ဖေဖော်ဝါရီ ၂၀၊ ၂၀၁၆
M-Media
– ချယ်ဆီးမှာ ဥရောပ၏ ထိပ်တန်းအသင်းမဟုတ်တော့ဘဲ ၎င်း၏နေရာကို ဆက်ခံမည့်သူမှာ စိန်ခေါ်မှုများကို ရင်ဆိုင်ရမည်ဖြစ်ပြီး အသင်းအား ပြန်လည်တည်ဆောက်ရေးအတွက် အားထုတ်မှု ကြီးကြီးမားမား လိုအပ်လိမ့်မည်ဟု နည်းပြ ဂူစ်ဟစ်ဒင့်က ပြောကြားလိုက်သည်။
လက်ရှိတွင် ချယ်ဆီးမှာ အဆင့် ၁၂ နေရာ၌ ရပ်တည်နေပြီး အဆင့် ၄ နေရာနှင့် ၁၄ မှတ်ကွာဟနေကာ နောက်နှစ် ချန်ပီယံလိဂ်နေရာအတွက်ပင် စိုးရိမ်ရဖွယ်ရှိနေသည်။ မော်ရင်ဟိုထွက်သွားပြီးနောက် ရာသီကုန်အထိ တာဝန်ယူထားသည့် ဟစ်ဒင့်က ချယ်ဆီးမှာ ဥရောပအသင်းကြီးများ၏နောက်တွင် ကျန်ခဲ့ပြီဟုဆိုကာ နည်းပြသစ်ဖြစ်လာမည့် သူအတွက်လည်း သတိပေးခဲ့သည်။
“ကျွန်တော် အသေးစိတ်တော့ မသွားချင်ပါဘူး။ ကျွန်တော်က ဒီမှာ ယာယီနည်းပြပါ။ ဒီမှာ နေ့တိုင်း၊ သီတင်းပတ်တိုင်း၊ ပွဲတိုင်းအတွက် တာဝန်ယူနေကြသူတွေက အသင်းမှာ လိုအပ်နေတဲ့အရာအတွက် ရေရှည်စီမံကိန်း ရှိရပါတယ်။ အဲဒါ တွေကိုလုပ်ဖို့လည်း သူတို့မှာ တာဝန်ရှိပါတယ်” ဟု ဟစ်ဒင့်က ပြောကြားခဲ့သည်။
ထို့ပြင် ချယ်ဆီးမှာ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နှင့် ပီအက်စ်ဂျီတို့ကဲ့သို့ အခြားသော ဥရောပအသင်းကြီးများအကြား ကွာဟချက်မှာလည်း ကြီးမားသွားခဲ့ပြီဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.