News @ M-Media

Blog

  • အမျိုးသမီးများအပေါ် ကန့်သတ်မှုအချို့မှာ ဘာသာရေးထက် လူမှုရေးကြောင့်ဖြစ်သည်ဟု ဆော်ဒီပြော

    အမျိုးသမီးများအပေါ် ကန့်သတ်မှုအချို့မှာ ဘာသာရေးထက် လူမှုရေးကြောင့်ဖြစ်သည်ဟု ဆော်ဒီပြော

    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၆
    M-Media

    saudi 3

    – အမျိုးသမီးများ ကားမောင်းခွင့်မပြုခြင်းကဲ့သို့ ကိစ္စရပ်များမှာ ဘာသာရေးကြောင့်မဟုတ်ဘဲ၊ လူမှုရေးကြောင့်သာဖြစ်သည်ဟု ဆော်ဒီနိုင်ငံက ပြောကြားလိုက်ပြီး အမျိုးသမီးများ၏ ပညာရေးတွင် တိုးတက်မှုများ ရှိခဲ့သည်ဟု ဆိုသည်။

    “အမျိုးသမီးတွေကားမောင်းတဲ့ ကိစ္စတွေကို ထောက်ပြလာရင် ဒါက ဘာသာရေးကိစ္စကြောင့် မဟုတ်ပါဘူး။ လူမှုရေးကိစ္စပါ” ဟု ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး အဒဲလ် အလ်-ဂျူဘီရ်က ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် ပြုလုပ်ခဲ့သည့် မြူးနစ်လုံခြုံရေးညီလာခံတွင် ပြောကြားခဲ့သည်။

    “၁၉၆၀ လောက်က အမျိုးသမီးတွေအတွက် စာသင်ကျောင်းမရှိတဲ့ အခြေအနေမျိုးကနေ ဒီနေ့ဆိုရင် နိုင်ငံတစ်ဝှမ်းက ကောလိပ်ကျောင်းသားတွေရဲ့ ၅၅ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေ ဖြစ်နေပါပြီ။ ကျွန်တော်တို့ရဲ့ ထိပ်တန်းဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ ရှေ့နေတွေ၊ စီးပွားရေးလုပ်ငန်းရှင်အချို့ဟာလည်း အမျိုးသမီးတွေပါပဲ”

    ထို့ပြင် ဂျူဘီရ်က ဆော်ဒီ၏အခြေအနေကို အမေရိကန်နှင့် နှိုင်းယှဉ်ပြခဲ့ပြီး အမေရိကန်တွင် လွတ်လပ်ရေးရပြီးနောက် အမျိုးသမီးများ မဲပေးခွင့်ရရန် နှစ် ၁၀၀ စောင့်ခဲ့ရကြောင်း၊ လွှတ်တော်ဥက္ကဌအဖြစ် အမျိုးသမီးကို ရွေးချယ်တင်မြှောက်ရန် နောက်ထပ် နှစ် ၁၀၀ စောင့်ခဲ့ရကြောင်း ထောက်ပြပြောဆိုခဲ့သည်။

    “ကျွန်တော်တို့ နှစ် ၂၀၀ အချိန်ပေးပါလို့ ပြောနေတာမဟုတ်ပါဘူး။ နည်းနည်းလောက် စိတ်ရှည်ဖို့ ပြောနေတာပါ။ နည်းပညာနဲ့ ဆက်သွယ်ရေးထွန်းကားတဲ့ ခေတ်သစ်ကမ္ဘာမှာ ဒီလုပ်ငန်းစဉ်ကို အရှိမြှင့်နေပေမယ့် အချိန်တော့ ယူရပါမယ်။ အလျင်စလို လုပ်လို့မရပါဘူး” ဟု ဂျူဘီရ်က ထည့်သွင်းပြောကြားခဲ့သည်။

    ဆော်ဒီတွင် အမျိုးသမီးများ၏ အခွင့်အရေး ကန့်သတ်ထားမှုကို ဖြေလျော့ပေးနေသော်လည်း ယခုအချိန်အထိ အမျိုးသမီးများမှာ ကားမောင်းခွင့် မရသေးပေ။ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ပြုလုပ်ခဲ့သည့် မြူနီစီပယ်ရွေးကောက်ပွဲတွင် အမျိုးသမီးများကို ပထမဆုံးအကြိမ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခွင့် မဲပေးခွင့် ပြုခဲ့ပြီး၊ ဆော်ဒီပြည်သူများက အမျိုးသမီးများကို အဆင့်မြင့်ရာထူးများအတွက် ရွေးချယ်တင်မြှောက်ခဲ့ကြသည်။

    Ref: Arab News

  • ရေနံဈေးနှုန်းပြန်တက်ပြီး စတော့ဈေးကွက်ပြန်ကျ

    ရေနံဈေးနှုန်းပြန်တက်ပြီး စတော့ဈေးကွက်ပြန်ကျ

    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၆
    M-Media

    oil 2

    – ရေနံတင်ပို့မှုကို အကြီးဆုံး ပြုလုပ်နေသည့် အိုပက်နိုင်ငံများက ရေနံထုတ်လုပ်မှုကို လျှော့ချမည်ဆိုသည့် သတင်းများ ထွက်ပေါ်လာပြီးနောက် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ရေနံဈေးနှုန်းမှာ မြင့်တက်လာခဲ့သည်ဟု သိရသည်။

    ကမ္ဘာ့ရေနံဈေးကွက်တွင် ရေနံရောင်းလိုအား အလွန်အမင်း များပြားနေခြင်းကြောင့် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ရေနံဈေးနှုန်းမှာ ၂၀၀၃ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးအထိ ကျဆင်းခဲ့သည်။ ထို့ကြောင့် ထိုကဲ့သို့ ရေနံဈေးနှုန်း ကျဆင်းမှုကို ရပ်တန့်ရန်အတွက် ရေနံထုတ်လုပ်သည့်နိုင်ငံများမှာ ထုတ်လုပ်မှုကို လျော့ချရန် ကြိုးစားလာခဲ့သည်။

    ယူအေအီးရေနံဝန်ကြီး ဆူဟေးလ် အလ် မက်ဇ်ရူအီက အိုပက်နိုင်ငံများမှာ ရေနံစိမ်းထုတ်လုပ်မှုကို လျှော့ချရန်အတွက် အခြားသော ရေနံထုတ်လုပ်သည့်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိနေသည်ဟု ယမန်နေ့က Wall Street ဂျာနယ်သို့ ပြောကြားခဲ့သည်။

    ရေနံဈေးနှုန်းတက်မှုကြောင့် ရေနံနှင့် ဆက်စက်နေသည့် ရှယ်ယာများလည်း တက်လာခဲ့ပြီး၊ စတော့ဈေးကွက်များမှာ ယမန်နေ့က ကျဆင်းခဲ့သည်။

    Ref: Channelnewsasia

  • အစ္စလာမ့်အသိပညာပြန့်ပွားရေး မော်ရိုကိုနှင့် ချဒ်တို့ ပူးပေါင်းဆောင်ရွက်

    အစ္စလာမ့်အသိပညာပြန့်ပွားရေး မော်ရိုကိုနှင့် ချဒ်တို့ ပူးပေါင်းဆောင်ရွက်

    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၆
    M-Media

    moroco 2

    – မော်ရိုကိုနိုင်ငံကို ရောက်ရှိနေတဲ့ ချဒ်နိုင်ငံသား ရှေ့ဆောင်အီမာမ်တွေကို သင်တန်းပေးရေး နားလည်မှုစာချွန်လွှာနဲ့ မော်ရိုကို-ချဒ်နှစ်နိုင်ငံ အစ္စလာမ့်ရေးရာ ပူးပေါင်းဆောင်ရေး သဘောတူညီချက်တို့ကို အခုတစ်ပတ်အတွင်းမှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

    အာဖရိကတိုက်က နိုင်ငံတွေဖြစ်တဲ့ မော်ရိုကိုနဲ့ ချဒ်တို့ ပြုလုပ်ခဲ့တဲ့ အဲဒီသဘောတူညီချက်အတွင်း ချဒ်နိုင်ငံ မြို့တော် N’Djamena မှာ ယဉ်ကျေးမှုဆိုင်ရာ အဆောက်အဦးတစ်ခုနဲ့ ဗလီဝတ်ကျောင်းတော်တစ်လုံး တည်ဆောက်ဖို့လည်း ပါဝင်ပါတယ်။

    မော်ရိုကို သာသနာရေးဝန်ကြီး အဟ်မဒ် အတ်သောင်ဖီးက်က မော်ရိုကိုဘုရင်ကြီး မိုဟာမက်ရဲ့ အမိန့်နဲ့ဆောင်ရွက်မယ့် အဲဒီ စီမံကိန်းတွေဟာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပြန်လည်ဆန်းသစ်ရေးကို ကိုယ်စားပြုတယ်လို့ ပြောကြားခဲ့ပါတယ်။

    နောက်ပြီး အာဖရိက ပညာရှင်များဆိုင်ရာ ဘုရင်မိုဟာမက် တက္ကသိုလ်မှာ ချဒ်နိုင်ငံက ၀န်ကြီးဌာနဟာ နေရာတစ်ခု ရရှိမှာဖြစ်ပြီး ဘာသာရေးလေ့လာမှုနဲ့ အလုပ်အကိုင်တွေမှာ အမျိုးသမီးတွေ ပါဝင်မှုကို အားပေးတဲ့ အဲဒီတက္ကသိုလ်ဟာ များသောအားဖြင့် ချဒ်နိုင်ငံသားတွေ လာရောက် ပညာသင်ယူကြတာ ဖြစ်ပါတယ်။

    အဲဒီတက္ကသိုလ်ဟာ အာဖရိကပညာရေးစနစ်အတွင်းမှာ အစ္စလာမ်ရဲ့ စစ်မှန်တဲ့ သင်ကြားမှုတွေကို အလေးထားထည့်သွင်းဖို့ ရည်ရွယ်ကာ မကြာသေးမီက ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

    ဘုရင်မိုဟာမက်ဖောင်ဒေးရှင်းရဲ့ ရှေ့ဆောင်အီမာမ်များ လေ့ကျင့်သင်ကြားပေးရေး အထူးအစီအစဉ်အောက်မှာ ချဒ်နိုင်ငံက ရှေ့ဆောင်အီမာမ် စုစုပေါင်း ၂၀၀ လောက်ဟာ မော်ရိုကိုနိုင်ငံမှာ ၃၊ ၄ လလောက် လာရောက်သင်ကြားရမှာ ဖြစ်ပါတယ်။

    ၂၀၁၄ နှစ်ကုန်ပိုင်းမှာ တည်ထောင်ခဲ့တဲ့ အဲဒီဖောင်ဒေးရှင်းကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဂုဏ်ပြုခဲ့ ပြီး အာဖရိကဒေသတွင်းမှာ အစွန်းရောက်မှုတွေကို တိုက်ဖျက်ဖို့ မော်ရိုကိုနိုင်ငံကို ဦးဆောင်သူနေရာ ပို့ဆောင်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

    ရာဘတ်မြို့မှာရှိတဲ့ ဖောင်ဒေးရှင်းရဲ့ လေ့ကျင့်ရေးဌာနမှာ ပြင်သစ်နိုင်ငံသား ရှေ့ဆောင် အီမာမ် ၅၀ ကျော်လည်း လာရောက်သင်ကြားနေပါတယ်။

    မော်ရိုကိုနိုင်ငံဟာ ၁၉၉၇ ခုနှစ်ကတည်းက ချဒ်နိုင်ငံနဲ့ အစ္စလာမ့်ပညာရေးတိုးတက်ဖွံ့ဖြိုးမှု အစီအစဉ်တွေကို စတင်လုပ်ကိုင်ခဲ့တာပါ။ နှစ်နိုင်ငံစလုံးရဲ့ အစ္စလာမ့်ရေးရာဝန်ကြီးတွေဟာ ရာဘတ်မြို့မှာ တွေ့ဆုံခဲ့ပြီး အစ္စလာမ့်ပူးပေါင်းရေးဆိုင်ရာ သဘောတူညီချက်ကို ဖန်တီးခဲ့ပါတယ်။ ယခု ထပ်မံတွေ့ဆုံမှုမှာတော့ ၂၀၀၇ ခုနှစ်က စီမံကိန်းတွေကို အသစ် ပြန်လည် ရေးဆွဲခဲ့တာဖြစ်ပါတယ်။

    Ref : IINA

  • ဘာကာသို့ရောက်စဉ်က စိုးရိမ်မှုရှိခဲ့ကြောင်း ဆွာရက်ဇ်ဝန်ခံ

    ဘာကာသို့ရောက်စဉ်က စိုးရိမ်မှုရှိခဲ့ကြောင်း ဆွာရက်ဇ်ဝန်ခံ

    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၆
    M-Media

    sua

    – ဘာစီလိုနာသို့ ရောက်ရှိလာခဲ့စဉ်က မိမိ၏ကစားပုံမှာ မက်ဆီ၊ နေးမာတို့နှင့် မတူညီသောကြောင့် အံဝင်ခွင်ကျ ဖြစ်မည်လားဆိုသည့် ကြောက်ရွံ့မှုများ ရှိခဲ့ကြောင်း ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်က ပြောကြားလိုက်သည်။

    ၂၀၁၄ ခုနှစ်တွင် လီဗာပူးလ်မှ ပြောင်းရွှေ့လာခဲ့သည့် ဆွာရက်ဇ်မှာ ပွဲပယ်ပြစ်ဒဏ်ကြောင့် ပွဲထွက်ခွင့်နောက်ကျခဲ့သည်။ သို့သော်လည်း ကစားခွင့်ရသည့်အချိန်တွင်မူ ခြေစွမ်းကောင်းများကို ပြသနိုင်ခဲ့ပြီး ဘာစီလိုနာ ဖလား ၅ လုံးရခဲ့သည့် ၂၀၁၅ ဘောလုံးရာသီက အသင်းအတွက် အရေးပါသည့် ကစားသမားတစ်ဦး ဖြစ်ခဲ့ကာ ယခုနှစ်တွင်လည်း ပြိုင်ပွဲအားလုံး ၃၄ ပွဲကစားထားပြီးနောက် ၃၆ ဂိုး သွင်းယူထားနိုင်သည်။

    ၎င်းကမူ အစောပိုင်းတွင် တိုက်စစ်မှူး ၃ ဦး အလုပ်တွဲလုပ်နိုင်စွမ်းနှင့်ပတ်သက်၍ စိုးရိမ်မိခဲ့ကြောင်း ၀န်ခံခဲ့သည်။

    “ပထမတော့ ဘာကာရဲ့ကစားပုံနဲ့ ကျွန်တော်ဟာ အံဝင်မှာမဟုတ်ဘူးလို့ ထင်ခဲ့ပါတယ်။ tiki-taka ပုံစံ ကစားတာများပြီး နေရာလွတ်သိပ်မရှိဘူး၊ ကျွန်တော့်အတွက် ခက်ခဲမယ်ပေါ့လေ။ သောကရောက်ခဲ့တာပေါ့။ ဒါပေမယ့် အသင်းဖော်တွေရဲ့ ကူညီမှုနဲ့ နည်းပြ လူးဝစ်အန်းရစ်က ကျွန်တော့ကို နံပါတ် ၉ နေရာမှာ ဆက်မသုံးမှုတွေကြောင့် ကျွန်တော် ပိုပြီး သက်သောင့်သက်သာ ဖြစ်ခဲ့ပါတယ်” ဟု အဆွာရက်ဇက်က Daily Mail သို့ ပြောကြားခဲ့သည်။

    ထို့ပြင် မက်ဆီ၊ နေးမာတို့နှင့် အလွန်ကောင်းမွန်သည့် ဆက်ဆံရေးကို ရရှိခဲ့ကြောင်း၊ ကွင်းပြင်ပ ဆက်ဆံရေးကောင်းမှုက ကွင်းအတွင်း ဆက်ဆံရေးကို လမ်းဖွင့်ပေးကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • ထောင်ဖောက်၍ အကြမ်းဖက်သမားများအား လွှတ်ပေးရန်ကြံစည်မှုကို ပါကစ္စတန် ဖြိုခွင်း

    ထောင်ဖောက်၍ အကြမ်းဖက်သမားများအား လွှတ်ပေးရန်ကြံစည်မှုကို ပါကစ္စတန် ဖြိုခွင်း

    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၆
    M-Media

    paki 3

    – ထောင်ကျနေတဲ့အကြမ်းဖက်သမားတွေကို ထောင်ဖောက်ထုတ်ဖို့ ကြံစည်မှုတစ်ခုကို ပါကစ္စတန်က ဖြိုခွင်းလိုက်ပြီး အဲဒီစစ်ဆင်ရေးအတွင်းမှာ ကရာချီမြို့တောင်ပိုင်းက အလ်ကိုင်ဒါနဲ့ လရှ်ကာရ် အီ-ဂျန်ဂ်ဝီ (LeJ) အကြမ်းဖက်အဖွဲ့အစည်း တပ်မှူး ၃ ဦးအပါအ၀င် စစ်သွေးကြွ ၉၇ ယောက်ကို ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ သိရပါတယ်။

    ဖမ်းဆီးခံရသူတွေဟာ ၂၀၀၉ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်အတွင်း ပါကစ္စတန်လေတပ်စခန်းနှစ်ခု၊ ကရာချီလေဆိပ်၊ ဒေသဆိုင်ရာ ထောက်လှမ်းရေးဌာနချုပ်တွေ၊ ရဲဌာနတွေကို တိုက်ခိုက်မှုတွေမှာ ပါဝင်ပက်သက်နေတယ်လို့လည်း စွပ်စွဲခံထားရပါတယ်။

    အိန္ဒိယတိုက်ငယ် အလ်ကိုင်းဒါးအဖွဲ့ခွဲ (AQIS) ရဲ့ လက်ထောက်အကြီးအကဲ ဖာရွတ် ဘတ်တီအပါအ၀င် LeJ အဖွဲ့ဝင် နအီးမ်ဘိုခါရီနဲ့ ဆဘီးရ်ခန်းတို့ကိုလည်း ပါကစ္စတန်တပ်ဖွဲ့တွေက ဖမ်းဆီးလိုက်တယ်လို့ စစ်တပ်ရေးရာပြောဆိုခွင့်ရှိသူ ဗိုလ်ချုပ် အာဆင်း ဘဂ်ျဝါက ပြောခဲ့ပါတယ်။

    “အကျဉ်းချုပ်ပြောနိုင်တာကတော့ အကြမ်းဖက်အုပ်စုအားလုံးဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေပြုလုပ်ဖို့အတွက် တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပူးပေါင်းဆက်သွယ်ဖို့ ကြိုးစားနေတယ်ဆိုတာပါပဲ” လို့ ဘဂ်ျဝါက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

    LeJ နဲ့ AQIS တို့ဟာ ပါကစ္စတန်တာလီဘန်လို့ခေါ်တဲ့ တာရီခ်-တာလီဘန်ပါကစ္စတန် အဖွဲ့နဲ့ ပူးပေါင်းဆက်သွယ်ဖို့ လှုပ်ရှားနေတာပါ။ LeJ အဖွဲ့ဟာ အစ္စလာမ်အမည်ခံအဖွဲ့တစ်ဖွဲ့ဖြစ်ပြီး သူတို့ရဲ့ ဘာသာရေးဆိုင်ရာအယူအဆတွေဟာ IS တွေနဲ့ တစ်ထပ်တည်းနီးပါး တူညီပါတယ်။ အဲဒီအဖွဲ့ဟာ ပါကစ္စတန်က လူနည်းစုရှီယိုက်တွေကို သတ်ပစ်ပြီး စွန္နီဂိုဏ်းတည်ထောင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

    ဘူခါရီအပါအ၀င် အကြမ်းဖက်သမားတွေကို ဟိုင်ဒရာဘတ် ဗဟိုအကျဉ်းထောင်ကို ဖောက်ဖို့ ကြိုးစားမှုစွဲချက်နဲ့ ဖမ်းဆီးထားတာဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ်မှာ ဝေါစထရိဂျာနယ်သတင်းထောက် ဒန်နီယဲလ် ပါးလ်ကို ပြန်ပေးဆွဲ သတ်ဖြတ်ခဲ့တဲ့ ခါလစ်ဒ် အိုမာရ်ရှိုက်ခ်ကို အဲဒီအကျဉ်းထောင်မှာပဲ ထိန်းသိမ်းထားတာဖြစ်ပြီး ထောင်ဖောက်မှုအတွင်း အကြမ်းဖက်သမားတွေက လွှတ်ပေးဖို့ စီစဉ်ထားတာပါ။

    တိုက်ခိုက်ဖို့ ကြံစည်နေသူတွေဟာ ဗန်ကားအပြည့် ဖောက်ခွဲရေးပစ္စည်းတွေ သိပ်ထည့်ထားပြီး အကျဉ်းထောင်ဝင်းကို ဖောက်ခွဲဖို့ လုပ်နေတာဖြစ်ကာ သူတို့သတ်ဖြစ်မယ့် ထောင်သား ၃၅ ယောက်ကိုလည်း စာရင်းပြုစုထားတယ်လို့ ပါကစ္စတန်စစ်တပ်က ဆိုပါတယ်။ ရှိုက်ခ်အပါအ၀င် ကယ်ထုတ်မယ့် အခြားသော အကျဉ်းသား ၁၀၀ ခန့်ရဲ့ စာရင်းလည်း သူတို့ဆီမှာ သီးခြား ရှိနေပါတယ်။

    ဖမ်းဆီးရမိခဲ့တဲ့ လက်နက်တွေထဲမှာ အရင်က ရဲတပ်ဖွဲ့တွေကို ပစ်မှတ်ထားတိုက်ခိုက်ပြီး ခိုးယူသွားတဲ့ ရိုင်ဖယ်သေနတ်တွေလည်း တွေ့ရတယ်လို့ ဘဂ်ျဝါကဆိုပြီး တိုက်ခိုက်မှုအတွက် ၉၀ ရာခိုင်နှုန်းလောက် အသင့်ဖြစ်နေတဲ့အချိန်မှာ ယခုလို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

    Ref: Arabnews