News @ M-Media

Blog

  • အကြွေးနွံနစ်နေသည့် သီရိလင်္ကာက အိန္ဒိယထံမှ ဒေါ်လာ ၁ ဘီလီယံ ချေး

    အကြွေးနွံနစ်နေသည့် သီရိလင်္ကာက အိန္ဒိယထံမှ ဒေါ်လာ ၁ ဘီလီယံ ချေး

    မတ် ၂၈၊ ၂၀၂၂

    M-Media 


    -လွတ်လပ်ရေးရပြီး နှစ် ၇၀ အတွင်း စီးပွားရေးကြပ်တည်းမှု ဒဏ် အဆိုးရွားဆုံး ခံစားနေရတဲ့ သီရိလင်္ကာနိုင်ငံဟာ အိန္ဒိယနိုင်ငံကနေ ကန်ဒေါ်လာ ၁ ဘီလီယံ ထပ်ချေးခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။ 

    ကိုဗစ်ကပ်ရောဂါ၊ စီးပွားရေးကျဆင်းမှု၊ ငွေကြေးတန်ဖိုးကျမှုတွေကြောင့် သီရိလင်္ကာနိုင်ငံဟာ နိုင်ငံခြားအရန်ငွေ သိသိသာသာ ကျဆင်းကာ လောင်စာဆီ၊ ဆန်၊ ဂျုံ၊ ပြောင်း၊ သကြား၊ ဆေး၀ါး စတဲ့ အခြေခံကုန်ပစ္စည်းတွေ နိုင်ငံခြားက မတင်သွင်းနိုင် ဖြစ်နေပါတယ်။ 

    အမည်မဖော်လိုတဲ့ ရင်းမြစ်နှစ်ခုက ဒီအခက်အခဲကို ကုစားဖို့အတွက် သီရိလင်္ကာဟာ အိန္ဒိယနိုင်ငံကနေ ကန်ဒေါ်လာ ၁ ဘီလီယံ ချေးယူဖို့ တောင်းဆိုထားတယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။ 

    နှစ်နိုင်ငံစလုံးကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။ အိန္ဒိယနိုင်ငံခြားရေး၀န်ကြီး ဆူဘရာမန်ယန် ဂျိုင်ရှန်ကာဟာ လက်ရှိမှာ သီရိလင်္ကာကို ရောက်ရှိနေပါတယ်။ 

    သီရိလင်္ကာအစိုးရဟာ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ကနေလည်း ငွေကြေးအကူအညီရယူဖို့ လုပ်ဆောင်နေပါတယ်။ 

    Ref: Aljazeera 

  • တာလီဘန်က ပြည်သူများအပေါ် ဖိနှိပ်ချုပ်ခြယ်မှုများ ထပ်တိုးလုပ်ဆောင်

    တာလီဘန်က ပြည်သူများအပေါ် ဖိနှိပ်ချုပ်ခြယ်မှုများ ထပ်တိုးလုပ်ဆောင်

    မတ် ၂၈၊ ၂၀၂၂

    M-Media 


    -အမျိုးသမီးတွေကို တစ်ယောက်တည်း လေယာဥ်စီးခွင့် မပေးတာအပါအ၀င် တာလီဘန်က အာဖဂန်ပြည်သူတွေအပေါ် ကန့်သတ်ချုပ်ခြယ်မှုတွေ ထပ်တိုး လုပ်ဆောင်လိုက်ပါတယ်။ 

    ဘီဘီစီက သတင်းတွေကို မလွှင့်ဖို့ ပြည်တွင်းသတင်းဌာနတွေကို ညွှန်ကြားတာ၊ အမျိုးသားနဲ့ အမျိုးသမီးတွေ တွဲပြီး ပန်းခြံတွေမှာ သွားရောက်လည်ပတ်မှု ပိတ်ပင်တာ၊ အစိုးရ၀န်ထမ်းတွေမှာ အမျိုးသားတွေ မုတ်ဆိတ်မထားမနေရ၊ ဦးထုပ် ဒါမှမဟုတ် ခေါင်းပေါင်း မဆောင်းမနေရ၊ သတ်မှတ်ထားတဲ့ ၀တ်စုံကို မ၀တ်မနေရ စတာတွေ ပါ၀င်ပါတယ်။ 

    ပြီးခဲ့တဲ့နှစ် သြဂုတ်လက အာဖဂန်နစ္စတန်ကို ပြန်လည်သိမ်းပိုက်ခဲ့တဲ့ တာလီဘန်ဟာ အမျိုးသမီးတွေကို ကျောင်းတက်ခွင့်မပေးတာ၊ အစိုးရဌာနတွေမှာ အလုပ်လုပ်ခွင့်မပေးတာ စတဲ့ ကန့်သတ်မှုတွေ လုပ်ဆောင်ထားတာပါ။ 

    ပြီးခဲ့တဲ့ရက်ပ်ိုင်း ပြည်တွင်း လေကြောင်းလိုင်းတွေကို ပေးပို့တဲ့ ညွှန်ကြားစာမှာတော့ အုပ်ထိန်းသူ အမျိုးသားတစ်ဦးမပါ၀င်ရင် အမျိုးသမီးတွေကို လေယာဥ်စီးခွင့်မပြုဖို့ အမိန့်ပေးထားပါတယ်။ 

    အစိုးရ၀န်ထမ်းတွေ မုတ်ဆိတ်ထားမထား၊ သတ်မှတ်၀တ်စုံ ၀တ်မ၀တ်ကို တာလီဘန်အာဏာပိုင်တွေက ရှောင်တစ်ခင်၀င်ရောက်စစ်ဆေးတာမျိုး တနင်္လာနေ့က စတင်ပြုလုပ်နေပြီး မလိုက်နာရင် ၀င်ခွင့်မပေးတာ၊ အလုပ်ဖြုတ်တာတွေအထိ လုပ်မယ်လို့ သတိပေးထားပါတယ်။ 

    ပန်းခြံတွေမှာ တရား၀င် လက်ထပ်ထားတဲ့ စုံတွဲတွေ၊ ဆွေမျိုးသားချင်းတွေ၊ မိသားစုတွေတောင် အမျိုးသား၊ အမျိုးသမီး အတူသွားရောက်ခွင့် မပေးဘဲ၊ အမျိုးသမီးတွေအတွက် ၃ ရက်၊ အမျိုးသားတွေအတွက် ၄ ရက် တာလီဘန်က ရက်သတ်မှတ်ထားပါတယ်။ 

    Ref: AP

  • လျှပ်စစ်ဓာတ်အားအတွက် ဆော်ဒီက အသေးစားနျူဓာတ်ပေါင်းဖိုများ ဆောက်မည်

    လျှပ်စစ်ဓာတ်အားအတွက် ဆော်ဒီက အသေးစားနျူဓာတ်ပေါင်းဖိုများ ဆောက်မည်

    မတ် ၂၇၊ ၂၀၂၂

    M-Media 


    – အသေးစားနျူဓာတ်ပေါင်းဖိုတွေ ပြည်တွင်းမှာ တည်ဆောက်သွားဖို့ စိတ်၀င်စားနေတယ်လို့ ဆော်ဒီ စွမ်းအင်၀န်ကြီး မင်းသား အဘ်ဒူလ် အဇစ် ဘင် ဆလ်မန်က ပြောပါတယ်။ 

    GEC2022 အစည်းအ၀ေးမှာ ဒီလိုမှတ်ချက်ပေးလိုက်တာဖြစ်ပြီး ၀ေးလံခေါင်ဖျားတဲ့ဒေသတွေမှာ လျှပ်စစ်ဓာတ်အားပေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ 

    ဓာတ်ပေါင်းဖိုတွေကို ဆော်ဒီက ပြည်တွင်းမှာ ကိုယ်ပိုင်ငွေနဲ့ တည်ဆောက်ဖို့ ကြံရွယ်နေတာဖြစ်ပါတယ်။ 

    မင်းသား အဘ်ဒူလ်အဇစ်က ကမ္ဘာကြီးကို အန္တရာယ်ဖြစ်နိုင်မှုကို လျှော့ချဖို့အတွက် ဆော်ဒီဟာ ပြည်တွင်းမှာပဲ နည်းပညာတွေကို ဖန်တီးထုတ်လုပ်သွားမယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။ 

    “ကိုယ်တိုင်သုံးဖို့ပစ္စည်းကို သူများက လာဆောက်ပေးရတာမျိုး အနာဂတ်မှာ ရှိလာမှာမဟုတ်တော့ပါဘူး။ ကျွန်တော်တို့ကတော့ ကိုယ်သုံးဖို့အတွက် ကိုယ့်ဟာကိုယ်ဆောက်မှာပါ”

    ဆော်ဒီဟာ ၂၀၃၀ ရည်မှန်းချက်ချထားပြီး စီးပွားရေး၊ လူမှုရေးနဲ့ နည်းပညာတွေမှာ အကြီးအကျယ် ပြောင်းလဲတိုးတက်အောင် ဆောင်ရွက်နေတာဖြစ်ပါတယ်။ 

    Ref: Arab News 

  • ပိုလန်ခရီးစဥ်တွင် ပူတင်ကို ဖြုတ်ချရန်ပါ ကန်သမ္မတပြောလာ

    ပိုလန်ခရီးစဥ်တွင် ပူတင်ကို ဖြုတ်ချရန်ပါ ကန်သမ္မတပြောလာ

    မတ် ၂၇၊ ၂၀၂၂

    M-Media


    -ရုရှားသမ္မတ ဗလာဒီမီရ် ပူတင်ဟာ သားသတ်သမား တစ်ယောက်ဖြစ်ပြီး အာဏာဆက်ရှိနေလို့ မဖြစ်တော့ဘူးလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားလိုက်ပါတယ်။ 

    နေတိုးအဖွဲ့၀င်ဖြစ်ပြီး ယူကရိန်းနဲ့ကပ်နေတဲ့ ပိုလန်နိုင်ငံကို ဘိုင်ဒန် ရောက်ရှိနေတာ ဖြစ်ပါတယ်။ နေတိုးအဖွဲ့ ပိုင်နက်ကို တစ်လက်မမှ မကျူးကျော်မိစေဖို့လည်း ဘိုင်ဒန်က ပူတင်ကို ထပ်မံသတိပေးခဲ့ပါတယ်။ 

    ယူကရိန်းဟာ ရုရှားအတွက် အောင်ပွဲဒေသ ဘယ်တော့မှ ဖြစ်မှာမဟုတ်ကြောင်း၊ ပူတင်တစ်ယောက် အာဏာဆက်ရှိနေလို့ မရတော့ကြောင်းလည်း ဘိုင်ဒန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    အိမ်ဖြူတော်ကတော့ ဘိုင်ဒန်ရဲ့မှတ်ချက်ဟာ ရုရှားမှာ အစိုးရပြောင်းလဲဖို့ တိုက်တွန်းဆော်သြတာ မဟုတ်ဘူးလို့ နောက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။ 

    ရုရှားအစိုးရကိစ္စမှာ ဘိုင်ဒန်အနေနဲ့ ဘာဆုံးဖြတ်ချက်မှ ပေးစရာမလိုဘဲ ရုရှားသမ္မတကို ရုရှားပြည်သူတွေကသာ ရွေးကောက်တင်မြှောက်တာဖြစ်ကြောင်း ပူတင်ရဲ့ရုံးက တုန့်ပြန်ခဲ့ပါတယ်။ 

    ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်မှုမှာ အမေရိကန်က ယူကရိန်းဖက်ကို စစ်လက်နက်ပစ္စည်းထောက်ပံ့မှုတွေ ပိုမိုလုပ်ဆောင်လာသလို၊ ရုရှားကိုလည်း ပြင်းပြင်းထန်ထန် ၀ေဖန်မှုတွေ ဆက်တိုက်ပြုလုပ်လာပါတယ်။ 

    Ref: Aljazeera 

  • ရုရှား၏ ပဲ့ထိန်းဒုံးများ မအောင်မြင်မှု ၆၀ ရာခိုင်နှုန်းအထိ ရှိနေ

    ရုရှား၏ ပဲ့ထိန်းဒုံးများ မအောင်မြင်မှု ၆၀ ရာခိုင်နှုန်းအထိ ရှိနေ

    မတ် ၂၅၊ ၂၀၂၂

    M-Media 


    -ယူကရိန်းစစ်ပွဲမှာ ရုရှားအသုံးပြုတဲ့ ပဲ့ထိန်းဒုံးကျည်တွေရဲ့ မအောင်မြင်မှုဟာ ၆၀ ရာခိုင်နှုန်းအထိ ရှိတယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန် အာဏာပိုင်တွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ 

    ပဲ့ထိန်းဒုံးကျည်တွေဟာ ပစ်မှတ်ကို အတိအကျ ချိန်ရွယ်ပစ်ခတ်နိုင်တဲ့ လက်နက်တွေဖြစ်ပါတယ်။ ပစ်ခတ်မှု မအောင်မြင်တာတွေမှာ ပစ်လွှတ်စဥ်အတွင်း ပေါက်ကွဲသွားတာ၊ ပစ်မှတ်ကို ကျရောက်ပြီးမှ မပေါက်ကွဲတာ စသဖြင့် ပါ၀င်ပါတယ်။ 

    ယူကရိန်းစစ်ပွဲ တစ်လကျော်လာတဲ့အချိန်မှာ ရုရှားက ဒုံးကျည်ပေါင်း ၁၁၀၀ ကျော်လောက် ပစ်လွှတ်ခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေးဖက်က ထုတ်ပြန်ထားပါတယ်။

    Kh-555 နဲ့ Kh-101 ပဲ့ထိန်းဒုံးကျည်အမျိုးအစားတွေကို ရုရှားက ယူကရိန်းစစ်ပွဲမှာ အဓိကထား အသုံးပြုနေတာပါ။ ဒုံးကျည်အမျိုးအစားကို လိုက်ပြီး မအောင်မြင်မှုဟာ ၅၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းလောက်အထိ ရှိတယ်လို့ ထောက်လှမ်းရေးအချက်အလက်တွေကို ကိုးကားပြီး အမေရိကန် တာ၀န်ရှိသူ ၂ ဦးက ပြောပါတယ်။ 

    အခြား တာ၀န်ရှိသူတစ်ဦးက ၀ေဟင်ကပစ်ရတဲ့ ခရုဇ်ဒုံးကျည် မအောင်မြင်မှုဟာ ၂၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ပြောပါတယ်။

    ဒုံးကျည်ပစ်လွှတ်မှု မအောင်မြင်မှုနှုန်းဟာ ၂၀ ရာခိုင်နှုန်းရှိလာရင်ကို အလွန်မြင့်မားတဲ့နှုန်း ဖြစ်ပါတယ်။  

    ရုရှား ကာကွယ်ရေး၀န်ကြီးဌာနက စစ်သားတွေရဲ့ ပရော်ဖက်ရှင်နယ်ပီသမှု၊ ဒုံးကျည်နည်းပညာတွေကို ချီးကျူးခဲ့ပြီး၊ ဒုံးကျည်ပစ်ခတ်မှု မအောင်မြင်ဘူးဆိုတဲ့ အနောက်နိုင်ငံတွေရဲ့ ပြောကြားမှုဟာ ၀ါဒဖြန့်မှုသက်သက်တာဖြစ်တယ်လို့ ဆိုပါတယ်။ 

    ရုရှားဟာ ပစ်မှတ်ကို ချိန်တွယ်ပစ်ခတ်ရတဲ့ ဒုံးကျည်အရေအတွက် သိိသိသာသာ လျော့နည်းလာပြီး ဗုံးတွေ၊ လက်နက်ကြီးတွေကိုသာ အဓိကထား အသုံးပြုနေရတယ်လို့ အမေရိကန် ကာကွယ်ရေးဆိုင်ရာ တာ၀န်ရှိသူတွေက ကြာသာပတေးနေ့မှာ ထုတ်ပြောထားပါတယ်။

    Ref: US News