News @ M-Media

Blog

  • ရန်သူများ၏ အကြံအစည်မအောင်မြင်ဟု အီရန် အဓိပတိပြော၊ မိမိတို့ ရည်ရွက်ချက်မှာ ဘက်စုံဖွံ့ဖြိုးသည့် အစ္စလာမ့်လူ့အဖွဲ့အစည်းဖြစ်ရေးဟု ဆို

    ရန်သူများ၏ အကြံအစည်မအောင်မြင်ဟု အီရန် အဓိပတိပြော၊ မိမိတို့ ရည်ရွက်ချက်မှာ ဘက်စုံဖွံ့ဖြိုးသည့် အစ္စလာမ့်လူ့အဖွဲ့အစည်းဖြစ်ရေးဟု ဆို

    ဖေဖော်ဝါရီ ၉၊ ၂၀၁၆
    M-Media

    iran 1

    – အီရန်နိုင်ငံရဲ့ အဓိပတိ အယာတိုလာ ဆယဒ် အလီခါမေနီက ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဟာ အစ္စလာမ်မစ်တော်လှန်ရေးစတင်ကတည်းက အီရန်နိုင်ငံကို ဆန့်ကျင်ခဲ့ကြပေမယ့်လည်း သူတို့ရဲ့ ရည်ရွယ်ချက်တွေ အထမြောက်အောင်မြင်မှု မရှိခဲ့ဘူးလို့ ပြောကြားလိုက်ပါတယ်။

    “တော်လှန်ရေးစလုပ်ခဲ့တဲ့ ၁၉၇၉ ခုနှစ်ကတည်းက အခုချိန်ထိ ကမ္ဘာ့နံပါတ်တစ် ရုပ်ဝတ္ထုဝါဒီ အင်အားကြီးနိုင်ငံတွေဟာ အီရန်နိုင်ငံတည်ဆောက်မှုကို အတိုက်အခံလုပ်နေပေမယ့်လည်း တကယ်တမ်း ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မရှိခဲ့ကြပါဘူး” လို့ အီရန်ခေါင်းဆောင်က လေတပ်ခေါင်းဆောင်တွေ၊ တပ်သားတွေနဲ့ ယမန်နေ့က ပြုလုပ်ခဲ့တဲ့ တွေ့ဆုံပွဲမှာ ပြောကြားလိုက်တာပါ။

    မိမိတို့တိုင်းပြည်ကို ပစ်မှတ်ထားတဲ့ ကြံစည်မှုကို တစ်ချိန်လုံးစောင့်ကြည့်ဖို့ အဓိပတိကြီးက စစ်တပ်ကိုတိုက်တွန်းခဲ့ပြီး “ရန်သူရဲ့အပြုံးနောက်ကွယ်က လိမ်ညာမှုကို သတိထားပါ” လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အယာတိုလာ ခါမေနီက လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေး ဆောင်ရွက်နေတယ်လို့ အမေရိကန်က တဖွဖွပြောနေတာကိုလည်း ပြက်ရယ်ပြုလိုက်ပြီး ကလေးငယ်တွေကအစ မတရားသတ်ဖြတ်နေတဲ့ အစ္စရေးနဲ့ ရွေးကောက်ပွဲဆိုတာ ယောင်လို့တောင် မလုပ်တဲ့ မဟာမိတ်နိုင်ငံတွေအပေါ် အမေရိကန်ရဲ့ ထောက်ပံ့မှုကို ထောက်ပြပြီး အပြောအနဲ့အလုပ် မညီကြောင်း မီးမောင်းထိုးပြခဲ့ပါတယ်။

    ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးဖို့အတွက် အီရန်နိုင်ငံသားအားလုံးမှာ တာဝန်ရှိတယ်လို့လည်း ခါမေနီက ဆော်သြခဲ့ပါတယ်။ နောက်ပြီး အီရန်နိုင်ငံရဲ့ အဓိကရည်မှန်းချက်ဟာ သိပ္ပံနည်းပညာတိုးတက်မှု၊ တရားမျှတမှု၊ ကိုယ်ကျင့်တရား၊ ဂုဏ်သိက္ခာနဲ့ တက်လမ်းရှိတဲ့ အစ္စလာမ့်လူ့အဖွဲ့အစည်း ဖြစ်ပေါ်လာရေးပဲ ဖြစ်တယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

    ရန်သူတွေအားလုံးက အီရန်နိုင်ငံ ဂုဏ်သိက္ခာမြင့်မားလာပြီး အင်အားကြီးလာမှာ၊ နိုင်ငံတ၀ှမ်း နိုင်ငံခြားသားလွှမ်းမိုးမှု လျှော့ချပစ်လိုက်မှာ စတာတွေကို ဦးတည်တိုက်ခိုက်နေတာ ဖြစ်တယ်လို့လည်း ခါမေနီက ဆိုပါတယ်။

    “ရန်သူတွေအနေနဲ့ တိုက်ရိုက်ရန်မူတာမျိုး မလုပ်နိုင်တော့ရင် မိတ်ဆွေယောင်ဆောင်ပြီး ရောက်လာပါလိမ့်မယ်”

    Ref: PressTV

  • ဟောင်ကောင်ရှိ တရုတ်နှစ်ကူးပွဲ ရုန်းရင်းဆန်ခတ်မှုဖြစ်ပွား

    ဟောင်ကောင်ရှိ တရုတ်နှစ်ကူးပွဲ ရုန်းရင်းဆန်ခတ်မှုဖြစ်ပွား

    ဖေဖော်ဝါရီ ၉၊ ၂၀၁၆
    M-Media

    hk

    – ဟောင်ကောင်တွင် ပြုလုပ်ခဲ့သည့် တရုတ်နှစ်သစ်ကူးပွဲတော်အတွင်း ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သောကြောင့် ဒါဇင်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့ကာ ဖမ်းဆီးခံရမှုများလည်း ရှိခဲ့သည်။

    နှစ်ကူးအဖြစ် ပျံကျဈေးသည်များက လမ်းဘေးတွင် မိမိသဘောဖြင့် ဆိုင်ခင်းရောင်းချမှုကို ရဲတပ်ဖွဲ့က ရှင်းလင်းပြီး နောက်ပိုင်း ယနေ့မနက်ပိုင်းတွင် ထိုကဲ့သို့ ထိပ်တိုက်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့က နံပါတ်တုတ်များ ငရုပ်ကောင်းအရည်များကို အသုံးပြုကာ သတိပေး သေနတ်ပစ်ဖောက်မှုများပင် ပြုလုပ်ခဲ့ရသည်။

    ရဲတပ်ဖွဲ့ကထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင် အသက် ၂၇ နှစ်မှ ၃၅ နှစ်အရွယ် အမျိုးသား ၃ ဦးကို ရဲတပ်ဖွဲ့အားလက်ရောက်ကျူးလွန်မှုနှင့် နှောက်ယှက်မှုတို့ဖြင့် ဖမ်းဆီးခဲ့သည်ဟု ဖော်ပြခဲ့သည်။ ဟောင်ကောင်မြို့၏ လူစည်ကားရာ လမ်းမများတွင် တွေ့ရလေ့ရှိသော ပျံကျဈေးသည်များ၏ ထိုပြဿနာမှာ #FishballRevolution အမည်ဖြင့် ဆိုရှယ်မီဒီယာများတွင် အလျင်အမြန် ပြန့်နှံ့ခဲ့သည်။

    Ref: Aljazeera

  • ဆီးရီးယားဒုက္ခသည်ပြဿနာကို ဂျာမနီနှင့် တူရကီတို့ ပူးပေါင်းဖြေရှင်းမည်

    ဆီးရီးယားဒုက္ခသည်ပြဿနာကို ဂျာမနီနှင့် တူရကီတို့ ပူးပေါင်းဖြေရှင်းမည်

    ဖေဖော်ဝါရီ ၉၊ ၂၀၁၆
    M-Media

    syria 2

    – ဆီးရီးယားဒုက္ခသည်ပြဿနာ ဖြေရှင်းရေးနှင့် ပတ်သက်၍ ဆောင်ရွက်မှုအများအပြားကို ပူးပေါင်းဆောင်ရွက်ရန် တူရကီနှင့် ဂျာမနီတို့က သဘောတူညီခဲ့ကြပြီး ထိုအထဲတွင် ဆီးရီးယား၏ အကြီးဆုံးမြို့ဖြစ်သော အဲလစ်ပိုမြို့အား တိုက်ခိုက်မှုများကို တားဆီးရန် ရည်ရွယ်သည့် သံသတမန်ရေးရာ ဆောင်ရွက်မှုလည်း ပါဝင်သည်။

    နှစ်နိုင်ငံမှ တာဝန်ရှိသူများမှာ ထိုကဲ့သို့ သဘောတူညီချက်ရရှိကြောင်း ယမန်နေ့က မြို့တော်အန်ကာရာတွင် ကြေငြာခဲ့ခြင်းဖြစ်သည်။ တူရကီသို့ ရောက်ရှိနေသည့် ဂျာမနီအဓိပတိ အိန်ဂျလာ မာကဲလ်က မိမိမှာ တူရကီဝန်ကြီးချုပ် အဟ်မတ် ဒါဗူတော့ဂလူနှင့် တွေ့ဆုံစဉ် ဥရောပသို့ ဒုက္ခသည်ဝင်ရောက်မှု လျော့ချရေးအတွက် ဆွေးနွေးခဲ့သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် အရပ်သားလူ့အဖွဲ့အစည်းအပေါ် ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများကို အလျင်အမြန်ရပ်တန့်ရန် ဒီဇင်ဘာလတွင် အတည်ပြုခဲ့သည့် ကုလ၏ ဆုံးဖြတ်ချက်အတိုင်း ဆီးရီးယားအဖွဲ့တိုင်းက လိုက်နာရန်အတွက် တူရကီနှင့် ဂျာမနီတို့က တွန်းအားပေးသွားမည်ဟုလည်း မာကဲလ်က ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Aljazeera

  • ရော်နယ်ဒိုမှာ နောက်ထပ် ၃ နှစ် ထိပ်တန်းအဆင့်တွင် ရှိနေမည်ဟု ကာပယ်လိုပြော

    ရော်နယ်ဒိုမှာ နောက်ထပ် ၃ နှစ် ထိပ်တန်းအဆင့်တွင် ရှိနေမည်ဟု ကာပယ်လိုပြော

    ဖေဖော်ဝါရီ ၉၊ ၂၀၁၆
    M-Media

    ronaldo

    – ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုမှာ ထိပ်တန်းအဆင့်တွင် နောက်ထပ် ၃ နှစ် ဆက်ရှိနေမည်ဟု ရီးယဲလ်နည်းပြဟောင်း ဖေဘီယို ကာပယ်လိုက ပြောကြားလိုက်သည်။

    လာလီဂါပွဲစဉ် ၂၃ ပွဲကစားပြီးချိန်တွင် ရော်နယ်ဒိုမှာ ၁၉ ဂိုး သွင်းယူထားနိုင်ပြီး ထိုမှတ်တမ်းမှာ ၎င်း ရီးယဲလ်သို့ ရောက်ရှိပြီးနောက်ပိုင်းကတည်းက တင်ထားခဲ့သည့် ၁ ပွဲ ၁ ဂိုးနှုန်းအောက်ကို ရောက်ရှိသွားခြင်းဖြစ်သည်။ ယခုတစ်ပတ် ဂရာနာဒါအား ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရခဲ့သည့်ပွဲတွင် ရော်နယ်ဒိုမှာ ရုန်းကန်ခဲ့ရပြီး ဝေဖန်မှုအချို့ကိုလည်း ခံခဲ့ရသည်။

    ကာပယ်လိုကမူ အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်သည် ရော်နယ်ဒိုမှာ ခြေစွမ်းမကျဆင်းနိုင်သေးဟု မှတ်ချက်ပြုခဲ့သည်။

    “ရော်နယ်ဒိုဟာ ဘောလုံးလောကမှာ နောက်ထပ် ၃ နှစ်လောက် သာသာလေး ခြေစွမ်းပြနိုင်ပါတယ်။ အတွေ့အကြုံတွေလည်း ထပ်ရမှာပါ။ သူ့ကိုယ့်သူ တော်တော်လေးဂရုစိုက်ပြီး ၃၄ နှစ်လောက်အထိ ကောင်းကောင်း ကစားနိုင်ပါတယ်။ သူ့လို့ ဂိုးသွင်းစက်မျိုး ရှာဖို့ဆိုတာ မလွယ်ပါဘူး” ဟု ကာပယ်လိုက ပြောကြားခဲ့သည်။

    ထို့ပြင် လက်ရှိနည်းပြသစ် ဇီဒိန်းမှာ အောင်မြင်မှု ရရှိနိုင်မည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • နယူးဇီလန် မွတ်စလင်အမျိုးသမီးအဖွဲ့တစ်ခုက အိမ်ယာမဲ့များကို ကျွေးမွေးလှူဒါန်း

    နယူးဇီလန် မွတ်စလင်အမျိုးသမီးအဖွဲ့တစ်ခုက အိမ်ယာမဲ့များကို ကျွေးမွေးလှူဒါန်း

    ဖေဖော်ဝါရီ ၉၊ ၂၀၁၆
    M-Media

    news

    – အစ္စလာမ်က သွန်သင်ထားသည့် ပတ်ဝန်းကျင်အား ကူညီစောင့်ရှောက်မှုကို အကောင်အထည်ဖော်ခြင်းနှင့် သာသနာအပေါ်ရှိနေသည့် ထင်မြင်ယူဆချက်အမှားများကို ဖယ်ရှားရန်အတွက် နယူးဇီလန် မွတ်စလင်အမျိုးသမီးအဖွဲ့မှာ အိမ်ယာမဲ့များအား လှူဒါန်းကျွေးမွေးသည့် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့သည်ဟု သိရသည်။

    အဆိုပါလှုပ်ရှားမှုကို ခရိုက်စ်ချက်မြို့တွင် ပြီးခဲ့သည့်တစ်ပတ်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးများအား အကူအညီပေးရေးနှင့် စွမ်းအားမြှင့်တင်ပေးသည့် လုပ်ငန်းများကို လုပ်ဆောင်ပေးနေသော Nisa အဖွဲ့က ဦးဆောင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့အဖွဲ့မှာ ခရိုက်စ်ချက်လူမှုကူညီရေးအဖွဲ့၏ လှုပ်ရှားမှုများတွင်လည်း ပါဝင်ဆောင်ရွက်နေသည်။

    “ကျွန်မတို့ဟာ အမှန်တကယ် ဘယ်လိုလူတွေဖြစ်တယ်၊ ကျွန်မတို့ သာသနာကလည်း ဘယ်လိုသာသနာဖြစ်တယ်ဆိုတာကို လူတွေ အမှန်မြင်လာတာ ကောင်းပါတယ်” ဟု အိမ်ယာမဲ့များအား လှူဒါန်းကျွေးမွေးမှုတွင် ပါဝင်ခဲ့သည့် အသက် ၁၇ နှစ်အရွယ် ရာဘီယာ မိုဖက်စီရ်က ပြောကြားခဲ့သည်။

    အိမ်ယာမဲ့များအား ကူညီသူ မွတ်စလင်အမျိုးသမီးငယ်များတွင် ၎င်းတို့၏ ပုဝါ၀တ်ဆင်မှုကြောင့် စော်ကားပြောဆိုခံရမှုများကို ကြုံတွေ့ရသူများလည်း ပါဝင်သည်။

    “ဒီလိုဆောင်ရွက်မှုတွေကြောင့် အခုတော့ သူတို့က ကျွန်မတို့ကို စ,စရာ၊ နောက်စရာမျိုးအဖြစ် မမြင်တော့ဘဲ၊ သာမန်လူတစ်ဦးအဖြစ် မြင်လာကြပြီး သူငယ်ချင်းတွေတောင် ဖြစ်တော့မှာပါ။ သူတို့ကို ကျွန်မတို့က လူသားတွေအဖြစ် တန်ဖိုးထားတယ်ဆိုတာကို ပြသချင်ပြီး၊ လူတော်တော်များများက သူတို့ကို နှာခေါင်းရှုံ့စရာအဖြစ် မမြင်ကြတော့ဘူးလို့ ကျွန်မ ထင်ပါတယ်” ဟု ဒန်နီစီ ဂျေဂါက ပြောကြားခဲ့သည်။

    နယူးဇီလန်မွတ်စလင်များ၏ လှူဒါန်းကူညီမှုကို လာရောက်လက်ခံကြသူ အိမ်ယာမဲ့များတွင် အမျိုးသားများ၊ အမျိုးသမီးများနှင့် လူငယ်များလည်း ပါဝင်ပြီး အတူတကွစားသောက်ခဲ့ကြကာ ၎င်းတို့၏ အတွေ့အကြုံများကိုလည်း ဝေငှခဲ့ကြသည်။

    “သူတို့ဟာ အံ့အားသင့်စရာကောင်းသူတွေပါ။ ကျွန်တော်တော်တို့ ၀မ်းဝစေဖို့အတွက် သူတို့တွေက အချိန်ထုတ်ပေးခဲ့ကြပါတယ်” ဟု အိမ်ယာမဲ့တစ်ဦးဖြစ်သူ ဟင်နရီ မက္ကလီယန်က ပြောကြားခဲ့သည်။

    Nisa အဖွဲ့ကမူ ၎င်းတို့အနေဖြင့် ထိုကဲ့သို့သော လှူဒါန်းကူညီမှုများကို ဆက်လက် လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

    Ref: IINA