News @ M-Media

Blog

  • ဘာသာပေါင်းစုံချစ်ကြည်ရေး မြှင့်တင်ရန် ယူအေအီးတိုက်တွန်း

    ဘာသာပေါင်းစုံချစ်ကြည်ရေး မြှင့်တင်ရန် ယူအေအီးတိုက်တွန်း

    ဖေဖော်ဝါရီ ၆၊ ၂၀၁၆
    M-Media

    UAE 2

    – ယူအေအီးနိုင်ငံမှာ ယခုသီတင်းပတ်အတွင်း ကျင်းပပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ဘာသာပေါင်းစုံ သဟဇာတဖြစ်ရေးနေ့ (World
    Interfaith Harmony Day) ညီလာခံမှာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွှတ်ရေး အရေးကြီးကြောင်း ယူအေအီးနိုင်ငံ ယဉ်ကျေးမှု၊ လူငယ်နှင့် ရပ်ရွာလူထု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီး ရှိခ် နဟ်ယန် မူဘာရက် အလ်-နဟ်ယန်က ပြောကြားလိုက်ပါတယ်။

    အဲဒီညီလာခံကို ဖောဖော်ဝါရီ ၁ ရက်နေ့ကနေ ၇ ရက်အနေ့အထိ သတ်မှတ်ထားတဲ့ ကုလရဲ့ ကမ္ဘာ့ဘာသာပေါင်းစုံ သဟဇာတဖြစ်ရေးသီတင်းပတ် အထိမ်းအမှတ်အဖြစ် ကျင်းပတာဖြစ်ပြီး မိမိတို့ရဲ့ ဘာသာတရားအဆုံးအမတွေအတိုင်း တစ်ဦးအပေါ်တစ်ဦး သည်းခံတတ်ဖို့နဲ့ ဘာသာရေးအခြေခံတဲ့ ခွဲခြားမှုတွေရဲ့ အန္တရာယ်ကြီးပုံတွေကိုလည်း အလ်နဟ်ယန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ကမ္ဘာ့ဘာသာတရားကြီးတွေမှာ လေးလေးနက်နက် ပြဌာန်းထားတဲ့ တစ်ဦးအပေါ်တစ်ဦး သည်းခံမှု၊ လေးစားတတ်မှု ဆုံးမသြ၀ါဒတွေကိုလည်း အဲဒီညီလာခံမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “နားလည်မှုလွဲမှုတွေနဲ့ ယုံမှားသံသယတွေ ဖြန့်ဝေသူတွေကို ရင်ဆိုင်နေရပေမယ့်လည်း ဘာသာတရားတွေကို လိုက်နာကျင့်သုံးခြင်းက စည်းလုံးညီညွတ်မှုကို ရရှိစေပါတယ်” လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်က ကမ္ဘာ့ဘာသာပေါင်းစုံ သဟဇာတဖြစ်ရေးသီတင်းပတ်အတွက် ထုတ်ပြန်တဲ့ သ၀ဏ်လွှာမှာ ဖော်ပြထားပါတယ်။

    နဟ်ယန်ကတော့ ဒီနေ့ခေတ်မှာ ဘာသာတရားတွေအကြား သဟဇာတဖြစ်မှုနဲ့ သည်းခံမှုတွေကို တည်ဆောက်တာဟာ တစ်ဦးတစ်ယောက်ရဲ့ အယူဝါဒကို အပြန်အလှန်လေးစားကြတဲ့ ပိုမိုတောက်ပတဲ့အနာဂတ်အတွက် လမ်းဖွင့်ပေးတာဖြစ်ကြောင်း၊ ထိန်းမနိုင်သိမ်းမရဖြစ်နေတဲ့ လူမှုပြဿနာတွေကို ရင်ဆိုင်ခံစားနေရတဲ့ လူသားတွေမှာ ဘာသာရေးသဟဇာတဖြစ်မှုကို စိတ်ဝင်စားလာတာကြောင့် ယခုညီလာခံ အောင်မြင်မည်ဆိုသည်ကို ယုံမှား သံသယမရှိကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    နောက်ပြီး ကမ္ဘာ့ဘာသာတရားတွေအကြား သဟဇာတဖြစ်ရေး ဆွေးနွေးမှုတွေကို ချက်ခြင်းလိုအပ်နေတယ်လို့လည်း သူက ပြောကြားခဲ့ပါသေးတယ်။

    လူတွေကြားတဲမှာ ဖြစ်တတ်တဲ့ ယုံကြည်မှုကင်းမဲ့တာ၊ နားလည်မှုမရှိတာ၊ ဘာသာတရား၊ ဒါမှမဟုတ် ယုံကြည်မှုကို အခြေခံပြီး ခွဲခြားဆက်ဆံတာ၊ ဘာသာမတူသူတွေအပေါ် မုန်းတီးတာ စတာတွေဟာ လူမျိုးရေးခွဲခြားဆက်ဆံမှု၊ လက်ရောက်စော်ကားမှုနဲ့ ဘာသာတရားကို အလွဲသုံးစားလုပ်ပြီး သတ်ဖြတ်မှုတွေကို ဖြစ်စေနိုင်တာကြောင့် ဒါတွေကို ဖြေရှင်းပြီး သဟဇာတဖြစ်တဲ့ လူဘောင်တစ်ခုကို တည်ဆောက်ဖို့အတွက် ဘာသာတရားအားလုံးရဲ့ အကူအညီကို လိုအပ်တယ်လို့လည်း နဟ်ယန်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

    Ref : IINA

  • တက်ကြွလှုပ်ရှားသူ မွတ်စလင်တစ်ဦး သေဆုံးမှုအတွက် အိန္ဒိယရှိ ဟိန္ဒူဘုရားကျောင်းက လှုပ်ရှားမှုအချို့ကို ရပ်ဆိုင်း

    တက်ကြွလှုပ်ရှားသူ မွတ်စလင်တစ်ဦး သေဆုံးမှုအတွက် အိန္ဒိယရှိ ဟိန္ဒူဘုရားကျောင်းက လှုပ်ရှားမှုအချို့ကို ရပ်ဆိုင်း

    ဖေဖော်ဝါရီ ၆၊ ၂၀၁၆
    M-Media

    India 2

    – ဘုရားကျောင်း အမှုဆောင်ကော်မတီအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော မွတ်စလင် လူငယ်တစ်ဦး သေဆုံးမှုအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ်မှ ဟိန္ဒူဘုရားကျောင်းတစ်ခုက ၎င်းတို့၏ ဆုတောင်းပူဇော်မှုအချို့ကို လျှော့ချခြင်း၊ ရပ်ဆိုင်းခြင်းတို့ ပြုလုပ်ခဲ့မည်ဟု သိရသည်။

    သေဆုံးသွားသူ မွတ်စလင်အမျိုးသားမှာ အသက် ၂၃ နှစ်အရွယ် အမ် ဗီ ရှာဘီးရ်ဆိုသူဖြစ်ပြီး အက်တင်ဂဲလ်မြို့အနီး ပူသီနန်ဒါဒေသရှိ ရှီးဗား ဘုရားကျောင်း၏ ပွဲတော်ကျင်းပရေးက်ေမတီမှ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ ရှာဘီးရ်မှာ ပြီးခဲ့သည့်နှစ်က ပြုလုပ်ခဲ့သည့် ဟိန္ဒူဘုရားပွဲအတွင်း ဆင်တစ်ကောင် ထွက်ပြေးသည့်ကိစ္စနှင့် ပတ်သက်၍ လူ ၄ ယောက်နှင့် စကားများကာ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ရိုက်နှက် သတ်ဖြတ်ခံရခြင်းဖြစ်သည်။

    အဆိုပါ ရှီးဗားဘုရားကျောင်းမှာ တနင်္လာနေ့မှစတင်ကာ ၅ ရက်ကြာ ပူဇော်မှုကို ပြုလုပ်မည်ဖြစ်ပြီး တနင်္လာနေ့နှင့် အင်္ဂါနေ့များတွင် မနက်ပိုင်း ပူဇော်မှုအပြီး ပြုလုပ်နေကြဖြစ်သော ခရုသင်းတီးမှုတ်မှု၊ ခေါင်းလောင်းထိုးမှုများကို ရှာဘီးရ်အား လေးစားသည့်အနေဖြင့် မပြုလုပ်ရန် ဘုရားကျောင်းဂေါပကအဖွဲ့က ဆုံးဖြတ်ခဲ့သည်။

    “ဒါဟာ ဘာသာတရားအလွန်က မိဆွေသံယောဇဉ်ပါ။ ဘုရားကျောင်းကော်မတီထဲမှာ ကျွန်တော်တို့ဟာ ရှာဘီးရ်ကို ဘာသာခြားတစ်ယောက်လို့ သဘောမထားခဲ့ပါဘူး။ ကော်မတီမှာ သူဟာ အတက်ကြွဆုံး ဖြစ်ပါတယ်” ဟု ဘုရားကျောင်း အမှုဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူ အန် အွန်နီက ပြောကြားခဲ့သည်။

    ရှာဘီးရ် ကွယ်လွန်ခြင်း ၀မ်းနည်းမှုအထိမ်းအမှတ်အဖြစ် ဘုရားကျောင်းမှာ ဖေဖော်ဝါရီ ၉ ရက်နေ့တွင် စတင်မည့် စတုဒီသာကျွေးပွဲနှင့် ၁၀ ရက်ကြာ စီတန်းလှည့်လည်ပွဲကိုလည်း ပယ်ဖျက်ခဲ့ကြသည်။

    “ရှာဘီးရ်ဟာ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတွေကို နှစ်သက်ပြီး စိတ်နှလုံးဖြူစင်စွာနဲ့ ပါဝင်ဆောင်ရွက်ပေးတဲ့ ဘာသာရေးကိုင်းရှိုင်းသူ မွတ်စလင်တစ်ဦးပါပဲ။ သူ့ကို ကျွန်တော်တို့ထဲက တစ်ယောက်လို့ပဲ ကျွန်တော်တို့က သတ်မှတ်ပြီး လွန်ခဲ့တဲ့ ၂ နှစ်အရင်လောက်တည်းက ဘုရားကျောင်းကော်မတီမှာ သူ့ကို ထည့်သွင်းထားတာပါ” ဟု ဘုရားကျောင်း ကော်မတီမှ အကြီးတန်း တာဝန်ရှိသူတစ်ဦးဖြစ်သူ စီ ဂူရီ ချန်ဒရာက ပြောကြားခဲ့သည်။

    ရှာဘီးရ်မှာ ၎င်း၏ မိခင်နှင့် ညီမနှစ်ယောက်ကို ပြုစုစောင့်ရှောက်နေပြီး ဖခင်မရှိတော့သည့်နောက် မိသားစုတာဝန်ကို ကျေပွန်နိုင်ရန်အတွက် တက္ကသိုလ်မှထွက်ကာ ဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်ကိုင်ခဲ့ရသည်ဟု အိမ်နီးချင်းများက ဆိုသည်။

    Ref: India express

  • ဗာဒီ၏ အရည်အသွေးကို မန်စီးတီးတိုက်စစ်မှူး အဂူရို ချီးကျူး

    ဗာဒီ၏ အရည်အသွေးကို မန်စီးတီးတိုက်စစ်မှူး အဂူရို ချီးကျူး

    ဖေဖော်ဝါရီ ၆၊ ၂၀၁၆
    M-Media

    verdy

    – လက်စတာအသင်း၏ ပရီးမီးယားလိဂ်ထိပ်ဆုံး၌ ရပ်တည်မှုအတွင်း အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည့် တိုက်စစ်မှူး ဂျာမီ ဗာဒီမှာ ချီးကျူးမှုနှင့် ထိုက်တန်သည့် ကစားသမားဖြစ်သည်ဟု မန်စီးတီးတိုက်စစ်မှူး ဆာဂျီယိုအဂူရိုက ပြောကြားလိုက်သည်။

    ဗာဒီမှာ ယခုအချိန်အထိ ပရီးမီးယားလိဂ်တွင် ၁၈ ဂိုး သွင်းယူထားပြီး ဂိုးအများဆုံးသွင်းယူသူ စာရင်းတွင် ဦးဆောင်နေသည်။ အဂူရိုကမူ ယခုနှစ်တွင် ဒဏ်ရာများဖြင့် ရုန်းကန်နေရပြီး ခြေစွမ်းကောင်းများ မပြသနိုင်ခဲ့သော်လည်း ပြို င်ပွဲအားလုံး နောက်ဆုံး ၅ ပွဲတွင် ၆ ဂိုး သွင်းယူထားနိုင်သည်။

    လက်စတာနှင့် မန်စီးတီးတို့မှာ ယနေ့ညတွင် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

    “တိုက်စစ်မှူးတစ်ယောက်ဟာ ဂိုးအများအပြားသွင်းယူပြီး တော်တော်လေး တည်ငြိမ်နေတဲ့အခါ အဲဒီအတွက် ချီးကျူးပြောဆို ခံရမှာပါပဲ။ သူဟာ အမြဲတမ်း ဂိုးသွင်းဖို့ချောင်းနေပြီး၊ ဂိုးသွင်းဖို့ အာရုံခံနိုင်မှု၊ ဂိုးရှေ့မှာ စေ့စပ်သေချာမှုတွေလည်း ရှိပါတယ်။ သူဟာ ဒီနှစ်မှာ လက်ဖျားခါလောက်အောင် ကောင်းနေပြီး သူရရှိနေတဲ့ ချီးကျူးမှုနဲ့လည်း ထိုက်တန်ပါတယ်” ဟု အဂူရိုက ချီးကျူးပြောဆိုခဲ့သည်။

    Ref: Goal

  • ထိုင်ဝမ်ငလျင်လှုပ်မှု အနည်းဆုံး လူ ၅ ဦး သေဆုံး

    ထိုင်ဝမ်ငလျင်လှုပ်မှု အနည်းဆုံး လူ ၅ ဦး သေဆုံး

    ဖေဖော်ဝါရီ ၆၊ ၂၀၁၆
    M-Media

    thaiwan

    – ယနေ့မနက်ပိုင်းက ထိုင်ဝမ်နိုင်ငံတောင်ပိုင်း တိုင်နန်မြို့ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်တစ်ခုကြောင့် ၁၇ ထပ်တိုက်တစ်လုံး ပြိုကျခဲ့ကာ အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ငလျင်မှာ ပြင်းအား ၆.၄ မဂ္ဂနီကျုရှိပြီး၊ ပြိုကျသွားသည့် အဆောက်ဦးတွင် လူပေါင်း ၂၂၁ ဦး နေထိုင်သည်ဟု တိုင်နန် မြို့တော်ဝန်က ပြောကြားခဲ့သည်။ ငလျင်လှုပ်ခတ်ပြီးနောက် လူ ၃၁ ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး အဆောက်အဦးထဲတွင် အများအပြား ပိတ်နေကြသည်။

    လက်ရှိအချိန်အထိ လူပေါင်း ၁၂၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့သည်ဟု ထိုင်ဝမ်မီးသတ်ဌာနက ကြေငြာခဲ့သည်။ အဆိုပါ ငလျင်ပြီးနောက် ပြင်းအား ၃.၈ မဂ္ဂနီကျုရှိ ငလျင်တစ်ခုပါအ၀င် နောက်ဆက်တွဲငလျင်များစွာလည်း လှုပ်ခတ်ခဲ့သည်။

    Ref: Aljazeera

  • IS အဖွဲ့မှာ အစ္စလာမ်ကို နာမည်ဖျက်နေသူများဖြစ်သည်ဟု ကန်နိုင်ငံခြားရေးဝန်ကြီးပြော

    IS အဖွဲ့မှာ အစ္စလာမ်ကို နာမည်ဖျက်နေသူများဖြစ်သည်ဟု ကန်နိုင်ငံခြားရေးဝန်ကြီးပြော

    ဖေဖော်ဝါရီ ၆၊ ၂၀၁၆
    M-Media

    kerry 3

    – IS အကြမ်းဖက်အဖွဲ့ဝင်တွေဟာ မွတ်စလင်တွေ မဟုတ်ကြဘဲ၊ အစ္စလာမ်ဘာသာကို အမည်ဖျက်နေတဲ့ ဖောက်ပြန်ရေးသမားများတွေသာ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဖေဖော်ဝါရီ ၄ ရက်နေ့ ရောမမှာပြုလုပ်တဲ့ မဟာမိတ်များ အခမ်းအနားတစ်ခုမှာ ပြောကြားလိုက်ပါတယ်။

    “အမှန်တော့ ISIS တွေဟာ လူသတ်သမားတွေ၊ ပြန်ပေးသမားတွေ၊ ရာဇ၀တ်ကောင်တွေ၊ လူဆိုးလူမိုက်တွေနဲ့ သူခိုးဂျပိုးတွေ စုပေါင်းထားတာထက် ဘာမှမပိုပါဘူး။ ပြီးတော့ ဒီလူတွေဟာ ဘာသာရေး အရေခြုံ၊ တကယ့်အစစ်အမှန်တရားကို လိမ်လည်ဖုံးကွယ်ပြီးတော့ သူတို့လိုဘပြည့်ဖို့ လုပ်နေတဲ့ ဖောက်ပြန်ရေးသမားတွေပါပဲ” လို့ ဂျွန်ကယ်ရီက ပြောကြားလိုက်တာပါ။

    ကယ်ရီရဲ့ IS တွေကို ဒီလို သုံးနှုန်းဖော်ပြမှုဟာ ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ဒီဇင်ဘာလက ပြုလုပ်ခဲ့တဲ့ Saban ဖိုရမ်မှာလည်း ကယ်ရီက IS တွဟာ ဘာသာတရားကို ပြန်ပေးဆွဲထားတဲ့ ဖောက်ပြန်သူတွေသာဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် ရှုတ်ချပြောကြားခဲ့ပါတယ်။

    အီရတ်နဲ့ ဆီးရီးယားနိုင်ငံအပါအ၀င် ကမ္ဘာတစ်ဝှမ်းမှာ အကြမ်းဖက်လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ IS အဖွဲ့ကို ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းတွေက တစ်ညီတစ်ညွတ်တည်း ရှုတ်ချပြောဆိုထားပြီး အစ္စလာမ့်ရဲ့ ရန်သူလို့ သတ်မှတ်ထာတာဖြစ်ပါတယ်။

    Ref; Daily caller