News @ M-Media

Blog

  • နမ့်ဆန်မြို့ မီဘေးသင့်သူများသို့ မန္တလေးမှ မွတ်စလင်များ သိန်း ၇၀၀ ကျော် လှူဒါန်း

    နမ့်ဆန်မြို့ မီဘေးသင့်သူများသို့ မန္တလေးမှ မွတ်စလင်များ သိန်း ၇၀၀ ကျော် လှူဒါန်း

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၆
    M-Media
    သတင်း-အောင်သူရ
    .12745457_939620232791224_5563242084711682771_n
    – ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့ရှိ မီးဘေးသင့်ပြည်သူများ အတွက် မန္တလေးမြို့ “အစ္စလာမ်ဘာသာ လူမှုရေးအဖွဲ့ မှ” ကျပ်သိန်း ၇၁၀ ကျော် လှူဒါန်းခဲ့သည်ဟု သိရသည်။
    .
    ဖေဖော်ဝါရီ ၁၆ ရက်နေ့ (ယနေ့)တွင် သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး မီးဘေးသင့်ပြည်သူများ ပညာရေးအတွက် သိန်း ၃၀၊ ကျန်းမာရေး အတွက် သိန်း ၃၀၊ တစ်အိမ်ထောင်လျှင် ၂၂၅,၀၀၀ ကျပ်စီဖြင့် ငွေကျပ် (၆၅,၉၂၅,၀၀၀) စုစုပေါင်း လှူဒါန်းငွေ တန်ဖိုး ကျပ် (၇၁,၉၂၅,၀၀၀) ရှိခဲ့သည်။
    .
    ထို့ပြင် ငွေကျပ် သုံးသိန်း တန်ဖိုးရှိ ဆေးဖာ ၃ ဖာကိုလည်း မီးဘေးသင့်ပြည်သူများသို့ ပေးအပ်ခဲ့သည်။ မန္တလေးမြို့ အစ္စလာမ်ဘာသာ လူမှုရေးအဖွဲ့က ထိုကဲ့သို့ လှူဒါန်းနိုင်ရန် အတွက် ဗလီဝတ်ကျောင်းတော်များ၊ မွတ်စလင်အဖွဲ့အစည်းများက အလှူငွေ ကောက်ခံပေးခဲ့ခြင်းဖြစ်သည်။

    12742362_939620026124578_8322576254367471908_n
    .
    “လူသားချင်းစာနာမှုပေါ့နော်။ ဟိုမှာ ဒုက္ခအကြီးအကျယ်ရောက်နေတယ်။ ကျွန်တော်တို့ဘက်က ရောက်သွားနိုင်တယ်။ သူ့တို့လက်ထဲကိုလည်း တကယ် ထိထိရောက်ရှိမယ့် ပမာဏ ထည့်ပေးခဲ့တယ်။ အားလုံး အဆင်ပြေအောင် လုပ်ပေးနိုင်ခဲ့တယ်။ အဲဒီအတွက် ဖြစ်ရတဲ့ ပီတိကို ဘယ်လိုမှ ဖော်ပြလို့မရပါဘူး” ဟု အစ္စလာမ်ဘာသာ လူမှုရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဟာဂျီ ကိုစိန်လင်းက M-Media သို့ ပြောကြားခဲ့သည်။
    .
    ထို့ပြင် နမ့်ဆန် မီးဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေး လုပ်ငန်းအတွက်လည်း ထပ်မံ လှူဒါန်းရန် အစီအစဉ် ရှိနေသေးသည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    .
    မန္တလေးရှိ မွတ်စလင်အဖွဲ့အစည်းများ၊ ဗလီဝတ်ကျောင်းတော်များ ပူးပေါင်းဖွဲ့စည်းထားသည့် အဆိုပါ “အစ္စလာမ်ဘာသာ လူမှုရေးအဖွဲ့” မှာ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခိုက်ပြီးကတည်းက လူမျိုးဘာသာ မခွဲခြားဘဲ လူမှုကူညီရေးလုပ်ငန်းများကို လုပ်ဆောင်နေသည့် အဖွဲ့ဖြစ်သည်။

    01

  • ရေနံထုတ်လုပ်မှုလျှော့ချရန် ရုရှားနှင့် ဆော်ဒီတို့ သဘောတူ

    ရေနံထုတ်လုပ်မှုလျှော့ချရန် ရုရှားနှင့် ဆော်ဒီတို့ သဘောတူ

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၆
    M-Media

    Oil 3

    – ကမ္ဘာ့အကြီးဆုံး ရေနံထုတ်လုပ်သူ ၂ နိုင်ငံဖြစ်သော ဆော်ဒီနှင့် ရုရှားတို့မှာ ရေနံထုတ်လုပ်မှုကို တိုးမြှင့်ခြင်းမပြုရန်အတွက် သဘောတူညီခဲ့ရသည်ဟု သိရသည်။

    ၂၀၁၄ ခုနှစ်မှစ၍ ၇၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပြီးနောက် ဗင်နီဇွဲလားနှင့် နိုက်ဂျီးရီးယားတို့ကဲ့သို့ အိုပက်အဖွဲ့ဝင် နိုင်ငံများမှာ အရေးပေါ်အစည်းဝေးခေါ်ရန် တိုက်တွန်းခဲ့ပြီး ယနေ့တွင် ရုရှားနှင့် ဆော်ဒီတို့ပါအ၀င် ဆွေးနွေးမှုများ ပြု လုပ်ခဲ့ကာ ထိုကဲ့သို့ ရလဒ် ထွက်ပေါ်လာခြင်းဖြစ်သည်။

    အစည်းဝေးအပြီးနောက် ရုရှားစွမ်းအင်ဝန်ကြီး အလက်ဆန်ဒါ နိုဗက်နှင့် ဆော်ဒီ ရေနံဝန်ကြီး အလီ အလ်-နိုင်မီတို့က ဇန်န၀ါရီလတွင် ထုတ်လုပ်ခဲ့သည့် ပမာဏလောက်အထိရောက်အောင် လျှော့ချရန်သာ လိုအပ်မည်ဖြစ်ပြီး မိမိတို့အနေဖြင့် ၀ယ်သူများ၏ တောင်းဆိုမှုကို ဖြည့်ဆည်းပေးချင်သည်ဟု ပြောကြားခဲ့သည်။

    ဆော်ဒီကမူ စောစောပိုင်းက အဓိကရေနံထုတ်လုပ်သည့်အခြားနိုင်ငံများ ရေနံထုတ်လုပ်မှုကို မလျှော့ချပါက မိမိတို့လည်း လျှော့ချမည်မဟုတ်ဟု ပြောကြားခဲ့သည်။ ရုရှားကလည်း အခြားနိုင်ငံများက ပါဝင်မည်ဆိုလျှင် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

    Ref: RT

  • မန္တလေးမြို့တွင် မွတ်စလင်မ် သက်ကြီး ဆရာဝန်များ ဂုဏ်ပြုပွဲနှင့် မောင်မယ်သစ်လွင် ကြိုဆိုပွဲ ကျင်းပ

    မန္တလေးမြို့တွင် မွတ်စလင်မ် သက်ကြီး ဆရာဝန်များ ဂုဏ်ပြုပွဲနှင့် မောင်မယ်သစ်လွင် ကြိုဆိုပွဲ ကျင်းပ

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၆
    M-Media
    သတင်း-ဖြူလေး

    12744075_1099939043370970_9168449193925430582_n
    ဓါတ်ပုံ – ခင်မောင်ထွန်း (Mdy)

    မန္တလေး။     ။ Muslim Medical Family (မန္တလေး) မှ ဦးဆောင်၍ နှစ်စဉ် ကျင်းပသည့်  မန္တလေးမြို့မှ မွတ်စလင်မ် သက်ကြီး ဆရာဝန်များအား ဂုဏ်ပြုပွဲ၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ထူးချွန်ကျောင်းသားများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို မန္တလေးမြို့ ပန်းသေးဗလီ ခန်းမတွင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ပြုလုပ်ကျင်းပခဲ့ကြပါတယ်။

    အဆိုပါ အခမ်းအနားတွင် သက်ကြီး ဆရာဝန်ကြီးများ၊ ဆေးတက္ကသိုလ်၊ သွားဆေး တက္ကသိုလ်၊ဆေးဝါးကျွမ်းကျင်၊ ဆေးဘက်ဆိုင်ရာ၊ သူနာပြု တက္ကသိုလ် အစရှိသည့် ဆေးနှင့် ပတ်သက်သည့် တက္ကသိုလ်အသီးသီးက ကျောင်းသား ကျောင်းသူများ ၊ဆေးကုမ္ပဏီများမှ ဧည့်သည်တော်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း ၁၀၀ကျော်ခန် တက်ရောက်ခဲ့ကြပါတယ်။

    ရှေးဦးစွာ  ကုရ်အာန်ကျမ်းစာ ရွတ်ဖတ်ကာ အခမ်းအနားကို ဖွင့်လှစ်ပြီး သက်ကြီးဆရာဝန်ကြီးများနှင့် ဧည့်သည်တော်များမှ မိတ်ဆက်ခြင်း၊ ပထမနှစ်မောင်မယ်သစ်လွင်များမှ မိတ်ဆက်ခြင်း၊ နောက်ဆုံးနှစ် ကျောင်းသားသူများမှ မိတ်ဆက်ခြင်းကြပါတယ်။

    12734153_1099938933370981_6354479919765110836_n
    ဓါတ်ပုံ – ခင်မောင်ထွန်း (Mdy)

    သက်ကြီးဆရာဝန်များကိုလည်း မျိုးဆက်သစ် ဆရာဝန်လောင်းများက ပြန်လည်ပြီး ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်းလည်း သိရပါတယ်။။ ဆရာဝန်ကြီးများမှလည်း အနာဂတ်ဆရာဝန်လောင်းများကို အမှတ်တရ ဂုဏ်ပြုစကားများ ပြောဆိုခဲ့ကြပါတယ်။

    အဲဒီနောက် သက်ကြီးဆရာဝန်များကိုယ်စား အရေပြားအထူးကုဆရာဝန်ကြီး ဒေါက်တာနူရ်းစလင်းမှ အမှာစကားပြောကြားပြီးနောက်  နှလုံးအထူးကု ဆရာဝန်ကြီး ဒေါက်တာ ခင်မောင်ထွေးမှ အသင်း၏ လုပ်ငန်းစဉ်များကို ဆွေးနွေး တင်ပြခြင်း၊ ဆေးတက္ကသိုလ် Final part 2 မှ ကိုရှင်းသန့်မှ အသင်း၏ လုပ်ငန်းဆောင်တာများကို တင်ပြခဲ့ပါတယ်။

    ယခုကဲ့သို့ အခမ်းအနားမျိုး ကျင်းပရခြင်းနှင့် ပတ်သက်ပြီး EC တစ်ဦးဖြစ်သူ ကိုမိုးကိုကိုလွင်က “ဒီဆေးလောကမှပေါ့ လူကြီးတွေကနေ အငယ်တွေအထိ တစ်ဦးနဲ့တစ်ဦး သိနေစေဖို့အတွက်ရယ် လူကြီး လူငယ်အချင်းချင်း ရင်းနှီးချစ်ကြည်စေဖို့အတွက် ရည်ရွယ်ပြီး ပြုလုပ်ရခြင်းဖြစ်ပါတယ်။ ကိုယ့်မြို့မဟုတ်တဲ့ တခြားတစ်မြို့ကို ရောက်သွားရင်လည်း အချင်းချင်းသိနေကြပြီးတော့ လိုအပ်ချက်တွေကို အကူအညီရဖို့အတွက်လည်း ရည်ရွယ်ပါတယ်” M-Media ကိုပြောပါတယ်။

    အစီအစဉ် ဒုတိယအပိုင်းအနေဖြင့်  မောင်မယ်သစ်လွင်ကြိုဆိုပွဲ  ပျော်ရွှင်ဖွယ် အစီအစဉ်များကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရှိရပါတယ်။

  • တရုတ်-မြန်မာ ကုန်သွယ်မှု ၁၀ လအတွင်း ဒေါ်လာ ၉ ဘီလီယံကျော်ရှိ

    တရုတ်-မြန်မာ ကုန်သွယ်မှု ၁၀ လအတွင်း ဒေါ်လာ ၉ ဘီလီယံကျော်ရှိ

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၆
    M-Media

    china 4

    – ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ပထမ ၁၀ လ (ဧပြီလမှ ဇန်န၀ါရီ) အထိ တရုတ်-မြန်မာ နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှုတန်ဖိုးမှာ ကန်ဒေါ်လာ ၉.၄ ဘီလီယံရှိခဲ့သည်ဟု တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    မြန်မာနိုင်ငံ၏ အဓိက ပို့ကုန်များမှာ သဘာဝဓာတ်ငွေ့နှင့် လယ်ယာထွက်ကုန်များဖြစ်ပြီး၊ တရုတ်နိုင်ငံမှ အဓိကသွင်းကုန်မှာ စက်မှုထုတ်ကုန်များနှင့် အခြား ကုန်စည်ပစ္စည်းများဖြစ်သည်။ တရားဝင် ကိန်းဂဏန်းများအရ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အတွင်း တရုတ်-မြန်မာ ကုန်သွယ်မှုတန်ဖိုးမှာ ၁၀ ဘီလီယံကျော်ခဲ့သည်။

    ထိုပမာဏတွင် တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံက တင်ပို့မှုမှာ ကန်ဒေါ်လာ ၄.၆ ဘီလီယံရှိခဲ့ပြီး တရုတ်နိုင်ငံမှ ပြန်လည်တင်သွင်းမှုမှာ ဒေါ်လာ ၅.၆ ဘီလီယံ ရှိခဲ့သည်။ မြန်မာနိုင်ငံအတွင်း စီမံကိန်း ၁၁၅ ခုတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှု ပ်နှံမှုမှာ ကန်ဒေါ်လာ ၁၅.၄၂ ဘီလီယံရှိပြီး မြန်မာနိုင်ငံအတွင်း စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုး၏ ၂၀.၀၇ ရာခိုင်နှုန်း ရှိခဲ့သည်။

    Ref: Chinadaily

  • ဘန်ကောက်ဗုံးကွဲမှုအတွက် စွပ်စွဲခံထားရသူ ၀ီဂါလူမျိုးနှစ်ဦးက ပြစ်မှုကျူးလွန်မှုမရှိကြောင်း ငြင်းဆို

    ဘန်ကောက်ဗုံးကွဲမှုအတွက် စွပ်စွဲခံထားရသူ ၀ီဂါလူမျိုးနှစ်ဦးက ပြစ်မှုကျူးလွန်မှုမရှိကြောင်း ငြင်းဆို

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၆
    M-Media

    china 3

    – သြဂုတ်လက ဘန်ကောက်မြို့ရှိ ဧရာဝဏ်နတ်ကွန်း ဗုံးပေါက်ကွဲမှုအတွက် စွပ်စွဲခံထားရသည့် ၀ီဂါလူမျိုး ၂ ဦးက ထိုအဖြစ်အပျက်တွင် ၎င်းတို့ ပါဝင်မှုမရှိဟု ဆိုပြီး၊ ရဲတပ်ဖွဲ့က နှိပ်စက်ငြှင်းပမ်းမှုကြောင့် ဖြောင့်ချက်ပေးခဲ့ရသည်ဟု ယနေ့တွင် ပြောကြားလိုက်သည်။

    အဒီမ်း ကရာဒဂ်နှင့် ယူဆူဖူ မီလာရိုင်လီတို့ဖြစ်ကြပြီး ယနေ့တွင် ရုံးချိန်းအတွက် စစ်ခုံရုံးသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ တရားရုံးကမူ ၎င်းတို့ နှစ်ဦးအား ကြိုတင်ကြံစည်မှုဖြင့် လူသတ်ခြင်း၊ တရားမ၀င် လက်နက်များ ကိုင်ဆောင်ခြင်း စသည့် စွဲချက်များဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။ ၎င်းတို့နှစ်ဦးကမူ ထိုဗုံးပေါက်ကွဲမှုအတွက် အပြစ်မရှိဟု ပြောကြားခဲ့သည်။

    “ကျွန်တော့်မှာ အပြစ်မရှိပါဘူး။ ကျွန်တော်ထောင်ထဲရောက်နေတာ ၆ လရှိပါပြီ” ဟု မီရိုင်လီက ဆိုသည်။

    သြဂုတ်လ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့သည့် အဆိုပါ နတ်ကွန်း ဗုံးပေါက်ကွဲမှုအတွင်း လူ ၂၀ ခန့် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။ ဗုံးဖောက်မှု၏ နောက်ကွယ်မှ အကြောင်းအရင်းကို အတိအကျ ထုတ်ဖော် မပြောဆိုနိုင်သေးသော်လည်း အခင်းမဖြစ်ပွားခင် ၀ီဂါပြောင်းရွှေ့အခြေချသူများအား တရုတ်နိုင်ငံသို့ ပြန်ပို့ခဲ့ခြင်းက ဗုံးဖောက်ခွဲမှု၏ အကြောင်းအရင်း ဖြစ်နိုင်သည်ဟု ပြောဆိုမှုများ ရှိသည်။

    ရဲတပ်ဖွဲ့ကမူ ဖမ်းဆီးခံထားရသည့် ၀ီဂါလူမျိုး နှစ်ဦးစလုံးက စောစောပိုင်းတွင် ၀န်ခံခဲ့သည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း CCTV တွင် တွေ့မြင်ခဲ့ရသည့် ဗုံးထောင်သူနှင့် တူညီသည်ဟုဆိုကာ ဖမ်းဆီးခံခဲ့ရသည့် အဒီမ်း ကရာဒဂ်၏ ရှေ့နေကမူ ၎င်းအမှုသည်မှာ ညှင်းပမ်းနှိပ်စက်မှုနှင့် တရုတ်နိုင်ငံသို့ ပြန်ပို့မည်ဟူသော ခြိမ်းခြောက်မှုများကြောင့် ၀န်ခံထွက်ဆိုခဲ့ရသည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် ကရာဒဂ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက်ပိုင်း ၄ ရက်ကြာမှ ထိုင်းနိုင်ငံအတွင်းသို့ လာအိုနယ်စပ်မှ ၀င်ရောက်လာခဲ့ခြင်းဖြစ်ပြီး နယ်ခြားစောင့်တပ်ဖွဲ့ကို ကန်ဒေါ်လာ ၆၀၀ လာဘ်ထိုးခဲ့ရကြောင်း ရှေ့နေကဆိုသည်။

    အသက် ၂၆ နှစ်အရွယ် မီရိုင်လီကမူ ဗုံးထည့်ထားသော ကျောပိုးအိတ်ကို ပေးပို့ခဲ့သည်ဟု စွပ်စွဲခံထားရသည်။ ၎င်းတို့ နှစ်ဦးစလုံးမှာ စစ်ကြောမှုအတွင်း အထိုးခံရခြင်း၊ မျက်နှာကိုအ၀တ်စည်းကာ ပြစ်မှုကျူးလွန်သည်ဟု မထွက်ဆိုပါက တရုတ်အစိုးရထံသို့ လွှဲပြောင်းပေးအပ်မည်ဟု ခြိမ်းခြောက်ခံရခြင်း စသည်တို့ ရှိခဲ့သည်ဟု ရှေ့နေက ထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    ထို့ပြင် ကရာဒဂ်မှာ လူမှောင်ခိုကူးသူများ၏ ခေါ်ဆောင်မှုကြောင့် ဘန်ကောက်သို့ ရောက်ရှိလာကြောင်း၊ CCTV တွင် တွေ့ရသည့်လူနှင့် တူညီအောင် ဆံပင်တု၊ မျက်မှန်နှင့် အ၀ါရောင်အင်္ကျီတို့ကို ၀တ်ဆင်ပေးခဲ့ကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

    Ref: Channelnewsasia