News @ M-Media

Blog

  • အမေရိကန် ဘာသာပေါင်းစုံအဖွဲ့တစ်ခုက ၎င်းတို့ လုပ်ငန်းစဉ်များတွင် အစ္စလာမ့်ရေးရာများကို ထည့်သွင်း

    အမေရိကန် ဘာသာပေါင်းစုံအဖွဲ့တစ်ခုက ၎င်းတို့ လုပ်ငန်းစဉ်များတွင် အစ္စလာမ့်ရေးရာများကို ထည့်သွင်း

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၆
    M-Media

    – အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်က တောင်ဆန်မြို့အခြေစိုက် ဘာသာပေါင်းစုံလေ့လာရေးနဲ့ ချစ်ကြည်ရေးအသင်းတစ်ခုဟာ သူတို့ရဲ့ လုပ်ငန်းစဉ်အတွင်းမှာ အစ္စလာမ်သာသနာကိုပါ ထည့်သွင်းခဲ့ပြီး လူ့အဖွဲ့အစည်း သဟဇတဖြစ်ပို့ တိုးမြှင့်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

    Institute of Islamic, Christian and Jewish Studies (အစ္စလာမ်၊ ခရစ်ယာန်နှင့် ဂျူးဘာသာတရားဆိုင်ရာ လေ့လာမှုအသင်း) ဖြစ်ပြီး၊ ၁၉၈၇ ခုနှစ်က တည်ထောင်ခဲ့တဲ့ အဲဒီအသင်းဟာ စောစောပိုင်းမှာ Christian and Jewish Studies လို့ အမည်ပေးထားရာကနေ အစ္စလာမ်သာသနာကို ထည့်သွင်းလိုက်တဲ့အတွက် နာမည်ကို ပြောင်းလဲခေါ်ဆိုလိုက်တယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ကြေငြာခဲ့ပါတယ်။

    သူတို့ရဲ့ စီမံကိန်းတွေမှာ အစ္စလာမ်နဲ့ပတ်သက်တာတွေ ထည့်သွင်းဆောင်ရွက်နေတာကတော့ တော်တော်လေးကြာပြီ ဖြစ်ပါတယ်။

    အဖွဲ့က အစ္စလာမ့်ရေးရာပညာရှင်ဖြစ်တဲ့ အိုမေရာ ဇိုက်ဒ်က သူတို့ရဲ့ ရည်ရွယ်ချက်ဟာ ကမ္ဘာတစ်ဝှမ်းက အကြမ်းဖက်ဝါဒကို တိုက်ဖျက်ဖို့မဟုတ်ဘဲ မိမိတို့ လူ့အဖွဲ့အစည်းတွင်းမှာ အစ္စလာမ်အပါအ၀င် ဘာသာတရားနဲ့ ယဉ်ကျေးမှုဆိုင်ရာ ပိုမိုနားလည်လာစေဖို့နဲ့ ငြိမ်းချမ်းဖို့အတွက်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    သူမကိုယ်တိုင်ဦးဆောင်ပြီး ဘာသာတရားများအကြား နားလည်မှုအစီအစဉ်တွေ၊ ဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေကို ပြုလုပ်ခဲ့ပြီး ဒီလိုလုပ်ဆောင်တာဟာ သွေးကွဲမှုတွေကို လျော့ပါးစေမယ်လို့ ဇိုက်ဒ်က ဆိုပါတယ်။

    “ကျွန်မတို့ရဲ့လုပ်ဆောင်မှုတွေက သွေးကွဲမှုကို ဦးတည်စေတဲ့ စိတ်အမူအကျင့်တွေကတစ်ဆင့် ပေါ်ထွက်လာတဲ့ အတွေးတွေပေါ်မှာ သက်ရောက်မှုရှိမှာ သေချာပါတယ်”

    အကျိုးအမြတ်မယူတဲ့ Institute of Islamic, Christian and Jewish Studies အသင်းဟာ ဘာသာပေါင်းစုံ ချစ်ကျည်ရေးလုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်နေတာဖြစ်ပြီး အဖွဲ့ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ခရစ္စတိုဖာ လေတန်က အစ္စလာမ့်ရေးရာ ပညာရှင်တွေကို ခန့်အပ်လိုက်တာဟာ မိမိတို့ရဲ့ ရည်ရွယ်ချက်ကို မိုမို အားဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။

    “ဒီလိုခန့်အပ်လိုက်တာက သမိုင်းဝင်ကိစ္စတစ်ခုပါ။ (ဇိုက်ဒ်) ဟာ ခြွင်းချက်မဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပါတယ်။ အနောက်တိုင်းလူ့အဖွဲ့အစည်းမှာ အစ္စလာမ်က ဘယ်လောက်အရေးပါလဲဆိုတာကို သူက ကျွန်တော်တို့ကို လမ်းဖွင့်ပေးခဲ့ပါတယ်” လို့ လေတန်က ပြောကြားခဲ့ပါတယ်။

    ဇိုက်ဒ်နဲ့ လေတန်တို့ နှစ်ယောက်စလုံးဟာ IS အဖွဲ့က အစ္စလာမ်သာသနာကို အလွဲသုံးစားလုပ်နေမှုကို အမေရိကန်တစ်ဝှမ်းမှာ မြင်သာလာအောင်လည်း ဆောင်ရွက်ချင်နေကြပါတယ်။ လေတန်ကတော့ သူတို့ရဲ့အဖွဲ့ဟာ ခရစ်ယာန်နဲ့ ဂျူးတွေကို ကြိုဆိုသလိုပဲ မွတ်စလင်တွေကိုလည်း ကြိုဆိုတယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: baltimoresun.com

  • အာရှရှယ်ယာများပြန်တက်၊ ရေနံထုတ်လုပ်သူများက ဈေးကျမှုကို ရင်ဆိုင်ရန် ပြင်ဆင်

    အာရှရှယ်ယာများပြန်တက်၊ ရေနံထုတ်လုပ်သူများက ဈေးကျမှုကို ရင်ဆိုင်ရန် ပြင်ဆင်

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၆
    M-Media

    share

    – ယနေ့အာရှဈေးကွက်များတွင် ရှယ်ယာဈေးနှုန်းများမှာ တက်လာခဲ့သည်ဟု သိရပြီး၊ ရေနံထုတ်လုပ်သည့်နိုင်ငံများ၏ အစည်းအဝေး သတင်းကြောင့် ရေနံဈေးနှုန်းမှာလည်း ပြန်လည်တက်လာခဲ့သည်။

    ရှယ်ယာဈေးကွက်များ တက်ရသည့်အကြောင်းအရင်းမှာ တရုတ်ဈေးကွက် တည်ငြိမ်လာခြင်း၊ ရေနံဈေးပြန်တက်လာခြင်း စသည်တိုကြောင့်ဖြစ်သည်။ တရုတ်ပြည်မကြီးမှ ရှယ်ယာများမှာ ၂.၅ ရာခိုင်နှုန်း တက်လာခဲ့ပြီး သီတင်းပတ် ၃ ပတ်အတွင်း အမြင့်ဆုံးဖြစ်ခဲ့သည်။ တောင်ကိုရီးယားမှ ရှယ်ယာများကမူ ၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

    ကမ္ဘာ့ရေနံထုတ်လုပ်မှုအများဆုံး နိုင်ငံများဖြစ်သော ဆော်ဒီနှင့် ရုရှားနိုင်ငံတို့မှာ ဗင်နီဇွဲလား၊ ကာတာတို့နှင့် ဒိုဟာမြို့၌ ယနေ့တွင် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ အဆိုပါဆွေးနွေးပွဲမှာ ရောင်းလိုအား ပိုလျှံနေမှုကြောင့် ရေနံဈေးထိုးကျသွားမှုကို ရပ်တန့်ရန်အတွက် အိုပက်အဖွဲ့ဝင်နိုင်ငံအချို့၏ နောက်ဆုံးထွက်ပေါ်လာသော ကြိုးပမ်းမှုလည်းဖြစ်သည်။

    ဆွေးနွေးမှုအတွင်း ရေနံဈေးကို ထိန်းညှိရန်အတွက် ထုတ်လုပ်မှုလျှော့ချရန်ကိစ္စလည်း ပါဝင်နိုင်ပြီး ထိုသတင်းကြောင့် ရေနံဈေးနှုန်းမှာ ယနေ့မနက်တွင် တက်လာခဲ့သည်။ အမေရိကန်ရေနံဈေးကွက်တွင် ယနေ့ရေနံဈေးနှုန်းမှာ ၁.၄၃ ဒေါ်လာ တက်လာခဲ့ပြီး တစ်စည်ကို ၃၀.၈၇ ဒေါ်လာအထိ ရှိလာခဲ့သည်။

    ဆော်ဒီအာရေဗျကမူ အိုပက်အဖွဲ့ဝင်မဟုတ်သည့် နိုင်ငံများအနေဖြင့် ရေနံထုတ်လုပ်မှုကို လျှော့ချမှသာလျှင် မိမိတို့လည်း လျှော့ချမည်ဟု ပြောကြားထားသည်။ ကမ္ဘာ့ထိပ်တန်း ရေနံထုတ်လုပ်သည့် ရုရှားက ထိုသို့ ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆိုထားပြီး ဈေးကွက်ကျဆင်းမှုကို မိမိတို့က ခံနိုင်ရည်ရှိသည်ဟု ဆိုသည်။

    ငွေကြေးဈေးကွက်များတွင် အမေရိကန်ဒေါ်လာက ပြန်မာလာခဲ့ပြီး ယူရိုကမူ ယမန်နေ့က ကျဆင်းခဲ့သည်။ ဥရောပဗဟိုဘဏ်ဥက္ကဌ မာရီယို ဒရာဂီက မိမိတို့အနေဖြင့် မတ်လအတွင်း ငွေကြေးပေါ်လစီ လျှော့ချရန် အဆင်သင့်ဖြစ်နေသည်ဟု ပြောကြားခဲ့ခြင်းကြောင့် ထိုကဲ့သို့ ယူရိုငွေကြေးက ကျဆင်းခဲ့ခြင်းဖြစ်သည်။

    Ref: Channelnewsasia

  • အရေပြားကင်ဆာကုသမှုတွင် ငှက်ပျောသီးက အထောက်အကူပြုနိုင်

    အရေပြားကင်ဆာကုသမှုတွင် ငှက်ပျောသီးက အထောက်အကူပြုနိုင်

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၆
    M-Media

    banana

    – ငှက်ပျောသီးအခွံဟောင်းတွေပေါ်က အနက်ရောင်အစက်အပြောက်တွေဟာ အရေပြားကင်ဆာရောဂါရှာဖွေရာမှာ အထောက်အကူ ပြုနိုင်တာကြောင့် အသက်ရှင်နိုင်တဲ့အခွင့်အလမ်းလည်း ပိုများစေလိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

    ငှက်ပျောသီးတွေ ရင့်မှည့်လာတဲ့အခါ ငှက်ပျောခွံမှာ tyrosinase လို့ခေါ်တဲ့ အင်ဇိုင်းတစ်မျိုးကြောင့် သေးငယ်လုံးဝန်းတဲ့ အနက်ရောင်အစက်အပြောက်တွေ ဖြစ်ပေါ်လာလေ့ရှိပါတယ်။ ဒီလိုအင်ဇိုင်းမျိုးတွေဟာ လူ့အရေပြားမှာလည်း ပါရှိပြီး အရေပြားကင်ဆာရောဂါဖြစ်နေတဲ့သူတွေမှာ အမြောက်အများ တွေ့ရပါတယ်။ မီလာနိုမားလို့ခေါ်တဲ့ အရေပြားကင်ဆာဟာ သေဆုံးနိုင်မှုအမြင့်ဆုံးဖြစ်တဲ့ အရေပြားကင်ဆာ အမျိုးအစားဖြစ်ပါတယ်။

    သိပ္ပံပညာရှင်တွေဟာ ဒီလိုမျိုး ဘုံတူညီနေတာကို အသုံးချပြီး အရေပြားကင်ဆာရှာဖွေတဲ့စက်ကို တည်ဆောက်ဖို့ စမ်းသပ်ခဲ့ကြတာပါ။ လောလောဆယ်မှာတော့ အဲဒီစက်ရဲ့ အလုပ်ဖြစ်မှုပမာဏကို ငှက်ပျောခွံတွေမှာ စမ်းသပ်မှာဖြစ်ပြီး နောက်ပိုင်းကျမှ လူသားရဲ့ အရေပြားအပေါ်မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

    ဆွစ်ဇာလန် သုတေသီတွေကတော့ အဲဒီ tyrosinase အင်ဇိုင်းဟာ အရေပြားကင်ဆာရောဂါရဲ့ အတိမ်အနက်ကို တိုင်းတာနိုင်တဲ့ အမှတ်အသားတစ်ခုဖြစ်တယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။ အရေပြားကင်ဆာပထမအဆင့်မှာ အင်ဇိုင်းဟာ သိပ်ထင်ရှားပေါ်လွင်မှု မရှိသေးပါဘူး၊ ဒုတိယအဆင့်အရောက်မှာ တဖြည်းဖြည်း ပွားများလာပြီး ဝေပုံကျပြန့်နှံ့လာပါတယ်။ တတိယအဆင့်မှာတော့ မညီမညာပြန့်နှံ့သွားပြီး တခြားသော ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကိုလည်း ကင်ဆာပိုးတွေ စတင်ပျံ့နှံ့လာပါတော့တယ်။

    အမေရိကန်ကင်ဆာရောဂါအဖွဲ့အစည်းရဲ့ အဆိုအရ အရေပြားကင်ဆာဖြစ်ပွားမှု ပထမအဆင့်မှာ ရောဂါကို စမ်းသပ်နိုင်ခဲ့မယ်ဆိုရင် ဝေဒနာရှင် ၉၅ ရာခိုင်နှုန်းလောက်ဟာ ၁၀ နှစ်ကြာ အသက်ရှင်သန်နိုင်မှာ ဖြစ်ပြီး တတိယအဆင့် အလယ်လောက်ရောက်မှ တွေ့မယ်ဆိုရင်တော့ ၄၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားပါတယ်။

    ဆွစ်ဇာလန်က သုတေသီအဖွဲ့ဟာ အရေပြားကင်ဆာ ရောဂါရှာစက်တစ်ခုကို ဖန်တီးခဲ့ပြီး လူ့အရေပြားပေါ်က ကင်ဆာအစက်တွေနဲ့ အကြမ်းဖျင်းအရွယ်အစားတူညီလောက်တဲ့ ငှက်ပျောခွံပေါ်က အစက်တွေကို စမ်းသပ်ခဲ့ပါတယ်။

    “ငှက်ပျောသီးကို အသုံးပြုခြင်းဖြင့် လူ့အသားစအပေါ် စမ်းသပ်ခြင်းမပြုလုပ်မီ ရောဂါရှာဖွေရေးနည်းလမ်းတစ်ခုကို စမ်း
    သပ်တီထွင်နိုင်ခဲ့ပါတယ်” လို့ အဖွဲ့ခေါင်းဆောင် ဟူးဘတ် ဂီရော့က ပြောကြားခဲ့ပါတယ်။

    ဂီရော့က အဆိုပါရောဂါရှာစက်ကို နောက်ပိုင်းမှာ ကင်ဆာဆဲလ်တွေဖျက်ဆီးနိုင်တဲ့အထိ အသုံးပြုနိုင်မှာဖြစ်ပြီး၊ လူ့အသားစ ဖြတ်ထုတ်စမ်းသပ်မှုနဲ့ ဓာတုကုထုံးတွေတောင် မလိုအပ်တော့ဘူးလို့ မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ရဲ့ ကနဦး ဓာတ်ခွဲခန်းစမ်းသပ်ချက်တွေအရ ဒီကိရိယာကို အသုံးပြုပြီး ကင်ဆာဆဲလ်တွေကို ဖျက်ဆီးနိုင်မယ်ဆိုတာ သိနေရပါပြီ”

    Ref: IINA

  • အာဂျင်တီးနားတွင် ဒိုင်လူကြီးတစ်ဦး အနီကဒ်ပြမှုကြောင့် ပစ်သတ်ခံရ

    အာဂျင်တီးနားတွင် ဒိုင်လူကြီးတစ်ဦး အနီကဒ်ပြမှုကြောင့် ပစ်သတ်ခံရ

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၆
    M-Media

    argentina

    – အာဂျင်တီးနား ပြည်တွင်းဘောလုံးပွဲတစ်ခုတွင် ဒိုင်လူကြီးတစ်ဦးမှာ ကစားသမားအား အနီကဒ်ပြခဲ့ပြီးနောက် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်ဟု သိရသည်။

    အဆိုပါအဖြစ်အပျက်မှာ ကော်ဒိုဘာဆိုသည့်မြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသွားသူမှာ အသက် ၄၈ နှစ်အရွယ်ရှိ ဆီဇာ ဖလောရက်စ်ဆိုသူဖြစ်ပြီး လူငယ်ကစားသမားတစ်ဦးက ပြိုင်ဘက်ကစားသမားအား ထိုးကြိတ်မှုကြောင့် ၎င်းက အနီကဒ်ပြခဲ့ခြင်းဖြစ်သည်။

    ထုတ်ပယ်ခံရသည့် ကစားသမားမှာ သိပ်မကြာခင် ကွင်းအတွင်းသို့ ပြန်ဝင်လာပြီး ဖလောရက်စ်အား သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။ ထိုအဖြစ်အပျက်အတွင်း အခြားကစားတစ်ဦးမှာလည်း သေနတ်ထိမှန်ခဲ့ပြီး ဒဏ်ရာရခဲ့ကာ ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။ သို့သော်လည်း အသက်အန္တရာယ် စိုးရိမ်ရခြင်းမရှိပေ။

    ဒိုင်လူကြီး ဖလောရက်စ်မှာ သေနတ်ဖြင့် ၃ ချက် ပစ်ခတ်ခံခဲ့ရပြီး ဦးခေါင်း၊ လည်ပင်းနှင့် ရင်ဘတ်တို့တွင် ထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်မှုကျူးလွန်သူ ကစားသမားများမှာ ထွက်ပြေးလွတ်မြောက်နေသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    Ref: Goal

  • ယူကရိန်းတွင် နာဇီပုံစံ ချီတက်မှုပြုလုပ်

    ယူကရိန်းတွင် နာဇီပုံစံ ချီတက်မှုပြုလုပ်

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၆
    M-Media

    ukraine

    – ယူကရိန်းရဲတပ်ဖွဲ့လက်အောက်ခံ Azov အဖွဲ့ရဲ့ လက်မရွံ့တပ်သားတွေဟာ ကျဆုံးသွားတဲ့ စစ်သားသုံးယောက်ရဲ့ သေဆုံးမှု နှစ်ပတ်လည်အမှတ်တရအဖြစ် အိုဒက်ဆာမြို့တောင်ပိုင်းမှာ နာဇီပုံစံ မီးတုတ်ကိုင်ဆောင်ကာ ချီတက်လမ်းလျှောက်မှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

    မနေ့ကပြုလုပ်ခဲ့တဲ့ အဲဒီ ချီတက်လမ်းလျှောက်မှုကို Azov တိုက်ခိုက်ရေးသမားတွေနဲ့ အသတ်ခံရတဲ့ စစ်သားသုံးယောက်ရဲ့ ဆွေမျိုးတွေ အပါအ၀င် လူ ၂၀၀ ကျော်လောက် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ အဲဒီ စစ်သားသုံးယောက်ဟာ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့က ရှီရိုကီနိုရွာကို ထိန်းချုပ်ဖို့ကြိုးစားရာမှာ သူပုန်တွေနဲ့ တိုက်ခိုက်မှုဖြစ်ပွားရင်း သေဆုံးသွားခဲ့ကြတာ ဖြစ်ပါတယ်။

    ထိုချီတက်မှုအတွင်း သေဆုံးသူသုံးယောက်ရဲ့ ဓာတ်ပုံတွေ၊ မီးတုတ်တွေ၊ Azov အလံတွေကို ကိုင်ဆောင်ခဲ့ကြသလို “ကြီးကျယ်မြင့်မြတ်သောဘိုးဘေးများရဲ့ လေးစားထိုက်သောမျိုးဆက်များ” လို့ ရေးသားထားတဲ့ စာတမ်းကိုလည်း ကိုင်ဆောင်ခဲ့ကြပါတယ်။

    လူအုပ်စုကြီးဟာ ကြွေးကျော်သံများကိုလည်း ကြွေးကျော်ခဲ့ကြပြီး “မိုစကယ်(ရုရှား)များကို သတ်” “တစ်ခုတည်းသောဘာသာစကား၊ တစ်ခုတည်းသောအမျိုးသား၊ တစ်ခုတည်းသောနိုင်ငံတော်” “ရဲသူမသေ၊ ရန်သူသေ” စတဲ့ အမျိုးသားရေးကြွေးကြော်သံများကိုလည်း အော်ဟစ်သွားကြပါတယ်။

    Azov တပ်ဖွဲ့ဆိုတာ ယူကရိန်းအစိုးရက နောက်ပိုင်း အသစ်ဖွဲ့စည်းလိုက်တဲ့ အမျိုးသားအစောင့်တပ်ဖြစ်ပြီး ကြီးကျယ်တဲ့ လက်နက်ကိုင်စစ်တပ် တစ်ခုလည်း ဖြစ်ပါတယ်။ အဲ့ဒီထဲက အရာရှိတွေနဲ့ စစ်သားတွေဟာ နာဇီလက်သစ်နဲ့ အဖြူရောင်လူမျိုးကြီးဝါဒကို ထောက်ခံကြသူများ ဖြစ်ကြပါတယ်။

    Ref: RT