News @ M-Media

Blog

  • မန်ယူတွင် မျှော်လင့်သလောက် ခြေစွမ်းမပြနိုင်သေးဟု ဒီပေး ၀န်ခံ

    မန်ယူတွင် မျှော်လင့်သလောက် ခြေစွမ်းမပြနိုင်သေးဟု ဒီပေး ၀န်ခံ

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၆
    M-Media

    mamphis

    – ပရိတ်သတ်များ မျှော်လင့်ထားသည့်အတိုင်း မိမိအနေဖြင့် ခြေစွမ်းပြနိုင်ခြင်းမရှိဟု မန်ယူကွင်းလယ်လူ မန်ဖစ် ဒီပေးက ၀န်ခံပြောကြားလိုက်ပြီး မကြာခင် ပြောင်းရွှေ့ကြေးနှင့်တန်သည့် ခြေစွမ်းကို ပြသနိုင်ရန် ယုံကြည်ချက်ရှိနေသည်ဟု ဆိုသည်။

    ပီအက်စ်ဗွီအသင်းတွင် ခြေစွမ်းကောင်းများကို ပြသခဲ့သည့် အသက် ၂၂ နှစ်အရွယ် ဒီပေးမှာ မန်ယူသို့ ပြီးခဲ့သည့် နွေရာသီက ပေါင် ၂၅ သန်းဝန်းကျင်ဖြင့် ရောက်ရှိလာခဲ့သော်လည်း ပရီးမီးယားလိဂ်တွင် အခြေကျရန် ကြိုးစားနေရဆဲဖြစ်သည်။ ယခုနှစ် ပရီးမီးယားလိဂ် ပွဲ ၂၀ တွင် ဒီပေးမှာ ၁၂ ပွဲသာ ပါဝင်ကစားခွင့်ရခဲ့ပြီး ဗန်ဂါးလ်က ၎င်းထက် ဂျီစီ လင်ဂါ့ဒ်အား ပိုမို အသုံးပြုနေသည်။ ဒီပေးကလည်း ထိုအခြေအနေကို လက်ခံခဲ့သည်။

    “ကျွန်တော်သိပါတယ်။ အဲဒီအတွက် တိုက်ပွဲဝင်သွားမှာပါ။ ကျွန်တော် ကိုယ့်ကိုယ်ကို အများကြီးမျှော်လင့်ထားတာပါ။ ဒါက အရေးကြီးပါတယ်။ အသင်းက အလုပ်များနေတယ်။ ဒါ့ကြောင့် ကျွန်တော်လည်း တိုးတက်အောင် ကြိုးစားရပါမယ်။ ဘယ်တော့တိုးတက်မလဲဆိုတာကိုတော့ အတိအကျ ပြောလို့မရပါဘူး။ ဒါပေမယ့် မကြာခင် ပြန်လာမှာပါ။ ယုံကြည်ချက်က အကူအညီနဲ့ အတွေ့အကြုံကို ပေးပါတယ်။ အမှားတွေကနေ သင်ခန်းစာ ယူရမှာပါ” ဟု ဒီပေးက ပြောကြားခဲ့သည်။

    Ref: Goal

  • မလေးရှားဝန်ကြီးချုပ် ခြစားသည်ဟူသော ပြဿနာ အဆုံးမသတ်သေး

    မလေးရှားဝန်ကြီးချုပ် ခြစားသည်ဟူသော ပြဿနာ အဆုံးမသတ်သေး

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၆
    M-Media

    najib

    – ဆော်ဒီတော်ဝင်မိသားစုက မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇတ်ကို ကန်ဒေါ်လာ ၆၈၁ သန်း လက်ဆောင်ပေးအပ်ခဲ့သည်ဟူသော ကိစ္စအား သုံးသပ်ရန်နှင့် ဆက်လက်စစ်ဆေးရန်အတွက် စုံစမ်းစစ်ဆေးမှု စာရွက်စာတမ်းများကို ပြန်လည်တင်သွင်းရန် လုပ်ငန်းပိုင်းသုံးသပ်မှုအဖွဲ့ ORP က မလေးရှား ခြစားမှုတိုက်ဖျက်ရေး ကော်မရှင် MACC ကို အကြံပြုခဲ့သည်ဟု သိရသည်။

    ဆော်ဒီက ထိုကဲ့သို့ လှူဒါန်းမှူနှင့် မလေးရှားနိုင်ငံပိုင်လုပ်ငန်း 1MDB ၏ မိတ်ဖက်အဖွဲ့ဖြစ်သော SRC International က နာဂျစ်၏ ဘဏ်စာရင်းထဲသို့ ကန်ဒေါ်လာ ၉.၉ သန်း ငွေသား ထည့်ပေးမှုနှင့်ပတ်သက်၍ ပြီးခဲ့သည့်နှစ်ကတည်းက ကောလဟာလများ ထွက်ပေါ်လာခဲ့ပြီးနောက် MACC က စုံစမ်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ 1MDB လုပ်ငန်း၏ အကြံပေးဘုတ်အဖွဲ့တွင် နာဂျစ်မှာ ဥက္ကဌအဖြစ် တာဝန်ယူထားသူဖြစ်သည်။

    ထို့နောက် MACC က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ ၀န်ကြီးချုပ်မှာ မည်သည့် မှားယွင်းမှုမှ ပြုလုပ်ခြင်းမရှိဟု ရှေ့နေချုပ် အာပန်ဒီ အလီက ဆုံးဖြတ်ခဲ့ကာ အမှုကိုလည်း တစ်ပါတည်း ပိတ်ပစ်ခဲ့သည်။

    သို့သော်လည်း MACC ၏ လုပ်ငန်းများကို သုံးသပ်ဆုံးဖြတ်သည့် ORP က အဆိုပါ စုံစမ်စစ်ဆေးမှု မှတ်တမ်းများကို ပြန်လည်တင်သွင်းရန်နှင့် ပြန်လည်စစ်ဆေးရန် ယခုကဲ့သို့ အကြံပြုခဲ့ခြင်းကြောင့် ရှေ့နေချုပ်၏ ဆုံးဖြတ်မှုအပေါ် သံသယပွားစရာ ဖြစ်လာခဲ့သည်။

    ORP မှာ ထိုငွေကြေးများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှု အစိတ်အပိုင်းအဖြစ် နိုင်ငံတကာ ဘဏ္ဍာရေး အသင်းအဖွဲ့များမှ အထောက်အထားများ၊ စာရွက်စာတမ်းများ ရယူထားရာတွင် ရှေ့နေချုပ်၏ ကူညီမှုများကိုလည်း ထပ်မံစုံစမ်းရန် အကြံပြုခဲ့သည်။

    Ref: Channelnewsasia

  • ဘာစီလိုနာမှာ ချန်ပီယံလိဂ် ချန်ပီယံဘွဲ့ကို ကာကွယ်ရန် အသင့်ဖြစ်နေသည်ဟု ဆွာရက်ဇ်ြေ

    ဘာစီလိုနာမှာ ချန်ပီယံလိဂ် ချန်ပီယံဘွဲ့ကို ကာကွယ်ရန် အသင့်ဖြစ်နေသည်ဟု ဆွာရက်ဇ်ြေ

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၆
    M-Media

    baca 2

    – ကမ္ဘာ့အကောင်းဆုံး ဘာစီလိုနာအသင်းမှာ ချန်ပီယံလိဂ် လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်ရန်အတွက် အဆင်သင့်ဖြစ်နေသည်ဟု တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က ပြောကြားလိုက်သည်။

    ယနေ့မနက်က ကစားခဲ့သည့် ၁၆ သင်းအဆင့် ရှုံးထွက် ပထမကျော့တွင် ဘာစီလိုနာမှာ အာဆင်နယ်အား အဝေးကွင်း၌ ခြေအသာဖြင့်ကစားကာ ၂ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည်။ ထို့ကြောင့် နောက်ဆင့်တစ်ရေး အခြေအနေကောင်းခဲ့ပြီး ချန်ပီယံလိဂ်ဟု အမည်ပြောင်းလဲ ကျင်းပခဲ့သည့်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဖလားကို ၂ ကြိမ်ဆက်တိုက် ရရှိနိုင်ရန် အခွင့်အလမ်းကောင်းများ ပေါ်လာခဲ့ပြီဖြစ်သည်။

    “ကျွန်တော်တို့ဟာ တော်တော်လေးကို ရည်မှန်းချက်ကြီးပါတယ်။ ကျွန်တော်တို့ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးအသင်း ဖြစ်တာကြောင့် ဒီအသင်းအတွက် ဖလားတွေရဖို့၊ ဆုတွေထပ်ပေါင်းထည့်ဖို့ ကျွန်တော်တို့ ဆက်လက် ဆောင်ရွက်သွားချင်ပါတယ်။ ကျွန်တော်တို့ဟာ ဂိုးရဖို့ကိုသာ အာရုံစိုက်ဖို့ လိုအပ်တာပါ” ဟု ဆွာရက်ဇ်က ပွဲအပြီးတွင် ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် အာဆင်နယ်အသင်းမှာ ဒုတိယအကျော့တွင် ထူးခြားမှုများ ပြုလုပ်နိုင်သည့် ကစားသမားများ ရှိနေသည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • မြန်မာနိုင်ငံ မဟာကားလမ်းကွန်ယက် စီမံကိန်းအတွက် တောင်ကိုရီးယားကူညီမည်

    မြန်မာနိုင်ငံ မဟာကားလမ်းကွန်ယက် စီမံကိန်းအတွက် တောင်ကိုရီးယားကူညီမည်

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၆
    M-Media

    high

    – မြန်မာနိုင်ငံ၏ နိုင်ငံလုံးဆိုင်ရာ ကားလမ်းကွန်ယက် မဟာစီမံကိန်းကို အခြေခံကာ နောက်ထပ် နှစ် ၂၀ အတွင်း အဝေးပြေးလမ်းမများနှင့် ကားလမ်းများကို မြန်မာနှင့် တောင်ကိုရီးယားတို့ ပူးပေါင်းဖောက်လုပ်ရန် စီစဉ်နေသည်ဟု တောင်ကိုရီးယားသတင်းဌာနဖြစ်သော Yonhap က ဖော်ပြခဲ့သည်။

    အဆိုပါ မဟာစီမံကိန်းကို ကိုရီးယား နိုင်ငံတကာကော်ပိုရေးရှင်း အေဂျင်စီ KOICA မှ ငွေကြေးထောက်ပံ့ပေးခြင်းဖြစ်ပြီး Yooshin Consortium က မြန်မာအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။ အဆိုပါ ကားလမ်းကွန်ယက် ဖွံ့ဖြိုးရေးအစီအစဉ်တွင် အဝေးပြေးလမ်းနှင့် ကားလမ်း ကီလိုမီတာ ၃၄၃၇၈ ဖောက်လုပ်သွားမည်ဖြစ်သည်။

    ထို့ပြင် ကားလမ်းကွန်ယက် ဖွံ့ဖြိုးမှု၊ ကားလမ်းပိတ်မှုပြဿနာကို စီမံခန့်ခွဲမှုနှင့် ဘဏ္ဍာရေးအပါအ၀င် မဟာဗျူဟာများ၊ လမ်းညွှန်မှုများ ချမှတ်အကောင်အထည်ဖော်ခြင်းလည်း ထိုမဟာစီမံကိန်းတွင် ပါဝင်မည်ဖြစ်သည်။

    လက်ရှိ မြန်မာနိုင်ငံတွင် စီးပွားရေးမြို့တော် ရန်ကုန်နှင့် အုပ်ချုပ်ရေးမြို့တော် နေပြည်တော်သို့ ဆက်သွယ်ထားသည့် အဝေးပြေးလမ်းမ တစ်ခုတည်းသာရှိသည်။ ကျန်ရှိသည့် လမ်းမများမှာ ကောင်းမွန်ခြင်းမရှိသောကြောင့် ယခု မဟာစီမံကိန်းနှင့် ဓာတ်အားပေးစနစ်တို့မှာ နိုင်ငံ၏ အခြေခံအဆောက်အဦးကို တိုးတက်စေမည်ဖြစ်သည်။

    ကိုရီးယား ပို့ကုန်-သွင်းကုန် ဘဏ် Export-Import Bank of Korea ကလည်း ပဲခူးတိုင်းဒေသကြီးတွင် ၅၀၀ ကီလိုဗို့ ရှိမည့် ဓာတ်အား ဖြန့်ဖြူးရေး စီမံကိန်းကို အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည်။ ဆောက်လုပ်ပြီးစီးပါက ဒေသအတွင်းရှိ မြို့များတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကို လျှော့ချစေနိုင်မည်ဖြစ်သည်။

    Ref: Plenglish

  • အာဇာနည်များ၏အမည်ဖြင့် ဆော်ဒီတွင် ဗလီဝတ်ကျောင်းတော် ၂၀၀ တည်ဆောက်မည်

    အာဇာနည်များ၏အမည်ဖြင့် ဆော်ဒီတွင် ဗလီဝတ်ကျောင်းတော် ၂၀၀ တည်ဆောက်မည်

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၆
    M-Media

    saudi 7

    – ကျဆုံးသွားတဲ့ အာဇာနည်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဆော်ဒီတစ်ဝှမ်းက အိမ်ရာသစ်စီမံကိန်းတွေမှာ သူတို့ရဲ့ အမည်နဲ့ ဗလီဝတ်ကျောင်းတော် အလုံး ၂၀၀ တည်ဆောက်ဖို့ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် နအီဖ်က အမိန့်ပေးလိုက်ပါတယ်။

    ပြီးခဲ့တဲ့ ၁၄ နှစ်အတွင်း သေဆုံးခဲ့သူ အာဇာနည် ပေါင်း ၂၁၀ အတွက် ဂုဏ်ပြုသ၀ဏ်လွှာတွေကိုလည်း မင်းသားက ထုတ်ပြန်ခဲ့ပါတယ်။ နောက်ပြီး အဲဒီအာဇာနည်တွေဟာ အပြစ်မဲ့ အမျိုးသား၊ အမျိုးသမီး၊ ကလေးတွေကို တရားမဲ့စွာ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ အုပ်စုတွေကို ရင်ဆိုင်ကာ တိုင်းပြည်ကိုကာကွယ်ရင်း ကျဆုံးခဲ့သူတွေဖြစ်တယ်လို့လည်း သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အကြမ်းဖက်သမားတွေပါဝင်တဲ့ သွေဖည်သူအုပ်စုတွေဟာ တည်ငြိမ်အေးချမ်းရေးကို နှောင့်ယှက်ဖျက်ဆီးကြပြီး ညီညွတ်ရေး၊ တိုင်းပြည်တည်ငြိမ်ရေးတို့ကို ကမောက်ကမဖြစ်အောင် လုပ်သူတွေဖြစ်ကြောင်း၊ မိမိတို့တတွေ အိမ်မှာ လုံလုံခြုံခြုံနေနိုင်ပြီး ကိုယ့်မိသားစုအတွက် အနှောက်အယှက်ကင်းကင်း ပိုက်ဆံရှာနိုင်ဖို့အတွက် အဲ့ဒီအာဇာနည်သူရဲကောင်းတွေက သူတို့ရဲ့အသက်ကို စတေးခဲ့ကြတာဖြစ်ကြောင်း မင်းသား နအီဖ်က ချီးကျူးခဲ့ပါတယ်။

    အဲဒီအာဇာနည်တွေရဲ့ မျိုးချစ်စိတ်နဲ့ သူရဲကောင်းစိတ်တို့ကို ပြန်လည်အသိအမှတ်ပြုတဲ့အနေနဲ့ သူတို့ရဲ့ ကျန်ရစ်သူ မိသားစုတွေကို စောင့်ရှောက်ကြဖို့ ဆော်ဒီအစိုးရက ဘာမဆိုလုပ်ဆောင်သွားမယ်လို့ မင်းသားက ထည့်သွင်း ကတိပေးခဲ့ပါတယ်။

    “ဘုရင်ဆလ်မန်ဦးဆောင်တဲ့ ဆော်ဒီအစိုးရအဖွဲ့ဟာ ၎င်းတို့ရဲ့ အာဇာနည်ပီသမှုတို့ တန်ဖိုးထားအသိအမှတ်ပြုခဲ့ပြီး သူတို့ ငြိမ်းချမ်းစွာ မျက်စိမှိတ်နိုင်ဖို့အတွက် သက်ဆိုင်ရာမိသားစုတွေကို ထောက်ပံ့ပေးဖို့ အစီအစဉ်ရေးဆွဲခဲ့ပါတယ်”

    ဆော်ဒီအစိုးရဟာ အာဇာနည်တွေရဲ့ စွန့်လွှတ်အနစ်နာခံမှုကို တန်ဖိုးထားဂုဏ်ပြုတဲ့အနေနဲ့ ကျန်ရစ်သူမိသားစု တစ်စုစီကို ဆော်ဒီရီယဲလ် ၁ သန်းပေးဖို့လည်း အစီအစဉ်ရှိနေပါတယ်။

    Ref: Arabnews