ဖေဖော်ဝါရီ ၂၁၊ ၂၀၁၆
M-Media
– အိန္ဒိယအစိုးရ၏ မျိုးနွယ်စုအခြေခံ ခွဲတမ်းစနစ်တွင် ပါဝင်ခွင့်မရမှုကို ဆန့်ကျင်သည့်အနေဖြင့် လယ်ယာလုပ်ငန်းလုပ်ကိုင်သည့် ဂျတ် မျိုးနွယ်မှ ပြုလုပ်သော ဆန္ဒပြမှုအတွင်း အနည်းဆုံး လူ ၁၀ ဦးသေဆုံးခဲ့ပြီး ၁၅၀ ဒဏ်ရာရရှိခဲ့သည်ဟု အိန္ဒိယရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အဆိုပါဆန္ဒပြမှုမှာ နိုင်ငံမြောက်ပိုင်း ဟာရ်ယာနာပြည်နယ်တွင် တစ်ပတ်ကြာ ဖြစ်ပွားနေခဲ့ခြင်းဖြစ်ပြီး ယမန်နေ့က တိုက်ခိုက်မှုများလည်း ဖြစ်ခဲ့ကာ မြို့တော်နယူးဒေလီသို့ ရေပေးဝေနေသည့် စနစ်ကို ဆန္ဒပြသူများက ဖျက်ဆီးခဲ့သည်။ ထို့ကြောင့် နယူးဒေလီရှိ ရေးပေးဝေမှုမှာလည်း ထိခိုက်ခဲ့သည်။
အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရိုးရာအရ ခွဲခြားဆက်ဆံခြင်းခံခဲ့ရသော မျိုးနွယ်များအား ကူညီရန်အတွက် စနစ်တစ်ခုကို ပြဌာန်းထားပြီး ထိုစနစ်တွင် ပါဝင်မှုမရခြင်းအတွက် ဂျတ် မျိုးနွယ်များက ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ ထိုဆန္ဒပြမှုမှာ သောကြာနေ့တွင် အကြမ်းဖက်မှုအသွင် ဖြစ်လာခဲ့ပြီး ကျောင်းများ၊ ဆိုင်များ၊ အစိုးရအဆောက်အဦးများ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ထို့ပြင် ဆန္ဒပြသူများမှာ ကားလမ်းများကိုလည်း ပိတ်ပင်ခဲ့ကြသည်။
လက်ရှိအချိန်တွင် ဟာရ်ယာနာပြည်နယ်တွင် စစ်သားထောင်ပေါင်းများစွာကို တပ်ဖြန့်ချထားပြီး မသင်္ကာပါက ပစ်ခတ်ခွင့်ကိုလည်း ပေးထားသည်။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.