News @ M-Media

Blog

  • အပိတ်ဆို့ခံ ပါလက်စတိုင်းပြည်သူများအတွက် ရာဖာနယ်ခြားကို ဖွင့်လှစ်

    အပိတ်ဆို့ခံ ပါလက်စတိုင်းပြည်သူများအတွက် ရာဖာနယ်ခြားကို ဖွင့်လှစ်

    ဖေဖော်ဝါရီ ၁၄၊ ၂၀၁၆
    M-Media

    Gaza

    – အစ္စရေး၏ ပိတ်ဆို့မှုကို ခံထားရသည့် ဂါဇာကမ်းမြှောင်ရှိ ရာဖာနယ်ခြားကို ဖွင့်လှစ်ခဲ့ပြီးနောက် ပါလက်စတိုင်းပြည်သူ ရာပေါင်းများစွာမှာ အီဂျစ်သို့သွားရောက်ရန် နယ်စပ်သို့ စုပြုံရောက်ရှိလာခဲ့သည်ဟု သိရသည်။

    ဂါဇာကမ်းမြှောင်မှ အီဂျစ်သို့ သွားရောက်နိုင်သည့် ရာဖာနယ်ခြားကို ပြီးခဲ့သည့် ဒီဇင်ဘာလက နောက်ဆုံး ဖွင့်လှစ်ခဲ့ပြီးနောက် ယခု ပထမဆုံးအကြိမ် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ ၂ ရက်တာ ကြာမြင့်မည်ဖြစ်သည်။ ယနေ့တွင်စတင်သည့် အဆိုပါနယ်ခြားဖွင့်လှစ်မှုတွင် ပါလက်စတိုင်းပြည်သူ ၇၆၅ ဦးကိုသာ အီဂျစ်ုသို့ သွားရောက်ခွင့်ပြုထားသည်ဟု ပါလက်စတိုင်းအာဏာပိုင်များက ပြောကြားခဲ့သည်။

    အသက်ရှင်ရပ်တည်ရေးအတွက် အရေးပေါ်လိုအပ်ချက်များ ရှိနေသောကြောင့် ရာဖာနယ်ခြားကိုဖြတ်ရန် စာရင်းပေးထားသူ ၂၅၀၀၀ ကျော် ရှိနေပြီး၊ ထိုအထဲမှ ၃၅၀၀ ခန့်မှာ ဆေးကုသရန်လိုအပ်နေသူများဖြစ်သည်ဟု Ma’an သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

    ၂၀၀၇ ခုနှစ်တွင် ဟားမက်စ်အဖွဲ့က ဂါဇာကမ်းမြှောင်အား ထိန်းချုပ်ခဲ့ပြီးနောက်ပိုင်း အစ္စရေးနှင့် အီဂျစ်တို့၏ ပိတ်ဆို့ထားမှုများကြောင့် ထိုဒေသရှိ ပါလက်စတိုင်းပြည်သူများမှာ ဒုက္ခ၊ သုက္ခပေါင်းစုံနှင် ရင်ဆိုင်နေရသည်။

    Ref: Aljazeera

  • ဒုက္ခသည်များ၏ ဒုက္ခကို ဖော်ပြသည့် အနုပညာဖန်တီးမှုတစ်ခုကို တရုတ်အနုပညာရှင်က ဂျာမနီတွင်ပြုလုပ်

    ဒုက္ခသည်များ၏ ဒုက္ခကို ဖော်ပြသည့် အနုပညာဖန်တီးမှုတစ်ခုကို တရုတ်အနုပညာရှင်က ဂျာမနီတွင်ပြုလုပ်

    ဖေဖော်ဝါရိ ၁၄၊ ၂၀၁၆
    M-Media

    jecket

    – အရှေ့အလယ်ပိုင်း မငြိမ်သက်မှုကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးလာရသည့် ဒုက္ခသည်များ၏ ဒုက္ခ၊ သုက္ခများကို မီးမောင်းထိုးပြသည့်အနေဖြင့် နာမည်ကြီး တရုတ်အနုပညာရှင် အိုင်ဝေေ၀မှာ သက်ကယ်အင်္ကျီများဖြင့် အနုပညာ ဖန်တီးမှုတစ်ခုကို ပြုလုပ်ခဲ့သည်ဟု သိရသည်။

    ဂျာမနီနိုင်ငံ မြို့တော်ဘာလင်မှ ထင်ရှားသည့် အဆောက်အဦးဖြစ်သော Konzerthaus အရှေ့ရှိ တိုင်ကြီး ၄ လုံးကို သက်ကယ်အင်္ကျီပေါင်း ၁၄၀၀၀ ခန့်အသုံးပြု၍ တိုင်လုံးပြည့် ချည်နှောင်ခဲ့ခြင်းဖြစ်သည်။

    အဆိုပါ သက်ကယ်အင်္ကျီများမှာ တူရကီမှ မြေထဲပင်လယ်ကိုဖြတ်၍ ထွက်ပြေးလာသည့် ဒုက္ခသည်များ စွန့်ပစ်ခဲ့သော သက်ကယ်အင်္ကျီများဖြစ်ပြီး ဂရိနိုင်ငံရှိ လက်စ်ဘော့စ်ကျွန်းမှ ဂျာမနီနိုင်ငံသို့ ယူဆောင်လာခဲ့ခြင်းဖြစ်သည်။

    ယခုနှစ်အတွင်း မြေထဲပင်လယ်ကို ဖြတ်၍ ဥရောပသို့ရောက်ရှိရန် ကြိုးစားရင်း အသက်ဆုံးရှုံးရသည့် ဒုက္ခသည်အရေအတွက်မှာ ၄၀၀ ကျော်လာခဲ့ပြီး ၂၀၁၆ ခုနှစ် ပထမ ၆ ပတ်အတွင်း ဖြတ်ကူးလာသည့် ဒုက္ခသည်အရေအတွက်မှာ ပြီးခဲ့သည့်နှစ်က ထိုအချိန်ကာလကထက် ၁၀ ဆနီးပါး မြင့်တက်လာခြင်းဖြစ်သည်။

    Ref: Aljazeera

  • ဇနီးကိုရိုက်နှက်သည့် အမျိုးသားကို ဆော်ဒီတရားရုံးက ထောင်ချ

    ဇနီးကိုရိုက်နှက်သည့် အမျိုးသားကို ဆော်ဒီတရားရုံးက ထောင်ချ

    ဖေဖော်ဝါရီ ၁၄၊ ၂၀၁၆
    M-Media

    justice

    – ဇနီးသည်ကို ရိုက်နှက်ပြီး ကြိမ်းမောင်းပြောဆိုခဲ့တဲ့ အမျိုးသားတစ်ဦးကို ဆော်ဒီတရားရုံးက ထောင်ဒဏ် ၉ လ ချ မှတ်ခဲ့တယ်လို့ သိရပါတယ်။

    အဲဒီအမျိုးသားဟာ ကိုယ်ဝန်ဆောင်နေတဲ့ ဇနီးသည်ကို “ခေါင်းမာပြီး အသိဉာဏ်နည်းတဲ့မိန်းမ” လို့လည်း ပြောဆိုခဲ့ပြီး ထောင်ဒဏ် ၉ လနဲ့အတူ ဇနီးသည်နားကို မသွားဖို့ ခံဝန်ကိုလည်း ဂျစ်ဒါတရားရုံးမှာ ရေးထိုးခဲ့ရပါတယ်။ ဇနီးဖြစ်သူအနေနဲ့ သူ့ရဲ့ ခံစားပိုင်ခွင့်အားလုံးကို ရရှိခံစားခွင့် ရှိရမယ်လို့လည်း တရားရုံးရဲ့ အမိန့်မှာ ပါဝင်ပါတယ်။

    အဲဒီဇနီးမောင်နှံနှစ်ဦးဟာ တရားဝင် ကွာရှင်းထားခြင်းမရှိဘဲ လပေါင်းများစွာ ကွဲကွာနေသူတွေဖြစ်ပြီး အမျိုးသမီးက ခင်ပွန်းဖြစ်သူရဲ့ ကိုယ်ထိလက်ရောက် စော်ကားမှု၊ အကြမ်းဖက်မှုတွေကို အသေးစိတ်ရေးသားပြီး တရားရုံးကို တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

    နောက်ဆုံးဖြစ်ရပ်တစ်ခုမှာ သူမဟာ ကိုယ်ဝန်ငါးလ လွယ်ထားနေရချိန်ဖြစ်ပြီး စတိုးဆိုင်သွားမိတဲ့အတွက် ဗိုက်ကို အကန်ခံရကာ အိမ်ကြမ်းပြင်မှာ လှိမ့်နေအောင် ရိုက်ခံရတယ်လို့ ပြောကြားခဲ့ပါတယ်။

    “အဲဒီအမျိုးသမီးဟာ ရဲတပ်ဖွဲ့ကိုလည်း တိုင်ကြားခဲ့ပြီး ဂျစ်ဒါက ဘုရင်ဖာဟဒ်ဆေးရုံမှာ ဆေးစစ်ခဲ့ပါတယ်။ ဆေးစာအရ အပြင်းအထန် ရိုက်နှက်ခံထားရတာကြောင့် သူမရဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာဒဏ်ချက်တွေ၊ ဖူးယောင်ဒဏ်ရာတွေကို တွေ့ရှိခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ သူမအနေနဲ့ ပြန်လည်သက်သာဖို့ ၁၅ ရက်လောက် အချိန်ယူဖို့ လိုပါတယ်” လို့ ဆော်ဒီသတင်းစာတစ်စောင်ဖြစ်တဲ့ အလ်-၀ါတန်သတင်းစာက ဖော်ပြထားပါတယ်။

    သူမဟာ စိတ်ကျရောဂါနဲ့ စိုးရိမ်သောကလိုမျိုး စိတ်ပိုင်းဆိုင်ရာပြဿနာတွေလည်း ခံစားနေရတယ်လို့ ဆေးစစ်ချက်မှာ ဖော်ပြထားပါတယ်။

    ဒီအမျိုးသမီးဟာ ခင်ပွန်းရဲ့ အိမ်ကမောင်းထုတ်ခြင်းကို ခံခဲ့ရတာကြောင့် ၇ နှစ်သားအရွယ် သားငယ်နဲ့အတူ အိမ်ငှားနေထိုင်ကာ ကွာရှင်းပြတ်စဲတဲ့အထိ စောင့်နေခဲ့တာဖြစ်ပေမယ့် ခင်ပွန်းဖြစ်သူ ပြန်တွေ့သွားတာကြောင့် ထပ်မံ ရိုက်နှက်ခံခဲ့ရတာ ဖြစ်ပါတယ်။

    Ref : ArabNews

  • တိုက်စစ်မှူး စတားရစ်ဂ်ျကို လီဗာပူးလ်နည်းပြ ချီးကျူး

    တိုက်စစ်မှူး စတားရစ်ဂ်ျကို လီဗာပူးလ်နည်းပြ ချီးကျူး

    ဖေဖော်ဝါရီ ၁၄၊ ၂၀၁၆
    M-Media

    sturridge

    – တိုက်စစ်မှူး ဒန်နီယဲလ်စတားရစ်ဂ်ျ တိုးတက်လာမှုနှင့် ပတ်သက်၍ မိမိအနေဖြင့် ကျေနပ်မိသည်ဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောဆိုလိုက်ပြီး ၎င်းမှာ မိမိမြင်ဖူးသည့် တိုက်စစ်မှူးများထဲတွင် အကောင်းဆုံးဖြစ်သည်ဟု ဆိုသည်။

    စတားရစ်ဂ်ျမှာ ပြီးခဲ့သည့် ၂ နှစ်တာကာလအတွင်း ဒဏ်ရာများဖြင့် ရုန်းကန်ခဲ့ရပြီး ယခုနှစ် ပရီးမီးယားလိဂ်တွင် စုစုပေါင်း ၅ ပွဲသာ ပါဝင်ကစားခွင့် ရထားသည်။ ယခုသီတင်းပတ်အလယ်က ကစားခဲ့ပြီး ၀က်စ်ဟမ်းအား ရှုံးနိမ့်ခဲ့သော FA ဖလားပွဲတွင် စတားရစ်ဂ်ျမှာ ပါဝင်ကစားခဲ့သော်လည်း ပရီးမီးယားလိဂ်တွင် ဒီဇင်ဘာအစောပိုင်းကတည်းက ပါဝင်ကစားခွင့် မရခဲ့ပေ။

    ကလော့ပ်ကမှာ စတားရစ်ဂ်ျက တိုက်စစ်ကို ပိုမိုတိုးမြင့်စေမည်ဟု ဆိုသည်။

    “ကိန်းဂဏန်းတွေက စိတ်ဝင်စားစရာ သိပ်မကောင်းတော့ပါဘူး။ လက်ရှိအချိန်မှာ သူဟာ လေ့ကျင့်ခန်းဆင်းနေပြီး နောက်ဆုံး ၂ ပွဲမှာ ၁ ပွဲ ပါဝင်ကစားခဲ့ပါတယ်။ ဒါဟာ ၅၀ ရာခိုင်နှုန်းပါ။ သိပ်တော့မဆိုးပါဘူး။ အစီအစဉ်က ၀က်စ်ဟမ်းနဲ့ပွဲမှာ သူ့ကို မိနစ် ၄၀ ကစားဖို့ပါ။ ဒါပေမယ့် အချိန်ပိုပါထည့်တွက်ရင် မိနစ် ၇၀ လောက် ဖြစ်သွားပါတယ်။ သူကစားနိုင်ခဲ့အခါမှာ ပွဲက တော်တော်လေး လွယ်ကူသွားပါတယ်” ဟု ကလော့ပ်က ပြောကြားခဲ့သည်။

    Ref: Goal

  • ဗလီကိုဗုံးခွဲမည်ဟု ခြိမ်းခြောက်ခဲ့သည့် အမေရိကန်တစ်ဦး ထောင်ဒဏ် နှစ် ၂၀ ကျခံရဖွယ်ရှိနေ

    ဗလီကိုဗုံးခွဲမည်ဟု ခြိမ်းခြောက်ခဲ့သည့် အမေရိကန်တစ်ဦး ထောင်ဒဏ် နှစ် ၂၀ ကျခံရဖွယ်ရှိနေ

    ဖေဖော်ဝါရီ ၁၄၊ ၂၀၁၆
    M-Media

    – နိုဝင်ဘာလက ဖြစ်ပွားခဲ့တဲ့ ပဲရစ်တိုက်ခိုက်မှုဖြစ်ပြီး မကြာမီ အမေရိကန်ရှိ ဗလီဝတ်ကျောင်းတော် ၂ လုံးကို ဗုံးခွဲပြီး လာရောက်ဝတ်ပြုတဲ့ လူစုလူဝေးကို ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမုန်းရာဇ၀တ်မှုအတွက် အပြစ်ရှိကြောင်း ဖလော်ရီဒါမှ အမျိုးသားတစ်ဦးက ယမန်နေ့မှာ ၀န်ခံထွက်ဆိုခဲ့ပါတယ်။

    ဆီမီနိုလီမြို့က အသက် ၄၃ နှစ်အရွယ်ရှိသူ မာတင် ရှင်ဇလာဆိုသူဖြစ်ပြီး သူတစ်ပါးရဲ့ လွတ်လပ်စွာကိုးကွယ်ယုံကြည်မှုကို စော်ကားနှောင့်ယှက်ခဲ့တယ်ဆိုတဲ့ စွဲချက်အတွက် အပြစ်ရှိကြောင်း ၀န်ခံခဲ့တာဖြစ်တယ်လို့ ဖလော်ရီဒါ အလယ်ပိုင်းခရိုင် တရားသူကြီး အေ လီ ဘန်တလေက ပြောလိုက်တာပါ။

    ဒါ့ကြောင့် ရှင်ဇလာအနေနဲ့ ထောင်ဒဏ် အနှစ် ၂၀ ထိ ကျခံရနိုင်ပေမယ့် ပြည်နယ်လုပ်ထုံးလုပ်နည်းတွေကြောင့် ဒီထက်လျော့နည်းဖွယ် ရှိနိုင်တယ်လို့ ဆိုပါတယ်။ ၎င်းကိုတော့ စီရင်ချက်မချသေးဘဲ ဆိုင်းငံ့ထားလိုက်ပါတယ်။

    ရှင်ဇလာက စိန့်ပီတာစဘတ် ဗလီနဲ့ ပင်နဲလက်က်ဒေသက ဗလီတွေကို ၂၀၁၅ နိုဝင်ဘာ ၁၃ ရက်နေ့မှာ ဘာသာရေးစော်ကားတဲ့စကားတွေကို ပေးပို့ခြိမ်းခြောက်ခဲ့တာဖြစ်တယ်လို့ ၀န်ခံထွက်ဆိုခဲ့ပါတယ်။ အဲဒီ စော်ကားပြောဆိုလိုက်တဲ့ စာသားတွေကို လူအယောက် ၁၃၀ သေဆုံးခဲ့တဲ့ ပဲရစ်တိုက်ခိုက်မှု ဖြစ်ပွားတဲ့ နေ့မှာပဲ ပေးပို့ခဲ့တာပါ။

    ရှေ့နေဖြစ်တဲ့ ဘရိုင်ယန် ကမာရီနိုကတော့ သူ့ရဲ့အမှုသည်ဟာ ခံစားချက်တွေ ပေါက်ကွဲမိတဲ့အတွက် ၀မ်းနည်းကြေကွဲရတယ်လို့ ဆိုပါတယ်။ ၎င်းက ရှင်ဇလာဟာ သူခြိမ်းခြောက်ပြောဆိုခဲ့သလို ဆောင်ရွက်လုပ်ကိုင်ခြင်း လုံးဝမရှိခဲ့ဘူးလို့လည်း ပြောပါတယ်။

    ပဲရစ်တိုက်ခိုက်မှုအပြီး နောက်တစ်ရက်မှာ ကွန်နက်တီကတ်မှာ နေထိုင်သူတစ်ဦးဖြစ်တဲ့ တက်ဒ် ဟာကေ ဂျုနီယာဟာ သူ့ရဲ့ အိမ်ဘေးမှာရှိတဲ့ လူမရှိတဲ့ဗလီတစ်လုံးကို သေနတ်နဲ့ပစ်ခတ်ပြီး အမုန်းရာဇ၀တ်မှု ကျူးလွန်ခဲ့ကြောင်း ၀န်ခံပြီးတဲ့ နောက်တစ်ရက်မှာပဲ ရှင်ဇလာအအနေနဲ့ အခုလို တရားရုံးမှာ ၀န်ခံထွက်ဆိုခဲ့တာ ဖြစ်ပါတယ်။

    Ref: IINA