News @ M-Media

Blog

  • ပါလက်စတိုင်း ပြန်လည်ထူထောင်ရေးအတွက် ဆော်ဒီက ကုလကို ဒေါ်လာ ၅၉ သန်း လှူဒါန်း

    ပါလက်စတိုင်း ပြန်လည်ထူထောင်ရေးအတွက် ဆော်ဒီက ကုလကို ဒေါ်လာ ၅၉ သန်း လှူဒါန်း

    ဖေဖော်ဝါရီ ၇၊ ၂၀၁၆
    M-Media

    – ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်၊ အနောက်ဘက်ကမ်းရိုးတန်းနဲ့ ဂျော်ဒန်နိုင်ငံတို့မှာ အကူအညီပေးရေးစီမံကိန်းတွေ အကောင်အထည်ဖော်ဖို့အတွက် ကုလသမဂ္ဂအရေးပေါ်လုပ်ငန်းများဆိုင်ရာ အေဂျင်စီ UNRWA ကို ကြာသာပတေးနေ့မှာ ဆော်ဒီအာရေဗျက ကန်ဒေါ်လာ ၅၉ သန်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

    အဲဒီလှူဒါန်းမှုကို ဆော်ဒီ ဖွံ့ဖြိုးရေးရံပုံငွေအဖွဲ့ SFD ဒုဥက္ကဌနဲ့ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ယူဆက်ဖ် အလ်-ဘက်ဆမ်နဲ့ UNRWA မဟာမင်းကြီး ပီယာရီ ခရန်ဘူလ်တို့ လန်ဒန်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက် ၃ ရပ်ကနေတစ်ဆင့် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

    “UNRWA ဆိုတာ ပါလက်စတိုင်းဒုက္ခသည်တွေအတွက် အခြေခံလိုအပ်ချက်တွေနဲ့ လူမှုရေးကူညီမှုတွေကို ထောက်ပံ့တဲ့နေရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဆော်ဒီ ဖွံ့ဖြိုးရေးရံပုံငွေအဖွဲ့ကနေတစ်ဆင့် ပါလက်စတိုင်းပြည်သူတွေအတွက် ကဏ္ဍအားလုံးမှာ ဆော်ဒီအစိုးရက ထောက်ပံ့သွားမှာ ဖြစ်ပါတယ်” လို့ အလ်-ဘက်ဆမ်က ပြောကြားခဲ့ပါတယ်။

    ဒေါ်လာ ၄၃.၅ သန်းဖိုးရှိတဲ့ ပထမ သဘောတူညီချက်အရ ဂါဇာမှာလုပ်နေတဲ့ စီမံကိန်းတွေကို ပံ့ပိုးပေးသွားမှာဖြစ်ပြီး၂၀၁၄ ခုနှစ် အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ အိမ်တွေဆုံးရှုံးခဲ့တဲ့ ပါလက်စတိုင်းပြည်သူတွေရဲ့ အဆောက်အဦး ၇၅၀၀ ကျော်အပါအ၀င် UNRWA ရဲ့ စာသင်ကျောင်း သုံးကျောင်းကို ထိန်းသိမ်းပြုပြင်ဖို့ ဖြစ်ပါတယ်။

    ဒုတိယသဘောတူညီချက်က ဒေါ်လာ ၈ သန်း တန်ဖိုးရှိပြီး UNRWA ကျောင်း ၉ ကျောင်း ထိန်းသိမ်းပြုပြင်ဖို့နဲ့ ဂျော်ဒန်မှာ ကျန်းမာရေးစင်တာ ၁၀ခု တည်ဆောက်ရာမှာ အသုံးပြုသွားမှာဖြစ်ပါတယ်။ တတိယ သဘောတူညီချက်ကတော့ ဒေါ် ၇.၅ သန်းကို အနောက်ဘက်ကမ်းမှာရှိတဲ့ ကျန်းမာရေးစင်တာသုံးခု ပြန်လည်တည်ဆောက်ဖို့၊ ပြင်ဆင်မွမ်းမံဖို့နဲ့စက်ကိရိယာများတပ်ဆင်တဲ့နေရာမှာ အသုံးပြုသွားဖို့ ဖြစ်ပါတယ်။

    ဆော်ဒီအာရေဗျဟာ အခုအချိန်အထိ UNRWA ကို ဒေါ်လာသန်း ၅၀၀ ကျော် ပေးလှူခဲ့ပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ ဆော်ဒီဟာ UNRWA ရဲ့ တတိယအကြီးဆုံးအလှူရှင် ဖြစ်လာပါတယ်။

    AG/IINA

  • ယခုနှစ်ပရီးမီးယားလိဂ်တွင် လက်စတာဗိုလ်စွဲမည်ဟု ၀ါရင့်ကစားသမားများ ပြောကြား

    ယခုနှစ်ပရီးမီးယားလိဂ်တွင် လက်စတာဗိုလ်စွဲမည်ဟု ၀ါရင့်ကစားသမားများ ပြောကြား

    ဖေဖော်ဝါရီ ၈၊ ၂၀၁၆
    M-Media

    lei

    – ရာသီတစ်ဝက်ကျော်သည်အထိ ပုံစံကောင်းများပြသနေကာ ထိပ်ဆုံးတွင်ရှိနေသည့် လက်စတာအသင်းမှာ ပရီးမီးယားလိဂ်ဖလားကို ရရှိနိုင်မည့်အခြေအနေ ရှိနေသည်ဟု အင်္ဂလန်ကစားသမားဟောင်းများဖြစ်ကြသော ဆိုးလ်ကမ်းဘဲလ်နှင့် ဒါရီယက်စ် ဗက်ဆဲလ်တို့က ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်ဘောလုံးရာသီက တန်းဆင်းဇုန်းတွင်သာ ကျင်လည်ခဲ့ရသည့် လက်စတာမှာ ယခုနှစ်တွင် အံ့သြဖွယ် အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ခဲ့ပြီး ယခုတစ်ပတ်တွင် အနီးကပ်ဆုံးပြိုင်ဘက် မန်စီးတီးကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ယူကာ အမှတ်ပေးဇယားကို ၅ မှတ်ဖြတ်၍ ဦးဆောင်ထားနိုင်ခဲ့သည်။

    စပါးကလည်း ဒုတိယနေရာသို့ ရောက်ရှိလာခဲ့ပြီး ဆိုးလ်ကမ်းဘဲလ်ကမူ ၎င်းတို့နှစ်သင်းမှာ ဖိအားများကို မည်ကဲ့သို့ကျော်ဖြတ်မည်ကို ခန့်မှန်း၍မရဟုဆိုသည်။

    “ထိပ်ဆုံးမှာ အာဆင်နယ်တို့၊ မန်ယူတို့ ရှိမယ်ဆိုရင်တော့ ဇာတ်လမ်းက တစ်မျိုးဖြစ်မှာပေါ့လေ။ ဒါပေမယ့် တစ်ခါမှ အဲဒီနေရာကို မရောက်ဖူးတဲ့အသင်းတွေကို မြင်နေရတာကြောင့် ဘယ်သူဗိုလ်စွဲမလဲဆိုတာကို မသိနိုင်ပါဘူး။ အချို့အသင်းတွေ ကျသွားနိုင်ပြီး တစ်ချို့ကလည်း တက်လာနိုင်ပါတယ်။ ဒါ့ကြောင့် ကံသေကံမ ဘာမှ ပြောလို့မရပါဘူး။ အခုအချိန်မှာတော့ လက်စတာက ထိပ်ဆုံးမှာပါ။ တကယ်လို့ ဒီအခြေအနေမျိုးကို သူတို့ ဆက်ထိန်းမယ်ဆိုရင်တော့ ဗိုလ်စွဲဖို့ သူတို့ လုပ်နိုင်မှာပါ” ဟု ကမ်းဘဲလ်က ပြောကြားခဲ့သည်။

    အင်္ဂလန်တိုက်စစ်မှူးဟောင်းဖြစ်သူ ဗက်ဆဲလ်ကလည်း ပရီးမီးယားလိဂ်ဖလားမှာ လက်စတာ၏လက်ထဲတွင်သာ ရှိနေသည်ဟုဆိုသည်။

    “သင်္ချာနည်းအရပြောရရင် သူတို့ ဖလားရနိုင်ပါတယ်။ ရာနီယေးရီက အခုအချိန်မှာ ဒါကို ပြောမှာမဟုတ်သေးပါဘူး။ အဲဒီအဆင့်ကို ရောက်ပြီဆိုတဲ့အတွေးကတော့ သိပ်မကြာတော့ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် သူတို့ ကစားတဲ့ပုံစံမျိုး ကစားတဲ့အသင်းတွေ ရာသီကုန်အထိ ပြဿနာကြီးကြီးမားမားဖြစ်တာ ကျွန်တော် မတွေ့ဖူးပါဘူး” ဟု ဗက်ဆဲလ်က ပြောကြားခဲ့သည်။

    လက်စတာနှင့် စပါးအသင်းမှ တစ်သင်းသင်း ဗိုလ်စွဲပါက ၁၉၉၂ ခုနှစ်က စတင်ခဲ့သည့် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ၆ သင်းမြောက် ချန်ပီယံကလပ်လည်း ဖြစ်လာမည်ဖြစ်သည်။

    Ref: Goal

  • IS မှာ အစ္စလာမ့်မှ သွေဖည်သည့် အုပ်စုဟု ကမ္ဘာ့အစ္စလာမ့်ပညာရှင်များ ပြောကြား၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေး ဆောင်ရွက်ရန် မွတ်စလင်များကို တိုက်တွန်း

    IS မှာ အစ္စလာမ့်မှ သွေဖည်သည့် အုပ်စုဟု ကမ္ဘာ့အစ္စလာမ့်ပညာရှင်များ ပြောကြား၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေး ဆောင်ရွက်ရန် မွတ်စလင်များကို တိုက်တွန်း

    ဖေဖော်ဝါရီ ၈၊ ၂၀၁၆
    M-Media

    anti is

    – အိန္ဒိယနိုင်ငံက အစ္စလာမ့်ဖေကာဟ်ဓမ္မသတ် အကယ်ဒမီ (Islamic Fiqh Academy India) ရဲ့ ၂၅ ကြိမ်မြောက် ဖေကာဟ် ညီလာခံမှာ ကမ္ဘာတစ်ဝှမ်းက ထိပ်တန်းအစ္စလာမ့်ရေးရာပညာရှင်တွေ၊ ဓမ္မသတ်မှူးတွေနဲ့ ရှေ့ဆောင်အီမာမ်တွေက IS စစ်သွေးကြွအဖွဲ့ကို အစ္စလာမ်မှ သွေဖည်သူတွေလို့ သတ်မှတ်ပြောကြားလိုက်ပြီး၊ အဲဒီအုပ်စုကို ပြင်းပြင်းထန်ထန် နှိမ်နင်းသွားဖို့လည်း တိုက်တွန်းခဲ့ကြပါတယ်

    အဲဒီညီလာခံကို အာသံပြည်နယ်ရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ဘာဒါပူးရ်မှာ သောကြာနေ့က စတင် ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ၃ ရက်တာ ကြာမြင့်ခဲ့ပါတယ်။ တက်ရောက်လာကြတဲ့ ပညာရှင်တွေကတော့ အစ္စလာမ်ကမ္ဘာကို အစိတ်အစိတ်အမွှာမွှာ ဖြစ်စေဖို့အတွက် အနောက်နိုင်ငံတွေက ဖန်တီးထားတဲ့ IS စစ်သွေးကြွအုပ်စုရဲ့ လှုပ်ရှားမှုတွေကို သတိထားစောင့်ကြည့်ဖို့ လိုအပ်တယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဒါ့အပြင် မွတ်စလင်တွေအနေနဲ့ မွတ်စလင်မဟုတ်သူတွေနဲ့ ဘာသာပေါင်းစုံချစ်ကြည်ရေး ဆောင်ရွက်ကြဖို့လည်း အစ္စလာမ့်ပညာရှင်တွေက ထည့်သွင်း တိုက်တွန်းခဲ့ပါတယ်။ အိန္ဒိယနဲ့ ကမ္ဘာတစ်ဝှမ်းက အစ္စလာမ့် ဓမ္မပညာရှင်တွေ၊ ဓမ္မသတ်မှူးတွေ စုစုပေါင်း အယောက် ၂၀၀ ကျော် တက်ရောက်ခဲ့ကြတဲ့ အဲဒီညီလာခံမှာ သက်ကြီးရွယ်အိုတွေ စောင့်ရှောက်ရေး အပါအ၀င် အခြားအကြောင်းအရာတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

    ဖေကာဟ်အကယ်ဒမီက အထွေထွေအတွင်းရေးမှူး ခါလစ် ဆိုက်ဖွလ္လာဟ် ရာဟ်မာနီက IS အဖွဲ့ကို ဝေဖန်ပြောဆိုခဲ့ပြီး သူတို့ရဲ့လုပ်ရပ်တွေဟာ အစ္စလာမ်ပေါ်ထွန်းကာစက ပေါ်ပေါက်ခဲ့တဲ့ ပုန်ကန်သူ ခါရာဂျိုက်တွေရဲ့ လုပ်ရပ်တွေနဲ့ သွားတူနေတယ်လို့ ပြောကြားခဲ့ပါတယ်။ နောက်ပြီး မွတ်စလင်တွေအနေနဲ့ စည်းလုံးညီညွှတ်သင့်ကြပြီး ဘာသာရေးခေါင်းဆောင်တွေကလည်း မွတ်စလင်တစ်ယောက်ယောက်ကို မယုံကြည်သူ (ကာဖိရ်) လို့ လွယ်လွယ်တံဆိပ်ကပ်တာမျိုး အထူးရှောင်ရှားရမယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    မွတ်စလင်လူငယ်တွေကို မတူကွဲပြားတဲ့အ၀ိုင်းအ၀ိုင်းမှာ ဘယ်လိုယှဉ်တွဲ နေထိုင်ရမဆိုတာ သင်ကြားပေးဖို့ဟာလည်း အိုလမာသာသနာ့ပညာရှင်တွေရဲ့ တာဝန်ဖြစ်တယ်လို့ မောင်လာနာရာဟ်မာနီက ဆိုပါတယ်။

    တမန်တော်မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှုသက်ရောက်ပါစေ) ရဲ့ မက္ကာဟ်နဲ့ မဒီနာမှာ မယုံကြည်သူတွေနဲ့ ငြိမ်းချမ်းရေးစာချုပ်ချုပ်တွေချုပ်ဆိုကာ အတူယှဉ်တွဲနေထိုင်မှုကို ဥပမာပေးခဲ့ပြီး ဒီနေ့ခေတ်မှာလည်း အယူမတူသူတွေနဲ့ ဘာသာပေါင်းစုံ ချစ်ကျည်ရေးဆောင်ရွက်မှုမှာ ဒီဖြစ်ရပ်တွေကို အခြေခံသင့်တယ်လို့လည်း မောင်လာနာက ထပ်လောင်းပြောကြားခဲ့ပါတယ်။

    ၁၉၈၉ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တဲ့ အဲဒီဖေကာဟ်အကယ်ဒမီဟာ အခုအချိန်အထိ ညီလာခံပေါင်း ၂၄ ခု ကျင်းပပြုလုပ်ခဲ့ပြီး၊ ကုရ်အာန်ကျမ်းတော်မြတ်နဲ့ မုဟမ္မဒ်သခင်ရဲ့ သြ၀ါဒတော်တွေကိုအခြေခံကာ ပြဿနာပေါင်း ၂၀၀ နီးပါးကိုလည်း ဓမ္မသတ်ထုတ် ဖြေရှင်းပေးခဲ့ပြီး ဖြစ်ပါတယ်။

    SM/IINA

  • လီဗာပူးလ်အသင်း၏ ကစားသမားဝယ်ယူမှုပေါ်လစီကို နည်းပြဟောင်းရော်ဂျာ ဝေဖန်

    လီဗာပူးလ်အသင်း၏ ကစားသမားဝယ်ယူမှုပေါ်လစီကို နည်းပြဟောင်းရော်ဂျာ ဝေဖန်

    ဖေဖော်ဝါရီ ၈၊ ၂၀၁၆
    M-Media

    roger

    – လီဗာပူးလ်အသင်းပိုင်ရှင်များအနေဖြင့် ကစားသမားများကို ရောင်းချ၍ ငွေရှာမလားဆိုသည်နှင့် ၎င်းတို့အားထိန်းသိမ်းကာ အောင်ြမင်မှုရယူမလားဆိုသည်ကို ဆုံးဖြတ်ရန် လိုအပ်နေသည်ဟု လီဗာပူးလ်အသင်းနည်းပြဟောင်း ဘရန်ဒန် ရော်ဂျာက ပြောကြားလိုက်သည်။

    လီဗာပူးလ်နည်းပြအဖြစ် တာဝန်ယူစဉ်က အပြောင်းအရွှေ့ကိစ္စနှင့်ပတ်သက်၍ အသင်းမှ အပြောင်းအရွှေ့ကော်မတီ၏ ဆုံးဖြတ်ချက်အောက်တွင်သာ အလုပ်လုပ်ရသည့် ရော်ဂျာမှာ အသင်းအား ရလဒ်ကောင်းအောင် မစွမ်းဆောင်နိုင်သောကြောင့် ပြီးခဲ့သည့် အောက်တိုဘာလက လီဗာပူးလ်အသင်းမှ ထုတ်ပယ်ခံလိုက်ရခြင်းဖြစ်သည်။

    ရော်ဂျာကမူ အသင်းအနေဖြင့် စီးပွားရေးပုံစံမျိုး မဆောင်ရွက်သင့်ဟု အကြံပြုခဲ့သည်။

    “စီးပွားရေးပုံစံသွားမှာလား ဒါမှမဟုတ် အသင်းအောင်မြင်ဖို့ သွားမှာလားဆိုတာကို ကလပ်က သူ့အခြေအနေ ပြန်ကြည့်ဖို့လိုပါတယ်။ အောင်မြင်ဖို့အတွက် သွားချင်တယ်ဆိုရင်တော့ တတ်နိုင်လောက် ကစားသမားတွေကို ခေါ်ရမယ် အသက်ဘယ်လောက်ပဲဖြစ်ဖြစ် ဂရုစိုက်စရာ မလိုပါဘူး။ အချို့အသင်းတွေက ကိုယ့်အလုပ် ကိုယ်လုပ်ဖို့ စိတ်ထဲရှိပါတယ်။ အခြား အသင်းတွေကတော့ အောင်မြင်ဖို့ ၀ယ်မယ့်အစား ကစားသမားဝယ်ပြီး ပြုစုပျိုးထောင်ပေးကာ ဈေးများများနဲ့ပြန်ရောင်းဖို့ စဉ်းစားကြပါတယ်” ဟု ရော်ဂျာက ပြောကြားခဲ့သည်။

    Ref: Goal

  • မန္တလေးတိုင်း ဂုဏ်ဆောင် ရွှေမန်းမောင် ဦးဘသိန်း

    မန္တလေးတိုင်း ဂုဏ်ဆောင် ရွှေမန်းမောင် ဦးဘသိန်း

    Third Medel Prize in Weight lifting

    ရွှေမန်းမောင် ဦးဘသိန်းကို ၁၉၂၅ခု၊ ဒီဇင်ဘာလ(၂၆)ရက် (စနေ)နေ့တွင် မန္တလေးမြို့၊ စစ်ကိုင်းတန်းရပ်၊ ၈၃လမ်းတွင် ဖွားမြင်သည်။

    ၁၉၄၄-၄၅ခု၊ ဂျပန်ခေတ်တွင် အာရှလူငယ်အဖွဲ့၏ ကာယဗလမှူး အဖြစ် အမရပူရတိုက်နယ်၊ ဘုံးအိုးရွာ  တွင်တာဝန်ယူ ဆောင်ရွက် ခဲ့သည်။ ၁၉၄၆ခု၊ အထက်မြန်မာပြည် အလေးမပြိုင်ပွဲ (၁၄၈)ပေါင်တန်းတွင် ချန်ပီယံဆုရရှိခဲ့ပြီး ၁၉၄၇-၄၈ ခုနှစ်များတွင်လည်း ဆက်တိုက်ရရှိခဲ့သည်။

    ၁၉၄၇ခု၊ ‘ဓားတန်းအလေးမအသင်း’ စတင်ဖွဲ့စည်းရာတွင် ဦးဆောင်ပါဝင်ခဲ့သည်။ ၁၉၄၉ခုနှစ်တွင် ‘ရွှေမန်းမောင်’ ဘွဲ့ရခဲ့သည်။ ၁၉၅၀ မှ ၅၆ အထိ မြန်မာပြည်အလေးမပြိုင်ပွဲများ၌ ဗိုလ်စွဲခဲ့သည်။

    ၁၉၅၁-ခု၊ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင်ကျင်းပသော ပထမအကြိမ် အာရှအားကစားပြိုင်ပွဲ၊ (၁၆၅)ပေါင်တန်း အလေးမပြိုင်ပွဲ၌ တတိယရရှိခဲ့သည်။ အရပ် ၅-ပေ၊ ၉-လက်မ အထက် အာရှမောင် ပြိုင်ပွဲတွင် ဒုတိယ ရရှိခဲ့သည်။

    385320_10150565935443219_1121368430_n
    ၁၉၅၁ ခုနှစ် နယူးဒေလီမှာ ပြုလုပ်တဲ့ ပထမအကြိမ် အာရှအားကစားပြိုင်ပွဲ အာရှမောင်ပြိုင်ပွဲ ဒုတိယဆုရရှိခဲ့စဉ် ပြိုင်ပွဲဝင်ဟန် ဓါတ်ပုံ – ဦးသိန်းထွဋ် FB

    ၁၉၅၅-ခု မှ ၁၉၈၈ အထိ ဓားတန်းအလေးမအသင်းတွင် ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၆- ခုတွင် မြန်မာပြည် အိုလံပစ်အလေးမပြိုင်ပွဲ၌ ပထမရရှိပြီး ၁၉၃၆-ခုနှစ်က ဆရာဦးဇော်ဝိတ်၏အနှစ်(၂၀)ကြာ ထိန်းသိမ်းထားခဲ့သော အနှေးမစံချိန်ကို ပထမဆုံး တရားဝင် စံချိန်ချိုးနိုင်ခဲ့သည်။

    ၁၉၆၅-ခု အပြည်ပြည်ဆိုင်ရာ အလေးမဒိုင်လူကြီးအဆင့်(၂)အဖြစ်လည်းကောင်း၊ ၁၉၇၂-ခုတွင် အဆင့် (၁) အဖြစ် ဒိုင်လူကြီးလက်မှတ်ရရှိခဲ့ပြီး ၁၉၆၅-မှ-၇၅ခုအထိ ‘မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်’၊ အမှုဆောင်
    တာဝန်ထမ်းခဲ့သည်။

    ၁၉၆၉-ခု၊ ရန်ကုန်မြို့ (၅)ကြိမ်မြောက်ကျွန်းဆွယ်ပြိုင်ပွဲတွင် မြန်မာအလေးမအသင်း အုပ်ချုပ်သူအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၇၅-ခု၊ ထိုင်းနိုင်ငံတွင် ကျင်းပသော(၈)ကြိမ်မြောက်ကျွန်းဆွယ်ပြိုင်ပွဲ၌ အလေးမ ဒိုင်ချုပ်အဖြစ်ဆောင်ရွက်ခဲ့သည်။

    ၁၉၆၇-မှ-၇၄ ထိ၊ မန္တလေး-ဗထူးအားကစားကွင်း အုပ်ချုပ်မှုကော်မတီ အကျိုးဆောင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၆၄-ခု မှ ကွယ်လွန်သည့် ၂၀၀၃-ခုနှစ်အထိ၊ မန္တလေးတိုင်း၊အား/ကာအဖွဲ့ဝင်၊ အလေးမ နှင့် ကာယဗလမောင်ဆပ်ကော်မတီများတွင် ဥက္ကဌ၊ ဘောလုံးဆပ်ကော်မတီတွင် အဖွဲ့ဝင် အသီးသီး ဆောင်ရွက်ခဲ့သည်။

    Dar Dan weight lifting association young members
    ဓားတန်းအလေးမအသင်း မှ လူငယ်များနှင့် အတူ ဓါတ်ပုံ ဦးသိန်းထွဋ် FB

    ၁၉၉၆ခု၊ ရန်ကုန်တွင်ကျင်းပသော ဒုတိယအကြိမ်မြောက် အရှေ့တောင်အာရှကာယဗလပြိုင်ပွဲတွင် ပြုလုပ်သော Managers’ meeting and Judges’ meeting သို့ လေ့လာသူအဖြစ် တက်ရောက်ခဲ့သည်။

    ၁၉၅၅ခု၊ ဧပြီလ (၁)ရက်နေ့မှစ၍ မြန်မာနိုင်ငံကာယဗလနှင့် ကာယအလှအဖွဲ့ချုပ်၏ အထက်မြန်မာနိုင်ငံကိုယ်စားပြု အမှုဆောင်အဖြစ် တာဝန်ပေးအပ်ခံရသည်။

    မန္တလေးတိုင်းဂုဏ်ဆောင်၊ မြန်မာ့အလေးမဂုဏ်ဆောင် ရွှေမန်းမောင် ဦးဘသိန်းသည် ၂၀၀၃ခု၊ ဇန်န၀ါရီ (၂၁)ရက် (ကြာသပတေး)နေ့ တွင် အရှင်မြတ်အမိန့်တော်ခံယူသည်။ ဇနီး ဒေါ်ခင်ခင်အေးနှင့် သားသုံးဦးကျန်ရစ်ခဲ့သည်။

    2008 ခုနှစ်ထုတ် မန္တလေးမြို့လုံးဆိုင်ရာ မဟာတမန်တော်နေ့ စိန်ရတု မဂ္ဂဇင်း မှ ကူးယူဖော်ပြသည်။

    ဓါတ်ပုံများကို ဦးဘသိန်း ၏ သားဖြစ်သူ ဦးသိန်းထွဋ်၏ FB စာမျက်နှာမှာ ရရှိ ဖော်ပြပါသည်။

     

    First Asian Olympic, 1951. Burma Contingent

    10923393_10153510785683219_592956831328825174_n A young body builder and weight lifter, Shwe Man Maung