News @ M-Media

Blog

  • တရုတ်၏လက်နက်တင်ပို့မှု ၂ ဆမြင့်တက်၊ မြန်မာက ထိပ်ဆုံး ၃ နိုင်ငံတွင် ပါဝင်နေ

    တရုတ်၏လက်နက်တင်ပို့မှု ၂ ဆမြင့်တက်၊ မြန်မာက ထိပ်ဆုံး ၃ နိုင်ငံတွင် ပါဝင်နေ

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၆
    M-Media

    china weapon

    – ပြီးခဲ့သည့် ၅ နှစ်အတွင်း တရုတ်နိုင်ငံ၏ လက်နက်တင်ပို့မှုမှာ ၂ ဆ မြင့်တက်လာခဲ့ပြီး၊ နောက်ဆုံးပေါ် လက်နက်ထုတ်လုပ်ရေး လုပ်ငန်းမှာလည်း တိုးတက်လာခဲ့သည်ဟု ကမ္ဘာ့စစ်ရေး တတ်သိနားလည်သူများအဖွဲ့ International Peace Research Institute (SIPRI) က ယနေ့တွင် ပြောကြားလိုက်သည်။

    ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ လက်နက်တင်သွင်းမှုမှာ အခြားနှစ်များနှင့်ယှဉ်လျှင် ၂၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ထိုအချင်းအရာက ပြည်တွင်းလက်နက်ထုတ်လုပ်မှုအပေါ် ယုံကြည်မှုပိုလာခြင်းကို ပြသနေသည်ဟု စတော့ဟုမ်းအခြေစိုက် SIPRI က ဆိုသည်။

    ထိုကာလအတွင်း လက်နက်အသေးစားများမပါဘဲ တရုတ်နိုင်ငံ၏ လက်နက်တင်ပို့မှုမှာ ၈၈ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး ကမ္ဘာ့ထိပ်တန်း လက်နက်တင်ပို့သည့် ၂ နိုင်ငံဖြစ်သော အမေရိကန်နှင့် ရုရှားထို့ထက် အလွန်အမင်း သာလွန်ခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံမှာ ပြည်တွင်းလက်နက်ထုတ်လုပ်မှုတွင်လည်း ဘီလီယံနှင့်ချီ ရင်းနှီးမြှုပ်နှံနေပြီး ၂၀၁၆ ခုနှစ်အတွက် စစ်အသုံးစားရိတ်မှာ ၈၈၆.၉ ဘီလီယံယွမ် ရှိကာ ယခင်နှစ်ကထက် ၁၀ ရာခိုင်နှုန်း တိုးတက်လာခဲ့ခြင်းဖြစ်သည်။

    ရုရှားနှင့် အမေရိကန်တို့၏ လက်နက်တင်ပို့မှုမှာ ၂၇ နှင့် ၂၈ ရာခိုင်နှုန်း အသီးသီး မြင့်တက်လာခဲ့သည်။ တရုတ်နိုင်ငံ၏ လက်နက်တင်ပို့မှုအများဆုံးနိုင်ငံများမှာ အာရှနှင့် သမုဒ္ဒရာပိုင်းနိုင်ငံများဖြစ်ပြီး ပါကစ္စတန်က ၃၅ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံမှ ရပ်တည်နေကာ ထို့နောက်တွင် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့ အစဉ်လိုက်ရှိနေသည်။

    Ref: Channelnewsasia

  • ကချင်ပြည်နယ်တွင် ဘိန်းစိုက်ပျိုးမှုဆန့်ကျင်ရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့အကြား တင်းမာမှုဖြစ်

    ကချင်ပြည်နယ်တွင် ဘိန်းစိုက်ပျိုးမှုဆန့်ကျင်ရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့အကြား တင်းမာမှုဖြစ်

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၆
    M-Media

    poppy

    – ကချင်ပြည်နယ်ရှိ ဘိန်းခင်းများကို ဖျက်ဆီးပစ်ရန် ကြိုးစားနေသည့် ခရစ်ယာန်အဖွဲ့နှင့် ရဲတပ်ဖွဲ့တို့အကြား တင်းမာမှုများ ဖြစ်ပေါ်နေသည်ဟု သိရသည်။

    ပတ်ဂျာဆန် ခရစ်ယာန်အဖွဲ့မှ အဖွဲ့ဝင်များက ၀ိုင်းမော်မြို့အပြင်ဘက်တွင် ရှိနေသည့် ဘိန်းခင်းများကို ဖျက်ဆီးရန် ကြိုးစားမှုအား ရဲတပ်ဖွဲ့က ရပ်တန့်ရန် ဆောင်ရွက်ရာမှ ထိုကဲ့သို့ ထိပ်တိုက်တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။ လယ်သမားများကမူ ဦးဆောင်သူများ ခွင့်ပြုပါက မိမိတို့အနေဖြင့် ပြန်လည်တုံ့ပြန်သွားမည်ဟု ပြောကြားခဲ့သည်။

    “ဒေသခံစစ်တပ်နဲ့ ရဲတပ်ဖွဲ့က လုံခြုံရေးအကြောင်းအရင်းကြောင့် လမ်းပိတ်ထားတုန်းပဲလို့ ကျွန်တော်တို့ကို ပြောကြားခဲ့ပါတယ်” ဟု ပတ်ဂျာဆန်အဖွဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Hpala Lum Hkawng က ပြောကြားခဲ့သည်။

    အာရှတွင် ထိပ်တန်းဘိန်းထုတ်လုပ်သည့် မြန်မာနိုင်ငံမှာ အာဖဂန်နစ္စတန်ပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယမြောက် ဘိန်းထုတ်လုပ်မှုအများဆုံး တိုင်းပြည်လည်းဖြစ်သည်။ ၁၉၉၉ ခုနှစ်တွင် မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု အမြစ်ပြတ်ရေး ၁၅ နှစ်စီမံကိန်းကို စတင်ခဲ့ပြီး ယခုအခါ ၂၀၁၉ ခုနှစ်အထိ ထပ်မံတိုးမြှင့်ထားသည်။

    Ref: BBC

  • ဆီးရီးယားရှိ အစ္စလာမ့်သမိုင်းဆိုင်ရာ နေရာများတွင် IS က အသေခံဗုံးခွဲမှုများ ပြုလုပ်၊ လူရာကျော်သေဆုံး

    ဆီးရီးယားရှိ အစ္စလာမ့်သမိုင်းဆိုင်ရာ နေရာများတွင် IS က အသေခံဗုံးခွဲမှုများ ပြုလုပ်၊ လူရာကျော်သေဆုံး

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၆
    M-Media

    damacus

    – ရှီယိုက်များက အထွတ်အမြတ်ထားပြီး အစ္စလာမ့်သမိုင်းဆိုင်ရာ အရေးပါသည့် နေရာများဖြစ်သော ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့နှင့် ဟုမ်းမြို့တို့ရှိ ဂူဗိမာန်များတွင် အသေခံဗုံးပေါက်ကွဲမှုများ ယမန်နေ့က ဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံး ၁၂၉ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    တမန်တော် မုဟမ္မဒ်သခင်၏ မြေးတော်ဖြစ်သည့် ဇိုင်နဘ်သခင်မ၏ ရုပ်ကလပ်တော် မြှုပ်နှံထားသည်ဟု ယုံကြည်ရသော ဒမတ်စတ်ရှိ ဂူဗိမာန်အနီးတွင် အသေခံ ကားဗုံးပေါက်ကွဲမှု နှစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၆၃ ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။ နာရီအနည်းငယ်ကြာပြီးနောက် ဟုမ်းမြို့ရှိ အလ်-အာရ်မန် ဒေသတွင် ကားဗုံးခွဲမှု ၂ ခု ထပ်မံ ဖြစ်ပွားကာ ၄၆ ဦး သေဆုံးခဲ့ပြီး IS အကြမ်းဖက်အဖွဲ့က ထိုဖောက်ခွဲမှု ၂ ခုစလုံးမှာ ၎င်းတို့၏ လက်ချက်ဟု ပြောကြားခဲ့သည်။

    ဆီးရီးယားပဋိပက္ခ အဆုံးသတ်ရန်အတွက် အပစ်ရပ်ရေး သဘောတူညီချက်ရရှိရေး ဆောင်ရွက်ရာတွင် တိုးတက်မှုများရှိနေသည်ဟု အမေရိကန်နှင့် ရုရှားတို့က ပြောကြားပြီး ၁ ရက်အကြာတွင် ထိုကဲ့သို့ အသေခံဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အချို့သော သတင်းရင်းမြစ်များကမူ သေဆုံးသူအရေအတွက်မှာ ထိုထက်ပို၍ မြင့်တက်လာနိုင်သည်ဟု ပြောကြားခဲ့သည်။

    ဇိုင်နဘ်သခင်မ၏ အဆိုပါ ဂူဗိမာန်အနီးတွင် ဇန်န၀ါရီလနှောင်းပိုင်းကလည်း အသေခံဗုံးခွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၇၀ သေဆုံးခဲ့ကာ IS က ၎င်းတို့၏ လက်ချက်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဘာကာတိုက်စစ်အား ထိန်းချုပ်ရန် နည်းလမ်းရှာမည်ဟု ၀င်းဂါးပြော

    ဘာကာတိုက်စစ်အား ထိန်းချုပ်ရန် နည်းလမ်းရှာမည်ဟု ၀င်းဂါးပြော

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၆
    M-Media

    baca

    – ဘာစီလိုနာအသင်း၏ တိုက်စစ်အတွဲဖြစ်သော မက်ဆီ၊ ဆွာရက်ဇ်နှင့် နေးမာတို့အား အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ချီးကျူးခဲ့ပြီး၊ ၎င်းတို့၏ ဂိုးသွင်းနိုင်စွမ်းအား တားဆီးရန် နည်းလမ်းရှာသွားမည်ဟု ပြောကြားလိုက်သည်။

    အာဆင်နယ်မှာ အင်္ဂါနေ့တွင် ဘာစီလိုနာအသင်းနှင့် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်ပွဲ ပထမအကျော့အဖြစ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အာဆင်နယ်မှာ ဘာစီလိုနာနှင့် တွေ့ဆုံခဲ့သည့် ၇ ကြိမ်တွင် တစ်ကြိမ်သာ အနိုင်ရရှိထားသည်။ ၀င်းဂါးကမူ ဘာစီလိုနာ၏တိုက်စစ်အား သတိပြုရမည်ဟု ၀န်ခံခဲ့သည်။

    “သူတို့တွေဟာ သိပ်ကိုလက်ဖျားခါလောက်တဲ့ ရဲဘော်ရဲဘက်တွေပါပဲ။ တစ်ဦးချင်းပါရမီသာမကဘဲ သူတို့ ၃ ယောက်စလုံးဟာ နားလည်မှုနဲ့ အစေးကပ်မှု ကောင်းကောင်းရှိတယ်လို့လည်း ကျွန်တော် ယုံကြည်ပါတယ်။ ပြီးတော့ သူတို့မှာ တော်တော်လေးကောင်းတဲ့ စည်းလုံးညီညွတ်မှုလည်း ရှိပါတယ်” ဟု ၀င်းဂါးက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် ဘာကာတိုက်စစ်အား ထိန်းချုပ်ရန်အတွက် နည်းလမ်းရှာမည်ဟုလည်း ဆိုသည်။

    “သူတို့တစ်ယောက်ချင်းစီဟာ ရပ်တန့်ဖို့ခက်ပါတယ်။ စုပေါင်းပြီးတော့ နည်းလမ်းတစ်ခု ရှာရပါလိမ့်မယ်”

    Ref: Goal

  • အစ္စလာမ်ကြောက်ရောဂါနှင့်ပတ်သက်၍ မင်နီဆိုတာ မွတ်စလင်များ ဆန့်ကျင်ဆန္ဒပြ

    အစ္စလာမ်ကြောက်ရောဂါနှင့်ပတ်သက်၍ မင်နီဆိုတာ မွတ်စလင်များ ဆန့်ကျင်ဆန္ဒပြ

    ဖဖော်ဝါရီ ၂၂၊ ၂၀၁၆
    M-Media

    minesota

    – မွတ်စလင်အမည်ခံ အကြမ်းဖက်သမားတွေကြောင့် အစ္စလာမ်ကြောက်ရောဂါ မြင့်တက်လာမှုကို ဆန့်ကျင်တဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စု မင်နီဆိုတာပြည်နယ်က မွတ်စလင်တွေဟာ ယမန်နေ့မှာ ချီတက်ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

    “ကျွန်တော် စိန့်လူးဝစ်မြို့မှာ ကြီးပြင်းခဲ့တာပါ၊ အခု ကျွန်တော်ကြီးပြင်းခဲ့တဲ့မြို့မှာ ကျွန်တော်ကိုယ်တိုင် လူမျိုးရေးခွဲခြားမှုကို ရင်ဆိုင်နေရပါတယ်” လို့ ဆန္ဒပြမှုမှာ ပါဝင်ခဲ့တဲ့ ဘီလာလ်မွတ်စ်တာဖာက ပြောကြားခဲ့ပါတယ်။

    မွတ်စတာဖာက ၎င်းအနေနဲ့ အာဖရိကနွယ်ဖွား အမေရိကန်တစ်ယောက်အဖြစ်ရော အစ္စလာမ်ကို ပြောင်းလဲသက်ဝင်လာသူ အနေနဲ့ပါ ခွဲခြားဆက်ဆံခံနေရတယ်လို့ ဆိုပြီး အစ္စလာမ်နဲ့ အကြမ်းဖက်မှုအကြား ဆက်နွယ်နေတယ်လို့ အထင်ရောက်နေတာကို ပြောင်းလဲပစ်ဖို့ ယခုလမ်းလျှောက်ဆန္ဒပြမှုမှာ ပါဝင်ဆင်နွှဲခဲ့တာလို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အစ္စလာမ်ကြောက်ရောဂါဆန့်ကျင်ရေး အဲဒီဆန္ဒပြမှုကို အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီ မင်နီဆိုတာဌာနခွဲက စီစဉ်ခဲ့တာဖြစ်ပါတယ်။ အဖွဲ့အစည်း ၂၆ ခု ပါဝင်ခဲ့တယ်လို့ စီစဉ်သူ ကာရင် ရှရက်ဖ်နာဂျဲလ်က ပြောကြားခဲ့ပါတယ်။ ဆန္ဒပြသူတွေကတော့ လူငယ်တွေကို တစ်သီးတစ်ခြားဖြစ်စေတဲ့ အဲဒီလို ကြောက်ရွံ့မှုတွေကို အဆုံးသတ်ဖို့ မျှော်လင့်နေကြပါတယ်။

    Ref: IINA