News @ M-Media

Blog

  • စစ်တပ်နှင့် ရဲတို့က လုံခြုံရေးမပေးသောကြောင့် ကချင်ပြည်နယ်ရှိ ခရစ်ယာန်အဖွဲ့က ဘိန်းခင်းများ ဖျက်ဆီးရန် အစီအစဉ်ကို ရပ်ဆိုင်း

    စစ်တပ်နှင့် ရဲတို့က လုံခြုံရေးမပေးသောကြောင့် ကချင်ပြည်နယ်ရှိ ခရစ်ယာန်အဖွဲ့က ဘိန်းခင်းများ ဖျက်ဆီးရန် အစီအစဉ်ကို ရပ်ဆိုင်း

    ဖေဖော်ဝါရီ ၂၈၊ ၂၀၁၆
    M-Media

    pat jassan
    Pat Jasan အဖွဲ့မှ အဖွဲ့ဝင်တစ်ချို့

    – မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် ယခု သီတင်းပတ်အတွင်း ဘိန်ခင်းများကို ဖျက်ဆီးရန် ကြိုးစားရာ၌ ဟန့်တားမှုများနှင့် ကြုံတွေ့ခဲ့ရသည့် ဒေသခံ ခရစ်ယာန်အဖွဲ့ Pat Jasan က ၎င်းတို့၏ ဘိန်းခင်းဖျက်ဆီးရေး လုပ်ငန်းကို ရပ်တန့်ခဲ့သည်ဟု သိရသည်။

    အဆိုပါအဖွဲ့မှာ ၀ိုင်းမော်မြို့အပြင်ဘက်ရှိ ဘိန်းခင်းမျာကို ဖျက်ဆီးရန် သီတင်းပတ် အစောပိုင်းက ကြိုးစားခဲ့ခြင်းဖြစ်ပြီး အစပိုင်းတွင် ရဲတပ်ဖွဲ့နှင့် စစ်တပ်တို့၏ ဟန့်တားမှုများနှင့် ကြုံတွေ့ခဲ့ရသည်။ ထို့နောက် ကြာသာပတေးနေ့တွင် Pat Jasan အဖွဲ့ဝင်များက ဘိန်းခင်းများဖျက်ဆီးရန် စုပေါင်းချီတက်ရာတွင် ဖောက်ခွဲရေးပစ္စည်းများ၊ ကျောက်တုံးများ ကိုင်ဆောင်ထားသည့် လူအုပ်ကြီး၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။

    ထိုတိုက်ခိုက်မှုအတွင်း အမျိုးသမီးများအပါအ၀င် အနည်းဆုံး လူ ၃၂ ဦး ဒဏ်ရာရရှိခဲ့သည်။ Pat Jasan အဖွဲ့ကမူ ဒေသခံရဲတပ်ဖွဲ့နှင့် စစ်တပ်တို့က ၎င်းတို့အား လုံးခြုံရေးမပေးနိုင်ဟု ပြောဆိုခဲ့သောကြောင့် ၎င်းတို့၏ ဘိန်းခင်းဖျက်ဆီးရေး ကြိုးပမ်းမှုကို ရပ်တန့်လိုက်ပြီဟု ယနေ့တွင် ကြေငြာခဲ့သည်။

    “ကျွန်တော်တို့ရဲ့ လုပ်ငန်းကို ရပ်တန့်လိုက်ပြီး အဖွဲ့ဝင်တွေကလည်း မြို့ကို ပြန်နေပါပြီ” ဟု ၀ိုင်းမော်မြို့ရှိ Pat Jasan အဖွဲ့မှ အကြီးတန်းခေါင်းဆောင်တစ်ဦးဖြစ်သူ Lum Hkawng က ပြောကြားခဲ့သည်။

    ထို့ပြင် အာဏာပိုင်များမှာ ၎င်းတို့အား ကာကွယ်ပေးရန် ပျက်ကွက်ခဲ့သည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “ကျွန်တော်တို့ခေါင်းဆောင်တွေက အစိုးရတာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ သွားတွေ့တဲ့အခါ သူတို့က လုံခြုံရေးမပေးနိုင်ဘူးလို့ ပြောပါတယ်။ စစ်တပ်ကလည်း သူတို့ လုံခြုံရေးမပေးနိုင်တာကြောင့် ကျွန်တော်တို့က ဗဟိုအစိုးရနဲ့ တိုက်ရိုက်စကားပြောရမယ်လို့ ပြောခဲ့ပါတယ်”

ုမြန်မာအစိုးရက မူးယစ်ဆေးဝါးကုန်သွယ်မှုကို အမြစ်ဖြတ်မည်ဟု အကြိမ်ကြိမ်ပြောကြားထားသော်လည်း မြန်မာနိုင်ငံမှာ အာဖဂန်နစ္စတန်ပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယမြောက် ဘိန်းထုတ်လုပ်မှုအများဆုံးနိုင်ငံ ဖြစ်နေသည်။

    Ref: Dailymail

  • ဂျစ်ဒါတွင် အာရှရုပ်ရှင်ပွဲတော် ကျင်းပ

    ဂျစ်ဒါတွင် အာရှရုပ်ရှင်ပွဲတော် ကျင်းပ

    ဖေဖော်ဝါရီ ၂၈၊ ၂၀၁၆
    M-Media

    film

    – အာရှ ကောင်စစ်ဝင်များကလပ် (ACGC) က ကြီးမှူးကျင်းပတဲ့ ၉ ကြိမ်မြောက် အာရှရုပ်ရှင်ပွဲတော်ကို ဆော်ဒီအာရေဗျနိုင်ငံက ဂျစ်ဒါမြို့မှာရှိတဲ့ ဂျပန်ကောင်စစ်ဝန် မာတာ ဟီရို ယာမာဂူချီရဲ့ နေအိမ်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

    ၎င်းရုပ်ရှင်ပွဲတော်မှာ အာရှနိုင်ငံ ၁၃ နိုင်ငံ ပါဝင်မှာဖြစ်ပြီး ပါကစ္စတန်၊ တောင်ကိုးရီးယား၊ တရုတ်၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှားနဲ့ အင်ဒိုးနီးရှားတို့က ရုပ်ရှင် ၁၀ ကားကို ပြသသွားမှာဖြစ်ပါတယ်။ ကြာသာပတေးနေ့မှာ ပြုလုပ်ခဲ့တဲ့ ဖွင့်ပွဲမှာတော့ ဂျပန်ရုပ်ရှင်ကားဖြစ်တဲ့ “Always Sunset on Third Street” ကို ပြသခဲ့ပါတယ်။

    ဖွင့်ပွဲအခမ်းအနားမှာ ဆော်ဒီဂုဏ်သရေရှိလူကြီးများ၊ သံအရာရှိများ၊ ရုပ်ရှင်ချစ်သူများ အပါအ၀င် ဖိတ်ကြားထားသူ ၃၀၀ ကျော် တက်ရောက်ခဲ့ပြီး အရသာရှိတဲ့ ဂျပန်အစားအသောက်တွေနဲ့လည်း ဧည့်ခံကျွေးမွေးခဲ့ပါတယ်။

    “ရုပ်ရှင်ဆိုတာ နိုင်ငံ့ယဉ်ကျေးမှုရဲ့ အဓိကကျတဲ့ အခန်းကဏ္ဍ တစ်ရပ်ပါပဲ၊ လူ့ဘ၀သရုပ်သကန် တစ်ခုလည်း ဖြစ်တဲ့အပြင် နိုင်ငံတစ်နိုင်ငံက ပြည်သူတွေရဲ့ စိတ်ကူးပုံဖော်ချက်လည်း ဖြစ်ပါတယ်။ ရုပ်ရှင်အနုပညာဟာ နေ့စဉ်နဲ့အမျှ တိုးတက်နေပါတယ်။ ပွဲတော်အတွင်း ပြသမယ့် ရုပ်ရှင်တွေကတော့ ဂျစ်ဒါမှာရှိတဲ့ ACGC အဖွဲ့ဝင် အာရှနိုင်ငံတွေက ဖြစ်ပါတယ်” လို့ ကောင်စစ်ဝန် ယာမာဂူချီက ပြောကြားခဲ့ပါတယ်။

    ဆုတံဆိပ် ၉ ဆုရရှိခဲ့တဲ့ “Always Sunset on Third Street” ဇာတ်ကားကို ဒါရိုက်တာ တာကာရှီ ယာမာဇာကီက ရိုက်ကူးခဲ့တာဖြစ်ပြီး နွမ်းပါးတဲ့ဒေသတွေက လက်လုပ်လက်စားသမားတွေရဲ့ တစ်ဦးအပေါ်တစ်ဦး မှီခိုနေရတာတွေကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

    သောကြာနေ့မှာတော့ ပါကစ္စတန်ရုပ်ရှင်ကားဖြစ်တဲ့ “မာလာလာ” ကို ပြသခဲ့ပြီး နောက်ရက်တွေမှာ တောင်ကိုးရီးဒရာမာဇာတ်လမ်းဖြစ်တဲ့ “How to steal a dog” နဲ့ နာမည်ကျော်အီတလီရုပ်ရှင် “The Name of the Rose” ကို ပြသဖို့ ရှိနေပါတယ်။

    Ref : Arab News

  • ဂျွန်တယ်ရီမရှိသည့် ချယ်ဆီးအတွက် လမ်းပတ် စိုးရိမ်နေ

    ဂျွန်တယ်ရီမရှိသည့် ချယ်ဆီးအတွက် လမ်းပတ် စိုးရိမ်နေ

    ဖေဖော်ဝါရီ ၂၈၊ ၂၀၁၆
    M-Media

    terry

    – အသင်းခေါင်းဆောင် ဂျွန်တယ်ရီမရှိတော့မည့် ချယ်ဆီး၏အနာဂတ်အား မိမိအနေဖြင့် စိုးရိမ်မိသည်ဟု ကွင်းလယ်လူဟောင်း လမ်းပတ်က ပြောကြားလိုက်သည်။

    တယ်ရီမှာ ရာသီကုန်တွင် သက်တမ်းတိုးတော့မည်မဟုတ်ဘဲ လာမည့်နွေရာသီအပြောင်းအရွှေ့တွင် အသင်းမှ ထွက်ခွာတော့မည်ဟု ပြီးခဲ့သည့် ဇန်န၀ါရီက ပြောကြားခဲ့သည်။ ချယ်ဆီးတွင် ၁၀ စုနှစ်တစ်ခုကျော်ကြာ ကစားကာ ၂၀၁၄ ခုနှစ်က ထွက်ခွာခဲ့သည့် လမ်းပတ်ကမူ တယ်ရီထွက်သွားပြီးနောက် ချယ်ဆီးမှာ အမှတ်သညာပျောက်ဆုံးသွားမည့် အန္တရာယ်ကို ထောက်ပြခဲ့သည်။

    “အသင်းရဲ့ တကယ်အမှတ်သညာပုဂ္ဂိုလ်တွေ ဘယ်ရောက်သွားမလဲဆိုတာကို ကျွန်တော် စိုးရိမ်မိပါတယ်။ အသင်းကြီးတစ်သင်းဖြစ်ဖို့အတွက် ကိုယ်ရည်ကိုယ်သွေးပြည့်တဲ့သူတွေ လိုအပ်ပါတယ်။ ကျွန်တော်ရှိတဲ့အချိန် ဂျွန်တယ်ရီ၊ အက်ရှ်လေကိုးလ်၊ ပီတာချက်၊ ဒီဒီယာဒရော့ဘာတို့ ရှိတဲ့အချိန်မျိုးကို ပြန်ဂုဏ်ဖော်ပြောနေတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အသင်းကို အခု ကျွန်တော် ကြည့်တဲ့အခါ ဂျွန်တယ်ရီက တစ်ဦးတည်းသော အမှတ်သညာ ဖြစ်နေပါတယ်” ဟု လမ်းပတ်က ပြောကြားခဲ့သည်။

    ထို့ပြင် ချယ်ဆီးအနေဖြင့် နာမည်ကြီးကစားသမား ၂ ဦး သို့မဟုတ် ၃ ဦးအထိ ၀ယ်ယူရမည်ဖြစ်ပြီး ပရီးမီးယားလိဂ်တွင် အဆင့် ၁၁ ၌ ရှိနေမှုမှာ ချယ်ဆီးအတွက် အဓိပ္ပါယ်မရှိသည့် အခြေအနေဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • တောင်တရုတ်ပင်လယ်တင်းမာမှုကို အာဆီယံ စိုးရိမ်နေ

    တောင်တရုတ်ပင်လယ်တင်းမာမှုကို အာဆီယံ စိုးရိမ်နေ

    ဖေဖော်ဝါရီ ၂၈၊ ၂၀၁၆
    M-Media

    asean 2

    – ပိုင်ဆိုင်မှု အငြင်းပွားမှုတွေရှိနေတဲ့ တောင်တရုတ်ပင်လယ်က တင်းမာမှုတွေ တိုးတက်လာတာနဲ့ ပတ်သက်ပြီး မိမိတို့က အလွန်အမင်း စိုးရိမ်နေတယ်လို့ အာဆီယံနိုင်ငံတွေက ပြောကြားလိုက်ပါတယ်။

    တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်အများစုကို တရုတ်က ပိုင်ဆိုင်ကြောင်း ပြောဆိုထားပြီး အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ ဗီယက်နမ်တို့ကလည်း အပြိုင်တောင်းဆိုမှုတွေ ရှိနေပါတယ်။ အငြင်းပွားရေပိုင်နက်တစ်ခုဖြစ်တဲ့ ပါရာဆယ်ကျွန်းစုအနီးမှာ တရုတ်က ဒုံးကျည်ပစ်စင်နဲ့ တိုက်လေယာဉ်တွေချထားလိုက်တဲ့အတွက် တင်းမာမှုတွေက ပိုကြီးလာပါတယ်။

    “မကြာသေးမီက ဖြစ်ပျက်ခဲ့တာတွေနဲ့ပက်သက်ပြီး ၀န်ကြီးတွေက အလွန်အမင်း စိုးရိမ်လျက်ရှိနေပါတယ်” လို့ အဖွဲ့ဝင် ၁၀ နိုင်ငံပါတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) က လာအိုမှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးများ ပုံမှန်တွေ့ဆုံမှုအပြီး ကြေညာချက်ထဲမှာ ထည့်သွင်းပြောဆိုလိုက်ပါတယ်။

    နယ်မြေပိုင်ဆိုင်လိုမှုနဲ့ အရှိန်မြင့်လာတဲ့လုပ်ဆောင်ချက်တွေက တင်းမာမှုတွေ မြင့်တက်လာစေတဲ့အပြင် ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်မှုတွေကို ထိပါးနှောက်ယှက်လာနိုင်တယ်လို့ အာဆီယံရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

    အမေရိကန်ကတော့ တရုတ်အနေနဲ့ပင်လယ်ထဲမှာ ကျွန်းတုတွေ တည်ဆောက်နေတာနဲ့ပက်သက်လို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။ လွတ်လပ်စွာ ကူးသန်းသွားလာနိုင်ခွင့်ရှိဖို့ဆိုပြီးတော့လည်း အငြင်းပွားကျွန်းတွေနဲ့ကပ်လျက်မှာ စစ်သင်္ဘောတွေကို ခုတ်မောင်းတာတွေလည်း ရှိနေပါတယ်။

    တရုတ်နိုင်ငံအနေနဲ့ တောင်တရုတ်ပင်လယ်အတွင်းမှာ စစ်ရေးပြင်ဆင်မှုတွေကို ရပ်တန့်ဖို့အတွက် တရုတ်သမ္မ ဇီဂျင်ပင်းကို အမေရိကန်က သောကြာနေ့မှာ တိုက်တွန်းခဲ့ပါတယ်။

    တရုတ်နိုင်ငံနဲ့ စီးပွားရေးဆက်ဆံမှုတွေ ကြီးထွားလာပြီး အပြန်အလှန်အားပေးထောက်ခံမှုကို အာဆီယံနိုင်ငံတွေက ချိန်ညှိနေရတဲ့အချိန် တရုတ်နိုင်ငံရဲ့ ပိုင်နက်ပိုင်ဆိုင်ကြောင်း ပြောကြားမှုက အာဆီယံနိုင်ငံတွေအတွက် အငြင်းပွားဖွယ်အဖြစ်ဆုံး ပြဿနာ ဖြစ်နေပါတယ်။ တရုတ်နိုင်ငံဟာ အာဆီယံနိုင်ငံတော်တော်များများရဲ့ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်နေပါတယ်။

    Ref : channelnewsasia

  • လိဂ်ဖလားကို ရယူချင်သည်ဟု လီဗာပူးလ်နည်းပြပြော

    လိဂ်ဖလားကို ရယူချင်သည်ဟု လီဗာပူးလ်နည်းပြပြော

    ဖေဖော်ဝါရီ ၂၈၊ ၂၀၁၆
    M-Media

    kloop

    – မိမိအနေဖြင့် လိဂ်ဖလားကို ရရှိရန်အတွက် လောဘတကြီးဖြစ်နေသည်ဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်သည်။

    လီဗာပူးလ်မှာ ယနေ့တွင် မန်စီးတီးအသင်းနှင့် လိဂ်ဖလားပွဲအဖြစ် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ မန်စီးတီးမှာ ယခုတစ်ပတ်အတွင်း ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့တွင် ဒိုင်နမိုကိဗ်အသင်းအား အနိုင်ရရှိထားသည်။ လီဗာပူးလ်အား ကိုင်တွယ်မှု ၅ လတာ ကြာမြင်ခဲ့သည့် ကလော့ပ်ကမူ အသင်းအတွက် ပထမဆုံး ဖလားကို ရယူပေးရန် မျှော်လင့်နေသည်။

    “မန်စီးတီးဟာ တစ်ခုခုဖြစ်အောင် လုပ်မှာဖြစ်ပြီး၊ မန်နျူယဲလ် ပယ်လီဂရီနီကလည်း တစ်ခုခုလုပ်ပြနိုင်ပါတယ်။ ဘောလုံးလောကဆိုတာ ဒါပါပဲ။ ဘာမှ ကံသေကံမပြောလို့မရပါဘူး။ ဒါကို လက်ခံရပါမယ်။ မန်စီးတီးဟာ အချိန်ကောင်းကို ရောက်နေပါတယ်။ ဒီပွဲဟာ ခက်ခဲတဲ့ပွဲဖြစ်မှာပါ။ ဒါပေမယ့် ကျွန်တော်က လောဘကြီးပါတယ်။ လိဂ်ဖလားကို ကျွန်တော် ရယူချင်ပါတယ်” ဟု ကလော့ပ်က ပြောကြားခဲ့သည်။

    Ref: Goal