News @ M-Media

Blog

  • တောင်ဒဂုံမှာ ပြဿနာဖြစ်နေသည့်သတင်း ကောလဟာလ လှုံ့ဆော်မှုသာဖြစ်

    တောင်ဒဂုံမှာ ပြဿနာဖြစ်နေသည့်သတင်း ကောလဟာလ လှုံ့ဆော်မှုသာဖြစ်

    ဖေဖော်ဝါရီ ၁၇၊ ၂၀၁၆
    M-Media
    သီဟ
    south Dagon
    တောင်ဒဂုံမြို့နယ်အတွင်း အုပ်စုဖွဲ့ကလဲ့စားချေ ခိုက်ရန်ဖြစ်ပွားနေကြောင်း ဆိုရှယ်မီဒီယာမှာ ဖြန့်ဝေမှုများ မဟုတ်မမှန်ဘဲ ကောလဟာလသာဖြစ်ကြောင်းသိရပါတယ်။

    တောင်ဒဂုံမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုတခုအား ဆိုရှယ်မီဒီယာတွင် လူမျိုးရေး၊ဘာသာရေး မုန်းတီးပြဿနာဖြစ်ပွားစေမည့် ဓါတ်ပုံနှင့် ရေးသားမှုများကို အမျိုးသားရေး အမည်ခံ FB အကောင့်များမှ အုပ်စုလိုက် လှုံ့ဆော်ပြီးရေးသားပြီးနောက်ပိုင်း ဒီနေ့ မနက်မှာ ယခုကဲ့သို့ သတင်းတွေ ပြန့်နှံလာတာပဲဖြစ်ပါတယ်။

    အုပ်စုဖွဲ့ကလဲ့စားချေခိုက်ရန်ဖြစ်ပွားမှာ ကောလဟာလသာဖြစ်ကြောင်း၊ လူသတ်မှုကိုတော့ ရဲတပ်ဖွဲ့ကသူလုပ်ထုံးလုပ်နည်းအတိုင်း စစ်ဆေးကြောင်း၊ ရန်ကုန်အရှေ့ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ဋ္ဌေး၏ ပြောကြားချက်ကို မဇ္ဈိမ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

    “လက်စားချေ တိုက်ပွဲဝင်နေတဲ့ တောင်ဒဂုံကမျိုးချစ်တို့ရဲ့လက်တွေ့စစ်ပွဲဆော်ကုန်ပြီ” ဆိုသည့် ရေးချက်နှင့် ယခင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ပဋိပက္ခမှ ဓါတ်ပုံတခုတွဲဖက်ပြီး “Mc Kohtet” အမည်ဖြင့် Facebook စာမျက်နှာမှာ ဖြန့်ဝေခဲ့ပြီး အချိန် နာရီပိုင်းတွင်း ထပ်ဆင့် ဖြန့်ဝေသူ ၇၀၀ ကျော်သွားပြီဖြစ်ပါတယ်။

    ဓါတ်ပုံအညွှန်း -Mc Kohtet ၏ FB စာမျက်နှာတွင် ရေးသားထားမှု

  • အန်ဂိုလာတွင် အဖျားရောဂါတစ်မျိုး လျင်မြန်စွာပြန့်နှံ့

    အန်ဂိုလာတွင် အဖျားရောဂါတစ်မျိုး လျင်မြန်စွာပြန့်နှံ့

    ဖေဖော်ဝါရီ ၁၇၊ ၂၀၁၆
    M-Media

    angola

    – အာဖရိကတောင်ပိုင်း အန်ဂိုလာနိုင်ငံမှာ အ၀ါရောင် အဖျား (Yellow Fever) လို့ခေါ်တဲ့ ကူးစက်ရောဂါတစ်ခု ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ပြန့်နှံ့ဖြစ်ပွားခဲ့တာကြောင့် ၅၁ ဦး သေဆုံးခဲ့တယ်လို အစိုးရက တရားဝင်ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ သိရပြီး ဒါဟာ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံး ပြန်လည် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

    အခုအချိန်မှာ ကူးစက်နေသူ ၂၄၁ ဦး ရှိတယ်လို့ အန်ဂိုလာ အမျိုးသား ပြည်သူ့ကျန်းမာရေးဒါရိုက်တာဖြစ်သူ Adelaide de Carvalho က ပြောဆိုခဲ့ပြီး လူဦးရေ ၁.၆ သန်းနီးပါးရှိတဲ့ မြို့တော်မှာ လူဦးရေ လေးသိန်းခွဲကျော်ကို ကာကွယ်ဆေးထိုးပေးထားပါတယ်လို့ ဆိုပါတယ်။

    Yellow Fever အဓိကပြန့်ပွားတဲ့ ဗဟိုချက်ဟာ မြို့တော်လူယန်ဒါရဲ့ အရှေ့ဘက် ဗီယင်နာကျွန်းမှာ ဖြစ်ပြီး ရက်သတ္တပတ် ၆ ပတ်အတွင်း၂၉ ဦးသေဆုံးခဲ့ကာ ရောဂါဖြစ်ပွားမှု ၉၂ ခုလောက် တွေ့ခဲ့ရပါတယ်။

    ခြင်တွေကတဆင့် ကူးစက်တဲ့ သွေးလွန်တုပ်ကွေးလိုမျိုး ဒီရောဂါကို သီးခြားကုသနိုင်တဲ့ ဆေးဝါး မရှိသေးပါဘူး။ ၎င်းရောဂါအမျိုးအစားကို အာဖရိကနဲ့ လက်တင်အမေရိက အမေဇုံသစ်တောရဲ့ အပူပိုင်းဒေသတွေမှာ အတွေ့ရများပါတယ်။

    ရောဂါလက္ခဏာတွေကတော့ အပြင်းအထန်ခေါင်းကိုက်ခြင်း၊ အော့အန်ခြင်း၊ ခေါင်းမူးခြင်း၊ ညောင်းညာကိုက်ခဲခြင်းတို့ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။ ဒီရောဂါပိုးဟာ အချို့လူတွေမှာ အတွင်းအင်္ဂါတွေ အလုပ်မလုပ်တော့တာတို့၊ သေဆုံးစေတာတို့ ဖြစ်စေပါတယ်။

    သန့်ရှင်းမှုမရှိတဲ့အနေအထားဟာ ခြင်တွေပေါက်ပွားဖို့အတွက် အထောက်အကူပေးပြီး ရောဂါပျံ့နှံ့မှုကို ပိုဆိုးစေပါတယ်။ အန်ဂိုလာကတော့ ဒီ Yellow Fever အတွက် ကာကွယ်ဆေးရနိုင်တဲ့ အာဖရိကက ဒေသအတွင်းမှာ ပါဝင်တာဖြစ်ပါတယ်။

    Ref; Al jazeera

  • အာရုံကြောရောဂါများလေ့လာရန် ဦးနှောက်ငယ်များကို သိပ္ပံပညာရှင်များ ဖန်တီးနိုင်

    အာရုံကြောရောဂါများလေ့လာရန် ဦးနှောက်ငယ်များကို သိပ္ပံပညာရှင်များ ဖန်တီးနိုင်

    ဖေဖော်ဝါရီ ၁၇၊ ၂၀၁၆
    M-Media

    brain

    – အမေရိကန်ပြည်ထောင်စု ဂျွန်ဟော့ကင်းတက္ကသိုလ်ရှိ သိပ္ပံပညာရှင်တွေက အာရုံကြောရောဂါဆိုင်ရာ သုတေသနပြုလုပ်ဖို့ တိရစ္ဆာန်ဦးနှောက်တွေထက် ပိုအသုံးဝင်မယ့် ဦးနှောက်ငယ်တွေကို မကြာခင်က တီထွင်ဖန်တီးလိုက်ပါတယ်။

    အဲဒီဦးနှောက်ငယ်တွေကို အကျယ်ချဲ့ကိရိယာ မလိုအပ်ဘဲ သာမန်မျက်စိနဲ့ ကြည့်ရှုနိုင်ပါတယ်။ တကယ့်ဦးနှောက်ပုံသဏ္ဍာန်တော့ မဟုတ်ပဲ ဦးနှောက်အစစ်ကဲ့သို့ အလုပ်လုပ်ပုံအတိုင်း တည်ဆောက်ထားတဲ့ ဆဲလ်ဘောလုံးငယ်လေးများသာ ဖြစ်ပါတယ်။

    အမေရိကန် သိပံ္ပတိုးတက်ရေးအသင်း (AAAS) ရဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ သုတေသီတွေက သူတို့ရဲ့ဖန်တီးမှုကို ထုတ်ဖော်ပြသခဲ့တာပါ။ ၎င်းတို့က အဲဒီ ဦးနှောက်ငယ်လေးတွေက တကယ့်ဦးနှောက်အစစ် မဟုတ်ပေမယ့် လူ့ဦးနှောက်လိုမျိုး အတိအကျအလုပ်လုပ်နိုင်တဲ့အတွက် လူ့ဦးနှောက်မှာဖြစ်တတ်တဲ့ ရောဂါတွေ ကုသပျောက်ကင်းရေး ပိုမိုအသုံးဝင်တဲ့ သုတေသနလုပ်ငန်းပြုလုပ်ဖို့ လုံလောက်တာထက်ကို ပိုနေတယ်လို့ ဆိုပါတယ်။

    “တိရစ္ဆာန်တွေမှာ ၉၅ ရာခိုင်နှုန်းလောက် အလုပ်ဖြစ်တဲ့ စမ်းသပ်ဆေးဝါးတွေဟာ လူ့ဦနှောက်မှာ စမ်းသပ်ကြည့်တဲ့အခါ အလုပ်မဖြစ်တာကိုတွေ့ရပြီး အချိန်ကုန်၊ ငွေကုန်တာပဲ အဖတ်တင်ပါတယ်။ တိရစ္ဆာန်တွေဟာ စမ်းသပ်မှုမှာ အသုံးဝင်ပေမယ့်လို့ သူတို့တွေဟာ လူသားတွေလို ပေါင် ၁၅၀ အလေးချိန် မရှိပါဘူး။ ကျွန်တော်တို့ ဦးနှောက်တွေဟာလည်း ဆဲလ်ဘောလုံးတွေမဟုတ်ပေမယ့် ဒီဘောလုံးတွေဟာ တိရစ္ဆာန်စမ်းသပ်ခံတွေထက် ပိုမိုကောင်းမွန်တဲ့ အချက်အလက်တွေကို ရရှိနိုင်ပါတယ်” လို့ ဂျွန်ဟော့ကင်းတက္ကသိုလ်က သဘာပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာရေးသိပ္ပံဌာနရဲ့ ပါမောက္ခ သောမတ်စ် ဟာတန်ဂ်က ပြောကြားခဲ့ပါတယ်။

    ဒီဦးနှောက်ငယ်လေးကို တီထွင်ခဲ့တဲ့ သိပ္ပံပညာရှင်တွေဟာ လူ့အရေပြားနမူနာကနေ ပင်မဆဲလ်ကို ထုတ်ယူနိုင်တဲ့ ဂျပန်နည်းပညာတစ်ခုကို အသုံးပြုခဲ့ပါတယ်။ ပြီးတော့ ၎င်း ပင်မဆဲလ်ကို ဦးနှောက်ဆဲလ်တွေထဲမှာ ကြီးထွားစေပြီး ရက်သတ္တပတ်ရှစ်ပတ်အတွင်း ဦးနှောက်နဲ့တူတဲ့ ဖွဲ့စည်းပုံတွေ ဖြစ်ပေါ်လာစေကာ ဦးနှောက်ငယ်လေးတွေဟာ ၃၅၀ မိုက်ခရိုမီတာအထိ အရွယ်အစားအထိ ကြီးထွားလာတာ ဖြစ်ပါတယ်။

    ဒီဦးနှောက်ငယ်လေးတွေကို ထောင်ပေါင်းများစွာ ထုတ်လုပ်နိုင်မှာဖြစ်ပြီး သုတေနသပြုရာမှာ၊ ရောဂါရှာဖွေကုသရာမှာ အထောက်အကူဖြစ်မှာစေမှာဖြစ်ပါတယ်။

    ဘယ်အရေပြားနမူနာကမဆို ဖန်တီးနိုင်တဲ့ ဦးနှောက်ငယ်လေးတွေဟာ မူးယစ်ဆေးစွဲရောဂါကုသရာတွင်လည်းကောင်း တစ်ဦးတစ်ယောက်ချင်းစီတွေမှာ ဖြစ်တတ်လေ့ရှိတဲ့ အထီးကျန်စိတ်ဝေဒနာကဲ့သို့ရောဂါတွေကို ကုသရာမှာ နည်းလမ်းသစ်တွေကို လမ်းဖွင့်ပေးနိုင်မယ်လို့ သိပ္ပံပညာရှင်တွေက ထင်မြင်ယူဆနေကြပါတယ်။

    အဲဒီ ဦးနှောက်ငယ်တွေကို အယ်ဇိုင်းမားရောဂါ၊ ပါကင်ဆန်ရောဂါ၊ အာရုံကြောထုံထိုင်းရောဂါ၊ ဗိုင်းရပ်စ်ကူးစက်ခြင်း၊ လေဖြတ်ခြင်းစတဲ့ အခြားသော ဦးနှောက်ရောဂါအများအပြားအတွက်လည်း အသုံးဝင်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

    IINA

  • နမ့်ဆန်မြို့ မီဘေးသင့်သူများသို့ မန္တလေးမှ မွတ်စလင်များ သိန်း ၇၀၀ ကျော် လှူဒါန်း

    နမ့်ဆန်မြို့ မီဘေးသင့်သူများသို့ မန္တလေးမှ မွတ်စလင်များ သိန်း ၇၀၀ ကျော် လှူဒါန်း

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၆
    M-Media
    သတင်း-အောင်သူရ
    .12745457_939620232791224_5563242084711682771_n
    – ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့ရှိ မီးဘေးသင့်ပြည်သူများ အတွက် မန္တလေးမြို့ “အစ္စလာမ်ဘာသာ လူမှုရေးအဖွဲ့ မှ” ကျပ်သိန်း ၇၁၀ ကျော် လှူဒါန်းခဲ့သည်ဟု သိရသည်။
    .
    ဖေဖော်ဝါရီ ၁၆ ရက်နေ့ (ယနေ့)တွင် သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး မီးဘေးသင့်ပြည်သူများ ပညာရေးအတွက် သိန်း ၃၀၊ ကျန်းမာရေး အတွက် သိန်း ၃၀၊ တစ်အိမ်ထောင်လျှင် ၂၂၅,၀၀၀ ကျပ်စီဖြင့် ငွေကျပ် (၆၅,၉၂၅,၀၀၀) စုစုပေါင်း လှူဒါန်းငွေ တန်ဖိုး ကျပ် (၇၁,၉၂၅,၀၀၀) ရှိခဲ့သည်။
    .
    ထို့ပြင် ငွေကျပ် သုံးသိန်း တန်ဖိုးရှိ ဆေးဖာ ၃ ဖာကိုလည်း မီးဘေးသင့်ပြည်သူများသို့ ပေးအပ်ခဲ့သည်။ မန္တလေးမြို့ အစ္စလာမ်ဘာသာ လူမှုရေးအဖွဲ့က ထိုကဲ့သို့ လှူဒါန်းနိုင်ရန် အတွက် ဗလီဝတ်ကျောင်းတော်များ၊ မွတ်စလင်အဖွဲ့အစည်းများက အလှူငွေ ကောက်ခံပေးခဲ့ခြင်းဖြစ်သည်။

    12742362_939620026124578_8322576254367471908_n
    .
    “လူသားချင်းစာနာမှုပေါ့နော်။ ဟိုမှာ ဒုက္ခအကြီးအကျယ်ရောက်နေတယ်။ ကျွန်တော်တို့ဘက်က ရောက်သွားနိုင်တယ်။ သူ့တို့လက်ထဲကိုလည်း တကယ် ထိထိရောက်ရှိမယ့် ပမာဏ ထည့်ပေးခဲ့တယ်။ အားလုံး အဆင်ပြေအောင် လုပ်ပေးနိုင်ခဲ့တယ်။ အဲဒီအတွက် ဖြစ်ရတဲ့ ပီတိကို ဘယ်လိုမှ ဖော်ပြလို့မရပါဘူး” ဟု အစ္စလာမ်ဘာသာ လူမှုရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဟာဂျီ ကိုစိန်လင်းက M-Media သို့ ပြောကြားခဲ့သည်။
    .
    ထို့ပြင် နမ့်ဆန် မီးဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေး လုပ်ငန်းအတွက်လည်း ထပ်မံ လှူဒါန်းရန် အစီအစဉ် ရှိနေသေးသည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    .
    မန္တလေးရှိ မွတ်စလင်အဖွဲ့အစည်းများ၊ ဗလီဝတ်ကျောင်းတော်များ ပူးပေါင်းဖွဲ့စည်းထားသည့် အဆိုပါ “အစ္စလာမ်ဘာသာ လူမှုရေးအဖွဲ့” မှာ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခိုက်ပြီးကတည်းက လူမျိုးဘာသာ မခွဲခြားဘဲ လူမှုကူညီရေးလုပ်ငန်းများကို လုပ်ဆောင်နေသည့် အဖွဲ့ဖြစ်သည်။

    01

  • ရေနံထုတ်လုပ်မှုလျှော့ချရန် ရုရှားနှင့် ဆော်ဒီတို့ သဘောတူ

    ရေနံထုတ်လုပ်မှုလျှော့ချရန် ရုရှားနှင့် ဆော်ဒီတို့ သဘောတူ

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၆
    M-Media

    Oil 3

    – ကမ္ဘာ့အကြီးဆုံး ရေနံထုတ်လုပ်သူ ၂ နိုင်ငံဖြစ်သော ဆော်ဒီနှင့် ရုရှားတို့မှာ ရေနံထုတ်လုပ်မှုကို တိုးမြှင့်ခြင်းမပြုရန်အတွက် သဘောတူညီခဲ့ရသည်ဟု သိရသည်။

    ၂၀၁၄ ခုနှစ်မှစ၍ ၇၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပြီးနောက် ဗင်နီဇွဲလားနှင့် နိုက်ဂျီးရီးယားတို့ကဲ့သို့ အိုပက်အဖွဲ့ဝင် နိုင်ငံများမှာ အရေးပေါ်အစည်းဝေးခေါ်ရန် တိုက်တွန်းခဲ့ပြီး ယနေ့တွင် ရုရှားနှင့် ဆော်ဒီတို့ပါအ၀င် ဆွေးနွေးမှုများ ပြု လုပ်ခဲ့ကာ ထိုကဲ့သို့ ရလဒ် ထွက်ပေါ်လာခြင်းဖြစ်သည်။

    အစည်းဝေးအပြီးနောက် ရုရှားစွမ်းအင်ဝန်ကြီး အလက်ဆန်ဒါ နိုဗက်နှင့် ဆော်ဒီ ရေနံဝန်ကြီး အလီ အလ်-နိုင်မီတို့က ဇန်န၀ါရီလတွင် ထုတ်လုပ်ခဲ့သည့် ပမာဏလောက်အထိရောက်အောင် လျှော့ချရန်သာ လိုအပ်မည်ဖြစ်ပြီး မိမိတို့အနေဖြင့် ၀ယ်သူများ၏ တောင်းဆိုမှုကို ဖြည့်ဆည်းပေးချင်သည်ဟု ပြောကြားခဲ့သည်။

    ဆော်ဒီကမူ စောစောပိုင်းက အဓိကရေနံထုတ်လုပ်သည့်အခြားနိုင်ငံများ ရေနံထုတ်လုပ်မှုကို မလျှော့ချပါက မိမိတို့လည်း လျှော့ချမည်မဟုတ်ဟု ပြောကြားခဲ့သည်။ ရုရှားကလည်း အခြားနိုင်ငံများက ပါဝင်မည်ဆိုလျှင် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

    Ref: RT