News @ M-Media

ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌသစ်က သူပုန်အဖွဲ့နှင့် ဆက်စပ်မှုရှိနေ

ဖေဖော်ဝါရီ ၉၊ ၂၀၁၆
M-Media

anp
ANP ပါတီ၏ မဲဆွယ်မှု မြင်ကွင်းတစ်ခု

–  ယမန်နေ့က ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌအဖြစ် ခန့်အပ်ခံခဲ့ရသူမှာ အစိုးရတပ်နှင့် တိုက်ခိုက်မှု ဖြစ်ပွားနေသော လက်နက်ကိုင်အဖွဲ့ ရခိုင့်တပ်မတော် AA နှင့် ဆက်နွယ်နေသည်ဟု သိရသည်။

ခန့်အပ်ခံရသူမှာ ရခိုင်အမျိုးသားပါတီ ANP ၏ ပုဏ္ဍားကျွန်းမြို့နယ် လွှတ်တော်အမတ် ဦးစံကျော်လှဖြစ်ပြီး ၎င်းမှာ ရခိုင့်တပ်မတော် အကြီးအကဲ ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်၏ ယောက္ခမဖြစ်သည်။ ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်မှာ ကေအိုင်အေဌာနချုပ်ရှိရာ လိုင်ဇာတွင် နေထိုင်သည်ဟု ယုံကြည်ရသည်။

ရခိုင့်တပ်မတော်မှာ ရခိုင်ပြည်နယ်အတွင်း အစိုးရတပ်နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသောကြောင့် ပြီးခဲ့သည့်နှစ်က လက်မှတ်ရေးထိုးခဲ့သည့် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး သဘောတူညီချက်တွင် ပါဝင်ခွင့်မရခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့မှ တစ်ဖွဲ့ဖြစ်သည်။

အင်အား ၁၅၀၀ ခန့်ရှိသည်ဟု ခန့်မှန်းရသည့် ရခိုင့်တပ်မတော်မှာ ပြီးခဲ့သည့်နှစ်အတွင်း မြန်မာအစိုးရတပ်နှင့် တိုက်ခိုက်မှုများစွာ ဖြစ်ပွားခဲ့သည်။ ကျောက်တော်မြို့တွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် ပြည်သူ ၂၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ အစိုးရမီဒီယာမှ ပြီးခဲ့သည့်လအတွင်း ထုတ်ပြန်သည့် ကြေငြာချက်တွင် မြန်မာစစ်တပ်က ရခိုင့်တပ်မတော်အား အမြစ်ဖြတ် ချေမှုန်းသွားမည်ဟု ဖော်ပြထားသည်။

ရခိုင်ပြည်နယ်လွှတ်တော် ဒုဥက္ကဌအဖြစ် ANP ပါတီမှ ဦးဖိုးမင်းကို လွှတ်တော်ကိုယ်စားလှယ်များက ခန့်အပ်ခဲ့သည်။ နိုဝင်ဘာလရွေးကောက်ပွဲ အတွင်း ANPနှင့် အပေါင်းအပါ တသီးပုဂ္ဂလ ကိုယ်စားလှယ်များမှာ လွှတ်တော်အမတ်နေရာပေါင်း ၂၃ နေရာအနိုင်ရခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၉ နေရာနှင့် ပြည်ခိုင်ဖြိုးက ၃ နေရာ အနိုင်ရရှိခဲ့သည်။ လွှတ်တော်အမတ်နေရာပေါင်း ၄၇ နေရာတွင် တပ်မတော်သားကိုယ်စားလှယ်များက ၁၂ နေရာ ရယူထားသည်။

Ref: Frontiermyanmar

Comments

Leave a Reply