မတ် ၃၊ ၂၀၁၆
M-Media
– မန်စီးတီးအသင်းအား မိမိတို့အနိုင်ရခဲ့သည့် ပုံစံကို ရှေ့ဆက်၍ သယ်ဆောင်ရမည်ဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်သည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့က လိဂ်ဖလားဗိုလ်လုပွဲတွင် ပင်နယ်တီဖြင့် ရှုံးနိမ့်ခဲ့သည့် မန်စီးတီးအား ယမန်နေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲတွင် လီဗာပူးလ်မှာ ခြေအသာဖြင့် ကစားနိုင်ခဲ့ပြီး လာလ်နာ၊ မီလ်နာနှင့် ဖာမီနိုတို့၏ ဂိုးများဖြင့် အနိုင်ရရှိခဲ့သည်။ ကလော့ပ်ကမူ ထိုပွဲစွမ်းဆောင်ရည်ကို ကျေနပ်နေသည်။
“ကျွန်တော်တို့ဟာ တော်တော်လေး အာရုံစူးစိုက်မှုရှိပြီး ဒါက ကျွန်တော်တို့ရဲ့ စံပုံစံ ဖြစ်ရပါမယ်။ လူတော်တော်များများကတော့ ကျွန်တော်တို့ အမြဲတမ်း ဒီလိုမကစားနိုင်ဘူးလို့ ပြောကြပါလိမ့်မယ်။ စိတ်ဝင်စားစရာမကောင်းဘူးပေါ့။ ဘောလုံးပွဲမှာ ကိုယ်ရဲ့စွမ်းအားကို ချွေတာဖို့ ဖြစ်နိုင်ချေက ဘောလုံးကို ကိုင်ထားနိုင်ဖို့ပါပဲ။ မြန်မြန်၊ အန္တရာယ်ကင်းကင်းနဲ့ ရိုးရိုးရှင်းရှင်း ကစားရင် ကိုယ့်ရဲ့စွမ်းအားကို ချွေတာနိုင်ပါတယ်။ ဒီလိုမျိုးပုံစံကို ဒုတိယပိုင်းမှာ ကျွန်တော်တို့ ကစားနိုင်ပါတယ်။ ပထမပိုင်းမှာတော့ ဒီလို မကောင်းခဲ့ပါဘူး။ အမြဲတမ်း ဒီလို ကစားနိုင်ရမယ်ဆိုရင် ကျွန်တော့်အတွေး လွန်နေမလားမသိဘူး။ ဒါပေမယ့် ကောင်လေးတွေအတွက်တော့ ဒါဟာ အရေးကြီးတဲ့ ပြယုဂ်တစ်ခုပါပဲ” ဟု ကလော့ပ်က ပြောကြားခဲ့သည်။
Ref: Goal
Leave a Reply
You must be logged in to post a comment.