News @ M-Media

Blog

  • ပက္ကြီအုိ အနားယူမည်ဆိုခြင်းကို အာမ မခံနိုင်ဟု ပွဲစီစဉ်သူ ပြော

    ပက်ကွီအို အနားယူမည်ဆိုခြင်းကို အာမ မခံနိုင်ဟု ပွဲစီစဉ်သူ ပြော

    ဇန်န၀ါရီ ၂၉၊ ၂၀၁၆
    M-Media

    pac
    နောက်ဆုံးပွဲအတွက် ဖိလစ်ပိုင်တွင် လေ့ကျင့်ခန်းဆင်းနေသည့် ပက်ကွီအို

    – လက်ဝှေ့သမားဘ၀ နောက်ဆုံးပွဲအတွက် လေ့ကျင့်မှုများကို ဖိလစ်ပိုင်လက်ဝှေ့ကျော် မန်နီ ပက်ကွီအိုက ဖိလစ်ပိုင်တွင် စတင်ပြုလုပ်နေပြီး ၎င်း၏ ပွဲစီစဉ်သူကမူ ပက်ကွီအိုမှာ ကြိုးဝိုင်းအတွင်းသို့ ပြန်လည် ၀င်ရောက်နိုင်သည်ဟု ပြောကြားခဲ့သည်။

    ပက်ကွီအိုမှာ ဧပြီလအတွင်း လက်စ်ဗီးဂက်စ်၌ အမေရိကန်လက်ဝှေ့ကျော် တီမောသီ ဘရက်ဒလေနှင့် ထိုးသတ်မည်ဖြစ်သည်။ ၎င်းတို့ ၂ ဦးမှာ ၂၀၁၂ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တွင် နှစ်ကြိမ်တွေ့ဆုံထားကာ တစ်ကြိမ်စီ အနိုင်ရရှိထားသည်။ အသက် ၃၇ နှစ်အရွယ် ပက်ကွီအိုက ထိုပွဲမှာ ၎င်း၏ လက်ဝှေ့သမားဘ၀ နောက်ဆုံးပွဲ ဖြစ်မည်ဖြစ်ပြီး နိုင်ငံရေးလောကသို့ ၀င်ရောက်တော့မည်ဟု ပြောကြားထားသည်။

    သို့သော်လည်း ၎င်း၏ ပွဲစီစဉ်သူ ဘော့ဘ် အေရမ်ကမူ ပက်ကွီအိုမှာ ကြိုးဝိုင်းအတွင်းသို့ နောက်ထပ် ၀င်ရောက်နိုင်မည်ဆိုသည့် ယူဆချက်ကို ငြင်းဆိုခဲ့ခြင်း မပြုခဲ့ပေ။

    “နောက်ဆုံးအချီပြီးဆုံးကြောင်း အချက်ပေးခေါင်းလောင်းထိုးတဲ့အချိန် မန်နီပက်ကွီအိုက ပြန်ပြီး စဉ်းစားရတော့မှာပါ။ သူ ကြိုးဝိုင်းထဲပြန်လာဖို့ ဆုံးဖြတ်မလားဆိုတာ ဘယ်သူက သိနိုင်မှာလဲ။ ကျွန်တော် ဒီလက်ဝှေ့လောကထဲမှာ ကျင်လည်လာတာ နှစ် ၅၀ လောက်ရှိပါပြီ။ လက်ဝှေ့သမားတွေ အနားယူသွားတာကို ကျွန်တော်သိပါတယ်။ ရော်ကီ မာစီယာနိုကိုကြည့်ပါ။ သူ ကြိုးဝိုင်းထဲ ပြန်ဝင်လာတာပဲ။ အခုပွဲဟာ မန်နီအတွက် နောက်ဆုံးပွဲဖြစ်မလားလို့မေးရင် ကျွန်တော် အာမခံဖို့ အဆင်သင့်မဖြစ်သေးပါဘူး” ဟု အေရမ်က ထည့်သွင်းပြောကြားခဲ့သည်။

    Ref : Dailymail

  • အစ္စရေးမှာ ပါလက်စတိုင်းပြည်သူများနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းကို စိန်ခေါ်နေသည်ဟု ဘန်ကီမွန်ပြော

    အစ္စရေးမှာ ပါလက်စတိုင်းပြည်သူများနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းကို စိန်ခေါ်နေသည်ဟု ဘန်ကီမွန်ပြော

    ဇန်န၀ါရီ ၂၉၊ ၂၀၁၆
    M-Media

    ben

    – ပါလက်စတိုင်းတွေနဲ့ ဖြစ်နေတဲ့ပြဿနာကို ဖြေရှင်းဖို့ အစ္စရေးအစိုးရက ပျက်ကွက်ခဲ့တဲ့အပေါ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီးမွန်းက ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချလိုက်ပါတယ်။

    “နှစ်ပေါင်းငါးဆယ်နီးပါးလောက် ကျူးကျော်ပိတ်ဆို့ခံခဲ့ရကာ အော်စလိုကတိက၀တ်တွေကို အကောင်အထည် ဖော်မလားဆိုပြီး ဆယ်စုနှစ်များစွာ စောင့်ဆိုင်းနေခဲ့ရပြီးတဲ့နောက် ပါလက်စတိုင်းပြည်သူတွေရဲ့ မျှော်လင့်ချက်ဟာ ပျောက်ဆုံးနေပါပြီ” လို့ ဘန်ကီမွန်းက ကုလသမဂ္ဂရဲ့ ပါလက်စတိုင်းအခွင့်အရေးဆိုင်ရာ ကော်မတီမှာ ဗုဒ္ဓဟူးနေ့က ပြောဆိုလိုက်တာပါ။

    ဘန်ကီမွန်ရည်ညွှန်းတဲ့ အော်စလို ကတိက၀တ်ဟာ ၁၉၉၀ ပြည့်နှစ်တွေမှာ အစ္စရေးအစိုးရနဲ့ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ (PLO) တို့ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးထားတဲ့ အော်စလိုသဘောတူညီချက် ဖြစ်ပါတယ်။

    “အထူးသဖြင့် လူငယ်တွေဟာ မျှော်လင့်ချက် ပျောက်ဆုံးနေပါတယ်။ သူတို့မြေကို ကျူးကျော်သိမ်းပိုက်နေခြင်းက သူတို့ကို ဒေါသူပုန်ထစေခဲ့တာပါ။ သွက်ချပါဒလိုက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ရာစုနှစ်တစ်ဝက်လောက်ဖိနှိပ်ကျူးကျော်ခံခဲ့ရတဲ့ အနေအထားအောက်မှာ ပါလက်စတိုင်းပြည်သူတွေ စိတ်ပျက်လက်ပျက်ဖြစ်နေမှုက ကြီးထွားလာခဲ့ပါပြီ” လို့ ဘန်ကီမွန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်းပိုင်နက်တွေထဲမှာ အစ္စရေးက တရားမ၀င် ကျူးကျော်အခြေချအိမ်ယာတွေကို ထပ်မံတိုးချဲ့ဆောက်လုပ်မှုနဲ့ပတ်သက်ပြီးတော့လည်း ဘန်ကီမွန်က အင်္ဂါနေ့မှာ ဝေဖန်ပြောကြားခဲ့ပြီး ဒီလုပ်ရပ်ဟာ ပါလက်စတိုင်းပြည်သူတွေနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို စိန်ခေါ်တာဖြစ်တယ်လို့ ဆိုပါတယ်။

    အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဘန်ကီမွန်အနေနဲ့ အကြမ်းဖက်မှုတွေဖြစ်အောင် မြှောက်ပေးနေတယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ ဘက်မလိုက်မူဝါဒဟာ အချိန်အတော်ကြာကတည်းက ပျောက်ဆုံးနေခဲ့ ပြီလို့ နေတန်ယာဟုက ဆိုပါတယ်။

    အနောက်ဖက်ကမ်းနဲ့ အရှေ့ဂျရုစလင်တို့က ပါလက်စတိုင်းတွေရဲ့ ပိုင်နက်မှာ အစ္စရေးက ကျူးကျော်အိမ်ယာ ဆောက်လုပ်မှုဟာ ၁၉၆၇ ခုနှစ် စစ်ပွဲပြီးကတည်းက စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး အခုအချိန်မှာ ပါလက်စတိုင်းပိုင်နက်အတွင်းက ကျူးကျော်အိမ်ယာတွေမှာနေထိုင်တဲ့ အစ္စရေးအရေအတွက်ဟာ သန်းဝက် ကျော်လာခဲ့ပါပြီ။

    ကုလနဲ့ ကမ္ဘာ့နိုင်ငံအများစုက အစ္စရေးရဲ့ ဒီလုပ်ရပ်ဟာ ဂျီနီဗာသဘောတူညီချက်ကို ချိုးဖောက်တာကြောင့် ဥပဒေနဲ့မညီဘူးလို့ သတ်မှတ်ထားပါတယ်။

    ပါလက်စတိုင်းနယ်မြေမှာ အစ္စရေးက အခြေချဝင်ရောက်နေထိုင်နေကြတဲ့အတွက် အရှေ့အလယ်ပိုင်းမှာ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ကြီးမားတဲ့အတားအဆီးတစ်ရပ် ဖြစ်နေပါတယ်။ ပါလက်စတိုင်းအာဏာပိုင်တွေအနေနဲ့ အနာဂတ်မှာ အရှေ့ဂျေရုဆလင်ကို မြို့တော်အဖြစ်သတ်မှတ်ပြီး နောက်ဖက်ကမ်းနဲ့ ဂါဇာကမ်းမြှောင်တို့ကို အနာဂတ် ပါလက်စတိုင်းနိုင်ငံတော် နယ်နမိတ်အဖြစ် သတ်မှတ်ထားပါတယ်။

    Ref:Press TV

  • မန်ယူတွင် ပြီးဆုံးသည်အထိ နေသွားမည်ဟု ဗန်ဂါးလ်ပြော

    မန်ယူတွင် ပြီးဆုံးသည်အထိ နေသွားမည်ဟု ဗန်ဂါးလ်ပြော

    ဇန်န၀ါရီ ၂၉၊ ၂၀၁၆
    M-Media

    Man U

    – ဆောက်သက်တမ်အား ရှုံးနိမ့်ခဲ့သည့်ပွဲအပြီးတွင် နှုတ်ထွက်ရန်အတွက် အသင်းဒုတိယ ဥက္ကဌအား ကမ်းလှမ်းခဲ့သည်ဆိုသော သတင်းကို မန်ယူနည်းပြ ဗန်ဂါးလ်က ငြင်းဆိုလိုက်ပြီး မိမိမှာ မည်သည့်အခါမှ နှုတ်ထွက်သွားမည်မဟုတ်ဟု ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်တစ်ပတ် စနေနေ့က ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည့် အဆိုပါပွဲပြီးနောက် ဗန်ဂါးလ်မှာ မန်ယူအမှုဆောင် ဒုတိယဥက္ကဌ အဒ်ဝုဒ်ဝါ့ဒ်နှင့် တွေ့ဆုံကာ နှုတ်ထွက်ရန် ကမ်းလှမ်းခဲ့ကာ အသင်းမှ လက်မခံခဲ့ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သည်။

    သို့သော်လည်း ဗန်ဂါးလ်မှာ ထိုသတင်းကို ယမန်နေ့က ငြင်းဆိုခဲ့ကာ အိုးထရက်ဖို့ဒ်တွင် ဆက်ရှိနေမည်ဟု ထပ်မံပြောကြားခဲ့သည်။

    “ကျွန်တော် ဒါမျိုး မပြောခဲ့ဘူးဗျ။ ကျွန်တော်ဟာ အမြဲတမ်း တိုက်ပွဲဝင်နေတာပါ။ ဒီမှာ ၃ နှစ်စာချုပ် ချုပ်ဆိုထားတယ်။ ဒါက ကာလတစ်ခုပါ။ တစ်ပွဲတည်းမဟုတ်ပါဘူး။ အဆုံးအထိ ကျွန်တော် ဆက်လျှောက်ချင်ပါတယ်။ ကျွန်တော် ဒါမျိုးလုပ်ဖို့ ဆန္ဒမရှိဘူးဆိုရင် လွန်ခဲ့တဲ့ တစ်နှစ်ခွဲအရင်ကတည်းက ကျွန်တော် ဒီမှာ ၀င်ခဲ့မှာ မဟုတ်ပါဘူး” ဟု ဗန်ဂါးလ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် မိမိနည်းပြခဲ့သည့် အသင်းတိုင်းတွင် အမှုဆောင်များ၊ ပိုင်ရှင်များဖြင့် ရင်းရင်းနှီးနှီးဆက်ခဲ့ပြီး ၎င်းတို့အားလုံးက မိမိအား အမြဲတမ်း ထောက်ခံအားပေးခဲ့သည်ဟု ယုံကြည်ကြောင့် ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • အီသီယိုးပီးယားပြည်သူများ ငတ်မွတ်ခေါင်းပါးမှုအန္တရာယ် ရှိနေသည်ဟု ကုလပြော

    အီသီယိုးပီးယားပြည်သူများ ငတ်မွတ်ခေါင်းပါးမှုအန္တရာယ် ရှိနေသည်ဟု ကုလပြော

    ဇန်န၀ါရီ ၂၉၊ ၂၀၁၆
    M-Media

    africa 2
    ရာသီဥတုဖောက်ပြန်မှုဒဏ် ခံစားနေရသည့် အာဖရိကမှ ပုံရိပ်တစ်ခု

    – အီသီယိုးပီးယားနိုင်ငံမှာ စားနပ်ရိက္ခာ ပြတ်လပ်မှုကြောင့် ကလေးငယ်တွေအပါအ၀င် လူသန်းပေါင်းများစွာဟာ ငတ်မွတ်ခေါင်းပေါင်းမှုအန္တရာယ် ရှိနေတယ်လို့ ကုလသမဂ္ဂက သတိပေးပြောကြားလိုက်ပါတယ်။

    ကုလသမဂ္ဂ လူသားချင်းစာနထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (OCHA) က အီသီယိုးပီးယားကို အစားအသောက်တွေ ပေးပို့မှု ပြတ်တောက်နေခြင်းက ပြည်သူများစွာဟာ အသက်ဆက်ရမယ့် စားနပ်ရိက္ခာကို မရရှိဘဲ ဖြစ်စေတယ်လို့ ယမန်နေ့က ထည့်သွင်းသတိပေးခဲ့ပါတယ်။

    “အီသီယိုးပီးယားအစိုးရနဲ့ ပြည်သူတွေအတွက် ကျွန်တော်တို့ရဲ့ ကူညီထောက်ပံ့မှုကို တိုးမြှင့်တာကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ဖို့လိုပါတယ်။ ပြင်ပထောက်ပံ့မှုတွေမရရင် နိုင်ငံရဲ့ စားနိပ်ရိက္ခာကဏ္ဍတစ်ခုလုံးဟာ နှစ်လလောက်အတွင်းမှာ အပြီးပြိုလဲသွားနိုင်ဖွယ် ရှိနေပါတယ်။ အီသီယိုးပီးယားဟာ ရာသီဥတုဖောက်ပြန်မှု၊ မိုးခေါင်မှုကို နောက်တစ်ကြိမ် ရင်ဆိုင်နေရပါတယ်။ လူသန်းပေါင်းများစွာဟာ အစားအသောက်အကူအညီ လိုအပ်နေပါတယ်၊ ကလေးအတော်များများဟာလည်း အာဟာရချို့တဲ့မှုဒဏ်ကို အလူးအလဲ ခံစားနေရပါတယ်” လို့ OCHA က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။

    ကုလသမဂ္ဂကထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ အီသီယိုးပီးယားမှာ အနည်းဆုံး လူ ၁၀.၂ သန်း လောက် စားနိပ်ရိက္ခာ ထောက်ပံ့ရေးအကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

    အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် အရှေ့အာဖရိကမှာ လူအမြောက်အများဟာ ငတ်မွတ်ခေါင်းပါးမှုဒဏ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ နိုင်ငံတစ်ချို့မှာဆိုရင် သီးနှံစိုက်ခင်းတွေအာလုံး ပျက်စဆီးသွားတာတွေအထိ ရှိနေပါတယ်။

    Ref; presstv

  • အနာဂတ်အတွက် ဆုံးဖြတ်ရန် ခက်နေသည်ဟု နေးမာဝန်ခံ

    အနာဂတ်အတွက် ဆုံးဖြတ်ရန် ခက်နေသည်ဟု နေးမာဝန်ခံ

    ဇန်န၀ါရီ ၂၉၊ ၂၀၁၆
    M-Media

    ney mar

    – မိမိ၏အနာဂတ်နှင့်ပတ်သက်၍ ဘာစီလိုနာပရိတ်သတ်များ စိတ်အေးအေးထားကြရန် တိုက်စစ်မှူးနေးမာက ပြောကြားလိုက်ပြီး မိမိအနေဖြင့် ခက်ခဲသော ဆုံးဖြတ်ချက်ဖြင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။

    ဘာစီလိုနာတွင် နေးမာ၏ စာချုပ်မှာ ၂၀၁၈ ခုနှစ်မှ သက်တမ်းကုန်မည်ဖြစ်ပြီး လက်ရှိအချိန်တွင် ဘာစီလိုနာက သက်တမ်းတိုးရန် ဆွေးနွေးနေသည်။ ရီးယဲလ်နှင့် မန်ယူတို့အပါအ၀င် ဥရောပအသင်းကြီးများကလည်း ၎င်းအား ပစ်မှတ်ထားနေကြပြီး နေးမာကိုယ်တိုင်က ၎င်းမှာ ပရီးမီးယားလိဂ်သို့ သွားရောက်မည်ဟု ဖွင့်ဟထားသည့် ဂွါဒီယိုလာ၏ လက်အောက်တွင် ကစားချင်သည်ဟု ဆိုသည်။

    သို့သော်လည်း လက်ရှိအချိန်တွင် မိမိမှာ ခက်ခဲသော ဆုံးဖြတ်ချက်နှင့် ရင်ဆိုင်နေရသည်ဟု နေးမာက ပြောကြားခဲ့သည်။

    “သက်တမ်းတိုးမယ့်ကိစ္စနဲ့ အရာရာတိုင်းအတွက် အားလုံးနဲ့ ဆွေးနွေးမှုတွေ လုပ်နေရပါတယ်။ ဘာစီလိုနာမှာ ကျွန်တော် တော်တော်လေးပျော်ရွှင်ပါတယ်။ ကျွန်တော်လိုချင်တာအားလုံးနီးပါးလည်း ရနေတယ်။ ကစားဖို့အတွက် ပျော်ရွှင်မှု၊ ကျန်းမာရေးနဲ့ အရာအားလုံး ကျွန်တော့်ဆီမှာ ရှိနေပါတယ်။ လှပတဲ့မြို့၊ ကြီးကျယ်တဲ့ကလပ်၊ ချစ်စရာကောင်းတဲ့ ပရိတ်သတ်နဲ့ တစ်ခြားကမ္ဘာကအလား ထင်မှတ်ရတဲ့ ကစားသမားတွေရှိနေတဲ့ ဒီကနေ ထွက်ဖို့ဆိုတာ ခက်ခဲပါတယ်။ ဒါပေမယ့် ကိစ္စတိုင်းကို ထည့်တွက်ရမှာပေါ့လေ။ ဆုံးဖြတ်ဖို့ခက်တဲ့ ကိစ္စတွေရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော်က ဒီမှာ ရှိနေဆဲဖြစ်တာကြောင့် စိတ်အေးအေးထားရမှာပါ” ဟု နေးမာက ပြောကြားခဲ့သည်။

    Ref : Goal