News @ M-Media

Blog

  • တစ်လလုံး အကျဘက်ရောက်ခဲ့သည့် ရေနံနှင့် စကော့ရှယ်ယာဈေးကွက်များ ပြန်တက်လာ

    တစ်လလုံး အကျဘက်ရောက်ခဲ့သည့် ရေနံနှင့် စကော့ရှယ်ယာဈေးကွက်များ ပြန်တက်လာ

    ဇန်န၀ါရီ ၃၀၊ ၂၀၁၆
    M-Media

    stock

    – ဈေးကွက်တွင် ရေနံရောင်းလိုအားများ ပိုလျှံနေခြင်းကြောင့် ဇန်န၀ါရီ တစ်လတာလုံး ကျဆင်းနေခဲ့သည့် ရေနံဈေးနှုန်းမှာ ယမန်နေ့က အနည်းငယ်ထပ်တက်ခဲ့ကာ လေးရက်ဆက်တိုက် တက်လာခြင်းလည်း ဖြစ်သည်။

    ရုရှားနှင့် ရေနံတင်ပို့ရောင်းချသည့် နိုင်ငံများအဖွဲ့ OPEC တို့မှာ ရေနံထုတ်လုပ်မှုကို လျော့ချရန် ဆွေးနွေးသွားမည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက်ပိုင်းတွင် ယခုကဲ့သို့ ရေနံဈေးပြန်တက်လာခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

    ဂျပန်ဗဟိုဘဏ်မှာ ၎င်းတို့၏ ရေတိုအတိုးနှုန်းအား လျှော့ချမည်ဟု ယမန်နေ့က ကြေငြာခဲ့ပြီးနောက် ပြီးခဲ့သည့်ရက်များအတွင်း မာခဲ့သည့် ဂျပန်ယန်းငွေမှာ ၂ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့သည်။

    အမေရိကန်၏ ၂၀၁၅ နောက်ဆုံး ၃ လပတ် စီးပွားရေးအချက်အလက်များကို ယမန်နေ့က ထုတ်ပြန်ခဲ့ရာ စီးပွားရေး တိုးတက်မှုမှာ ၀.၇ ရာခိုင်နှုန်းသာရှိပြီး ပြီးခဲ့သည့်နှစ် စတုတ္ထ ၃ လပတ် တိုးတက်မှု ၂.၄ ရာခိုင်နှုန်းထက်စာလျှင် ကျသွားခဲ့ခြင်းဖြစ်သည်။ ၂၀၁၅ ခုနှစ် ဒုတိယ ၃ လပတ်အတွင် အမေရိကန်စီးပွားရေးတိုးတက်မှုမှာ ၃.၉ ရာခိုင်နှုန်း ရှိခဲ့ပြီး၊ တတိယ ၃ လပတ်တွင် ၂.၀ ရာခိုင်နှုန်းရှိခဲ့သည်။

    ထိုကဲ့သို့ စီးပွားရေးကျဆင်းမှု၏ အဓိကအကြောင်းအရင်းများမှာ ရေနံဈေးနှုန်းကျဆင်းမှုနှင့် ပို့ကုန်များအတွက် ကန်ဒေါ်လာ မာမှုကြောင့်လည်းဖြစ်သည်။

    တရုတ်နိုင်ငံ၏ စေတော့ဈေးကွက်ပြိုလဲမှုနှင့် စီးပွားရေးကျဆင်းမှုတို့ကြောင့် ကျဆင်းခဲ့သည့် ကမ္ဘာတစ်ဝှမ်းမှ စတော့ရှယ်ယာဈေးကွက်များမျာ ယမန်နေ့က ပြန်လည် ဦးမော့လာခဲ့သည်။

    Ref: Channelnewsasia

  • လူ့စိတ် လူ့သဘော

    လူ့စိတ် လူ့သဘော

    ဇန်နဝါရီ ၃၀ ၊ ၂၀၁၆
    M-Media
    နှင်းဆီခင်ရေးသည်။

    dievčina

    ပြောင်းလဲတတ်တာ လူ့စိတ်တဲ့။ တစ်သတ်မတ်တည်း တည်တည်တံ့တံ့ မပြောင်းလဲဘူးဆိုတဲ့သူ လောကမှာရှိတယ်။ လူနည်းစု တစ်နည်းပြောရရင် ဘာသာတရားရဲ့  အဆုံးအမအောက်မှာ ကိုယ်ကျင့်သိက္ခာကို တစ်ပြားသားမှ အပွန်းမခံတဲ့သူတွေဟာ မယိမ်းယိုင်တတ်ကြဘူး။ အခြေအနေနှင့် အချိန်အခါကိုလိုက်ပြီး စိတ်ထားနှင့်ခံယူချက်ကို လွယ်လွယ်ကလေး မပြောင်းတတ်ကြပါဘူး။ ဆိုလိုတာက ပုတ်သင်ညှိလို အရောင်ပြောင်းတဲ့ စိတ်ဓာတ်မျိုး မရှိသူတွေကို ကိုယ့်ဘဝ၊ ကိုယ့်အသိုင်းအဝိုင်းမှာ ကြုံဆုံခဲ့ကြဖူးမှာပါ။ ဒါပေမယ့် ရှိတယ်။ ရှားပါးတယ်ဆိုတဲ့အစားမျိုး။

    ကောင်းပြီ ဒါဆိုရင်ဘယ်လိုလူစားတွေ အတွေ့များသလဲ။ ထားခဲ့တဲ့ကတိ ပြောခဲ့တဲ့စကားတွေကို အမေ့ကြီးမေ့ကြီး အခြေအနေတစ်ခုခုပေါ်လိုက်လို့ ရုတ်ခြည်းပြောင်းတတ်သူတွေကတော့ ဒုနှင့်ဒေးပေါ့။ အပြစ်မရှ အပြစ်မဆိုချင်ပေမယ့် လူ့စရိုက်လူ့သဘော ဆိုတာကတော့ နားလည်ထားပြီး ဖြစ်ကြမှာပါ။

    ဆင်းရဲမွဲတေတဲ့ဒဏ်ကို ခါးစည်းခံဝံ့ကြတယ်။ လောကဓံရဲ့အတွန်းအတိုက်တွေကိုလည်း မမှုဘဲရင်ဆိုင်ဝံ့ကြတယ်။ အဲဒီလို အကျပ်အတည်းဆိုက်နေတဲ့ အချိန်အခါမျိုးမှာ စာရိတ္တတို့ အကျင့်သီလတို့ကို ဆံခြည်တစ်မျှင်မတိမ်း၊ အယိမ်းမခံတတ်တာ ယေဘုယျ သဘောလို့ ဆိုခဲ့ရင်။

    မမြင်ဖူးတဲ့စည်းစိမ်၊ မခံစားဖူးတဲ့လောကီအဆောင်အယောင်တွေကို နဖူးတွေ့၊ ဒူးတွေ့ကြုံရတဲ့အခါ ဟိုးအရင်ကထားခဲ့ဖူးတဲ့ စိတ်ဓာတ်တွေဟာ ကျောက်စိုင်ကျောက်သားလို ခိုင်ခံ့မနေတော့ပါဘူး။ ဝါဂွမ်းစလေးတွေလို လေထဲပျောက်ကွယ်လွင့်ပါးသွားရော။ ဒါကတချို့တချို့သော လူတွေရဲ့ပြောင်းလဲခြင်းလို့ပဲ ဆိုပါရစေ။

    ကျွန်မရဲ့အချစ်ဆုံးတစ်ဦးတည်းသော (အဝေးရောက်) သမီးလေးက ရသတစ်ပုဒ်ကို ပို့ပေးခဲ့တယ်။ ပညာရှင်တစ်ဦးရဲ့ လက်ရာပါ။ စာဖတ်သူတွေအတွက် မျှဝေခံစားပေးချင်လို့ ရေးသားပြန်ဆိုလိုက်ပါတယ်။

    “မျက်မမြင်မိန်းကလေးတစ်ယောက်ရဲ့ ဇာတ်လမ်း”တဲ့။မျက်မမြင် မိန်းကလေးတစ်ဦးဟာ သူမရဲ့မျက်စိတွေအလင်းမရတာကြောင့် ကိုယ့်ကိုယ်ကိုတအားမုန်းတီးနေမိတယ်။ တစ်လောကလုံးကို အမုန်းကြီးမုန်းတယ်။ သူမရဲ့ချစ်သူကောင်လေးက လွဲလို့ပေါ့။ ကောင်လေးက သူမကို အမြဲတမ်းအဖော်ပြုနေပေးရင်း အားပေးလေ့ရှိတယ်။ ကောင်မလေး မကြာမကြာပြောတတ်တာက သူမသာ မျက်စိမြင်ပြီး လောကကြီးကို တွေ့ခွင့်ရရင် ကောင်လေးကို လက်ထပ်ပါ့မယ်တဲ့လေ။

    တစ်နေ့မှာတော့ သူမအတွက် တစ်စုံတစ်ယောက်က မျက်စိလှူလိုက်တယ်။ ဒီတော့ မျက်စိအလင်းရလို့ လောကကြီးကို မြင်ခွင့် ရသွားပြီပေါ့။ သူမရဲ့ ချစ်သူကောင်လေးကိုလည်း မြင်နိုင်ပြီလေ။ ကောင်လေးက သူ့ကောင်မလေးကို မေးလိုက်တယ်။ “ကဲ အခုဆိုရင် လောကကြီးကို မင်းမြင်ရပြီနော်။ ငါ”့ကိုမင်း လက်ထပ်မှာလား” ဆိုတော့ ကောင်မလေးက အကြီးအကျယ် တုန်လှုပ်ချောက်ချားသွားတယ်။ သူမရဲ့ ချစ်သူကောင်ကလေးကလည်း သူမလိုပဲ။ မျက်မမြင်တစ်ယောက် ဖြစ်နေတာကိုး။ ဒီတော့ ကောင်မလေးက ငြင်းလိုက်တယ်။ ကောင်လေးက မျက်ရည်တွေ စီးကျရင်း ကောင်မလေးအနားကနေ ထွက်သွားတယ်။ ပြီးတော့ စာတိုလေး တစ်စောင်ပို့ပေးလိုက်တယ်။

    “အချစ်ရယ် ငါ့မျက်လုံးတွေကို မင်းအသေအချာ ဂရုတစိုက် ထိန်းသိမ်းပါကွယ်” တဲ့။

    ဇာတ်လမ်းလေးက အဲဒီမှာတင်ဆုံးသွားတယ်။ အခြေအနေနှင့် အချိန်အခါ ပြောင်းလဲတာနှင့် အမျှ အတိတ်ကို မမေ့မလျော့ရှိတာ၊ အခက်အခဲ အကျပ်အတည်း ကြုံနေသော်မှတည်တဲ့ ကြံ့ခိုင်မှုရှိတာတွေဟာ ရှားပါးပစ္စည်းတွေ ဖြစ်ကုန်ပြီ။

    ဇာတ်လမ်းထဲကလို ချစ်သူကိုချစ်လွန်းလို့ မျက်လုံးတစ်စုံ စွန့်ပေးခဲ့တဲ့ ချစ်သူကောင်လေးအပေါ် ကောင်မလေးရဲ့ တုံ့ပြန်မှုမျိုးက ဒဏ္ဍာရီလိုပဲ ဆိုစေ၊ ပြောင်းလဲတတ်တဲ့ ပြောင်းလဲလွယ်တဲ့ လူ့သဘော (ယေဘုယျသဘာဝ) ကိုစာဖတ်သူလက်ခံပါ့မလား။

    REF: The story of a blind girl.

    နှင်းဆီခင်

  • ဘူရန်ဒီတွင် လူအစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့်နေရာများ တွေ့ရှိ

    ဘူရန်ဒီတွင် လူအစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့်နေရာများ တွေ့ရှိ

    ဇန်န၀ါရီ ၃၀၊ ၂၀၁၆
    M-Media

    Buran

    – ပြီးခဲ့တဲ့နှစ်အတွင်း နိုင်ငံရေးအကြမ်းဖက်မှုကြောင့် လူအများအပြားသေဆုံးခဲ့ရတဲ့ ဘူရန်ဒီနိုင်ငံ မြို့တော်အနီးမှာ လူအစုလိုက်အပြုံလိုက် မြှုပ်နှံထားနိုင်ဖွယ်ရာရှိတဲ့ နေရာ ၅ ခုကို တွေ့ရှိခဲ့တယ်လို့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Amnesty International က ယခုတစ်ပတ်မှာ ပြောကြားလိုက်ပါတယ်။

    ကောင်းကင်ဓာတ်ပုံတွေနဲ့ ဗီဒီယိုခြေရာခံချက်တွေကို ကြည့်ခြင်းအားဖြင့် မြို့တော်ဘူဂျန်ဘူရာရဲ့ ဆင်ခြေဖုံး ဘူရင်ဂါဒေသက နေရာတွေမှာ လူအစုလိုက်အပြုံလိုက် မြှုပ်နှံထားတယ်ဆိုတာ သက်သေခံနေတယ်လို့ အဲဒီ လူ့အခွင့်အရေးအဖွဲ့က ထည့်သွင်းပြောကြားခဲ့တာပါ။

    “လုံခြုံရေးတပ်ဖွဲ့တွေရဲ့ သတ်ဖြတ်မှုနဲ့ အမှန်တရားထွက်ပေါ်လာမှာကို ဖုံးဖိဖို့ အာဏာပိုင်တွေက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတယ်ဆိုတာ ဒီဓာတ်ပုံတွေက ပြသနေပါတယ်”လို့ အရှေ့အာဖရိကဆိုင်ရာ Amnesty International အဖွဲ့ ဒါရိုက်တာ မူသိုနီ ၀မ်ရယ်ကီက ဆိုပါတယ်။

    ဘူရွန်ဒီစစ်တပ်ကတော့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့မှာ စစ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်တဲ့အတွက် အနည်းဆုံး လက်နက်ကိုင် ၁၂ ယောက်လောက်ကို ပစ်သတ်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အချို့သော ရင်းမြစ်တွေကတော့ အဆိုပါ ဖြိုခွင်းမှုအတွင်းမှာ လူ ၈၇ ယောက်ကျော်လောက် အသတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

    အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဘူရန်ဒီနိုင်ငံမှာ သမ္မတ နူကူရန်ဇီဇာက အခြေခံဥပဒေနဲ့ဆန့်ကျင်ပြီး တတိယအကြိမ်မြောက် သမ္မတတာဝန် ထမ်းဆောင်မယ်လို့ ပြောကြားခဲ့တဲ့ ၂၀၁၅ ခုနှစ် ဧပြီလနှောင်းပိုင်းကစလို့ နိုင်ငံရေး မတည်မငြိမ်မှုတွေ ဖြစ်ခဲ့တာဖြစ်ပါတယ်။

    ကုလသမဂ္ဂလူအခွင့်အရေး အကြီးအကဲ ဇီအစ် ရာအဒ် အလ်-ဟူစိန်က အာဏာပိုင်တွေဟာ အိမ်အတွင်းရှာဖွေစစ်ဆေးခြင်း၊ ဖမ်းဆီးထိန်းသိမ်းခြင်း၊ သေဒဏ်စီရင်ခြင်း စတဲ့နည်းတွေနဲ့ မငြိမ်မသက်မှုတွေကို တုံ့ပြန်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    ကုလသမဂ္ဂကရရှိခဲ့တဲ့ အာကာသဓာတ်ပုံတွေကို ယခုလအစောပိုင်းက ဆန်းစစ်လေ့လာကြည့်ရာမှာ အနည်းဆုံးလူအစုလိုက်သေဆုံးမှု ၉ ခုထက်မနည်းရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအထဲမှ ဘူဂျမ်ဘူရာမြို့ တစ်ဝိုက်က လူအစုလိုက်သေဆုံးမှုတစ်ခုဆိုရင် သေဆုံးသူ ၁၀၀ ကျော်ပါဝင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဘူရန်ဒီနီုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် အနည်းဆုံး ၄၃၉ ဦး သေဆုံးခဲ့ပြီး ပြည်သူ ၂၄၀၀၀၀ လောက်ကလည်း ပြည်ပကို ထွက်ပြေးပုန်းရှောင်နေတယ်လို့ ကုလသမဂ္ဂက ပြောကြားခဲ့ပါတယ်။

    Ref: Presstv

  • အတိုက်အခံများကို ကျေးဇူးတင်ပြီး တိုင်းပြည်အတွက် ပူးပေါင်းဆောင်ရွက်မည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော

    အတိုက်အခံများကို ကျေးဇူးတင်ပြီး တိုင်းပြည်အတွက် ပူးပေါင်းဆောင်ရွက်မည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော

    ဇန်န၀ါရီ ၃၀၊ ၂၀၁၆
    M-Media

    dawsua

    – တနင်္လာနေ့မှစတင်ကာ လွှတ်တော်အား ထိန်းချုပ်နိုင်တော့မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မိမိ၏ပါတီအတွက် လမ်းဖွင့်ပေးခဲ့သည့် အတိုက်အခံများကို ကျေးဇူးတင်သည်ဟုဆိုပြီး တိုင်းပြည်ကောင်းစားရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ယုံကြည်ကြောင်း ပြောကြားလိုက်သည်။

    ယမန်နေ့က ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ယမန်နေ့မှာ စစ်တပ်ကျောထောက်နောက်ခံပြု  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက နေရာအများစုရရှိခဲ့သည့် ပထမအကြိမ်လွှတ်တော် သက်တမ်းကုန်သည့်နေ့လည်း ဖြစ်သည်။

    “လွတ်တော်အတွင်းမှာပဲဖြစ်ဖြစ်၊ လွှတ်တော်ပြင်ပမှာပဲဖြစ်ဖြစ် တိုင်းပြည်နဲ့ ပြည်သူအကျိုးအတွက် ကျွန်မတို့အားလုံးဟာ ပူးပေါင်းဆောင်ရွက်နိုင်ကြမယ်လို့ ကျွန်မ ယုံကြည်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့သည်။

    လွှတ်တော်နောက်ဆုံးနေ့တွင် လွှတော်ကိုယ်စားလှယ်ဟောင်းများအား နှုတ်ဆက်ခြင်းနှင့် ကိုယ်စားလှယ်သစ်များအား ကြိုဆိုခြင်း အခမ်းအနားကိုလည်း ပြုလုပ်ခဲ့ကြပြီး သီချင်းသီဆိုမှုများ အကများဖြင့် ပျော်ရွှင်စွာ အဆုံးသတ်ခဲ့ကြသည်။ ပြည်ထောင်စုလွှတ်တော်နာယကနှင့် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကမူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်ပြိုကမ်းပြို အနိုင်ရခဲ့သည့် နိုဝင်ဘာရွေးကောက်ပွဲမှာ ပြည်သူများ၏အောင်ပွဲဟု ယမန်နေ့ လွှတ်တော်မိန့်ခွန်းတွင်ပြောကြားခဲ့သည်။

    ထို့ပြင် မိမိ၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ရှုံးနိမ်းခဲ့မှုအတွက် ၀မ်းနည်းမိသည်ဟုဆိုသည်။

    “ရွေးကောက်ပွဲမှာ ကျွန်တော်တို့ ရှုံးတဲ့အတွက် ကျွန်တော် စိတ်မကောင်းဖြစ်မိပါတယ်။ အရင်ကပြောသလိုပဲ ပြည်သူတွေက ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာပါ။ ဒါ့ကြောင့် ပြည်သူထဲကတစ်ယောက်ဖြစ်တဲ့ ကျွန်တော်လည်း ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒါဟာ သူ့ရဲ့ ကိုယ်စားလှယ်လောင်းတွေ အောင်နိုင်တာမဟုတ်ဘဲ ပြည်သူတွေက ရွေးကောက်တာလို့ ပြောပါတယ်။ ဒါ့ကြောင့် ပြည်သူတွေက အနိုင်ရတာပါ” ဟု သူရ ဦးရွှေမန်းက ပြောကြားခဲ့သည်။

    နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသည့် လွှတ်တော်ကိုယ်စားလှယ်များမှာ ဖေဖော်ဝါရီ ၁ ရက် တနင်္လာနေ့မှစတင်ကာ ဒုတိယအကြိမ် လွှတ်တော်ပုံမှန်အစည်းအဝေးကို ကျင်းပပြုလုပ်တော့မည်ဖြစ်သည်။

    တောင်ပြိုကမ်းပြိုအနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရအား ဦးဆောင်ဖွဲ့စည်းနိုင်မည်ဖြစ်သော်လည်း နိုင်ငံ၏ အရေးပါသော ရာထူးများကို စစ်တပ်က ချုပ်ကိုင်ထားဆဲဖြစ်ကာ စစ်တပ်မှာ နိုင်ငံ၏ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးစနစ်၏ အထက်တွင် ရှိနေဆဲဖြစ်သည်။

    Ref: BBC, RFA

  • တစ်ကျော့ပြန်အိပ်မက်အတွက် ပါတိုက ချယ်ဆီးကို ကျေးဇူးတင်

    တစ်ကျော့ပြန်အိပ်မက်အတွက် ပါတိုက ချယ်ဆီးကို ကျေးဇူးတင်

    ဇန်န၀ါရီ ၃၀၊ ၂၀၁၆
    M-Media

    pato 1

    – ဥရောပသို့ လာရောက်ကစားလိုသည့် မိမိ၏အိပ်မက်ကို အကောင်အထည်ဖော်ပေးခဲ့သည့်အတွက် ချယ်ဆီးအား ကျေးဇူးတင်မိသည်ဟု ဘရာဇီးလ်တိုက်စစ်မှူးသစ် ပါတိုက ပြောကြားလိုက်သည်။

    ချယ်ဆီးမှာ ပါတိုအား ဘရာဇီးလ်ကလပ် ကိုရင်သီယန်အသင်းမှ ရာသီကုန်အထိ ၆ လအငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ပြီး ယမန်နေ့တွင် အပြီးသတ် စာချုပ်ချုပ်နိုင်ခဲ့သည်။ ပါတိုမှာ လူငယ်ဘ၀က အေစီမီလန်အသင်းတွင် ခြေစွမ်းကောင်းများ ပြသခဲ့သော်လည်း နောက်ပိုင်း ခြေစွမ်းကျဆင်းမှုကြောင့် ဘရာဇီးလ်သို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။

    ယခုတွင်မူ ၎င်း၏ ဥရောပသို့ လာရောက်ချင်သည့်ဆန္ဒ ပြည့်ဝသွားသည့်အတွက် မိသားစုနှင့် ချယ်ဆီးအသင်းတို့အား ကျေးဇူးတင်ခဲ့သည်။

    “ကြီးကျယ်ပြီး၊ ထူးရှယ်ကလပ်က ကစားသမားတစ်ယောက် ဖြစ်လာတဲ့အတွက် ဒီနေ့ ကျွန်တော် အရမ်းပျော်ပါတယ်။ ဥရောပကိုပြန်လာပြီး ကစားဖို့အိပ်မက်ကို ကျွန်တော် ဘယ်တုန်းကမှ မစွန့်လွှတ်ခဲ့ပါဘူး။ ဒီအိပ်မက် အမှန်တကယ်ဖြစ်လာအောင် ချယ်ဆီးက ကျွန်တော့ကို ကူညီလိုက်တာပါ။ ကျွန်တော့်မိသားစု၊ ချယ်ဆီးအသင်းနဲ့ ပရိတ်သတ်တွေရဲ့ထောက်ခံအားပေးမှုကို ကျွန်တော် ကျေးဇူးအများကြီး တင်ပါတယ်။ ဒီနေ့ကတော့ ပျော်ရွှင်ဖွယ်ရာနေ့ပါပဲ” ဟု ပါတိုက ၎င်း၏ Instagram စာမျက်နှာတွင် ရေးသားခဲ့သည်။

    Ref: Goal