News @ M-Media

Blog

  • Facebook ၏ အခမဲ့ဝန်ဆောင်မှုများကို အိန္ဒိယ ပိတ်ပင်

    Facebook ၏ အခမဲ့ဝန်ဆောင်မှုများကို အိန္ဒိယ ပိတ်ပင်

    ဖေဖော်ဝါရီ ၉၊ ၂၀၁၆
    M-Media

    facebook

    – အိန္ဒိယရှိ ဆင်းရဲသောပြည်သူများ အခမဲ့ အသုံးပြုနိုင်ရေးအတွက် Facebook မှ စီစဉ်ပေးထားသည့် ၀န်ဆောင်မှုများနှင့် ၀ဘ်ဆိုက်များကို အိန္ဒိယအာဏာပိုင်များက ပိတ်ပစ်လိုက်သည်ဟု သိရသည်။

    အိန္ဒိယစည်းကမ်းထိန်းသိမ်းရေး အာဏာပိုင်အဖွဲ့က ယမန်နေ့က ပိတ်ပင်လိုက်ခြင်းဖြစ်ပြီး ဆက်သွယ်ရေး အော်ပရေတာများအကြား သာတူညီမျှဖြစ်ရေး စည်းမျဉ်းစည်းကမ်းများကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ထိုသို့ ဆောင်ရွက်လိုက်ခြင်းက ကမ္ဘာတစ်ဝှမ်းရှိ လူသန်းထောင်နှင့်ချီအား အခမဲ့ အင်တာနက်အသုံးပြုခွင့် ရရှိရေးအတွက် ဆောင်ရွက်နေသည့် Facebook ပိုင်ရှင် မာ့ခ်ဇူကာဘာ့ဂ်အတွက် အဓိကထိုးနှက်ချက် ဖြစ်ခဲ့သည်။

    ဇူကာဘာ့ဂ်၏ အခမဲ့ အင်တာနက်အစီအစဉ်တွင် အိန္ဒိယနိုင်ငံလည်း ပါဝင်ပြီး အိန္ဒိယရှိ ဆက်သွယ်ရေးကုမ္ပဏီများကမူ ထိုအစီအစဉ်အား ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ပြုလုပ်ခဲ့ကာ အိန္ဒိယအစိုးရကိုလည်း ဖိအားပေးခဲ့သည်။

    ယခုပိတ်ပင်လိုက်သည့် ၀န်ဆောင်မှုမှာ Free Basics ဟု ခေါ်ဆိုပြီး ထိုစနစ်အရ အင်တာနက်စာမျက်နှာအချို့ကို အခမဲ့ အသုံးပြုနိုင်မည်ဖြစ်ပြီး အချို့သော ဒေတာများ Download ဆွဲရာတွင်လည်း ငွေကြေးကုန်ကျမည်မဟုတ်ပေ။

    ဝေဖန်သူများကမူ Free Basics အစီအစဉ်မှာ အင်တာနက်အသုံးပြုသူများက Facebook နှင့် ၎င်းတို့မိတ်ဖက်များ၏ ၀န်ဆောင်မှုများကိုသာ အသုံးပြုစေရန် လမ်းကြောင်းပေးသကဲ့သို့ ဖြစ်နေပြီး အခြားသော အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီများကို ထိခိုက်စေသည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဒရုန်းများကို ဟန့်တားရန် အင်္ဂလန်ရဲတပ်ဖွဲ့ သိမ်းငှက်များ အသုံးပြုမည်

    ဒရုန်းများကို ဟန့်တားရန် အင်္ဂလန်ရဲတပ်ဖွဲ့ သိမ်းငှက်များ အသုံးပြုမည်

    ဖေဖော်ဝါရီ ၉၊ ၂၀၁၆
    M-Media

    egale

    – မောင်းသူမဲ့ ဒရုန်းလေယာဉ်တွေကို အသုံးပြုပြီး ရာဇ၀တ်မှုတွေ ကျူးလွန်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာနေတဲ့အချိန် အင်္ဂလန်ရဲတပ်ဖွဲ့ကတော့ ဒရုန်းတွေကို ဟန့်တားဖို့အတွက် သိမ်းငှက်ကို အသုံးပြုဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

    လက်ရှိအချိန်မှာ ဒီနည်းစနစ်ကို နယ်သာလန်နိုင်ငံမှာ စမ်းသပ်အသုံးပြုနေတာဖြစ်ပြီး အင်္ဂလန်ရဲတပ်ဖွဲ့က စိတ်ဝင်စား နေတာဖြစ်ပါတယ်။

    “အမြဲတမ်းပြောင်းလဲနေတဲ့ အဖွဲ့အစည်းတစ်ခုကို မျှော်လင့်ထားတဲ့အတိုင်း ကျွန်တော်တို့ဟာ အယူအဆအသစ်တွေအားလုံးကို စိတ်ဝင်တစားရှိနေပြီး ဒက်ခ်ျရဲတပ်ဖွဲ့ရဲ့ သိမ်းငှက်အသုံးပြုမှုကိုလည်း စောင့်ကြည့်နေပါတယ်” လို့ အင်္ဂလန်ရဲတပ်ဖွဲ့မှ အမည်မဖော်လိုတဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

    IS အဖွဲ့အပါအ၀င် အခြား အကြမ်းဖက်ဂိုဏ်းတွေဟာ ဗြိတိန်နိုင်ငံထဲမှာ ဒရုန်းတွေအသုံးပြုပြီး အကြမ်းဖက်မှုတွေ ပြုလုပ်လာဖွယ်ရှိတယ်လို့ ယူကေသတင်းစာတွေက ပြီးခဲ့တဲ့ ဒီဇင်ဘာအစောပိုင်းလောက်က ရေးသားဖော်ပြခဲ့ပါတယ်။

    “အကြမ်းဖက်သမားတွေဟာ ပေါင် ၁၀၀ သာသာလောက်ပဲ ကျသင့်တဲ့ လူလိုက်ပါစရာမလိုတဲ့ စက်ကိရိယာတွေ အသုံးပြုပြီး လူစုလူဝေးကြားတွေထဲမှာ ပေါက်ကွဲနိုင်တဲ့ပစ္စည်းတွေ ချပစ်ဖို့ လုပ်နေပါတယ်” လို့ ဗြိတိန်နာမည်ကြီး ထောက်လှမ်းရေးဖြစ်တဲ့ MI5 က ပြောကြားခဲ့ပါတယ်။

    တရားရေးဝန်ကြီးဌာနကတော့ အင်္ဂလန်နဲ့ ဝေးလ်စ်အကျဉ်းထောင်တွေမှာ ၂၀၁၅ ရဲ့ ပထမငါးလအတွင်း အကျဉ်းထောင်ထဲ ဒရုန်းဝင်ရောက်ပျံသန်းမှု ၉ ခုလောက် တွေ့ရတယ်လို့ ဆိုပါတယ်။ ဒရုန်းအသုံးပြုပြီး ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေနဲ့ မူးယစ်ဆေးကုန်သွယ်မှုတွေကို ဖမ်းဆီးရာမှာ သိမ်းငှက်နဲ့ လင်းယုန်ငှက်များ အသုံးပြုနိုင်မယ့် အလားအလာ ရှိနေပါတယ်။

    နယ်သာလန်အခြေစိုက် Guard From Above ကုမ္ပဏီဟာ အန္တရာယ်ရှိတဲ့ ဒရုန်းတွေကို ငှက်တွေအသုံးပြုပြီး လို
    က်လံတားဆီးမယ့် အစီအစဉ်ကို ပထမဆုံးဆောင်ရွက်တဲ့ကုမ္ပဏီဖြစ်ပါတယ်။
    Ref; Presstv

  • ရန်သူများ၏ အကြံအစည်မအောင်မြင်ဟု အီရန် အဓိပတိပြော၊ မိမိတို့ ရည်ရွက်ချက်မှာ ဘက်စုံဖွံ့ဖြိုးသည့် အစ္စလာမ့်လူ့အဖွဲ့အစည်းဖြစ်ရေးဟု ဆို

    ရန်သူများ၏ အကြံအစည်မအောင်မြင်ဟု အီရန် အဓိပတိပြော၊ မိမိတို့ ရည်ရွက်ချက်မှာ ဘက်စုံဖွံ့ဖြိုးသည့် အစ္စလာမ့်လူ့အဖွဲ့အစည်းဖြစ်ရေးဟု ဆို

    ဖေဖော်ဝါရီ ၉၊ ၂၀၁၆
    M-Media

    iran 1

    – အီရန်နိုင်ငံရဲ့ အဓိပတိ အယာတိုလာ ဆယဒ် အလီခါမေနီက ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဟာ အစ္စလာမ်မစ်တော်လှန်ရေးစတင်ကတည်းက အီရန်နိုင်ငံကို ဆန့်ကျင်ခဲ့ကြပေမယ့်လည်း သူတို့ရဲ့ ရည်ရွယ်ချက်တွေ အထမြောက်အောင်မြင်မှု မရှိခဲ့ဘူးလို့ ပြောကြားလိုက်ပါတယ်။

    “တော်လှန်ရေးစလုပ်ခဲ့တဲ့ ၁၉၇၉ ခုနှစ်ကတည်းက အခုချိန်ထိ ကမ္ဘာ့နံပါတ်တစ် ရုပ်ဝတ္ထုဝါဒီ အင်အားကြီးနိုင်ငံတွေဟာ အီရန်နိုင်ငံတည်ဆောက်မှုကို အတိုက်အခံလုပ်နေပေမယ့်လည်း တကယ်တမ်း ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မရှိခဲ့ကြပါဘူး” လို့ အီရန်ခေါင်းဆောင်က လေတပ်ခေါင်းဆောင်တွေ၊ တပ်သားတွေနဲ့ ယမန်နေ့က ပြုလုပ်ခဲ့တဲ့ တွေ့ဆုံပွဲမှာ ပြောကြားလိုက်တာပါ။

    မိမိတို့တိုင်းပြည်ကို ပစ်မှတ်ထားတဲ့ ကြံစည်မှုကို တစ်ချိန်လုံးစောင့်ကြည့်ဖို့ အဓိပတိကြီးက စစ်တပ်ကိုတိုက်တွန်းခဲ့ပြီး “ရန်သူရဲ့အပြုံးနောက်ကွယ်က လိမ်ညာမှုကို သတိထားပါ” လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အယာတိုလာ ခါမေနီက လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေး ဆောင်ရွက်နေတယ်လို့ အမေရိကန်က တဖွဖွပြောနေတာကိုလည်း ပြက်ရယ်ပြုလိုက်ပြီး ကလေးငယ်တွေကအစ မတရားသတ်ဖြတ်နေတဲ့ အစ္စရေးနဲ့ ရွေးကောက်ပွဲဆိုတာ ယောင်လို့တောင် မလုပ်တဲ့ မဟာမိတ်နိုင်ငံတွေအပေါ် အမေရိကန်ရဲ့ ထောက်ပံ့မှုကို ထောက်ပြပြီး အပြောအနဲ့အလုပ် မညီကြောင်း မီးမောင်းထိုးပြခဲ့ပါတယ်။

    ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးဖို့အတွက် အီရန်နိုင်ငံသားအားလုံးမှာ တာဝန်ရှိတယ်လို့လည်း ခါမေနီက ဆော်သြခဲ့ပါတယ်။ နောက်ပြီး အီရန်နိုင်ငံရဲ့ အဓိကရည်မှန်းချက်ဟာ သိပ္ပံနည်းပညာတိုးတက်မှု၊ တရားမျှတမှု၊ ကိုယ်ကျင့်တရား၊ ဂုဏ်သိက္ခာနဲ့ တက်လမ်းရှိတဲ့ အစ္စလာမ့်လူ့အဖွဲ့အစည်း ဖြစ်ပေါ်လာရေးပဲ ဖြစ်တယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

    ရန်သူတွေအားလုံးက အီရန်နိုင်ငံ ဂုဏ်သိက္ခာမြင့်မားလာပြီး အင်အားကြီးလာမှာ၊ နိုင်ငံတ၀ှမ်း နိုင်ငံခြားသားလွှမ်းမိုးမှု လျှော့ချပစ်လိုက်မှာ စတာတွေကို ဦးတည်တိုက်ခိုက်နေတာ ဖြစ်တယ်လို့လည်း ခါမေနီက ဆိုပါတယ်။

    “ရန်သူတွေအနေနဲ့ တိုက်ရိုက်ရန်မူတာမျိုး မလုပ်နိုင်တော့ရင် မိတ်ဆွေယောင်ဆောင်ပြီး ရောက်လာပါလိမ့်မယ်”

    Ref: PressTV

  • ဟောင်ကောင်ရှိ တရုတ်နှစ်ကူးပွဲ ရုန်းရင်းဆန်ခတ်မှုဖြစ်ပွား

    ဟောင်ကောင်ရှိ တရုတ်နှစ်ကူးပွဲ ရုန်းရင်းဆန်ခတ်မှုဖြစ်ပွား

    ဖေဖော်ဝါရီ ၉၊ ၂၀၁၆
    M-Media

    hk

    – ဟောင်ကောင်တွင် ပြုလုပ်ခဲ့သည့် တရုတ်နှစ်သစ်ကူးပွဲတော်အတွင်း ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သောကြောင့် ဒါဇင်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့ကာ ဖမ်းဆီးခံရမှုများလည်း ရှိခဲ့သည်။

    နှစ်ကူးအဖြစ် ပျံကျဈေးသည်များက လမ်းဘေးတွင် မိမိသဘောဖြင့် ဆိုင်ခင်းရောင်းချမှုကို ရဲတပ်ဖွဲ့က ရှင်းလင်းပြီး နောက်ပိုင်း ယနေ့မနက်ပိုင်းတွင် ထိုကဲ့သို့ ထိပ်တိုက်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့က နံပါတ်တုတ်များ ငရုပ်ကောင်းအရည်များကို အသုံးပြုကာ သတိပေး သေနတ်ပစ်ဖောက်မှုများပင် ပြုလုပ်ခဲ့ရသည်။

    ရဲတပ်ဖွဲ့ကထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင် အသက် ၂၇ နှစ်မှ ၃၅ နှစ်အရွယ် အမျိုးသား ၃ ဦးကို ရဲတပ်ဖွဲ့အားလက်ရောက်ကျူးလွန်မှုနှင့် နှောက်ယှက်မှုတို့ဖြင့် ဖမ်းဆီးခဲ့သည်ဟု ဖော်ပြခဲ့သည်။ ဟောင်ကောင်မြို့၏ လူစည်ကားရာ လမ်းမများတွင် တွေ့ရလေ့ရှိသော ပျံကျဈေးသည်များ၏ ထိုပြဿနာမှာ #FishballRevolution အမည်ဖြင့် ဆိုရှယ်မီဒီယာများတွင် အလျင်အမြန် ပြန့်နှံ့ခဲ့သည်။

    Ref: Aljazeera

  • ဆီးရီးယားဒုက္ခသည်ပြဿနာကို ဂျာမနီနှင့် တူရကီတို့ ပူးပေါင်းဖြေရှင်းမည်

    ဆီးရီးယားဒုက္ခသည်ပြဿနာကို ဂျာမနီနှင့် တူရကီတို့ ပူးပေါင်းဖြေရှင်းမည်

    ဖေဖော်ဝါရီ ၉၊ ၂၀၁၆
    M-Media

    syria 2

    – ဆီးရီးယားဒုက္ခသည်ပြဿနာ ဖြေရှင်းရေးနှင့် ပတ်သက်၍ ဆောင်ရွက်မှုအများအပြားကို ပူးပေါင်းဆောင်ရွက်ရန် တူရကီနှင့် ဂျာမနီတို့က သဘောတူညီခဲ့ကြပြီး ထိုအထဲတွင် ဆီးရီးယား၏ အကြီးဆုံးမြို့ဖြစ်သော အဲလစ်ပိုမြို့အား တိုက်ခိုက်မှုများကို တားဆီးရန် ရည်ရွယ်သည့် သံသတမန်ရေးရာ ဆောင်ရွက်မှုလည်း ပါဝင်သည်။

    နှစ်နိုင်ငံမှ တာဝန်ရှိသူများမှာ ထိုကဲ့သို့ သဘောတူညီချက်ရရှိကြောင်း ယမန်နေ့က မြို့တော်အန်ကာရာတွင် ကြေငြာခဲ့ခြင်းဖြစ်သည်။ တူရကီသို့ ရောက်ရှိနေသည့် ဂျာမနီအဓိပတိ အိန်ဂျလာ မာကဲလ်က မိမိမှာ တူရကီဝန်ကြီးချုပ် အဟ်မတ် ဒါဗူတော့ဂလူနှင့် တွေ့ဆုံစဉ် ဥရောပသို့ ဒုက္ခသည်ဝင်ရောက်မှု လျော့ချရေးအတွက် ဆွေးနွေးခဲ့သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် အရပ်သားလူ့အဖွဲ့အစည်းအပေါ် ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများကို အလျင်အမြန်ရပ်တန့်ရန် ဒီဇင်ဘာလတွင် အတည်ပြုခဲ့သည့် ကုလ၏ ဆုံးဖြတ်ချက်အတိုင်း ဆီးရီးယားအဖွဲ့တိုင်းက လိုက်နာရန်အတွက် တူရကီနှင့် ဂျာမနီတို့က တွန်းအားပေးသွားမည်ဟုလည်း မာကဲလ်က ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Aljazeera