ဖေဖော်ဝါရီ ၂၀၊ ၂၀၁၆
M-Media
– ၂၀၁၄ ခုနှစ် ဇွန်လ တီကရစ်မြို့မှာ စစ်သွေးကြွအုပ်စုတွေနဲ့ သူတို့ရဲ့ မဟာမိတ်တွေက အလူအစုလိုအပြုံလိုက် သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး လူပေါင်း ၄၀ လောက်ကို အီရတ်တရားရုံးက ကြာသာပတေးနေ့မှာ သေဒဏ် ချမှတ်လိုက်ပါတယ်။
“စပီရှာ” အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ ပါဝင်သူလို့ သံသယရှိသူ ၄၇ ဦးထဲက ၄၀ ကို အပြစ်ရှိကြောင်း တွေ့ရှိရတဲ့အတွက် ဒီလို ပြစ်ဒဏ်ချမှတ်လိုက်တာဖြစ်ပြီး၊ စပီရှာဟာ သတ်ဖြတ်မှုဖြစ်လုပ်ခဲ့တဲ့ နေရာအနီးက စစ်အခြေစိုက်စခန်းတစ်ခု ဖြစ်ပါတယ်။
“တိုက်ခိုက်မှုထဲမှာ ပါဝင်ကျုးလွန်ခဲ့တဲ့ အယောက် ၄၀ ကို သေဒဏ်စီရင်ဖို့ ရုံးတော်က အမိန့်ချခဲ့ပါတယ်၊ ကျန်တဲ့ ၇ ယောက်ကိုတော့ သက်သေမခိုင်မာတဲ့အတွက် ပြန်လွှတ်ပေးလိုက်ပါတယ်” လို့ အီရတ်တရားရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ အဘ်ဒဲလ် ဆတ်သားရ် ဘေရက်ဒါက ပြောကြားခဲ့ပါတယ်။
အမိန့်ချမှတ်မှုအတွင်းမှာ တရားခံ ဘယ်နှစ်ယောက်ရှိခဲ့လဲဆိုတာကိုတော့ သူက ပြောကြားခြင်းမရှိခဲ့ဘဲ စပီရှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ ပါဝင်ခဲ့သူတစ်ဦးချင်းစီရဲ့ အသေးစိတ်အချက်အလက်တွေ၊ ဖမ်းဆီးမှုအခြေအနေ၊ အကြောင်းအခြင်းရာကိုလည်း ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပါဘူး။
ဘေရက်ဒါက အီရတ်အကြမ်းဖက်ဆန့်ကျင်ရေးဥပဒေ အပိုဒ် ၄ မှာ မည်သူမဆို အကြမ်းဖက်မှု ကျူးလွန်သူ၊ လှုံ့ဆော်သူ၊ စီစဉ်သူ၊ ဘဏ္ဍာရေးထောက်ပံ့သူ၊ အားပေးကူညီသူတွေအားလုံး သေဒဏ်ကျခံရမယ့်အကြောင်း ဖော်ပြထားတယ်လို့ ပြောပါတယ်။
အီရတ်မှာ IS အဖွဲ့ ထိုးစစ်ဆင်ခဲ့တဲ့ ပထမဆုံးရက်တွေမှာ ကျူးလွန်ခဲ့တဲ့ စပီရှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ၂၀၁၅ ခုနှစ် ဇူလိုင်လက ၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကြားနားမှုတစ်ခုမှာလည်း လူ ၂၄ ယောက်ကို သေဒဏ်ပေးခဲ့ပါတယ်။ တရားခံတွေအားလုံးက သူတို့ဟာ အဲဒီကျူးလွန်မှုတွေမှာ မပါဝင်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။
လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ ကြားနာမှုတွေမှာ ဒီလိုအမှုမျိုးအတွက် လိုအပ်တဲ့ စံချိန်စံညွှန်းတွေနဲ့ မညီညွတ်ဘူးလို့ ဝေဖန်ခဲ့ကြပါတယ်။ စပီရှာလူအစုလိုက်သတ်ဖြတ်မှုမှာ သေဆုံးခဲ့ရသူတွေဟာ ၁၇၀၀ လောက်ရှိမယ်လို့ ဆိုပါတယ်။ တီကရစ်မြို့ကိုတော့ အီရတ်တပ်ဖွဲ့ဝင်တွေဟာ IS တွေဆီကနေ ၂၀၁၅ ဧပြီလက ပြန်လည်ရယူနိုင်ခဲ့ပါတယ်။
Ref; ArabNews
Leave a Reply
You must be logged in to post a comment.