မတ် ၁၊ ၂၀၁၆
M-Media

– အိန္ဒိယ နိုင်ငံလုံးဆိုင်ရာ အိုလမာနှင့် မာရှိခ်ဘုတ်အဖွဲ့ AIUMB က ယခုလအတွင်း ကမ္ဘာ့ဆူဖီဖိုရမ်တစ်ခုကို ကျင်းပရန် စီစဉ်နေသည်ဟု သိရသည်။
မတ်လ ၁၇ ရက်နေ့တွင် မြို့တော်ဒေလီ၌ ကျင်းပပြုလုပ်ရန် စီစဉ်ထားသည့် အဆိုပါ ဖိုရမ်မှာ ၄ ရက်တာ ကြာမြင့်မည်ဖြစ်ပြီး ကမ္ဘာ့ ထိပ်တန်း ဆူဖီပညာရှင်များ၊ အခြားပညာရှင်များနှင့် လှုမှုတက်ကြွလှုပ်ရှားသူများက အစ္စလာမ်နှင့်ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးသွားမည်ဖြစ်သည်။
အဆိုပါ ဖိုရမ်သို့ နိုင်ငံပေါင်း ၂၀ မှ ဂုဏ်သရေရှိ ပုဂ္ဂိုလ်ပေါင်း ၂၀၀ ကျော် တက်ရောက်မည်ဟု ခန့်မှန်းထားပြီး အိန္ဒိယ၀န်ကြီးချုပ် နာရန်ဒရာ မိုဒီလည်း တက်ရောက်ကာ မိန့်ခွန်းပြောကြားမည်ဖြစ်သည်။
ဖိုရမ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ကမ္ဘာတစ်ဝှမ်း မွတ်စလင်အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှု မြင့်တက်လာချိန်တွင် အစ္စလာမ်က သွန်သင်သည့် ငြိမ်းချမ်းမှုနှင့် သည်းခံခွင့်လွှတ်မှု သတင်းစကား ပြန့်နှံ့ရေး ထိရောက်သည့် နည်းလမ်းများ ရှာဖွေရန်ဖြစ်သည်ဟု ဆိုသည်။
AIUMB မှာ အိန္ဒိယရှိ ဆူဖီများ၊ အိုလမာနှင့် မွဖ်သီများကဲ့သို့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် ထိပ်တန်း အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်။ အဖွဲ့အား တည်ထောင်သူဖြစ်ပြီး လက်ရှိအချိန်တွင်လည်း ဥက္ကဌအဖြစ် ဆောင်ရွက်နေသူ ဟာဇရသ် ဆယဒ် မိုဟာမက် အက်ရှ်ရက်ဖ်ကမူ
“အကြမ်းဖက်အုပ်စုတွေက နိုင်ငံရေးအသာရဖို့အတွက် အစ္စလာမ်ကို အစွန်းရောက်ပြန်ဆိုကျင့်သုံးမှု လုပ်နေတာတွေအပေါ် လေးလေးနက်နက် စဉ်းစားအဖြေရှာရေး မူဘောင်တစ်ခု ဖန်းတီးရမယ့် အချိန်တန်နေပြီလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဆီးရီးယားနဲ့ ကမ္ဘာရဲ့ အခြားဒေသတွေမှာ ဂျီဟတ်ဝါဒီတွေက အကြမ်းဖက်မှုနဲ့ ယုတ်ရင့်ကြမ်းတမ်းမှုတွေ ပြန့်နှံ့အောင် လုပ်နေတာဟာ အစ္စလာမ့်ပုံရိပ်ကို ပျက်ဆီးစေပါတယ်။ ဒါပေမယ့် ကမ္ဘာတစ်ဝှမ်းမှာ အစ္စလာမ်အမည်ကို အလွဲသုံးစားလုပ်ကာ သွေးထွက်သံယိုဖြစ်အောင် ဖန်တီးမှုတွေအာလုံးအတွက် တန်ပြန်တိုက်ဖျက်မယ့် စစ်မှန်တဲ့နည်းလမ်းကို အိန္ဒိယမွတ်စလင်တွေက သမိုင်းကောင်းရှိတဲ့ ဆူဖီဝါဒကို မြှင့်တင်ပေးခြင်းအားဖြင့် ဖော်ဆောင်ပေးနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု ဟာဇရသ်က ပြောကြားခဲ့သည်။
ထို့ပြင် ဆူဖီဝါဒမှာ ငြိမ်းချမ်းရေး၊ သည်းခံခြင်းနှင့် မေတ္တာတရားကို အခြေခံကြောင်း မိမိတို့၏ ကမ္ဘာ့ဆူဖီဖိုရမ်မှတစ်ဆင့် အစ္စလာမ်၏ စစ်မှတ်သောတန်ဖိုးများကို မြှင့်တင်ပေးရန် ရည်ရွယ်ထားကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
Ref: Indianexpress