News @ M-Media

Blog

  • အီသီယိုးပီးယားပြည်သူများ ငတ်မွတ်ခေါင်းပါးမှုအန္တရာယ် ရှိနေသည်ဟု ကုလပြော

    အီသီယိုးပီးယားပြည်သူများ ငတ်မွတ်ခေါင်းပါးမှုအန္တရာယ် ရှိနေသည်ဟု ကုလပြော

    ဇန်န၀ါရီ ၂၉၊ ၂၀၁၆
    M-Media

    africa 2
    ရာသီဥတုဖောက်ပြန်မှုဒဏ် ခံစားနေရသည့် အာဖရိကမှ ပုံရိပ်တစ်ခု

    – အီသီယိုးပီးယားနိုင်ငံမှာ စားနပ်ရိက္ခာ ပြတ်လပ်မှုကြောင့် ကလေးငယ်တွေအပါအ၀င် လူသန်းပေါင်းများစွာဟာ ငတ်မွတ်ခေါင်းပေါင်းမှုအန္တရာယ် ရှိနေတယ်လို့ ကုလသမဂ္ဂက သတိပေးပြောကြားလိုက်ပါတယ်။

    ကုလသမဂ္ဂ လူသားချင်းစာနထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (OCHA) က အီသီယိုးပီးယားကို အစားအသောက်တွေ ပေးပို့မှု ပြတ်တောက်နေခြင်းက ပြည်သူများစွာဟာ အသက်ဆက်ရမယ့် စားနပ်ရိက္ခာကို မရရှိဘဲ ဖြစ်စေတယ်လို့ ယမန်နေ့က ထည့်သွင်းသတိပေးခဲ့ပါတယ်။

    “အီသီယိုးပီးယားအစိုးရနဲ့ ပြည်သူတွေအတွက် ကျွန်တော်တို့ရဲ့ ကူညီထောက်ပံ့မှုကို တိုးမြှင့်တာကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ဖို့လိုပါတယ်။ ပြင်ပထောက်ပံ့မှုတွေမရရင် နိုင်ငံရဲ့ စားနိပ်ရိက္ခာကဏ္ဍတစ်ခုလုံးဟာ နှစ်လလောက်အတွင်းမှာ အပြီးပြိုလဲသွားနိုင်ဖွယ် ရှိနေပါတယ်။ အီသီယိုးပီးယားဟာ ရာသီဥတုဖောက်ပြန်မှု၊ မိုးခေါင်မှုကို နောက်တစ်ကြိမ် ရင်ဆိုင်နေရပါတယ်။ လူသန်းပေါင်းများစွာဟာ အစားအသောက်အကူအညီ လိုအပ်နေပါတယ်၊ ကလေးအတော်များများဟာလည်း အာဟာရချို့တဲ့မှုဒဏ်ကို အလူးအလဲ ခံစားနေရပါတယ်” လို့ OCHA က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။

    ကုလသမဂ္ဂကထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ အီသီယိုးပီးယားမှာ အနည်းဆုံး လူ ၁၀.၂ သန်း လောက် စားနိပ်ရိက္ခာ ထောက်ပံ့ရေးအကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

    အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် အရှေ့အာဖရိကမှာ လူအမြောက်အများဟာ ငတ်မွတ်ခေါင်းပါးမှုဒဏ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ နိုင်ငံတစ်ချို့မှာဆိုရင် သီးနှံစိုက်ခင်းတွေအာလုံး ပျက်စဆီးသွားတာတွေအထိ ရှိနေပါတယ်။

    Ref; presstv

  • အနာဂတ်အတွက် ဆုံးဖြတ်ရန် ခက်နေသည်ဟု နေးမာဝန်ခံ

    အနာဂတ်အတွက် ဆုံးဖြတ်ရန် ခက်နေသည်ဟု နေးမာဝန်ခံ

    ဇန်န၀ါရီ ၂၉၊ ၂၀၁၆
    M-Media

    ney mar

    – မိမိ၏အနာဂတ်နှင့်ပတ်သက်၍ ဘာစီလိုနာပရိတ်သတ်များ စိတ်အေးအေးထားကြရန် တိုက်စစ်မှူးနေးမာက ပြောကြားလိုက်ပြီး မိမိအနေဖြင့် ခက်ခဲသော ဆုံးဖြတ်ချက်ဖြင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။

    ဘာစီလိုနာတွင် နေးမာ၏ စာချုပ်မှာ ၂၀၁၈ ခုနှစ်မှ သက်တမ်းကုန်မည်ဖြစ်ပြီး လက်ရှိအချိန်တွင် ဘာစီလိုနာက သက်တမ်းတိုးရန် ဆွေးနွေးနေသည်။ ရီးယဲလ်နှင့် မန်ယူတို့အပါအ၀င် ဥရောပအသင်းကြီးများကလည်း ၎င်းအား ပစ်မှတ်ထားနေကြပြီး နေးမာကိုယ်တိုင်က ၎င်းမှာ ပရီးမီးယားလိဂ်သို့ သွားရောက်မည်ဟု ဖွင့်ဟထားသည့် ဂွါဒီယိုလာ၏ လက်အောက်တွင် ကစားချင်သည်ဟု ဆိုသည်။

    သို့သော်လည်း လက်ရှိအချိန်တွင် မိမိမှာ ခက်ခဲသော ဆုံးဖြတ်ချက်နှင့် ရင်ဆိုင်နေရသည်ဟု နေးမာက ပြောကြားခဲ့သည်။

    “သက်တမ်းတိုးမယ့်ကိစ္စနဲ့ အရာရာတိုင်းအတွက် အားလုံးနဲ့ ဆွေးနွေးမှုတွေ လုပ်နေရပါတယ်။ ဘာစီလိုနာမှာ ကျွန်တော် တော်တော်လေးပျော်ရွှင်ပါတယ်။ ကျွန်တော်လိုချင်တာအားလုံးနီးပါးလည်း ရနေတယ်။ ကစားဖို့အတွက် ပျော်ရွှင်မှု၊ ကျန်းမာရေးနဲ့ အရာအားလုံး ကျွန်တော့်ဆီမှာ ရှိနေပါတယ်။ လှပတဲ့မြို့၊ ကြီးကျယ်တဲ့ကလပ်၊ ချစ်စရာကောင်းတဲ့ ပရိတ်သတ်နဲ့ တစ်ခြားကမ္ဘာကအလား ထင်မှတ်ရတဲ့ ကစားသမားတွေရှိနေတဲ့ ဒီကနေ ထွက်ဖို့ဆိုတာ ခက်ခဲပါတယ်။ ဒါပေမယ့် ကိစ္စတိုင်းကို ထည့်တွက်ရမှာပေါ့လေ။ ဆုံးဖြတ်ဖို့ခက်တဲ့ ကိစ္စတွေရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော်က ဒီမှာ ရှိနေဆဲဖြစ်တာကြောင့် စိတ်အေးအေးထားရမှာပါ” ဟု နေးမာက ပြောကြားခဲ့သည်။

    Ref : Goal

  • ဟီဂျဘ်ဖြင့်ဓာတ်ပုံကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုသည့် AP သတင်းဌာနအား အမေရိကန် မွတ်စလင်အမျိုးသမီးတစ်ဦး တရားစွဲ

    ဟီဂျဘ်ဖြင့်ဓာတ်ပုံကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုသည့် AP သတင်းဌာနအား အမေရိကန် မွတ်စလင်အမျိုးသမီးတစ်ဦး တရားစွဲ

    ဇန်န၀ါရီ ၂၉၊ ၂၀၁၆
    M-Media

    US Muslim 2

    – ခေါင်းဆောင်းပုဝါ ၀တ်ဆင်ထားသည့် ဓာတ်ပုံအား မွတ်စလင်အမျိုးသမီးများ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော ဆောင်းပါးတွင် အသုံးပြုခဲ့သည့်အတွက် AP သတင်းဌာနနှင့် ထိုသတင်းဌာနမှ ဓာတ်ပုံသတင်းထောက်တို့ကို အမေရိကန်မွတ်စလင်အမျိုးသမီးတစ်ဦးက တရားစွဲဆိုလိုက်သည်ဟု သိရသည်။

    ဖီဖီ ယူဆက်ဖ်ဟုအမည်ရသည့် အမေရိကန်မွတ်စလင်အမျိုးသမီးဖြစ်ပြီး ၂၀၁၅ ခုနှစ်ဒီဇင်ဘာ ၁၆ ရက်နေ့က နယူးယောက်မြို့ရှိ StarBucks ကော်ဖီဆိုင်တွင် ထိုင်နေသည့် ၎င်းအား AP သတင်းထောက် မာ့ခ် လန်နီဟန်က ဓာတ်ပုံရိုက်ယူခဲ့ခြင်းဖြစ်သည်။

    ထို့နောက် အဆိုပါဓာတ်ပုံကို AP သတင်းဌာန၏ ၀ဘ်ဆိုက်မှတစ်ဆင့် ရောင်းချခဲ့ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့ ၀ါရှင်တန်ပို့စ် သတင်းဌာနမှဖော်ပြသော As Muslim women, we actually ask you not to wear the hijab in the name of interfaith solidarity (ဘာသာပေါင်းစုံချစ်ကျည်ရေးခေါင်းစဉ်အောက်မှာ ဟီဂျဘ်မ၀တ်ဖို့ မွတ်စလင်အမျိုးသမီးတွေဖြစ်တဲ့ ကျွန်မတို့က လေးလေးနက်နက် တောင်းဆိုပါတယ်) ဟူသော ဆောင်းပါးတွင် ထည့်သွင်းအသုံးပြုခဲ့သည်။

    အဆိုပါဆောင်းပါးအောက်တွင် စော်ကားသော မှတ်ချက်များ ကျန်ရစ်ခဲ့ပြီး ယူဆက်ဖ်ကမူ ထိုဆောင်းပါးတွင် သူမ၏ ဓာတ်ပုံအား သုံးစွဲမှုကို မကျေနပ်သောကြောင့် AP သတင်းဌာနနှင့် ဓာတ်ပုံဆရာ လန်နီဟန်တို့အား တရားစွဲဆိုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

    “အဲဒီဆောင်းပါးဟာ (ယူဆက်ဖ်ရဲ့) အခြေခံယုံကြည်ချက်တွေကို တိုက်ခိုက်တယ်ဆိုတာ ရှင်းပါတယ်။ ကျူးလွန်သူတွေက သူမရဲ့ ဓာတ်ပုံကို ကြော်ငြာနဲ့ စီးပွားရေးဆိုင်ရာရည်ရွယ်ချက်အတွက် အသုံးပြုပြီး ‘hijab, Muslim, Islam’ စားလုံးတွေနဲ့ တွဲကာ ဖော်ပြထားတဲ့အတွက် တရားလိုဟာ စိတ်ပျက်ရသလို၊ စိတ်မကောင်းလည်းဖြစ်ခဲ့ရပါတယ်” ဟု တရားစွဲဆိုမှုတွင် ဖော်ပြထားသည်။

    ယူဆက်ဖ်ကမူ ဓာတ်ပုံဆရာနှင့် AP သတင်းဌာနတို့မှာ နယူးယောက်ပြည်နယ်၏ ‘ပြည်သူလူထု အခွင့်အရေး’ ဥပဒေတွင် ပြဌာန်းထားသည့် ဓာတ်ပုံများကို ကာယကံရှင်၏ တရားဝင်ခွင့်ပြုချက်မရှိဘဲ စီးပွားရေး ရည်ရွယ်ချက်ဖြင့် သုံးစွဲမှုမပြုရဟူသည့် ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်ဟု စွပ်စွဲခဲ့သည်။

    “သူရဲ့ပုံကို ရိုက်တာဟာ သတင်းဖော်ပြဖို့ဆိုရဲ့ ရည်ရွက်ချက်အတွက်လို့ တရားဝင်ပြောကြားမှုမရှိတာက ဒီအမှုအတွက် အဓိက အချက်အချာပါပဲ။ Starbucks ကော်ဖီဆိုင်မှာထိုင်ပြီး ဆဲလ်ဖုန်းသုံးတဲ့ ဟီဂျဘ်ဝတ်အမျိုးသမီးနဲ့ ပတ်သက်လို့ သတင်းလုပ်စရာ ဘာအကြောင်းမှ မရှိပါဘူး” ဟု ယူဆက်ဖ်၏ ရှေ့နေဖြစ်သူ ဒန်နီယဲလ် ဇာလ်ကီဝစ်ဇ်က ပြောကြားခဲ့သည်။

    သတင်းနှင့် ဆောင်းပါးများ ဖော်ပြရာတွင် ဈေးကွက်တင်ထားသော ဓာတ်ပုံကို အသုံးပြုခြင်းမှာ ဥပဒေအရ ခွင့်ပြုချက်ရှိသောကြောင့် ၀ါရှင်တန်ပို့စ်သတင်းစာကိုမူ ယူဆက်ဖ်က တရားစွဲဆိုခြင်းမပြုခဲ့ပေ။

    Ref: Washintong Post

  • ဉာဏ်လှည့်စား ကိရိယာများ – ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်အများ (၇)

    ဉာဏ်လှည့်စား ကိရိယာများ – ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်အများ (၇)

    ဇန်န၀ါရီ ၂၉၊ ၂၀၁၆
    M-Media
    ရာဇာတင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    Banu Musa Brothers
    ၉ ရာစု မွတ်စလင် သိပ္ပံဝိဇ္ဇာ ပညာရှင်များဖြစ်သော ဘနူမူဆာညီအစ်ကို

    Rubik’s Cube လို့ခေါ်တဲ့ ဉာဏ်စမ်းစတုရန်းတုံးလးကို ရွေ့လျားဆော့ကစားတဲ့အခါမှာ စည်းချက်ကျကျ တစ်ချက်ချက်မြည်သံလေးတွေကို လူတိုင်း ကြားဖူးကြမှာပါ။ တကယ်တော့ စီးပွားရေးအတွက်ပဲဖြစ်ဖြစ် စိတ်အပန်းဖြေမှုအတွက်ပဲဖြစ်ဖြစ် ရိုးရိုး ကစားနည်းတွေ၊ ဉာဏ်စမ်းကစားနည်းတွေဟာ လူတော်တော်များများအတွက် စိတ်ဝင်စားရာ အရာတွေဖြစ်ပါတယ်။

    ဒီလို ဉာဏ်လှည့်စားကိရိယာတွေကို တီထွင်ကာ လူတွေရဲ့ပျော်ရွှင်မှုကို ပထမဆုံး ဖမ်းစားနိုင်ခဲ့တာကတော့ ၉ ရာစုက မွတ်စလင် ညီအစ်ကို ၃ ဦးပဲဖြစ်ပါတယ်။ မိုဟာမက် အစ်ဗနေ့ မူဆာ အစ်ဗနေ့ ရှကီရ်(Muhammad ibn Musa ibn Shakir)၊ အဟ်မဒ် အစ်ဗနေ့ မူဆာ အစ်ဗနေ့ ရှကီရ် (Ahmed ibn Musa ibn Shakir)၊ အလ်-ဟာဆန် အစ်ဗနေ့ မူဆာ အစ်ဗနေ့ ရှကီရ် (Al-Hasan ibn Musa ibn Shakir) လို့ အမည်တွင်တဲ့ သူတို့သုံးယောက်ကို ဘနူမူဆာညီအစ်ကို (Banu Musa Brothers) လို့လည်း သိကြပါတယ်။ သူတို့ဟာ ၉ ရာစုက ဘဂ္ဂဒတ်မြို့ရဲ့ နာမည်ကျော် အသိပညာကျောင်းတော်ကြီးဖြစ်တဲ့ House of Wisdom ကနေ ပေါ်ထွက်လာသူတွေလည်း ဖြစ်ပါတယ်။ မဟာသင်္ချာပညာရှင်တွေဖြစ်ပြီး၊ ဂရိတွေရဲ့ သိပ္ပံဆိုင်ရာကျမ်းတွေကို ဘာသာပြန်ဆို ဖော်ပြသူတွေဖြစ်တဲ့အပြင် သူတို့ ၃ ယောက်ဟာ ထူးခြားဆန်းကျယ်တဲ့ ဉာဏ်လှည့်စားကိရိယာတွေကိုလည်း တီထွင်ခဲ့ကြပါတယ်။

    အဲဒီ ကြိုးပမ်းအားထုတ်မှုတွေက ယနေ့ခေတ် ဉာဏ်စမ်းကစားနည်းတွေရဲ့ ရှေ့ပြေးဖြစ်တယ်လို့ ပြောစမှတ်ပြုကြပါတယ်။ ဒီနယ်ပယ်မှာ သူတို့ရဲ့ ၀ါသနာထုံမှုကို ဉာဏ်စမ်းကိရိယာတွေ တီထွင်ခြင်းနဲ့ ဘနူမူဆာညီအစ်ကိုတွေက ဖြေရှင်းကြပါတယ်။ သူတို့ရဲ့ တီထွင်မှုတွေကိုတော့ ဆန်းကျယ်သော ကိရိယာများဆိုင်ရာကျမ်း (Book of Ingenious Devices) ဆိုတဲ့စာအုပ်မှာ အသေးစိတ်ဖော်ပြထားပြီး၊ အဲဒီစာအုပ်မှာ ဘနူမူဆာ ညီအစ်ကိုတွေရဲ့ တီထွင်ကြံဆမှုပေါင်း ၁၀၀ ကျော် ပါဝင်ပါတယ်။ ဒါဟာ စက်ပိုင်းဆိုင်ရာ နည်းပညာတွေ အစပျိုးမှုလည်း ဖြစ်ပါတယ်။

    ဒီနေ့ခေတ် ကစားစရာအရုပ်တွေလိုပဲ ဘနူမူဆာညီအကိုတွေကလည်း ကစားစားစရာ အရုပ်တွေကို တီထွင်ခဲ့ကြပါတယ်။ သူတို့ရဲ့ အရုပ်တွေဟာ လှုပ်ရှားသွားလာမှု အနည်းငယ်သာ ရှိပေမယ့် လွန်ခဲ့တဲ့နှစ်ပေါင်း ၁၁၀၀ ကျော်လာက်က အံ့သြစရာကောင်းတဲ့ လက်မှုပညာနဲ့ နည်းပညာဆိုင်ရာအသိကို ဖော်ကြူးနေပါတယ်။

    သူတို့တီထွင်ခဲ့တဲ့ ဉာဏ်စမ်းပစ္စည်းတွေ၊ ကစားစရာစရာအရုပ်တွေဟာ ရေ၊ တိရစ္ဆာန်အရုပ်နဲ့ အသံတုအသံယောင်တွေကို အခြေခံတာဖြစ်ပါတယ်။ ဥပမာအားဖြင့် ‘ရေသောက်တဲ့နွား’ (Drinking Bull) လို့အမည်ပေးထားတဲ့ အရုပ်ဟာ ရေငတ်ပြေသွားတဲ့အခါ ကျေနပ်တဲ့အသံနဲ့ အော်ဟစ်အောင် တီထွင်ထားတာဖြစ်ပါတယ်။ ဒီအရုပ်မှာ အသုံးပြုထားတာတွေကတော့ ရေဖြည့်ခန်း၊ ဖော့၊ လေဟာနယ်နဲ့ ပလပ်တွေပဲဖြစ်ပါတယ်။

    R2eY2X0HarY9dgbbNKFBfRCV
    ပုံ-၁ ဘနူမူဆာ ညီအစ်ကို၏ Drinking Bull အရုပ်ကို ဖော်ပြထားသည့် ကားချပ်

    ပုံ – ၁ မှာဖော်ပြထားတဲ့ Drinking Bull ကားချပ်ကိုကြည့်ပါ။ ပထမဆုံး ညာဖက်အပေါ်ထောင့်မှာရှိတဲ့ အပေါက်ကနေ အခန်း A (Compartment A) ထဲကို ရေဖြည့်ထားရပါတယ်။ နွားရဲ့ ပါးစပ်နားက ခွက်ကို ရေဖြည့်လိုက်တဲ့အခါမှာ ခွက်ထဲက ဖော့တုံးဟာ ရေမျက်နှာပြင်နဲ့အတူ မြင့်တက်လာတာကြောင့် ဖော့တုံးနဲ့ ဆက်သွယ်ထားတဲ့ ပလပ် A (Plug A) ကလည်း ပွင့်သွားပါတယ်။ ဒါ့ကြောင့် အခန်း A ထဲကရေတွေဟာ အခန်း B (Compartment B) ထဲကို ၀င်ရောက်လာခဲ့ပြီး အခန်း A မှာ လေဟာနယ်အဖြစ် ကျန်ရစ်ခဲ့ပါတယ်။ အဲဒီအခါ လေဟာနယ်ရဲ့ စုပ်အားကနေတစ်ဆင့် နွားပါးစပ်နားက ခွက်ထဲမှာရှိတဲ့ရေဟာ အခန်း A ထဲ ရောက်လာခဲ့ပြီး ရေကုန်သွားတဲ့အခါမှာတော့ လေကိုစုပ်ယူတာကြောင့် ရေငတ်ပြေသွားလို့ နွားအော်တဲ့အသံမျိုး ထွက်လာပါတော့တယ်။ အဲဒီလို ရေကုန်သွားတဲ့အတွက် ခွက်ထဲကဖော့တုံးဟာ အောက်ကိုကျသွားခဲ့ပြီး ပလပ် A ကလည်း ပြန်ပိတ်သွားခဲ့ပါတယ်။

    အခန်း B ရေပြည့်သွားတဲ့အခါ အခန်း B ထဲမှာရှိတဲ့ ဖော့တုံးဟာ မြင့်တက်လာခဲ့ပြီး ပလပ် B  (Plug B) ကို တွန်းဖွင့်သလိုဖြစ်တာကြောင့် အခန်း A ထဲကရေဟာ ပလပ် B အပေါက်ကနေတစ်ဆင့် အခန်း B ထဲကို ပြန်လည် ၀င်ရောက်ခဲ့ပြန်ပါတယ်။ အခန်း B ထဲကရေတွေကတော့ အပေါက်သေးသေးလေးကနေ အခန်း C (Compartment C) ထဲကို ရောက်သွားခဲ့ပြီး၊ အခန်း C ထဲမှာရှိနေတဲ့ လေက ဘယ်ဘက်မှာရှိနေတဲ့ အပေါက်လေးကနေတစ်ဆင့် အပြင်ကို ထွက်သွားကာ Drinking Bull ရဲ့ လုပ်ငန်းစဉ်တစ်ခုလုံး ပြီးဆုံးသွားပါတော့တယ်။

    သိပ်မရှုပ်ထွေးပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့ ဒီ အရုပ်ကလေးဟာ အဲဒီခေတ်အခါက လူတွေကို အံ့သြမှင်သက် ကြည်နှုးပျော်ရွှင်စေခဲ့တာကတော့ အမှန်ပါပဲ။

    ဘနူမူဆာညီအစ်ကိုရဲ့တွေရဲ့ နောက်ထပ် ဉာဏ်လှည့်စား ကိရိယာတစ်ခုကတော့ ပြွန်ပေါက် ၂ ပေါက်ပါဝင်တဲ့ ဓာတ်ဗူးပါပဲ။ အရောင်အဆင်းမတူညီတဲ့ အရည် ၂ မျိုးကို ပြွန်ပါက်တစ်ပေါက်ဆီကနေ ထည့်သွင်းပြီး၊ အဲဒီပြွန်ပေါက်ကနေပဲ ထည့်သွင်းလိုက်တဲ့ အရည်နဲ့ အရောင်အဆင်းမတူညီတဲ့ အရည်ကို ပြန်ထုတ်ပေးတဲ့ ဒီကိရိယာဟာ ဒီနေ့ခေတ် မျက်လှည့်ဆရာတွေ သူတို့ရဲ့ တံတောင်ဆစ်ကနေ လိမ္မော်ရည်ထုတ်ပေးတဲ့ ပြကွက်လိုပါပဲ။

    တစ်ကယ်တော့ အဲဒီဓာတ်ဘူးထဲမှာ အခန်းနှစ်ခုကို သီးခြားကန့်ထားပြီး ပြွန်ပေါက်နှစ်ခုရဲ့အတွင်းပိုင်းမှာ အဲဒီအခန်းနှစ်ခုနဲ့ ဆက်သွယ်ထားတဲ့ လမ်းကြောင်းနှစ်ခုကို လျှို့ဝှက် ထည့်သွင်းတည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒီကိရိယာရဲ့ လှည့်စားမှုဟာ ရိုးရိုးလေးဖြစ်ပေမယ့် အခုအချိန်အထိ သက်ရောက်မှု ရှိနေဆဲဖြစ်ပြီး လူတွေကို အံ့သြမှင်သက်စေတုန်းပါပဲ။ ပျော်စရာရွှင်စရာအတွက် ဖန်တီးခဲ့တဲ့ ဘနူမူဆာညီအစ်ကိုတွေရဲ့ ဒီ လှည့်စားမှုအတတ်ပညာဟာ ရေပန်းနည်းပညာမှာလည်း အတော်လေး သက်ရောက်မှု ရှိခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး နောက်ပိုင်းအခန်းတွေမှာ ဆက်လက်ဖတ်ရှုရမှာ ဖြစ်ပါတယ်။

    2KDYyQKT116dfYESLF9Ba8Qe
    ဉာဏ်လှည့်စားဓာတ်ဘူး

     

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)

    အပိုင်း(၁)-  ကော်ဖီ – ဖတ်ရန်

    အပိုင်း(၂) – အစားအသောက်ဓလေ့နှင့် ဖန်ထည်များ ဖတ်ရန်

    အပိုင်း(၃)- နာရီတို့၏ အစဖတ်ရန်

    အပိုင်း(၄) – ခေတ်ပေါ်စစ်တုရင်ကစားနည်းဖတ်ရန်

    အပိုင်း(၅) – ဂီတ၏ အရင်းမူလ – ဖတ်ရန် 

    အပိုင်း (၆) – တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် အလှအပ – ဖတ်ရန် 
  • ရေနံဈေးကွက် အတွင်း လျော့ဈေးနဲ့ အားပြိုင်နေတဲ့ဆော်ဒီ

    ရေနံဈေးကွက် အတွင်း လျော့ဈေးနဲ့ အားပြိုင်နေတဲ့ဆော်ဒီ

    ဇန်နဝါရီ ၂၈ ၊ ၂၀၁၆
    M-Media
    ဆောင်းပါးရှင်- မောင်ရဲဝင်း (တောင်ကြီး)
    1016546133
    ဈေးကွက်စီးပွားရေးမှာ ကုန်စည်းတွေရဲ့တန်ဖိုးကို ဈေးကွက်ကပဲ ဆုံးဖြတ်တယ်ဆိုပေမယ့် ရေနံနဲ့ သဘာဝဓါတ်ငွေ့ရဲ့ တန်ဖိုးကတော့ ရေနံကုမ္ပဏီကြီးတွေရဲ့ ကစားကွက်ထဲရှိနေတတ်ပါတယ်။ ရေနံဈေးတွေ တဟုန်ထိုး ကျဆင်းနေချိန်မှာ ရေနံ ကုမ္ပဏီကြီးတွေ အနေနဲ့ ကိုယ်ကျိုးစီးပွား အတွက် ကာကွယ်ကြတာဟာ အထူးအဆန်းတော့ မဟုတ်ပါ။ ရေနံ သူဌေးနိုင်ငံတွေဖြစ်တဲ့ ဆော်ဒီ အာရေးဗီးယား၊ အီရန်နဲ့ အီရတ် နိုင်ငံတွေကလည်း ကမ္ဘာ့ရေနံဈေးကွက်မှာ သူတို့ရဲ့ဈေးကွက် ရှယ်ယာခိုင်မာနေဖို့ ယှဉ်ပြိုင်နေကြပါတယ်။

    ရေနံဈေးဟာ ခြောက်နှစ်ကျော်ကာလအတွင်း အနိမ့်ဆုံးအဖြစ် တစ် စည်ကို ၃၀ ဒေါ်လာအောက် ကျဆင်းနေပေမယ့် ဈေးကွက် ရှယ်ယာရှိဖို့အရေး ရေနံထွက်နှုန်းတွေ တိုးမြှင့်နေကြပါတယ်။ ရေနံဈေး ကျဆင်းနေမှုအပေါ် ထိမ်းချုပ်မှုတွေ လုပ်ဖို့ အီရန်နိုင်ငံက ကမ်းလှမ်းဖို့ဟန်ပြင်နေပေမယ့် အီရန်အပေါ် နူကလီးယားနဲ့ ပတ်သက်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ဖယ်လိုက်ရင် တစ်နေ့ စည် တစ်သန်း ထိ တိုးမြှင့်ဖို့ အစီအစဉ်ရှိတယ်လို့ အီရန်ရဲ့ ရေနံနဲ့သဘာဝဓါတ်ငွေ့ ဝန်ကြီး Bijan Zanganeh က ကြေညာခဲ့ပြန်ပါတယ်။ လွန်ခဲ့တဲ့နှစ်တွေအတွင်း အီရန်နဲ့ အီရတ်တို့ရဲ့ နိုင်ငံရေးမတည်ငြိမ်မှု ဖြစ်ပွားနေခဲ့ချိန်မှာ သူတို့ဈေးကွက်ကို ဆော်ဒီကဖဲ့ယူထားခဲ့လို့ အခုအခါမှာ ပြိုင်ဆိုင်မှု ပြင်းထန်နေတာဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

    ဒီသုံးနိုင်ငံလုံးဟာ ရေနံစိမ်းထုတ်လုပ်တင်ပို့တဲ့ နိုင်ငံတွေစုဝေးဖွဲ့စည်းထားတဲ့OPEC အဖွဲ့ရဲ့ အဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြပါတယ်။ ဒါပေမယ့် အခုတင်းမာနေမှုတွေကို OPEC အတွင်းမှာတောင် ညှီနှိုင်းဖို့မလွယ်ဘူးလို့Oxford Institute for Energy Studies အဖွဲ့က Bassam Fattouh ကသုံးသပ်ထားပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက OPEC အနေနဲ့ ရေနံဈေးကို ဈေးကွက်ကပဲအဆုံးအဖြတ်ပေးစေရမယ်လို့ သဘောတူထားတဲ့အတွက် ဒီနိုင်ငံတွေအနေနဲ့ အခုအခြေအနေမှာ အညှီအနှိုင်းမလုပ်ကြပဲ ထုတ်လုပ်မှုတွေကို အပြိုင်အဆိုင်မြှင့်တင်နေကြတာဖြစ်ပါတယ်။

    အဲဒီအထဲမှာ ဈေးနှိမ်ပြီးရောင်းနေရလည်း တာရှည်တောင့်ခံနိုင်စွမ်း အရှိဆုံးကတော့ ဆော်ဒီ ဖြစ်ပါတယ်။ ဒါကြောင့်လည်း OPECအစည်းအဝေးမှာ ရေနံထုတ်လုပ်မှု ပမာဏ ကန့်သတ်ဖို့အဆိုကို ဆော်ဒီက ဦးဆောင်ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။ တကယ်တော့ ဆော်ဒီအနေနဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ နိုင်ငံတော် အသုံးစရိတ် သုံးဆမြှင့်တင်ထားခဲ့လို့ ရေနံဈေးကောင်းနေ မှသာ နိုင်ငံတော် ရသုံးမှန်းခြေကို ထိမ်းညှိနိုင်မှာပါ။ ဒါပေမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံ့မှုအားကောင်းပြီး နိုင်ငံတော်အကြွေးက GDP ရဲ့ (၁.၆) ရာခိုင်နှုန်းပဲရှိတဲ့ဆော်ဒီ အတွက်ကတော့ ဈေးကွက်ရှယ်ယာ ခိုင်မာဖို့ အောက်ဈေးနဲ့ရေရှည် ရပ်တည်လို့ ရနေပါသေးတယ်။ ပြိုင်ဘက်နိုင်ငံတွေကို အကျပ်အတည်းထဲ တွန်းပို့နိုင်စွမ်းရှိနေပါတယ်။

    OPEC နိုင်ငံအတွင်းမှာ သြဇာအရှိဆုံးကလည်း ဆော်ဒီရဲ့ ရေနံဝန်ကြီး Ali al-Naimi ပါပဲ။ ဆော်ဒီအနေနဲ့ အခုလိုရေနံဈေးကျနေတာကို ညှီနှိုင်းလိုကလည်း ညှီနှိုင်းနိုင်သလို ဆွေးနွေးမှုတွေမလုပ်ပဲ တရုတ်နိုင်ငံစီးပွားရေးကျနေတဲ့အတွက် ဝယ်အားနည်းပြီး ဈေးကျနေတာပါလို့ ဆင်ခြေပေး၊ ထုတ်လုပ်မှုတွေကိုမြှင့်တင်နိုင်ပါတယ်။ ၁၉၈၀ နဲ့ ၁၉၈၅-၈၆ ခုနှစ်တွေကလို ရေနံ ထုတ်လုပ်မှုလျော့ချခဲ့ပေမယ့် ဈေးကပြန် မတက်လာခဲ့တဲ့ သာဓကတွေရှိနေတဲ့အတွက် ထုတ်လုပ်မှုကန့်သတ်ဖို့ကိုတော့ အလွယ်တကူလုပ်ကြဦးမှမဟုတ်ပါဘူး။ အီရန်ကလည်း အလားတူထုတ်လုပ်မြှင့်တင်နေရာမှာ ဆော်ဒီထက်အရှိုန်မြှင့်နေတယ်လို့ ပဲရစ်ခြေစိုက်International Energy Agency က ဆိုပါတယ်။

    ရေနံဈေးကျလာနေတဲ့အတွက် ထုတ်လုပ်မှုစရိတ်ကြီးတဲ့ ဘရာဇီး ရေနက်တွင်းတွေ၊ ကနေဒါက သဲသောင်ပြင်ရေနံတွင်းတွေလည်း အမြတ်နည်းခဲ့ပါတယ်။ OPECအဖွဲ့ဝင်မဟုတ်တဲ့ အခြားနိုင်ငံတွေကတော့ ထုတ်လုပ်မှုတွေ လျော့ချလာကြပါတယ်။ OPECနိုင်ငံတွေအနေနဲ့ ဈေးကွက် ရှယ်ယာထိမ်းချုပ်နိုင်ဖို့အရေး ထုတ်လုပ်မှုတွေကို မကန့်သတ်ဘူးဆိုရင်တော့ ရှေရည်မှာ ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် စီးပွားရေးအင်အားတောင့်နေတဲ့ ဆော်ဒီ အတွက်ကတော့ ရေနံဈေး ထက်ဝက်ကျော်ကျဆင်းသွားလည်း ပြိုင်ဘက်တွေနဲ့ ယှဉ်ပြီး ဈေးကွက်ကိုခိုင်မြဲအောင် ဆုတ်ကိုင်နိုင်စွမ်းရှိနေပါသေးတယ်။