆင့် အီရတ်နိုင်ငံအတွက် လူမျိုးမရွေး၊ ဂိုဏ်းဂဏမရွေး အကူအညီပေးဖို့ ဒေါ်လာ သန်း ၅၀၀ ပေးအပ်သွားမယ်လို့ ဆော်ဒီက ကတိပြုထားပါတယ်။

    အီရတ်နိုင်ငံသား ထောင်ပေါင်းများစွာဟာ စစ်သွေးကြွတွေကြောင့် ထွက်ပြေးပုန်းရှောင်နေရတယ်လို့ ကုလသမဂ္ဂက ဆိုပြီး ဆော်ဒီက ပေးအပ်မယ့် အကူအညီတွေ တစ်ဦးတစ်ယောက်ချင်းထံ ရောက်ရှိဖို့အတွက် သေချာဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    အန်ဘာရ်နဲ့ နိုင်နီဝါပြည်နယ်တွေများ အကြမ်းဖက်သမားတွေကြောင့် စစ်ဘေးရှောင်နေရသူ ခန်းမှန်းခြေ ၁.၂ သန်းလောက်ရှိမယ်လို့ ခန့်မှန်းထားပြီး ရွှေ့ပြောင်းလုပ်သားများဆိုင်ရာ နိုင်ငံအတာအဖွဲ့အစည်းကတော့ လူသားချင်းစာနာမှုဆိုင်ရာပံ့ပိုးမှုတွေ ပြုလုပ်ပေးဖို့ တောင်းဆိုထားပြီး အကြမ်းဖက်မှုကြောင့် အိမ်ခြေယာမဲ့ဖြစ်နေတဲ့ အီရတ်ပြည်သူတွေဟာ ကယ်ဆယ်ရေးဌာနတွေရဲ့ အကူအညီကို မရရှိဘူးလို့လည်း သတိပေးခဲ့ပါတယ်။

    Ref: Arabnews

  • ရက်ထပ်နှစ်တွင်မွေးသည့် စင်ကာပူ ကလေးငယ်တစ်ဦး ပညာသင်ဆု ရရှိ

    ရက်ထပ်နှစ်တွင်မွေးသည့် စင်ကာပူ ကလေးငယ်တစ်ဦး ပညာသင်ဆု ရရှိ

    မတ် ၁၊ ၂၀၁၆
    M-Media

    singapore

    – လေးနှစ်လျှင်တစ်ကြိမ်ဖြစ်သည့် ရက်ထပ်နှစ်၌ ကြုံရသော ဖေဖော်ဝါရီ ၂၉ ရက်နေ့တွင် မွေးဖွားသည့် စင်ကာပူကလေးငယ်တစ်ဦးမှာ ပညာသင်ဆုကြေးငွေ စင်ကာပူဒေါ်လာ ၃ သောင်း ရရှိခဲ့သည်ဟု သိရသည်။

    ၃.၃၁ ကီလိုဂရမ်ရှိသည့် အဆိုပါကလေးငယ်မှာ အသက် ၃၉ နှစ်အရွယ်စီ ရှိကြသော ဖခင် ဂူ ကင် လီယွန်နှင့် မိခင် ရှူ  ချွီ ဂူတို့၏ ရင်သွေးငယ်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၉ ရက်နေ့ သန်းခေါင်ယံအချိန်တွင် Mount Alvernia ဆေးရုံ၌ မွေးဖွားခဲ့ခြင်းဖြစ်သည်။

    ဖေဖော်ဝါရီ ၂၉ ရက်နေ့တွင် ပထမဆုံးမွေးဖွားသည့် ထိုကလေးမှာ သတ်မှတ်မွေးရက်ထက် ၈ ရက်စောကာ မွေးဖွားခဲ့ခြင်းဖြစ်ပြီး မိသားစုတွင် ဒုတိယမြောက် ကလေးလည်းဖြစ်သည်။ ကလေးငယ်မှာ စင်ကာပူ စီမံခန့်ခွဲရေးဖွံ့ဖြိုးမှု တက္ကသိုလ်ဖြစ်သော (MDIS) က ပေးအပ်သည့် ရက်ထပ်နှစ် ပညာတော်သင်ဆု စင်ကာပူဒေါ်လာ ၃ သောင်းကို ရရှိခဲ့သည်။

    ဖခင်ဖြစ်သူ ဂူ ကမူ သူနာပြုဆရာမက ထိုပညာသင်ဆု ရရှိကြောင်း လာမပြောခင်အချိန်အထိ ထိုကဲ့သို့သောဆု ရှိသည်ကို မသိရှိခဲ့ဟု ပြောကြားခဲ့သည်။ ထိုပညာသင်ဆုမှာ အလွန် အဓိပ္ပါယ်ရှိသော်လည်း သားငယ်လေး၏ ကျန်းမာရေးက ပိုအရေးကြီးသည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် ၎င်း သမီးဦးကို နာမည်ပေးခဲ့သည့် ဖခင်ဖြစ်သူက ယခုမွေးလာသည့် ကလေး၏ အမည်ပေးကို ပေးသွားမည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

    ကလေးငယ်မှာ ဖေဖော်ဝါရီ ၂၉ ရက်နေ့တွင် မွေးဖွားသည့် ကလေးငယ်များအတွက် ပညာသင်ဆုပေးအပ်သည့် နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် ပထမဆုံး ကလေးငယ် ၁၀ ဦးအတွက် MDIS မှ ချီးမြှင့်သည့် စင်ကာပူဒေါ်လာ ၆၀၀ ကို လည်း ရရှိခဲ့သည်။

    အဆိုပါ ပညာသင်ဆုမှာ MDIS၊ သြစတေးလျ၊ ပြင်သစ်၊ ဗြိတိန်နှင့် အမေရိကန်တို့ အပါအ၀င် ၎င်း၏ မိတ်ဖက်တက္ကသိုလ်မှ ပေးအပ်သည့် ဘွဲ့များအတွက် ကုန်ကျစားရိတ်များကို ကာမိမည်ဖြစ်သည်။ ပညာသင်ဆုရသူမှာ ၎င်းရွေးချယ်သည့် ဘာသာရပ်အတွက် ၀င်ခွင့်လိုအပ်ချက်များ ပြည့်မီရမည်ဖြစ်ပြီး အသက် ၃၀ မတိုင်ခင် ထိုပညာသင်ဆုကို အသုံးပြုရမည်ဖြစ်သည်။

    Ref: Asiaone

  • လက်ရှိ ဘာစီလိုနာတိုက်စစ်အတွဲမှာ မြင်ဖူးသမျှတွင် အကောင်းဆုံးဟု အင်နီယေစတာပြော

    လက်ရှိ ဘာစီလိုနာတိုက်စစ်အတွဲမှာ မြင်ဖူးသမျှတွင် အကောင်းဆုံးဟု အင်နီယေစတာပြော

    မတ် ၁၊ ၂၀၁၆
    M-Media

    baca 3

    – မက်ဆီ၊ ဆွာရက်ဇ်နှင့် နေးမာတို့ တိုက်စစ်အတွဲမှာ မိမိမြင်ခဲ့ဖူးသမျှတွင် အကောင်းဆုံး တိုက်စစ်အတွဲဖြစ်သည်ဟု ဘာစီလိုနာကွင်းလယ်လူ အင်နီယေစတာက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်နှစ်က ဘာစီလိုနာအသင်း၏ အောင်မြင်မှုသရဖူ ဆောင်းခဲ့မှုတွင် ၎င်းတို့တိုက်စစ်အတွဲမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး ယခုနှစ်တွင်လည်း မက်ဆီ၊ ဆွာရက်ဇ်နှင့် နေးမာတို့မှာ အသင်း၏ ပြိုင်ပွဲအားလုံးတွင် ၉၄ ဂိုး သွင်းယူပေးထားနိုင်သည်။

    အင်နီယေစတာကမူ ၎င်းတို့ ၃ ဦးမှာ မက်ဆီ၊ ဟင်နရီနှင့် အီတူးတို့ ၃ ဦးထက်ပင် ကောင်းမွန်သည်ဟု ဆိုသည်။

    “ဟင်နရီနဲ့ အီတူးတို့ကို ဖယ်လိုက်ရင် မက်ဆီ၊ နေးမာနဲ့ ဆွာရက်ဇ်တို့ဟာ ကျွန်တော်မြင်ဖူးသမျှထဲမှာ အကောင်းဆုံး ကစားသမားတွေပါပဲ။ လီယို (မက်ဆီ) ဟာ အငြင်းပွားစရာမလိုတဲ့ နံပါတ် ၁ ကစားသမားဖြစ်ပြီး သူ့လိုကစားသမားမျိုး ဘယ်တော့မှ ရမှာမဟုတ်တော့ပါဘူး” ဟု အင်နီယေစတာက ပြောကြားခဲ့သည်။

    လက်ရှိအချိန်တွင် ဘာစီလိုနာမှာ လာလီဂါ၌ ဒုတိယနေရာမှ အက်သလက်တီကိုအား ၈ မှတ်ဖြတ်ကာ ဦးဆောင်နေပြီး ဘုရင့်ဖလားဗိုလ်လုပွဲတွင် ဆီးဗီးလားနှင့် တွေ့ဆုံရမည်ဖြစ်သည်။ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်တွင်မူ ပထမအကျော့၌ အာဆင်နယ်အား ၂ ဂိုးပြတ်ဖြင့် အနိုင်ယူထားကာ နောက်တစ်ဆင့်တက်ရေး အခြေအနေကောင်းနေသည်။

    အင်နီယေစတာကမူ လက်ရှိအချိန်မှ ရာသီအဆုံးအထိ ကစားမည့်ပွဲတိုင်းမှာ မိမိတို့အတွက် အရေးပါသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref : Goal

  • ရုရှားတွင် ကလေးထိန်းက ကလေးငယ်အား ခေါင်းဖြတ်သတ်ဖြတ်မှု ဖြစ်ပွား

    ရုရှားတွင် ကလေးထိန်းက ကလေးငယ်အား ခေါင်းဖြတ်သတ်ဖြတ်မှု ဖြစ်ပွား

    မတ် ၁၊ ၂၀၁၆
    M-Media

    russia

    – ရုရှားနိုင်ငံ မော်စကိုမြို့တွင် ကလေးထိန်း အမျိုးသမီးတစ်ဦးမှာ ၎င်းထိန်းပေးသည့် ကလေးငယ်၏ ဦးခေါင်းကို ဖြတ်၍ ယူလာမှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    ကလေးငယ်၏ ဦးခေါင်းအား ယူဆောင်လာသည့် အဆိုပါအမျိုးသမီးကို မော်စကိုရှိ ရထားဘူတာတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကလေးငယ်မှာ အသက် ၃ နှစ် သို့မဟုတ် ၄ နှစ်ရှိမည်ဟု ခန့်မှန်းရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီမှ ထုတ်ပြန်ခဲ့သည့် ကနဦးစုံစမ်းစစ်ဆေးမှုအရ အဆိုပါ ကလေးထိန်းအမျိုးသမီးမှာ မိဘများက ကလေးအကြီးတစ်ယောက်ကိုခေါ်၍ အပြင်ထွက်သွားသည့်အချိန်ကို စောင့်ခဲ့ကာ ကျန်ရှိသည့် ကလေးငယ်တစ်ဦးကို သတ်ဖြတ်၍ တိုက်ခန်းအား မီးရှို့ ထွက်လာခဲ့ခြင်းဖြစ်သည်ဟု တွေ့ရှိရကြောင်း ဖော်ပြခဲ့သည်။

    မီးငြှိမ်းသက်ပြီးနောက် ကလေးငယ်၏ ခန္ဓာကိုယ်ကို အခန်းထဲတွင် တွေ့ခဲ့ရပြီး နှိပ်စက်ထားသည့် လက္ခဏာများလည်း ရှိနေသည်ဟုဆိုသည်။ မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ သတ်ဖြတ်ရခြင်းကို ရှင်းရှင်းလင်းလင်း မသိရသေးဘဲ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။

    ကလေးထိန်း၏အမည်ကို ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားခြင်းမပြုခဲ့ဘဲ ၎င်းမှာ ၁၉၇၇ ခုနှစ်တွင် မွေးဖွားသူဖြစ်ကာ အလယ်အာရှမှဖြစ်သည်ဟု ဆိုသည်။ လမ်းသွားလမ်းလာတစ်ဦးက ရိုက်ကူးထားသည့်ဗီဒီယိုတွင် အဆိုပါ အမျိုးသမီးမှာ ရထားဘူတာအပြင်ဘက်၌ ဟစ်အော်ပြေးလွှားနေသည်ကို တွေ့ရှိခဲ့ရသည်။

    စုံစမ်းစစ်ဆေးသူများကမူ ထိုအမျိုးသမီး၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို စစ်ဆေးရန် အမိန့်ပေးထားသည်။

    Ref: CNN