News @ M-Media

Blog

  • လက်ဘနွန်တောင်ပိုင်းကို အစ္စရေးက တိုက်လေယာဥ်များဖြင့် တိုက်ခိုက်

    လက်ဘနွန်တောင်ပိုင်းကို အစ္စရေးက တိုက်လေယာဥ်များဖြင့် တိုက်ခိုက်

    သြဂုတ် ၂၅၊ ၂၀၂၄
    M-Media

    -လက်ဘနွန်တောင်ပိုင်းက နေရာအများအပြားကို အစ္စရေးက ဒီနေ့မနက်မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။

    လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ ပစ်မှတ်တွေကို တိုက်ခိုက်တာလို့ အစ္စရေးက ထုတ်ပြန်ခဲ့ပြီး ဟစ်ဇ်ဘိုလာကလည်း ရာနဲ့ချီတဲ့ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ အစ္စရေးဖက်ကို ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။

    အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း တပ်ဖွဲ့၀င် နှစ်ဦး သေဆုံးခဲ့တယ်လို့ ဟစ်ဇ်ဘိုလာက ထုတ်ပြန်ပါတယ်။ ဒီအဖွဲ့ဟာ အီရန်ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ပါလက်စတိုင်းတွေအပေါ် အစ္စရေးရဲ့ အကြမ်းဖက်မှုတွေအတွက် လက်တုန့်ပြန် တိုက်ခိုက်နေတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။

    ယီမင်က အီရန်ကျောထောက်နောက်ခံပြု ဟူသီအဖွဲ့ကလည်း ဟစ်ဇ်ဘိုလာရဲ့ အင်အားနဲ့ တုန့်ပြန်မှုကို ချီးကျူးခဲ့ပြီး အစ္စရေးကို ရင်ဆိုင်ရာမှာ သူတို့လည်း ပါ၀င်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    Ref: Aljazeera

    (ဓာတ်ပုံ- ဟစ်ဇ်ဘိုလာ၏ လက်တုန့်ပြန် တိုက်ခိုက်မှုကြောင့် အစ္စရေးအတွင်း ပျက်ဆီးမှုများ)

  • ဂိမ်းလောကမှာ ၀က်၀က်ကွဲ အောင်မြင်သွားတဲ့ ၀ူခုန်း

    ဂိမ်းလောကမှာ ၀က်၀က်ကွဲ အောင်မြင်သွားတဲ့ ၀ူခုန်း

    သြဂုတ် ၂၄၊ ၂၀၂၄
    M-Media

    -တရုတ်ထုတ် ဂိမ်းတစ်ခုဖြစ်တဲ့ Black Myth: Wukong ဟာ ဂိမ်းလောကမှာ နာမည်ကျော်သွားခဲ့ပြီး ၃ ရက်အတွင်း ဖလက်ဖောင်းပေါင်းစုံမှာ ၁၀ သန်းကျော် ရောင်းရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။

    Black Myth: Wukong ဟာ နာမည်ကျော် ၀ူခုန်း၀တ္ထု ‘အနောက်ဖက်သို့ ခရီးသွားခြင်း’ ကို အခြေခံ ဖန်တီးထားတာပါ။ အရင်က ဒီ၀တ္ထုကို အခြေခံကာ ဇာတ်လမ်းတွဲရိုက်ခဲ့ရာမှာ ကမ္ဘာတစ်လွှား အောင်မြင်မှုတွေ ရခဲ့ပါတယ်။

    ဂိမ်းမှာ မျောက်မင်းစွန်း၀ူခွန်းကို ဇာတ်လိုက်အဖြစ် ကစားရမှာဖြစ်ပါတယ်။ ၀ူခုန်းဂိမ်း အောင်မြင်တာကြောင့် ဂိမ်းထဲမှာ ပါ၀င်တဲ့ တရုတ်နိုင်ငံက နေရာတွေကို လူတွေက စိတ်၀င်စားလာကြပြီး သွားရောက် လည်ပတ်မှုတွေ မြင့်တက်လာပါတယ်။

    ၀ူခုန်းဂိမ်းကို ၆ နှစ်ကျော်ကြာ ဖန်တီးခဲ့ရပြီး တရုတ်နိုင်ငံထုတ် ပထမဆုံး AAA အဆင့် ဂိမ်းလည်း ဖြစ်ပါတယ်။ ဂိမ်းကိုထုတ်လုပ်တဲ့ Game Science စတူဒီယိုနဲ့ ပိုင်ရှင် ဖန်းကျီတို့ဟာလည်း ဂိမ်းဖန်တီးမှု လောကမှာ လျင်လျင်မြန်မြန်ပဲ နာမည်ကျော်လာပါတယ်။

    Ref: South China Morning Post

  • ဂါဇာရှိ စာသင်ကျောင်းတစ်ခုကို အစ္စရေးက ထပ်မံတိုက်ခိုက်မှု ၁၀ ဦးထက်မနည်း သေဆုံး

    ဂါဇာရှိ စာသင်ကျောင်းတစ်ခုကို အစ္စရေးက ထပ်မံတိုက်ခိုက်မှု ၁၀ ဦးထက်မနည်း သေဆုံး

    သြဂုတ် ၂၀၊ ၂၀၂၄
    M-Media

    (ဓာတ်ပုံ – အစ္စရေး၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် မိသားစု၀င်များ ဆုံးရှုံးခဲ့ရသည့် ပါလက်စတိုင်း မိသားစု တစ်ခု)

    -ဂါဇာကမ်းမြှောင်မြောက်ပိုင်း ဂါဇာစီးတီးမြို့က Mustafa Hafez စာသင်ကျောင်းကို အစ္စရေးက အင်္ဂါနေ့မှာ တိုက်ခိုက်ရာ အနည်းဆုံး လူ ၁၀ ဦး သေဆုံးတယ်လို့ သိရပါတယ်။

    အဲဒီစာသင်ကျောင်းဟာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရသူတွေ နေထိုင်နေရတဲ့ နေရာပါ။ စာသင်ကျောင်း ဒုတိယထပ်ကို ဒုံးကျည်ထိမှန်ခဲ့ပြီး သေဆုံးသူတွေထဲက အနည်းဆုံး ၂ ဦးဟာ ကလေးငယ်တွေဖြစ်တယ်လို့ ဂါဇာပြည်သူ့ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

    တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူတွေလည်း အများအပြား ရှိခဲ့ပါတယ်။

    ၁၁ လနီးပါး ကြာလာပြီဖြစ်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲအတွင်း ပါလက်စတိုင်းပြည်သူ ၄ သောင်းကျော် အသတ်ခံထားရပါတယ်။

    Ref: Aljazeera


  • မလေးရှားနှင့် အိန္ဒိယတို့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်

    မလေးရှားနှင့် အိန္ဒိယတို့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်

    သြဂုတ် ၂၀၊ ၂၀၂၄
    M-Media

    -ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း၊ ဉာဏ်ရည်တု၊ ကွန်ပျူတာချစ်ပ်၊ ဒစ်ဂျစ်နည်းပညာ စတဲ့ နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်သွားဖို့ မလေးရှားနဲ့ အိန္ဒိယခေါင်းဆောင်တွေက သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

    မလေးရှား၀န်ကြီးချုပ် အန်၀ါရ် အီဘရာဟင်ဟာ အိန္ဒိယနိုင်ငံကို အလည်အပတ် ရောက်ရှိနေပြီး အိန္ဒိယ၀န်ကြီးချုပ် မိုဒီနဲ့ သြဂုတ်လ ၂၀ ရက်နေ့မှာ တွေ့ဆုံခဲ့ပါတယ်။

    ခေါင်းဆောင်နှစ်ဦးဟာ သဘောတူညီချက် ၈ ခုကို လတ်မှတ်ရေးထိုးခဲ့ပြီး အိန္ဒိယလုပ်သားတွေကို မလေးရှားက ပိုမိုခေါ်ယူခန့်ထားရေး၊ နှစ်နိုင်ငံ ဒစ်ဂျစ်တယ်ငွေပေးချေမှု ချိတ်ဆက်ဆောင်ရွက်ရေးတွေလည်း ပါ၀င်ပါတယ်။

    ပြီးခဲ့တဲ့နှစ်က နှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုးဟာ ဒေါ်လာ သန်းပေါင်း ၅ ထောင် ရှိပါတယ်။ အစိုးရစာရင်းတွေအရ မလေးရှားမှာ အိန္ဒိယနိုင်ငံက ကျွမ်းကျင်နဲ့ အခြေခံလုပ်သား စုစုပေါင်း ၁၈၅၀၀၀ လောက် ရှိနေပါတယ်။

    Ref: Hindustan Times

  • အစ္စလာမ့်ရေးရာကောလိပ်တစ်ခုကို စင်ကာပူအစိုးရက တည်ထောင်ပေးမည်

    အစ္စလာမ့်ရေးရာကောလိပ်တစ်ခုကို စင်ကာပူအစိုးရက တည်ထောင်ပေးမည်

    သြဂုတ် ၁၉၊ ၂၀၂၄
    M-Media

    (ဓာတ်ပုံ – စင်ကာပူ၀န်ကြီးချုပ် လောရင့် ၀ွန်)

    -အနာဂတ် အစ္စလာမ့်ခေါင်းဆောင်တွေ ပေါ်ထွက်လာဖို့အတွက် ‘အစ္စလာမ့်ရေးရာကောလိပ်တစ်ခု’ တည်ဆောက် ထူထောင်ပေးမယ်လို့ စင်ကာပူ၀န်ကြီးချုပ် လောရင့် ၀ွန်က ပြောပါတယ်။

    သြဂုတ်လ ၁၈ ရက်နေ့က ပြုလုပ်တဲ့ အမျိုးသားနေ့ ချီတက်ပွဲမှာ လောရင့်က ကြေငြာတာပါ။ ၀န်ကြီးချုပ်ဖြစ်ပြီးနောက် ချီတက်ပွဲကို ပထမဆုံးအကြိမ် တက်ရောက်တာလည်း ဖြစ်ပါတယ်။

    အစ္စလာမ့်ရေးရာ ကောလိပ်တစ်ခု စင်ကာပူမှာ ပေါ်ပေါက်လာဖို့အတွက် ၂၀၁၆ ခုနှစ်မှာ အဲဒီတုန်းက မွတ်စလင်ရေးရာ ၀န်ကြီးအဖြစ် တာ၀န်ထမ်းဆောင်ခဲ့တဲ့ ယာကွဘ် အီဘရာဟင်က အဆိုပြုခဲ့တာပါ။

    လောရင့်က နိုင်ငံအတွင်းက မလေးမွတ်စလင် လူ့အဖွဲ့အစည်းနဲ့ ခေါင်းဆောင်တွေဟာ နိုင်ငံ တိုးတက်အောင်မြင်ဖို့အတွက် ဘက်ပေါင်းစုံကနေ ကူညီပံ့ပိုးပေးခဲ့ပြီး ဒီလုပ်ဆောင်ချက်တွေကို သူ့အနေနဲ့ အသိအမှတ်ပြုတယ်လို့ ပြောကြားခဲ့ပါတယ်။

    မွတ်စလင်လူ့အဖွဲ့အစည်းက ပေါ်ထွက်လာတဲ့ မှတ်ချက်တွေ၊ အတွေးအမြင်တွေကို မိမိတို့အစိုးရအနေနဲ့ တလေးတစား နားထောင်နေပြီး ခိုင်ခိုင်မာမာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ၀န်ကြီးချုပ်က ပြောပါတယ်။