News @ M-Media

Blog

  • ထိုင်းတွင် မြန်မာနိုင်ငံသားများ တင်ဆောင်လာသည့် ဗန်ကား တိမ်းမှောက်၊ ၁ ဦးသေ၊ ၁၅ ဦးဒဏ်ရာရ

    ထိုင်းတွင် မြန်မာနိုင်ငံသားများ တင်ဆောင်လာသည့် ဗန်ကား တိမ်းမှောက်၊ ၁ ဦးသေ၊ ၁၅ ဦးဒဏ်ရာရ

    ဖေဖော်ဝါရီ ၁၉၊ ၂၀၁၆
    M-Media

    thai 3

    – ထိုင်းနိုင်ငံ ဖူးခက်မှ မဲဆောက်သို့ သွားရောက်သည့် ဗန်ကားတစ်စီးမှာ ဆူဖန်ဘူရီပြည်နယ် မူအန်ခရိုင်၌ ယနေ့တွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့သောကြောင့် မြန်မာနိုင်ငံသားတစ်ဦး သေဆုံးခဲ့ပြီး အခြား ၁၄ ဦးမှာ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    အဆိုပါဗန်ကားမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၁၅ ဦးနှင့် လသားအရွယ် ကလေးငယ်တစ်ဦးကို တင်ဆောင်လာခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူများတွင် ထိုကလေးငယ်လည်း ပါဝင်ခဲ့သည်။ ကားမှာ လမ်းဘေးရှိ သစ်ပင်ကို ၀င်တိုက်မိခဲ့ခြင်းဖြစ်သည်။

    သေဆုံးသွားသူမှာ အသက် ၄၂ နှစ်ရွယ်ရှိ အမျိုးသမီးတစ်ဦးဖြစ်ပြီး ဒဏ်ရာရရှိသူများတွင် ကလေးငယ်အပါအ၀င် ၈ ဦးမှာ ပြင်းထန်ကာ နီးစပ်ရာဆေးရုံသို အလျင်အမြန် ပို့ဆောင်ပေးခဲ့သည်ဟု ထိုင်းမီဒီယာများက ဖော်ပြခဲ့သည်။

    ရဲတပ်ဖွဲ့ကမူ အဆိုပါရွှေ့ပြောင်းလုပ်သားများမှာ ဖူးခက်တွင် တရားဝင် အလုပ်လုပ်နေသူများဖြစ်ပြီး မြန်မာနိုင်ငံသို့ ပြန်လာရန်အတွက် အသက် ၅၈ နှစ်အရွယ် ထိုင်းနိုင်ငံသားတစ်ဦး၏ ဗန်ကားကို ငှားကာ မဲဆောက်သို့ သွားရောက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ကားအား အရှိန်ဖြင့်မောင်းနှင်စဉ် ယာဉ်မောင်းမှာ အိပ်ငိုက်သွားသောကြောင့် ထိုကဲ့သို့ မတော်တဆ ဖြစ်ရခြင်းဖြစ်မည်ဟု ရဲတပ်ဖွဲ့က ယုံကြည်နေပြီး အသက်ရှင်ကျန်ရစ်သူများကို စုံစမ်းမေးမြန်းသွားမည်ဟု ဆိုသည်။

    Ref: Bangkokpost

  • ပါလက်စတိုင်းတွင် ပထမဆုံး ကလေးကစားကွင်း ဖွင့်လှစ်

    ပါလက်စတိုင်းတွင် ပထမဆုံး ကလေးကစားကွင်း ဖွင့်လှစ်

    ဖေဖော်ဝါရီ ၁၉၊ ၂၀၁၆
    M-Media

    pales 3

    – ပါလက်စတိုင်းဒုက္ခသည်တွေကို ကူညီကယ်ဆယ်ရေးတွေ လုပ်ပေးနေတဲ့ ကုလသမဂ္ဂက UNRWA အဖွဲ့နဲ့ အောက်ခြေလူတန်းစားအခြပြု ယဉ်ကျေးမှုစင်တာ Lajee Center တို့ ပူးပေါင်းပြီး ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက ဘက်သလီဟမ်မှာ ပထမဆုံး ကလေးကစားကွင်းတစ်ခု ဖွင့်လှစ်လိုက်တယ်လို့ သိရပါတယ်။

    အဲဒီကစားကွင်းဟာ အိုင်ဒါဒုက္ခသည်စခန်းမှာ ဖွင့်လှစ်လိုက်တာဖြစ်ပြီး ဘောလုံးကွင်းတစ်ကွင်းနဲ့ ကလေးကစားကွင်းတစ်ခုတို့ ပါဝင်ပါတယ်။

    “ယနေ့ဖွင့်လှစ်လိုက်တဲ့ ဘောလုံးကွင်းနဲ့ ကစားကွင်းတို့ဟာ အိုက်ဒါ ဒုက္ခသည်စခန်းမှာရှိတဲ့ ကလေးငယ်တွေရဲ့ ကျန်းမာသန်စွမ်းမှုအတွက် အင်မတန်အရေးကြီးလှပါတယ်။ ပါလက်စတိုင်းပြည်သူတွေ၊ နိုင်ငံတကာ မိတ်ဖက်တွေနဲ့ ပူးပေါင်းပြီး ဒုက္ခသုက္ခတွေ ခံစားနေရတဲ့ ကလေးငယ်တွေကို ဆက်လက် ထောက်ပံ့ကူညီသွားမှာ ဖြစ်ပါတယ်” လို့ UNRWA မဟာမင်းကြီး ပီယာရီ ခရန်ဘူးလ်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

    အသစ်ဖွင့်လှစ်လိုက်တဲ့နေရာတွေကို ဖန်တီးပေးဖို့အတွက် ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးရေးနှင့် အားကစားဆိုင်ရာ ကုလသမဂ္ဂရုံးကလည်း ကူညီထောက်ပံ့ခဲ့ပါတယ်။ အဲဒီကစားကွင်းတွေဟာ အိုက်ဒါစခန်းမှာရှိတဲ့ ကလေးငယ်တွေကို စိန်ခေါ်မှုအလွန်များတဲ့ ပတ်ဝန်းကျင်မှာ ဆော့ကစားနိုင်တဲ့ ရှားပါးအခွင့်အရေးတွေကို ပေးနိုင်ပါလိမ့်မယ်။

    UNRWA ရဲ့ အနောက်ဖက်ကမ်းက လုပ်ငန်းပိုင်းဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်တဲ့ ဖီလီပီ ဆန်းချက်ဇ်ကတော့ ဒီ ကစားကွင်းဟာ အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုအောက်မှာ ထိခိုက်ခံစားနေရတဲ့ ဒုက္ခသည်ကလေးတွေကို ကစားဖို့၊ ပျော်ရွင်စေဖို့နဲ့ သူတို့ရဲ့ နေ့စဉ်ဒုက္ခတွေကို ခဏတာ မေ့ပစ်နိုင်ဖို့ အေးချမ်းရာနေရာလေး ဖြစ်စေမယ်လို့ ပြောကြားခဲ့ပါတယ်။

    အစ္စရေးလုံခြုံရေးတပ်တွေနဲ့ ပါလက်စတိုင်း ပြည်သူတွေအကြား နေ့စဉ်နီးပါး ထိပ်တိုက်ဖြစ်နေကြပြီး အိုက်ဒါဒုက္ခစခန်းထဲမှာရော ပတ်ပတ်လည်မှာပါ အကြမ်းဖက်မှုတွေ တိုးမြင့်လာပြီးနောက်ပိုင်း ယခုလို ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါတယ်။

    ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁ရက်မှ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်အတွင်း အိုက်ဒါစခန်းမှာ အစ္စရေးတပ်ဖွဲ့တွေရဲ့ စီးနင်းတိုက်ခိုက်မှုပေါင်း ၉၃ ခုကို UNRWA က မှတ်တမ်းတင်နိုင်ခဲ့ပြီး၊ အရွယ်မရောက်သေးတဲ့ ကလေးငယ် ၆၁ ယောက်အပါအ၀င် ပါလက်စတိုင်းဒုက္ခသည် ၅၁၂ ယောက်ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ခဲ့ပါတယ်။

    Ref: IINA

  • လိင်တူချစ်သူများကို ဝေဖန်မှုကြောင့် Nike က ပက်ကွီအိုနှင့် စပွန်ဆာ ဖျက်သိမ်း

    လိင်တူချစ်သူများကို ဝေဖန်မှုကြောင့် Nike က ပက်ကွီအိုနှင့် စပွန်ဆာ ဖျက်သိမ်း

    ဖေဖော်ဝါရီ ၁၉၊ ၂၀၁၆
    M-Media

    paquio

    – လိင်တူချစ်သူများအား ဝေဖန်သည့် မှတ်ချက်ကြောင့် ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအိုအား နာမည်ကျော် အားကစား ပစ္စည်းကုမ္ပဏီ Nike က စပွန်ဆာ ရုပ်သိမ်းလိုက်သည်ဟု သိရသည်။

    မေလတွင်ကျင်းပပြုလုပ်မည့် ဖိလစ်ပိုင်ရွေးကောက်ပွဲတွင် အထက်လွှတ်တော် အမတ်နေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်မည့် ပက်ကွီအိုက လိင်တူချစ်သူများမှာ တိရစ္ဆာန်ထက် ဆိုးရွားသည်ဟု မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။ ထိုမှတ်ချက်ကြောင့် ပရိတ်သတ်များ ဆုံးရှုံးမှုကို ခံရနိုင်ဖွယ်ရှိနေပြီး Nike ကလည်း ၎င်းတို့ စပွန်ဆာ စာချုပ်ကို ဖျက်သိမ်းခဲ့သည်။

    ပက်ကွီအိုမှာ ပြီးခဲ့သည့်နှစ်က စပွန်ဆာများမှ ၀င်ငွေ ၁၂ သန်းရရှိခဲ့ပြီး ထိုအထဲတွင် Nike က အဓိက စပွန်ဆာဖြစ်မည်ဟု ယုံကြည်ရသည်။ ယခုကဲ့သို့ စာချုပ်ဖျက်သိမ်းလိုက်သော်လည်း ယခုနှစ်အတွက် ဒေါ်လာ ၁ သန်းခန့် ရရှိမည်ဖြစ်သည်။ Nike မှာ ယခင်ကလည်း ထိုကဲ့သို့ နာမည်ကျော် အားကစားသမားများကို စပွန်ဆာစာချုပ် ဖျက်သိမ်းမှုများ ရှိခဲ့သည်။

    ပက်ကွီအိုမှာ လာမည့်ဧပြီလတွင် အမေရိကန် ဘောက်ဆင်သမား ဘရက်ဒလေနှင့် ထိုးသတ်မည်ဖြစ်ပြီး ထိုပွဲမှာ ၎င်း၏ နောက်ဆုံးပွဲဖြစ်မည်ဟု ကြေငြာထားသည်။ သို့သော်လည်း အနားယူသွားခဲ့သည့် မေ၀ယ်သာ ပြန်လည်ထိုးသတ်မည်ဆိုပါက မိမိအနေဖြင့် မကျေပွဲ ပြန်နွှဲချင်သည်ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြောကြားခဲ့သည်။

    Ref: Dailymail

  • ဒေါ်နယ်ထရမ့်၏ ခရစ်ယာန်အယူဝါဒကို ပုပ်ရဟန်းမင်းကြီး မေးခွန်းထုတ်

    ဒေါ်နယ်ထရမ့်၏ ခရစ်ယာန်အယူဝါဒကို ပုပ်ရဟန်းမင်းကြီး မေးခွန်းထုတ်

    ဖေဖော်ဝါရီ ၁၉၊ ၂၀၁၆
    M-Media

    pope 2

    – ယခုနှစ်အတွင်း ကျင်းပမည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ရီပက်ဘလစ်ကန်ပါတီ ကိုယ်စားပြုကာ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဟု တစ်ပြေးနေသည့် သန်းကြွယ်သူဌေးကြီး ဒေါ်နယ်ထရမ့်အား ပုပ်ရဟန်မင်းကြီး ဖရန်စစ်က ဝေဖန်လိုက်ပြီး ၎င်း၏ ခရစ်ယာန်အယူဝါဒအတွက်လည်း မေးခွန်းထုတ်လိုက်သည်။

    ဒေါ်နယ်ထရမ့်မှာ နိုင်ငံအတွင်းရှိ မက္ကဆီကန်များ၊ လူမည်းများ၊ မသန်စွမ်းသူများနှင့် မွတ်စလင်များကို လူမျိုးရေး ခွဲခြားစော်ကားမှုများ ပြုလုပ်ခဲ့ပြီး ၎င်းသမ္မတဖြစ်ပါက အထောက်အထားမရှိသည့် ပြောင်းရွှေ့အခြေချသူများကို နယ်နှင်ဒဏ်ပေးမည်ဟု ပြောကြားခဲ့သည်။

    မက္ကဆီကိုသို့ ၅ ရက်ကြာ အလည်အပတ်ခရီး အဆုံးသတ်ခဲ့ပြီးနောက် ကြာသာပတေးနေ့က ပြုလုပ်ခဲ့သည့် သတင်းထောက်များနှင့်တွေ့ဆုံပွဲတွင် ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ထရမ့်ကိုရည်ညွှန်း၍ “ပေါင်းကူးတံတားဆောက်ပေးဖို့ မဟုတ်ဘဲ တံတိုင်းကာဖို့သာ စဉ်းစားနေတဲ့ လူမျိုးဟာ ခရစ်ယာန်တစ်ယောက် မဟုတ်နိုင်ပါဘူး” ဟု ပြောကြားခဲ့သည်။

    “သူကို မဲပေးပေး၊ မပေးပေး ကျွန်တော်က ၀င်စွက်မှာမဟုတ်ပါဘူး။ တကယ်လို့ သူက ဒီလိုတွေပြောတယ်ဆိုရင် အဲဒီလူက ခရစ်ယာန်မဟုတ်ပါဘူး” ဟု ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့သည်။

    ထရမ့်ကမူ ဖရန်စစ်၏ ထိုမှတ်ချက်အား Facebook စာမျက်နှာမှတစ်ဆင့် ပြန်လည်တုန့်ပြန်ပြောဆိုခဲ့သည်။

    “ဘယ်ခေါင်းဆောင်မှ – အထူးသဖြင့် ဘယ်ဘာသာရေးခေါင်းဆောင်မှ အခြားသူတစ်ဦးတစ်ယောက်ရဲ့ ဘာသာတရား၊ ယုံကြည်ချက်ကို မေးခွန်းထုတ်လို့ မရပါဘူး။ ကျွန်တော်ဟာ ခရစ်ယာန်ဖြစ်ရတာကို ဂုဏ်ယူပါတယ်။ ခရစ်ယာန်သာသနာ တိုက်ခိုက်ခံရမှာ၊ အားနည်းသွားမှာကို ကျွန်တော် ခွင့်မပြုနိုင်ပါဘူး” ဟု ဒေါ်နယ်ထရမ့်က ရေးသားခဲ့သည်။

    ထို့ပြင် IS အဖွဲ့က ဗာတီကန်ကို တိုက်ခိုက်ခံရမည့်အခြေအနေမျိုး ဖြစ်သည့်အချိန်မှ ဖရန်စစ်မှာ “ဒေါ်နယ်ထရမ့် သမ္မတဖြစ်ပါက ကောင်းလေစွ” ဟု ဆုတောင်းမည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

    Ref: Aljazeera

  • IS မှာ အစ္စလာမ်မှ သွေဖည်သည့်အဖွဲ့သာဖြစ်သည်ဟု ထင်ရှားသည့် ဗြိတိန်မွတ်စလင်များပြော

    IS မှာ အစ္စလာမ်မှ သွေဖည်သည့်အဖွဲ့သာဖြစ်သည်ဟု ထင်ရှားသည့် ဗြိတိန်မွတ်စလင်များပြော

    ဖေဖော်ဝါရီ ၁၉၊ ၂၀၁၆
    M-Media

    uk muslim

    – နယ်ပယ်ပေါင်းစုံက ထင်ရှားတဲ့ကျော်ကြားတဲ့ ဗြိတိန်မွတ်စလင်အားလုံးနီးပါးက IS အဖွဲ့ဟာ မွတ်စလင်လူထုကြီးရဲ့ အမြင်တွေ၊ ကျင့်သုံးမှုတွေကို ကိုယ်စားမပြုဘဲ သွေဖည်တဲ့ အုပ်စုဖြစ်တယ်လို့ တစ်ညီတစ်ညွတ်တည်း ပြောကြားခဲ့ကြောင်း စစ်တမ်းကောက်ယူမှုအရ သိရပါတယ်။

    အဲဒီစစ်တမ်းကို 5Pillars အစ္စလာမ့်မစ်ဖိုရမ်က ကောက်ယူကာ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ထင်ရှားပေါက်ရောက်တဲ့ ဗြိတိန်မွတ်စလင် ၉၀ ရာနှုန်းကျော်က အရပ်သားတွေကို သတ်ဖြတ်နေခြင်းဟာ အစ္စလာမ်ရဲ့ သွန်သင်မှုနဲ့ မညီညွတ်ဘူးလို့ ပြောခဲ့ကြပါတယ်။

    နောက်ပြီး အစ္စလာမ်မှာ တိုက်တွန်းထားတာက မည်သည့်ဘာသာဝင်ဖြစ်စေ၊ မည်သည့် လူ့အသိုင်းအ၀ိုင်းကဖြစ်စေ၊ မည်သည့် လူမျိုး သို့မဟုတ် မည်သည့်အခြေအနေမှာဖြစ်စေ မေတ္တာနဲ့ တရားမျှတမှု လက်ကိုင်ပြုထားရမယ်လို့သာ ဆုံးမထားတယ်လို့ စစ်တမ်းကောက်ယူခံရတဲ့ မွတ်စလင်တွေက ပြောကြားခဲ့ကြပါတယ်။

    ဒီစစ်တမ်းကောက်ယူမှုရဲ့ ရည်ရွယ်ချက်က အစ္စလာမ့်ရဲ့ စံသင်ကြားမှုတွေကို ထွန်းကားစေဖို့ ရည်ရွယ်တာဖြစ်ပြီး ရှေ့ဆောင်အီမာမ်တွေ၊ မွတ်စလင်ပညာရှင်တွေ၊ ဆရာဝန်တွေ၊ ရှေ့နေတွေ၊ ဂျာနယ်လစ်တွေနဲ့ ဘလော့ဂ်ဂါတွေက ပါဝင် ဖြေကြားခဲ့ကြပါတယ်။

    နောက်ပြီး အစ္စလာမ်သာသနာမှာ အတင်းအကြပ်ထိမ်းမြားတာ၊ အတင်းအကြပ် ဘာသာကူးပြောင်းစေတာ၊ လူမျိုးရေးခွဲခြားတာတွေကို လက်မခံဘူးလို့လည်း သူတို့တွေက ဖြေကြားခဲ့ကြပါတယ်။

    စစ်တမ်းကောက်ယူသူတွေကတော့ ဒီရလဒ်တွေကို နိုင်ငံရေးသမားတွေ၊ မီဒီယာတွေက အသုံးပြုပြီး မွတ်စလင်လူထုကြီးက ယုံကြည်လက်ခံထားတဲ့ အစ္စလာမ့်သဘောတရားတွေအပေါ်မှာ ပိုမိုနားလည်မှု ရရှိစေဖို့အတွက် ဆောင်ရွက်နိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဗြိတိန်နိုင်ငံမှာ မွတ်စလင်တွေအပေါ် အလယ်အလတ်သမား၊ လစ်ဘရယ်သမား၊ ပြုပြင်ပြောင်းလဲရေးသမား၊ ရှေးရိုးစွဲဝါဒီများ၊ အစွန်းရောက်များ၊ အစ္စလာမ့်ဝါဒီများ စသဖြင့် စုံနေအောင် တံဆိပ်ကပ်ကြပါတယ်။ ဒါဟာ မွတ်စလင်လူ့အဖွဲ့အစည်းအတွင်းမှာရော၊ ဗြိတိန်ရဲ့ မွတ်စလင်ဟုတ်တဲ့ ပြည်သူလူထုအတွင်းမှာပါ သွေးကွဲမှုတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီလေ့လာမှုကို လုပ်တဲ့ ရည်ရွယ်ချက်ကို မီဒီယာတွေ၊ ပညာရှင်တွေနဲ့ ပေါ်လစီရေးဆွဲသူတွေအတွက် ‘စံ အစ္စလာမ်’ ဆိုတာ ဘာလဲလို့ ဆန်းစစ်ကြတဲ့အခါ ခိုင်မာတဲ့ အထောက်အထား ပေးအပ်နိုင်ဖို့ ဖြစ်ပါတယ်။ ” လို့ အဲဒီ စစ်တမ်းကောက်ယူမှုရလဒ်မှာ ဖော်ပြထားပါတယ်။

    ဗြိတိန်အပါအ၀င် ဥရောပတစ်ဝှမ်း၊ အစ္စလာမ်ကမ္ဘာနဲ့ ကမ္ဘာ့နိုင်ငံတွေက မွတ်စလင်တွေရဲ့ IS အကြမ်းဖက်အဖွဲ့အပေါ် သဘောထားအမြင်တွေကို စစ်တမ်းကောက်ယူမှုတွေ ပြုလုပ်လျက်ရှိနေရာမှာ မွတ်စလင်လူထုကြီးက အဲဒီအကြမ်း ဖက်အဖွဲ့ဟာ အစ္စလာမ်နဲ့မဆိုင်သလို၊ အစ္စလာမ်သာသနာကို အလွဲသုံးစားလုပ်နေတဲ့အဖွဲ့အဖြစ် တစ်ညီတစ်ညွတ်တည်း ဖြေကြားခဲ့ကြပါတယ်။

    Ref: IINA