News @ M-Media

Blog

  • ဘင်္ဂလားဒေ့ရှ်က တစ်နိုင်ငံလုံးကို လျှပ်စစ်ဓာတ်အားပေးနိုင်ပြီ

    ဘင်္ဂလားဒေ့ရှ်က တစ်နိုင်ငံလုံးကို လျှပ်စစ်ဓာတ်အားပေးနိုင်ပြီ

    မတ် ၂၂၊ ၂၀၂၂

    M-Media 


    -တရုတ်နဲ့ ဖက်စပ်ဆောက်လုပ်တဲ့ ကျောက်မီးသွေး ဓတ်အားပေးစက်ရုံကို ဘင်္ဂလားဒေ့ရှ်က တနင်္လာနေ့မှာ ဖွင့်လှစ်ခဲ့ပြီး ဒီစက်ရုံကြောင့် နိုင်ငံတစ်၀ှမ်းလုံးကို ရာနှုန်းပြည့် လျှပ်စစ်ဓာတ်အား ပေးနိုင်ပြီ ဖြစ်ပါတယ်။

    နိုင်ငံအလယ်ပိုင်း ပိုင်ရာမြို့က အဲဒီဓာတ်အားပေးစက်ရုံဟာ Ultra Supercritical နည်းပညာကို အသုံးပြုထားတဲ့ စက်ရုံဖြစ်ပြီး ဓာတ်အား ၁၃၂၀ မီဂါ၀ပ် ထုတ်လုပ်ပေးနိုင်ပါတယ်။ 

    မနေ့က ဖွင့်ပွဲအခမ်းအနားကို ၀န်ကြီးချုပ် ရှိခ်ဟာဆီနာ၊  ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ တရုတ်သံအမတ် လီဂျင်မင်တို့ တက်ရောက်ခဲ့ပါတယ်။ 

    ဓာတ်အားပေးစက်ရုံကို ၂၀၁၆ ခုနှစ်က စတင်ဆောက်လုပ်တာဖြစ်ပြီး ကမ္ဘာပေါ်မှာ Ultra Supercritical နည်းပညာကို အသုံးပြုတဲ့ ၁၃ ခုမြောက် နိုင်ငံအဖြစ် ဘင်္ဂလားဒေ့ရှ်က မှတ်တမ်း၀င်ခဲ့ပါတယ်။ 

    ဒီဓာတ်အားပေးစက်ရုံကြောင့် နိုင်ငံတစ်၀ှမ်းက အိမ်ထောင်စုတိုင်းကို ဓာတ်အားပေးနိုင်ပြီ ဖြစ်ပါတယ်။ 

    “အိမ်ထောင်စုတိုင် မီးပေးနိုင်တော့မယ့် ဒီစက်ရုံကြီးဟာ ကြီးမားတဲ့ အောင်မြင်မှုကြီးပါ” လို့ ၀န်ကြီးချုပ် ရှိခ်ဟာဆီနာက ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။ 

    တရုတ်အစိုးရနဲ့ စီမံကိန်းမှာပါ၀င်ခဲ့သူအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ၀န်ကြီးချုပ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တည်ထောင်သူ ရှိခ် မူဂျီဘူ ရဟ်မန်ရဲ့ အသက် နှစ် ၁၀၀ ပြည့်တဲ့ ၂၀၂၂ ခုနှစ်မှာ တစ်နိုင်ငံလုံး မီးပေးနိုင်အောင် ဆောင်ရွက်မယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ကတိပြုထားပြီး ဒီကတိက၀တ်ကို အကောင်အထည်ဖော်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ 

    Ref: Xhinhua

  • သီရိလင်္ကာတွင် လောင်စာနှင့် ကုန်ပစ္စည်းပြတ်လတ်မှု အခြေအနေပိုဆိုးလာ

    သီရိလင်္ကာတွင် လောင်စာနှင့် ကုန်ပစ္စည်းပြတ်လတ်မှု အခြေအနေပိုဆိုးလာ

    မတ် ၂၂၊ ၂၀၂၂

    M-Media


    – သီရိလင်္ကာနိုင်ငံမှာ လောင်စာဆီနဲ့ အခြေခံစားသောက်ကုန်ပစ္စည်း ပြတ်လတ်မှု အခြေအနေ ပိုမိုဆိုးရွားလာပြီး စစ်သားတွေ ချထား ထိန်းချုပ်ရတဲ့ အနေအထားအထိ ရောက်လာပါတယ်။ 

    အစိုးရမှာ နိုင်ငံခြားငွေ မလုံလောက်တာကြောင့် အစားအစာ၊ ဆေး၀ါးနဲ့ လောင်စာဆီတွေကို မတင်သွင်းနိုင်တော့ဘဲ စျေးနှုန်း အဆမတန် ကြီးမြင့်တာတွေလည်း ဖြစ်ပေါ်နေပါတယ်။ 

    ဓာတ်ဆီနဲ့ ရေနံဆီဆိုင်တွေမှာ လူတွေ တန်းစီစောင့်ရတာမျိုး နိုင်ငံတစ်၀ှမ်းမှာ ဖြစ်ပေါ်နေပါတယ်။ ဒီလို တန်းစီစောင့်ရာကနေ သက်ကြီးရွယ်အို ၃ ဦး အပူရှပ်သေဆုံးခဲ့သလို၊ တိုး၀ှေ့၀ယ်ယူကြရင်း စကားများရန်ဖြစ်လို့ ဓားထိုးခံရတဲ့ အဖြစ်အပျက်တွေလည်း ရှိနေပါတယ်။ 

    သီရိလင်္ကာစစ်တပ်က ဒီအဖြစ်အပျက်တွေကြောင့် ဆီဆိုင်တစ်ခုဆီမှာ စစ်သား ၂ ယောက် ချထားမှာဖြစ်ပြီး ဆီပေး၀ေရေးကို ကူညီဖို့ဖြစ်ကြောင်း၊ စောင့်ရတဲ့အတွက် လူတွေဟာ ဒေါသထွက်နေတာကြောင့် စစ်သားတွေ ချထားပေးခြင်းအားဖြင့် အဟန့်အတားတစ်ခု ဖြစ်လာမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

    Ref: Aljazeera 

  • ယူကရိန်းတွင် ရုရှားက ဇီ၀၊ ဓာတုလက်နက် သုံးနိုင်ဟု ကန်သတိပေး

    ယူကရိန်းတွင် ရုရှားက ဇီ၀၊ ဓာတုလက်နက် သုံးနိုင်ဟု ကန်သတိပေး

    မတ် ၂၂၊ ၂၀၂၂

    M-Media 

    -ရုရှားသမ္မတ ပူတင်ဟာ ယူကရိန်းစစ်ပွဲမှာ ဓာတုလက်နက်၊ ဇီ၀လက်နက်တွေ အသုံးပြုဖို့ အကြောင်းရှာနေတယ်လို့ အမေရိကန်သမ္မ ဂျိုးဘိုင်ဒန်က ပြောကြားလိုက်ပါတယ်။ 

    ပူတင်ဟာ ယူကရိန်းကို အကြောင်းတစ်ခုခုရှာပြီး တိုက်လိမ့်မယ်လို့ စစ်မဖြစ်ခင် တစ်ပတ်ကျော်လောက်ကတည်းက ဘိုင်ဒန်က ထုတ်ပြောခဲ့ပြီး နောက်ပိုင်း ဒီစကားဟာ မှန်ကန်ခဲ့ပါတယ်။ 

    အခုလည်း ယူးကရိန်းမှာ အနောက်နိုင်ငံတွေရဲ့ ဇီ၀လက်နက်၊ ဓာတုလက်နက်စက်ရုံတွေ ရှိတယ်ဆိုတဲ့ ပူတင်ရဲ့ ပြောကြားမှုဟာ သူ့မှာရှိနေတဲ့ ဓာတု၊ ဇီ၀လက်နက်တွေ အသုံးပြုဖို့ ခေါင်းစဥ်ရှာနေတာလို့ မနေ့က အခမ်းအနားတစ်ခုမှာ သမ္မတ ဘိုင်ဒန်က ပြောကြားခဲ့ပါတယ်။ 

    “ယူးကရိန်းမှာ ဇီ၀လက်နက်၊ ဓာတုလက်နက်တွေရှိတယ်လို့ သူတို့ ပြောပြောနေကြတယ်။ ဒါဟာ သူတို့မှာရှိတာကို သုံးဖို့ လုပ်နေတယ်ဆိုတာ ထင်ရှားစေတဲ့ လက္ခဏာပါ”

    ရုရှားဟာ ယူးကရိန်းစစ်ပွဲမှာ အသံထက်မြန်တဲ့ ဒုံးကျည်တွေကို သုံးနေပြီး၊ ရုရှားတပ်တွေက စစ်ရာဇ၀တ်မှု ကျူးလွန်တယ်ဆိုတဲ့ လက္ခဏာတွေ ထင်ထင်ရှားရှား တွေ့ရတယ်လို့ အမေရိကန် ကာကွယ်ရေး၀န်ကြီးဌာနက ဒီကနေ့မှာ ထုတ်ပြန်ပြောဆိုပါတယ်။ 

    Ref: Reuters 

  • ရိုဟင်ဂျာများ ကျူးလွန်ခံရမှုကို လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် ကန်သတ်မှတ်

    ရိုဟင်ဂျာများ ကျူးလွန်ခံရမှုကို လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် ကန်သတ်မှတ်

    မတ် ၂၁၊ ၂၀၂၂

    M-Media 

    -မြန်မာစစ်တပ်က ရိုဟင်ဂျာလူမျိုးစုအပေါ် ကျူးလွန်မှုတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှု (Genocide) မြောက်တယ်လို့ အမေရိကန်အစိုးရက တနင်္ဂနွေနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။ 

    ဒီဆုံးဖြတ်ချက်ကို တနင်္လာနေ့ ၀ါရှင်တန်က Holocaust Memorial Museum မှာလုပ်မယ့် အခမ်းအနားမှာ နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ ဘလင်ကန်က ကြေငြာမှာပါ။ 

    ဒါဟာ အာဏာသိမ်းပြီး လက်ရှိ တိုင်းပြည်ကို အုပ်စိုးနေတဲ့ စစ်ခေါင်းဆောင်တွေကို အရေးယူနိုင်ရေး ကြိုးပမ်းမှုကို ပိုမိုအားကောင်းစေလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။  

    ရိုဟင်ဂျာတွေဟာ ၁၉၈၀ ပြည့်နှစ်တွေကတည်းက မြန်မာစစ်တပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မောင်းထုတ်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုတွေကို ကမ္ဘာကြီးက ပိုမိုအာရုံစိုက်လာပါတယ်။ 

    စစ်တပ်က နယ်မြေရှင်းလင်းရေးလို့ ခေါင်းစဥ်တပ်ထားတဲ့ အဲ့ဒီစစ်ဆင်ရေးအတွင်း ရိုဟင်ဂျာအများအပြား အစုလိုက်အပြုံလိုက် အသတ်ခံရတာ၊ အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရတာတွေ ရှိခဲ့ပြီး ၇ သိန်းကျော်လောက် ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးခဲ့ရပါတယ်။ 

    အဲဒီအချိန်က အမေရိကန်အာဏာပိုင်တွေနဲ့ လွတ်လပ်တဲ့ ဥပဒေရေးရာအဖွဲ့တွေက ဒီရက်စက်ကြမ်းကြုတ်မှု အထောက်အထားတွေကို စုဆောင်း သုံးသပ်ခဲ့ပေမယ့် ဂျီနိုဆိုက်မြောက်တယ်လို့ ဆုံးဖြတ်ခဲ့တာမျိုး မရှိပါဘူး။

    ရိုင်ဂျာကိစ္စကို ပြန်လည်သုံးသပ်မယ်လို့ ကတိပြုခဲ့တဲ့ ဂျိုးဘိုင်ဒန်ဟာ အာဏာရပြီး ၁၄ လအကြာမှာ လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ 

    နိုင်ငံခြားရေး၀န်ကြီး ဘလင်ကန် ဦးဆောင်တဲ့အဖွဲ့ဟာ အချက်အလက်ပိုင်းဆိုင်ရာ၊ ဥပဒေပိုင်းဆိုင်ရာ လေ့လာမှုတွေ လုပ်ဆောင်ခဲ့ပြီးတဲ့နောက် မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းလိုတဲ့ ရည်ရွယ်ချက်နဲ့ ကျူးလွန်မှုတွေ လုပ်ဆောင်တယ်ဆိုတာ ထင်ရှားတယ်လို့ သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။

    ဒီလိုသတ်မှတ်လိုက်တာကြောင့် မြန်မာစစ်ခေါင်းဆောင်တွေကို အရေးယူနိုင်ငံရေး နိုင်ငံတကာက ပိုမို ဖိအားပေးလာနိုင်လိမ့်မယ်လို့ အမေရိကန်အစိုးရက ယုံကြည်နေပါတယ်။ 

    “ဒီလိုသတ်မှတ်လိုက်တာကြောင့် နောက်ထပ်ကျူးလွန်မှုတွေ လုပ်ဖို့ အဟန့်အတား ဖြစ်သွားပါလိမ့်မယ်” 

    ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့က မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုဟာ လူမျိုးတုန်းသတ်ဖြတ်မှုမြောက်ကြောင်း ၂၀၁၈ ခုနှစ်မှာ သတ်မှတ်ခဲ့ပါတယ်။ 

    Ref: Reuters 

  • မေးခွန်းရိုက်ရန် စာရွက်မရှိ၍ သီရိလင်္ကာတွင် စာမေးပွဲဖျက်သိမ်း

    မေးခွန်းရိုက်ရန် စာရွက်မရှိ၍ သီရိလင်္ကာတွင် စာမေးပွဲဖျက်သိမ်း

    မတ် ၂၀၊ ၂၀၂၂

    M-Media 


    -စာမေးပွဲမေးခွန်းရိုက်ထုတ်ဖို့ စာရွက်တွေ အစိုးရမှာ လုံလုံလောက်လောက် မရှိတဲ့အတွက် လာမယ့်တစ်ပတ် ကျင်းပဖို့ စီစဥ်ထားတဲ့ အခြေခံပညာစာမေးပွဲကို သီရိလင်္ကာက ဖျက်သိမ်းလိုက်ပါတယ်။ 

    ဒါဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးရွားဆုံး ဘဏ္ဍာရေးအကြပ်အတည်းကို သီရိလင်္ကာက ကြုံတွေ့နေရတာပါ။ 

    စာမေးပွဲတွေကို တင်္လာနေ့မှာ ကျင်းပဖို့ စီစဥ်ထားတာဖြစ်ပြီး ပညာရေး၀န်ကြီးဌာနက တာ၀န်ရှိသူတွေက မေးခွန်းရိုက်မယ့်စာရွက်တွေနဲ့ ပရင်ထုတ်မယ့် မင်တွေ ၀ယ်ယူဖို့ အစိုးရမှာ ငွေမရှိတော့ဘူးလို့ ဆိုပါတယ်။ 

    နိုင်ငံတစ်၀ှမ်း စာမေးပွဲဖြေဆိုမယ့် ကျောင်းသူကျောင်းသား ၄.၅ သန်းရှိပြီး အခုလို ရွှေ့ဆိုင်းမ၍ဟာ ၃ ပုံ ၂ ပုံအပေါ် သက်ရောက်မှာ ဖြစ်ပါတယ်ယ။  

    သီရိလင်္ကာအစိုးရဟာ အကြွေးနွံနစ်ပြီး၊ နိုင်ငံခြားအရန်ငွေ ပြတ်လပ်နေတာကြောင့် အစားအသောက်၊ လောင်စာဆီနဲ့ ဆေး၀ါးတွေလို နိုင်ငံခြားကတင်သွင်းရတဲ့ပစ္စည်းတွေ နိုင်ငံအတွင်း ရှားပါးနေပါတယ်။ 

    ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ကို သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာက ဗုဒ္ဓဟူးနေ့မှာ အကူအညီတောင်းခဲ့ပြီး IMF ကလည်း ကူညီမယ်လို့ သောကြာနေ့မှာ ကတိပြုခဲ့ပါတယ်။ 

    Ref: The Guardian