News @ M-Media

Blog

  • လစ်ဗျားတိုက်လေယာဉ်တစ်စီးကို ပစ်ချခဲ့ဟု IS ပြော

    လစ်ဗျားတိုက်လေယာဉ်တစ်စီးကို ပစ်ချခဲ့ဟု IS ပြော

    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၆
    M-Media

    – နိုင်ငံတကာမှ အသိအမှတ်ပြုထားသည့် လစ်ဗျားအစိုးရ၏ MiG-23 တိုက်လေယာဉ်တစ်စီးမှာ ကမ်းရိုးတမ်းမြို့တစ်မြို့ဖြစ်သော ဘန်ဂါဇီတွင် ပျက်ကျခဲ့ပြီး IS က ၎င်းတို့ ပစ်ချခဲ့သည်ဟု ပြောကြားခဲ့သည်။

    IS ၏ ပစ်မှတ်များကို ယမန်နေ့က ပစ်မှတ်ထားတိုက်ခိုက်နေစဉ် ပျက်ကျခဲ့ခြင်းဖြစ်ပြီး လေယာဉ်မှူးမှာ လေထီးဖြင့် ခုန်ထွက် လွတ်မြောက်သွားခဲ့သည်ဟု စစ်တပ်သတင်းရင်းမြစ်က ပြောကြားခဲ့သည်။ သို့သော်လည်း လေယာဉ်မှူး မည်သည့်နေရာသို့ ရောက်ရှိနေသည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

    လစ်ဗျားတွင်အခြေစိုက်သည့် IS အဖွဲ့ကမူ ၎င်းတို့၏ တိုက်ခိုက်ရေးသမားများမှာ ထိုလေယာဉ်ကို ပစ်ချခဲ့သည်ဟုပြောကြားခဲ့သည်။ ထိုကဲ့သို့ လစ်ဗျားတိုက်လေယာဉ် ပျက်ကျမှုမှာ တစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက်ဖြစ်ပြီး တနင်္လာနေ့ကလည်း နိုင်ငံအရှေ့ပိုင်း ဒါရ်နာမြို့တွင် စစ်သွေးကြွေးများအား တိုက်ခိုက်နေစဉ် MiG-23 အမျိုးအစား တိုက်လေယာဉ်တစ်စင်း ပျက်ကျခဲ့သည်။

    Ref: Aljazeera

  • အစ္စရေး၌ပြုလုပ်မည့်ဖျော်ဖြေပွဲကို သပိတ်မှောက်ရန် ဂျနီဖာလိုပက်ဇ်နှင့် ဘီယွန်းဆေးတို့ကို တိုက်တွန်း

    အစ္စရေး၌ပြုလုပ်မည့်ဖျော်ဖြေပွဲကို သပိတ်မှောက်ရန် ဂျနီဖာလိုပက်ဇ်နှင့် ဘီယွန်းဆေးတို့ကို တိုက်တွန်း

    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၆
    M-Media

    jenifer

    – ပါလက်စတိုင်းပြည်သူများနှင့် တစ်သွေးတစ်သားတည်းရှိကြောင်း ပြသမည့် အစ္စရေးအပေါ်သပိတ်မှောက်လှုပ်ရှားမှုတွင်ပါဝင်ရန် လူမှုလှုပ်ရှားသူများကအမေရိကန်အဆိုတော်များဖြစ်သော ဂျနီဖာလိုပလက်ဇ်နှင့် ဘီယွန်းဆေးတို့အား တိုက်တွန်းလိုက်ကြောင်း သတင်းများကဆိုသည်။

    တဲလ်အဗစ်၌ ဘီယွန်ဆေး၏ဂီတဖျော်ဖြေပွဲပြုလုပ်မည်ဟု ကောလဟလသတင်းထွက်လာပြီးနောက် ပြီးခဲ့သည့် ကြာသပတေးနေ့က လူမှုကွန်ယက်များတွင် #canceltelaviv ဟူ၍ hashtag ဖြင့် ဖော်ပြကြသည့် သပိတ်မှောက်အစီအစဉ် အနည်းဆုံးနှစ်ခုပေါ်ထွက်လာခဲ့၏။

    လာမည့်နွေရာသီ၌ ဖျော်ဖြေပွဲလာရောက်ပြုလုပ်မည် ဟူသော အစ္စရေးမီဒီယာများ၏သတင်းအပေါ် အဆိုပါဂီတပညာရှင်နှစ်ဦးစလုံး၏ ၀က်ဘ်ဆိုဒ်များက မည်သည့်အတည်ပြုချက်ကိုမှ မပေးသေးချေ။ ၎င်းတို့၏ စီစဉ်ရေးအဖွဲ့များထံ အလ်ဂျဇီးရားမှ ဆက်သွယ်ထားသော်လည်း မည်သည့်တုန့်ပြန်ချက်မျှ မရသေးပါ။

    အစ္စရေးတွင် ဖော်ျဖြေပွဲ မပြုလုပ်ရန် Tell Beyonce not to play apartheid Israel အမည်ရှိ တောင်းဆိုလွှာ လက်မှတ်ရေးထိုးမှုကို ဦးဆောင်သော လူမှုလှုပ်ရှားသူ Evan Greer က “ဘယွန်းဆေးရဲ့ စီစဉ်ရေးအဖွဲ့က တဲလ်အဗစ်မှာ ဖျော်ဖြေပွဲပြုလုပ်ဖို့ နောက်ဆုံးအဆင့်ညှိနှိုင်းနိုင်ခဲ့ပြီလို့ သတင်းအများအပြား ထွက်နေတယ်။ သူမအနေနဲ့ တဲလ်အဗစ်မှာ သွားရောက်အသုံးတော်ခံမှာ မဟုတ်တဲ့အကြောင်း သူမရဲ့စီစဉ်ရေးအဖွဲ့က လူသိရှင်ကြားအသိပေးခြင်းက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ Elvis Costello ၊ The Pixies ၊ Carlos Santana ၊ Gil Scott-Heron စတဲ့ နာမည်ကြီးဂီတသမားတွေကလည်း သူတို့ရဲ့ဖျော်ဖြေရေးအစီအစဉ် ဖျက်သိမ်းလိုက်ပြီး ဒီသပိတ်မှောက်အစီအစဉ်ထဲ လက်ခံပါဝင်ခဲ့ကြပါတယ်။ အထင်ကရအနုပညာရှင်များရဲ့ ပွဲဖျက်သိမ်းမှု တစ်ကြိမ်စီတိုင်းက အသိမ်းပိုက်ခံပါလက်စတိုင်းရဲ့အနေအထားအပေါ် နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့အရေးထားမှု ရစေလေ့ရှိပါတယ်” ဟု အလ်ဂျဇီးရားသို့ ပြောကြားသည်။

    ပါလက်စတိုင်းလူမျိုး အမေရိကန်နိုင်ငံသား စာရေးဆရာ Randa Jarrar ၊ စာရေးသူနှင့် လူမှုလှုပ်ရှားသူ Che Gossett အပါအ၀င် လူများစွာတို့ကလည်း နာမည်ကျော် အမေရိကန်-အာဖရိကန် ဘီယွန်းဆေးအား အစ္စရေးသို့သွားရောက်ကျင်းပမည့် Formation ဖျော်ဖြေပွဲခရီးစဉ်နှင့်ပတ်သက်၍ လူမှုမီဒီယာမှတဆင့် မေတ္တာရပ်ခံခဲ့ကြသည်။ လူမျိုးရေးဘက်လိုက်မှုနှင့် လူမည်းများ၏ဘ၀ရေးရာများကို ဖော်ကျူးတင်ဆက်ထားသည့် သူမ၏ နောက်ဆုံးထွက်သီချင်း Formation မှာ ကြောင်သူတော်လုပ်ရပ်လောဟု လူများစွာက ဘီယွန်းဆေးအား ဝေဖန်လျက်ရှိသည်။

    တစ်ချိန်တည်းမှာပင် သတင်းမှတ်တမ်းရုပ်ရှင်ဖန်တီးထုတ်လုပ်သူ Ronan Tyana ကလည်း ဂျနီဖာလိုပက်ဇ်၏ လာလတ္တံ့သော တဲလ်အဗစ်ခရီးစဉ်နှင့်ပတ်သက်၍ သူမသည် အစ္စရေးတို့၏ ရက်စက်ယုတ်မာလှသည့် လူမျိုးခွဲခြားရေးဝါဒအပေါ် ရပ်တည်ရခြင်းကို အံ့သြတုန်လှုပ်မိကြောင်း၊ ပါလက်စတိုင်းမှ လူမှုလှုပ်ရှားသူများနှင့် တွေ့ဆုံရန် တိုက်တွန်းကြောင်း ဆိုလိုက်သည်။

    ဆီးရီးယား၌ IS အဖွဲ့၏ သတ်ဖြတ်ခြင်းကိုခံရသော အမေရိကန်ကူညီကယ်ဆယ်ရေးလုပ်သား Peter Dassig လွတ်မြောက်ရေးအတွက် အတွင်းကျကျဆွေးနွေးခဲ့ဖူးသည့် ဇီယွန်ဝါဒီဆန့်ကျင်ရေးနှင့် လူ့အခွင့်အရေးလှုပ်ရှားသူ ရှေ့နေ Stanley Cohen က – ဂီတအနုပညာရှင်တို့၏ခြေလှမ်း နောက်ပြန်ဆုတ်ဖို့ လက်ရှိဖြစ်နေသောတွန်းအားပေးဆွေးနွေးမှုများက ပယ်ဖျက်ရုပ်သိမ်းရေးနှင့်ပိတ်ဆို့ရေးသပိတ် Boycott Divestment and Sanctions (BDS) ကို ထောက်ခံသူများအတွက် လုံလောက်နေပါကြောင်း၊ BDS အနေနှင့် ဤုကိစ္စအပေါ် ၎င်းတို့မှ နားလည်သဘောပေါက်သွားအောင် အဓိကဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ၎င်းတို့၏ ကန်ထရိုက်စာချုပ်ရှိ မင်များ ခြောက်ကုန်သည်အထိ မစောင့်ဆိုင်းသင့်ကြောင်း၊ ပါလက်စတိုင်းလူမျိုးမဟုတ်သူများအတွက် BDS သည်သာ အထိရောက်ဆုံးလက်နက်ဖြစ်ကြောင်း အလ်ဂျဇီးရားထံ ဖုန်းဆက်ပြောကြားသည်။

    “အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုဟာ အကြမ်းဖက်ဝါဒအကြောင်း အသံကုန်အော်ပြီး သူကိုယ်တိုင်က အဲ့ဒီအပေါ် ဂဏှာမငြိမ်ဖြစ်နေတယ်။ လူတွေက အကြမ်းမဖက်ရေးဖက် ဦးလှည့်တဲ့အခါ – ငြိမ်းချမ်းစွာ နိုင်ငံရေးဖိအားပေးတဲ့အခါ ရာဇ၀တ်သားအဖြစ် တံဆိပ်တပ်လိုက်တယ်။ အစ္စရေးရဲ့နိုင်ငံရေးမူဝါဒအပေါ် ခင်ဗျားတို့ ဖိအားပေးကြရပါမယ်။ အစ္စရေးခေါင်းဆောင်တွေကို အရေးယူနိုင်အောင် ပြုလုပ်ရပါမယ်။ ဒါက နည်းလမ်းအကျဆုံးပါပဲ” ဟု Cohen က ဆိုသည်။

    အအောင်မြင်ဆုံး အပြုသဘောဆောင် သပိတ်မှောက်ခြင်း၏ စံနမူနာများကို တောင်အာဖရိက လူမျိုးခွဲခြားခြင်းသမိုင်းကာလများတွင် တွေ့ရသည်ဟု Cohen နှင့် petition ခေါင်းဆောင် Greer နှစ်ဦးစလုံးက ထောက်ပြခဲ့ကြသည်။

    “လူ့အခွင့်အရေးကို ဆိုးဆိုးဝါးဝါး ချိုးဖောက်မှု၊ မြေယာအပိုင်စီးမှု၊ မျိုးနွယ်အုပ်စုတွေကို နလံမထူနိုင်စေရေးနှိပ်ကွပ်မှု(genocide)များအပေါ် ကမ္ဘာတစ်ဝှန်း သတိထားမိဖို့ ပြုလုပ်တဲ့နေရာမှာ ယဉ်ကျေးမှုအခြေတည်သပိတ်မှောက်ခြင်းက မယုံနိုင်လောက်အောင် ထိရောက်မှု ရှိကြတယ်။ တောင်အာဖရိကရဲ့ လူမျိုးခွဲခြားမှုတွေ အဆုံးသတ်နိုင်ခြင်းအပေါ် ယဉ်ကျေးမှုသပိတ်က အလွန်ထင်ရှားတဲ့အခန်းကဏ္ဍတစ်ခုဖြစ်ခဲ့တယ်” ဟု Greer က ပြောကြားသည်။

    Source : Al Jazeera

     

  • အမျိုးသမီးများအပေါ် ကန့်သတ်မှုအချို့မှာ ဘာသာရေးထက် လူမှုရေးကြောင့်ဖြစ်သည်ဟု ဆော်ဒီပြော

    အမျိုးသမီးများအပေါ် ကန့်သတ်မှုအချို့မှာ ဘာသာရေးထက် လူမှုရေးကြောင့်ဖြစ်သည်ဟု ဆော်ဒီပြော

    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၆
    M-Media

    saudi 3

    – အမျိုးသမီးများ ကားမောင်းခွင့်မပြုခြင်းကဲ့သို့ ကိစ္စရပ်များမှာ ဘာသာရေးကြောင့်မဟုတ်ဘဲ၊ လူမှုရေးကြောင့်သာဖြစ်သည်ဟု ဆော်ဒီနိုင်ငံက ပြောကြားလိုက်ပြီး အမျိုးသမီးများ၏ ပညာရေးတွင် တိုးတက်မှုများ ရှိခဲ့သည်ဟု ဆိုသည်။

    “အမျိုးသမီးတွေကားမောင်းတဲ့ ကိစ္စတွေကို ထောက်ပြလာရင် ဒါက ဘာသာရေးကိစ္စကြောင့် မဟုတ်ပါဘူး။ လူမှုရေးကိစ္စပါ” ဟု ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး အဒဲလ် အလ်-ဂျူဘီရ်က ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် ပြုလုပ်ခဲ့သည့် မြူးနစ်လုံခြုံရေးညီလာခံတွင် ပြောကြားခဲ့သည်။

    “၁၉၆၀ လောက်က အမျိုးသမီးတွေအတွက် စာသင်ကျောင်းမရှိတဲ့ အခြေအနေမျိုးကနေ ဒီနေ့ဆိုရင် နိုင်ငံတစ်ဝှမ်းက ကောလိပ်ကျောင်းသားတွေရဲ့ ၅၅ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေ ဖြစ်နေပါပြီ။ ကျွန်တော်တို့ရဲ့ ထိပ်တန်းဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ ရှေ့နေတွေ၊ စီးပွားရေးလုပ်ငန်းရှင်အချို့ဟာလည်း အမျိုးသမီးတွေပါပဲ”

    ထို့ပြင် ဂျူဘီရ်က ဆော်ဒီ၏အခြေအနေကို အမေရိကန်နှင့် နှိုင်းယှဉ်ပြခဲ့ပြီး အမေရိကန်တွင် လွတ်လပ်ရေးရပြီးနောက် အမျိုးသမီးများ မဲပေးခွင့်ရရန် နှစ် ၁၀၀ စောင့်ခဲ့ရကြောင်း၊ လွှတ်တော်ဥက္ကဌအဖြစ် အမျိုးသမီးကို ရွေးချယ်တင်မြှောက်ရန် နောက်ထပ် နှစ် ၁၀၀ စောင့်ခဲ့ရကြောင်း ထောက်ပြပြောဆိုခဲ့သည်။

    “ကျွန်တော်တို့ နှစ် ၂၀၀ အချိန်ပေးပါလို့ ပြောနေတာမဟုတ်ပါဘူး။ နည်းနည်းလောက် စိတ်ရှည်ဖို့ ပြောနေတာပါ။ နည်းပညာနဲ့ ဆက်သွယ်ရေးထွန်းကားတဲ့ ခေတ်သစ်ကမ္ဘာမှာ ဒီလုပ်ငန်းစဉ်ကို အရှိမြှင့်နေပေမယ့် အချိန်တော့ ယူရပါမယ်။ အလျင်စလို လုပ်လို့မရပါဘူး” ဟု ဂျူဘီရ်က ထည့်သွင်းပြောကြားခဲ့သည်။

    ဆော်ဒီတွင် အမျိုးသမီးများ၏ အခွင့်အရေး ကန့်သတ်ထားမှုကို ဖြေလျော့ပေးနေသော်လည်း ယခုအချိန်အထိ အမျိုးသမီးများမှာ ကားမောင်းခွင့် မရသေးပေ။ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ပြုလုပ်ခဲ့သည့် မြူနီစီပယ်ရွေးကောက်ပွဲတွင် အမျိုးသမီးများကို ပထမဆုံးအကြိမ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခွင့် မဲပေးခွင့် ပြုခဲ့ပြီး၊ ဆော်ဒီပြည်သူများက အမျိုးသမီးများကို အဆင့်မြင့်ရာထူးများအတွက် ရွေးချယ်တင်မြှောက်ခဲ့ကြသည်။

    Ref: Arab News

  • ရေနံဈေးနှုန်းပြန်တက်ပြီး စတော့ဈေးကွက်ပြန်ကျ

    ရေနံဈေးနှုန်းပြန်တက်ပြီး စတော့ဈေးကွက်ပြန်ကျ

    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၆
    M-Media

    oil 2

    – ရေနံတင်ပို့မှုကို အကြီးဆုံး ပြုလုပ်နေသည့် အိုပက်နိုင်ငံများက ရေနံထုတ်လုပ်မှုကို လျှော့ချမည်ဆိုသည့် သတင်းများ ထွက်ပေါ်လာပြီးနောက် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ရေနံဈေးနှုန်းမှာ မြင့်တက်လာခဲ့သည်ဟု သိရသည်။

    ကမ္ဘာ့ရေနံဈေးကွက်တွင် ရေနံရောင်းလိုအား အလွန်အမင်း များပြားနေခြင်းကြောင့် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ရေနံဈေးနှုန်းမှာ ၂၀၀၃ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးအထိ ကျဆင်းခဲ့သည်။ ထို့ကြောင့် ထိုကဲ့သို့ ရေနံဈေးနှုန်း ကျဆင်းမှုကို ရပ်တန့်ရန်အတွက် ရေနံထုတ်လုပ်သည့်နိုင်ငံများမှာ ထုတ်လုပ်မှုကို လျော့ချရန် ကြိုးစားလာခဲ့သည်။

    ယူအေအီးရေနံဝန်ကြီး ဆူဟေးလ် အလ် မက်ဇ်ရူအီက အိုပက်နိုင်ငံများမှာ ရေနံစိမ်းထုတ်လုပ်မှုကို လျှော့ချရန်အတွက် အခြားသော ရေနံထုတ်လုပ်သည့်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိနေသည်ဟု ယမန်နေ့က Wall Street ဂျာနယ်သို့ ပြောကြားခဲ့သည်။

    ရေနံဈေးနှုန်းတက်မှုကြောင့် ရေနံနှင့် ဆက်စက်နေသည့် ရှယ်ယာများလည်း တက်လာခဲ့ပြီး၊ စတော့ဈေးကွက်များမှာ ယမန်နေ့က ကျဆင်းခဲ့သည်။

    Ref: Channelnewsasia

  • အစ္စလာမ့်အသိပညာပြန့်ပွားရေး မော်ရိုကိုနှင့် ချဒ်တို့ ပူးပေါင်းဆောင်ရွက်

    အစ္စလာမ့်အသိပညာပြန့်ပွားရေး မော်ရိုကိုနှင့် ချဒ်တို့ ပူးပေါင်းဆောင်ရွက်

    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၆
    M-Media

    moroco 2

    – မော်ရိုကိုနိုင်ငံကို ရောက်ရှိနေတဲ့ ချဒ်နိုင်ငံသား ရှေ့ဆောင်အီမာမ်တွေကို သင်တန်းပေးရေး နားလည်မှုစာချွန်လွှာနဲ့ မော်ရိုကို-ချဒ်နှစ်နိုင်ငံ အစ္စလာမ့်ရေးရာ ပူးပေါင်းဆောင်ရေး သဘောတူညီချက်တို့ကို အခုတစ်ပတ်အတွင်းမှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

    အာဖရိကတိုက်က နိုင်ငံတွေဖြစ်တဲ့ မော်ရိုကိုနဲ့ ချဒ်တို့ ပြုလုပ်ခဲ့တဲ့ အဲဒီသဘောတူညီချက်အတွင်း ချဒ်နိုင်ငံ မြို့တော် N’Djamena မှာ ယဉ်ကျေးမှုဆိုင်ရာ အဆောက်အဦးတစ်ခုနဲ့ ဗလီဝတ်ကျောင်းတော်တစ်လုံး တည်ဆောက်ဖို့လည်း ပါဝင်ပါတယ်။

    မော်ရိုကို သာသနာရေးဝန်ကြီး အဟ်မဒ် အတ်သောင်ဖီးက်က မော်ရိုကိုဘုရင်ကြီး မိုဟာမက်ရဲ့ အမိန့်နဲ့ဆောင်ရွက်မယ့် အဲဒီ စီမံကိန်းတွေဟာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပြန်လည်ဆန်းသစ်ရေးကို ကိုယ်စားပြုတယ်လို့ ပြောကြားခဲ့ပါတယ်။

    နောက်ပြီး အာဖရိက ပညာရှင်များဆိုင်ရာ ဘုရင်မိုဟာမက် တက္ကသိုလ်မှာ ချဒ်နိုင်ငံက ၀န်ကြီးဌာနဟာ နေရာတစ်ခု ရရှိမှာဖြစ်ပြီး ဘာသာရေးလေ့လာမှုနဲ့ အလုပ်အကိုင်တွေမှာ အမျိုးသမီးတွေ ပါဝင်မှုကို အားပေးတဲ့ အဲဒီတက္ကသိုလ်ဟာ များသောအားဖြင့် ချဒ်နိုင်ငံသားတွေ လာရောက် ပညာသင်ယူကြတာ ဖြစ်ပါတယ်။

    အဲဒီတက္ကသိုလ်ဟာ အာဖရိကပညာရေးစနစ်အတွင်းမှာ အစ္စလာမ်ရဲ့ စစ်မှန်တဲ့ သင်ကြားမှုတွေကို အလေးထားထည့်သွင်းဖို့ ရည်ရွယ်ကာ မကြာသေးမီက ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

    ဘုရင်မိုဟာမက်ဖောင်ဒေးရှင်းရဲ့ ရှေ့ဆောင်အီမာမ်များ လေ့ကျင့်သင်ကြားပေးရေး အထူးအစီအစဉ်အောက်မှာ ချဒ်နိုင်ငံက ရှေ့ဆောင်အီမာမ် စုစုပေါင်း ၂၀၀ လောက်ဟာ မော်ရိုကိုနိုင်ငံမှာ ၃၊ ၄ လလောက် လာရောက်သင်ကြားရမှာ ဖြစ်ပါတယ်။

    ၂၀၁၄ နှစ်ကုန်ပိုင်းမှာ တည်ထောင်ခဲ့တဲ့ အဲဒီဖောင်ဒေးရှင်းကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဂုဏ်ပြုခဲ့ ပြီး အာဖရိကဒေသတွင်းမှာ အစွန်းရောက်မှုတွေကို တိုက်ဖျက်ဖို့ မော်ရိုကိုနိုင်ငံကို ဦးဆောင်သူနေရာ ပို့ဆောင်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

    ရာဘတ်မြို့မှာရှိတဲ့ ဖောင်ဒေးရှင်းရဲ့ လေ့ကျင့်ရေးဌာနမှာ ပြင်သစ်နိုင်ငံသား ရှေ့ဆောင် အီမာမ် ၅၀ ကျော်လည်း လာရောက်သင်ကြားနေပါတယ်။

    မော်ရိုကိုနိုင်ငံဟာ ၁၉၉၇ ခုနှစ်ကတည်းက ချဒ်နိုင်ငံနဲ့ အစ္စလာမ့်ပညာရေးတိုးတက်ဖွံ့ဖြိုးမှု အစီအစဉ်တွေကို စတင်လုပ်ကိုင်ခဲ့တာပါ။ နှစ်နိုင်ငံစလုံးရဲ့ အစ္စလာမ့်ရေးရာဝန်ကြီးတွေဟာ ရာဘတ်မြို့မှာ တွေ့ဆုံခဲ့ပြီး အစ္စလာမ့်ပူးပေါင်းရေးဆိုင်ရာ သဘောတူညီချက်ကို ဖန်တီးခဲ့ပါတယ်။ ယခု ထပ်မံတွေ့ဆုံမှုမှာတော့ ၂၀၀၇ ခုနှစ်က စီမံကိန်းတွေကို အသစ် ပြန်လည် ရေးဆွဲခဲ့တာဖြစ်ပါတယ်။

    Ref : IINA