မန္တလေး ဇန်နဝါရီ ၂၅
.
၁၄၈၉ နှစ်မြောက် မဟာတမန်တော်မြတ် မွေးနေ့အခမ်းအနားကို ဇန်နဝါရီ၂၅ ရက် နံနက် ၇နာရီခွဲမှ မွန်းတည့် ၁၂နာရီအထိ မန္တလေးမြို့ စကြာနွယ်စဉ်ရပ် ၇၄လမ်း၊ ၃၆×၃၇လမ်းကြားရှိ မဏ္ဍပ်၌ မန္တလေးမြို့ (KAFTG) ဃရာနာမိသားစုက ကြီးမှူးကျင်းပသည်။ (အပေါ်ပုံ)
.
ရှေးဦးစွာ ၇၄လမ်း၊ ၃၆×၃၇လမ်းစုရပ်မဏ္ဍပ်မှ ၇၇လမ်းအထိ၊ ထိုမှ ၃၅လမ်းထိ၊ ၃၅လမ်း၊ ၇၄လမ်းဗဟိုထိ စီတန်းလှည့်လည်၍ တမန်တော်အား ချီးကျုးဂုဏ်ပြုရွတ်ဖတ်မှုပြုလုပ်ရာ မန္တလေးမြို့ရှိ အစ္စလာမ်ဘာသာဝင်များ၊ မန္တလေးမြို့လုံးဆိုင်ရာ တမန်တော်နေ့ကျင်းပရေးကော်မတီဝင်များ၊ ဃရာနာမိသားစုဝင်များ စီတန်းလှည့်လည်ပွဲတွင် လိုက်ပါကြသည်။
.
ထို့နောက် စုရပ်ဖြစ်သည့် မဏ္ဍပ်၌ တရားတော်များဟောကြားခဲ့ရာ ကမ္ဘာ့ဗုဒ္ဓဘာသာငြိမ်းချမ်းရေးညီလာခံသို့ တက်ရောက်လာသည့် ဧည့်သည်တော် အီရန်နိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာန ဘာသာပေါင်းစုံ တက္ကသိုလ်အဓိပတိနှင့် (KAFTG) ဃရာနာမိသားစုက ဦးဆောင်ပြီး တက်ရောက်လာသူများအား တရားဒေသနာတော်များ ဟောကြားသည်။
.
အဆိုပါ တမန်တော်မြတ်မွေးနေ့အခမ်းအနားသို့ မန္တလေးနှင့်အနီးဝန်းကျင်ဒေသများမှလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။ ယင်းအခမ်းအနားကို မန္တလေးမြို့၌ နှစ်စဉ်ကျင်းပကြောင်း သိရှိရသည်။
.
ခင်ခင်ဝင်း(ပညာရေး)
၂၆၊၁၊ ၂၀၁၆ မြန်မာ့အလင်းသတင်းစာမှ ကူးယူဖော်ပြသည်။
Blog
-
မန္တလေးမြို့၌ ၁၄၈၉နှစ်မြောက် မဟာတမန်တော်မြတ်မွေးနေ့ကျင်းပ
-
မလေးရှားဝန်ကြီးချုပ် ဘဏ်စာရင်းမှ ဒေါ်လာ သန်း ၇၀၀ နီးပါးကိစ္စကို ရှေ့နေချုပ်ရှင်းလင်း
ဇန်န၀ါရီ ၂၆၊ ၂၀၁၆
M-Media- မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်၏ ဘဏ်စာရင်းထဲသို့ ဆော်ဒီမှ ကန်ဒေါ်လာ သန်းပေါင်း ၆၈၁ သန်း လွှဲပေးမှုမှာမည်သည့်ရာဇ၀တ်မှု၊ ခြစားမှုမှ မမြောက်ဘဲ ဆော်ဒီတော်ဝင်မိသားစုက လက်ဆောင်အဖြစ် ပေးအပ်ခြင်းသာဖြစ်သည်ကို တွေ့ရှိခဲ့ရသည်ဟု မလေးရှားရှေ့နေချုပ်က ယနေ့တွင် ပြောကြားလိုက်သည်။“ဒီငွေတွေဟ လာဘ်ထိုးတဲ့ငွေ ဒါမှမဟုတ် ခြစားတဲ့ငွေပုံစံမျိုးမဟုတ်ဘူးဆိုတဲ့ တွေ့ရှိချက်အတွက် ကျွန်တော် ကျေနပ်ပါတယ်။ ဘာ့ကြောင့် ၀န်ကြီးချုပ်နာဂျစ်ကို ဒီငွေပေးလဲဆိုတာ အကြောင်းပြချက်တော့ မပေးခဲ့ပါဘူး။ ဒါဟာ သူနဲ့ ဆော်ဒီတော်ဝင်မိသားစုတို့ကြားက ကိစ္စပါပဲ” ဟု ယနေ့မနက်ပိုင်းတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ရှေ့နေချုပ် မိုဟာမက် အာပန်ဒီ အလီက ပြောကြားခဲ့သည်။
ထို့ပြင် မလေးရှားခြစားမှုတိုက်ဖက်ရေး အေဂျင်စီက ပြုလုပ်ခဲ့သည့် စုံစမ်းစစ်ဆေးမှု ၃ ခုတွင် နာဂျစ်မှာ မည်သည့် ရာဇ၀တ်မှုကိုမှ ကျူးလွန်ခဲ့သည်ကို မတွေ့ရှိရကြောင်း၊ နောက်ထပ် မည်သည့်စုံစမ်းမှုမှ ပြုလုပ်တော့မည်ဟုတ်ကြောင်း ရှေ့နေချုပ်က ထပ်လောင်းပြောကြားခဲ့သည်။
အသုံးပြုစရာမရှိသောကြောင့် ကန်ဒေါ်လာ သန်း ၆၂၀ ကို နာဂျစ်က ဆော်ဒီနိုင်ငံသို့ ပြန်လည်ပေးအပ်ခဲ့သည်ဟု အလီက ဆိုသည်။
နာဂျစ်က အကြီးအကဲဖြစ်တာဝန်ယူထားသည့် နိုင်ငံပိုင်လုပ်ငန်း 1Malaysia Development Berhad (1MDB) တွင် ဒေါ်လာဘီလီယံနှင့်ချီ အကြွေးတင်နေသည့်အချိန် ၎င်း၏ ငွေစာရင်းတွင် ထိုငွေများကို တွေ့ရှိခဲ့ရခြင်းကြောင့် ၀န်ကြီးချုပ်နာဂျစ်မှာ ဝေဖန်မှုများခံခဲ့ရကာ ရာထူးမှ နှုတ်ထွက်ရန်အထိ ဖိအားပေးခြင်း ခံခဲ့ရသည်။
Ref : Aljazeera
-
ဗီယက်နမ်တွင် ဂြိုဟ်တုသတင်းအချက်အလက် စင်တာတစ်ခု အိန္ဒိယတည်ဆောက်မည်
ဇန်န၀ါရီ ၂၆၊ ၂၀၁၆
M-Media– ဂြိုဟ်တု ခြေရာခံပုံရိပ်ဖော် စင်တာတစ်ခုကို ဗီယက်နမ်နိုင်ငံမှာ တည်ဆောက်သွားဖို့ရှိနေပြီး အဲဒီစင်တာကနေတစ်ဆင့် တရုတ်နိုင်ငံနဲ့ တောင်တရုတ်ပင်လယ်အပါအ၀င် ဒေသတွင်းနိုင်ငံတွေကို စောင့်ကြည့်နေတဲ့ အိန္ဒိယကမ္ဘာမြေလေ့လာစောင့်ကြည့်ရေးဂြိုဟ်တုက ဓာတ်ပုံတွေကို ဗီယက်နမ်က အသုံးပြုနိုင်လိမ့်မယ်လို့ အိန္ဒိယအာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။
ဒီလိုလုပ်ဆောင်မှုဟာ နယ်မြေပိုင်ဆိုင်မှုနဲ့ပက်သက်လို့ အချိန်ကြာမြင့်စွာ အငြင်းပွားခဲ့ကြတဲ့ တရုတ်နဲ့ ၎င်းတို့နှစ်နိုင်ငံကြား တင်းမာမှုကို မြင့်တက်စေမှာဖြစ်ပါတယ်။
အိန္ဒိယအနေနဲ့ ဗီယက်နမ်ကို ကင်းထောက်ရေယာဉ်တွေ ၀ယ်ယူဖို့ ဒေါ်လာသန်း ၁၀၀ ချေးပေးခဲ့ပြီး ဗီယက်နမ်ရေငုပ်သင်္ဘောလုပ်သားတွေကိုလည်း အိန္ဒိယကို ခေါ်ယူလေ့ကျင့်ပေးနေပါတယ်။ ဗီယက်နမ်ကလည်း တစ်ဖက်မှာ တရုတ်နဲ့အငြင်းပွားနေတဲ့ ရေပိုင်နက်ထဲ အိန္ဒိယအတွက် ရေနံရှာဖွေခွင့်ရမယ့် အတားအဆီးတွေကိုလည်း ဖယ်ရှားပေးခဲ့ပါတယ်။
ဟနွိုင်းမှာဆောက်လုပ်မယ့် အဲဒီ အချက်အလက်စင်တာမှာ ဂြိုဟ်တုကနေ ဓာတ်ပုံတွေလက်ခံရယူနိုင်မယ့် ပစ္စည်းကိရိယာတွေကို တပ်ဆင်သွားမှာ ဖြစ်ပြီး ဗီယက်နမ်က အဲဒီ ခြေရာခံစနစ်ကို အသုံးပြုနိုင်မယ်လို့ ဒီအစီအစဉ်နဲ့ ဆက်နွယ်နေတဲ့ အိန္ဒိယအစိုးရ တာဝန်ရှိသူတ်တစ်ယောက်က ပြောကြားခဲ့ပါတယ်။
“အိန္ဒိယဆီက ခွင့်ပြုချက်တောင်းစရာမလိုပဲ ဗီယက်နမ်အနေနဲ့ ကောင်းကင်ဓာတ်ပုံတွေကို တိုက်ရိုက်ရယူနိုင်မယ့် အပေးအယူတစ်မျိုးပါပဲ” လို့ မီဒီယာသို့ ပြောရေးဆိုခွင့်မရှိ၍ အမည်မဖော်လိုသူ အရာရှိတစ်ဦးကပြော ပါတယ်။
အိန္ဒိယရဲ့ အဲဒီကမ္ဘာမြေစောင့်ကြည့်လေ့လာရေးဂြိုဟ်တုဟာ စိုက်ပျိုးမွေးမြူရေး၊ သိပံ္ပနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသုံးချမှုတွေသာမကဘဲ စစ်ဘက်ထောက်လှမ်းရေးမှာလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အိန္ဒိယမီဒီယာတွေတော့ ဗီယက်နမ်မှာဆောက်လုပ်မယ့် စင်တာဟာ ကန်ဒေါ်လာဒေါ်လာ ၂၃ သန်း ကုန်ကျမယ်လို့ ဖော်ပြခဲ့ကြပါတယ်။
Ref: Al-jazeera
-
ဇီဒိန်း နိုင်ပွဲရပ်ပြီး ဇယားထိပ်အပြောင်းအလဲဖြစ်သွားတဲ့ လာလီဂါပွဲစဉ် ၂၁
ဇန်န၀ါရီ ၂၆၊ ၂၀၁၆
M-Media– ဒီတစ်ပတ်လာလီဂါမှာတော့ ဇီးဒိန်းလက်ထက်မှာ နိုင်ပွဲဆက်နေတဲ့ ရီးယဲလ် အဝေးကွင်းမှာ သရေတစ်မှတ်သာ ရရှိခဲ့ပါတယ်။
ပွဲအစ ၇ မိနစ်မှာတင် ဦးဆောင်ဂိုးပေးလိုက်ရတဲ့ ရီးယဲလ်တို့ နောက်ပိုင်းမှာ ဖိဖိစီးစီးကစားခဲ့ပေမယ့် အဓိကအဟန့် အတားကတော့ ဘက်တစ် ဂိုးသမား အဒ်နန်ဖြစ်ပြီး ရီးယဲလ်တိုက်စစ်မှူးတွေရဲ့ အပိုင်ကန်သွင်းခွင့်တွေကို လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။ သရေတစ်မှတ်ရစေတဲ့ ရီးယဲလ်ရဲ့ ချေပဂိုးကို ၇၁ မိနစ်မှာ ရရှိခဲ့တာဖြစ်ပြီး ဘန်ဇီမာက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာကတော့ အဝေးကွင်းမှာ မာလာဂါကို ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရခဲ့ပေမယ့် လွယ်ကူခဲ့တာတော့မဟုတ်ပါဘူး။ နောက်ဆုံးမိနစ်တွေမှာ အိမ်ရှင်တို့ရဲ့ အပိုင်ဂိုးသွင်းခွင့် ၂ လုံးလောက် လွဲချော်ခဲ့တာကြောင့် ဘာကာတို့ သက်သာရာ ရခဲ့တာဖြစ်ပါတယ်။
ထိပ်ဆုံးက အက်သလက်တီကိုက အိမ်ကွင်းမှာ ဆီးဗီးလားကို အနိုင်ရအောင် မကစားနိုင်ခဲ့တာကြောင့် ဂိုးမရှိသရေနဲ့ ၁ မှတ်သာရရှိခဲ့ပြီး ထိပ်ဆုံးနေရာကို ဘာစီလိုနာကို ဖယ်ပေးလိုက်ရပါတယ်။ ဘာစီလိုနာက တစ်ပွဲလျော့ထားတာကြောင့် အဲဒီပွဲသာနိုင်ရင် အက်သလက်တီကိုအနေနဲ့ ၃ မှတ်ကွာသွားမှာဖြစ်ပါတယ်။
ဇယားအော
က်ဆုံးက ၃ သင်းမှာတော့ စပို့တင်းဂီဂျွန်က ဆိုစီဒက်ကို အံသြဖွယ် ၅ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး၊ လီဗန်တေးကတော့ ဘ၀တူ လက်စ်ပါးလ်မက်စ်ကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဒီတစ်ပါတ် လာလီဂါပွဲစဉ် ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
စပို့တင်းဂီဂျွန် ၅-၁ ဆိုစီဒက်
မာလာဂါ ၁-၂ ဘာစီလိုနာ
အက်စပန်ညို ၂-၂ ဗီလာရီးယဲလ်
ဂရန်နာဒါ ၃-၂ ဂီတာဖေး
ဗယ်လက်ကာနို ၃-၀ ဆဲလ်တာဗီဂို
ဘီဘာအို ၅-၂ အိုက်ဘာ
အက်သလက်တီကို ၀-၀ ဆီးဗီးလား
ဒီပို့တီဗို ၁-၁ ဗလင်စီယာ
ဘက်တစ် ၁-၁ ဗလင်စီယာ
လီဗန်တေး ၃-၂ လက်စ်ပါးလ်မက်စ် -
မက္ကာတွင် အစ္စလာမ့်ယဉ်ကျေးမှုပြတိုက်တစ်ခု တည်ဆောက်မည်
ဇန်န၀ါရီ ၂၆၊ ၂၀၁၆
M-Media– ဗြိတိသျှကုမ္ပဏီတစ်ခုဖြစ်တဲ့ Mossessian Architecture က ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့မှာ “သက်ဝင်ယုံကြည်မှုအိုအေစစ်” လို့ခေါ်တဲ့ ယဉ်ကျေးမှုဆိုင်ရာ ပြတိုက်တစ်ခုကို တည်ဆောက်ဖို့ စီစဉ်နေလို့ သိရပါတယ်။
အစ္စလာမ်သာသနာ၊ အစ္စလာမ့်ယဉ်ကျေးမှု၊ အစ္စလာမ့်သမိုင်းတွေနဲ့ပက်သက်ပြီး အလေးပေးပြသမယ့် အဲဒီ ယဉ်ကျေးမှုဆိုင်ရာပြတိုက်တစ်ခု တည်ဆောက်ဖို့ တင်ဒါခေါ်ယူမှုအတွင်းမှာ Mossessian Architecture က အနိုင်ရရှိ ခဲ့တာဖြစ်ပါတယ်။
အဆိုပါပြတိုက်ကို မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်ကြီးရဲ့ ၇ ကီလိုမီတာအကွာအဝေးက ၅၆၀၀ စကွဲယားမီတာ အကျယ်အ၀န်းရှိတဲ့နေရာမှာ တည်ဆောက်မှာ ဖြစ်ပါတယ်။ ပြတိုက်ထဲမှာ ပါဝင်မယ့်အရာတွေကတော့ ဧည့်ကြိုဆိုရေးနေရာ၊ အစ္စလာမ့်သမိုင်းဆိုင်ရာ ဓာတ်ပုံပြခန်း၊ ဇာတ်ရုံတစ်ခု၊ စာအုပ်ဆိုင်တစ်ခု၊ သင်ကြားရေးပြုလုပ်နိုင်မယ့် အခန်းတွေ ပါဝင်မှာဖြစ်ပြီး ပြတိုက်ရဲ့ အမိုးပေါ်မှာတော့ ရာသီဥတုကို ထိန်းညှိပေးမယ့် ပန်းခြံတစ်ခုနဲ့ စားသောက်ဆိုင်တွေ ပါဝင်မှာဖြစ်ပါတယ်။
ပြတိုက်အပြင်ဘက်နံရံမှာ အစ္စလာမ်ကိုလက်ခံကျင့်သုံးနေတဲ့ ကမ္ဘာ့နိုင်ငံတစ်ခုစီကနေ ထွက်ရှိတဲ့ ကျောက်တွေနဲ့ ခင်းကျင်းပြသထားမှာ ဖြစ်ပါတယ်။ အတွင်းဘက် နံရံမှာတော့ မက္ကာမြို့အနီးမှာရှိတဲ့ တောင်တွေဆီကရတဲ့ ဟီဂျာဇီကျောက်နဲ့ မွမ်းမံချယ်သသွားမှာဖြစ်ပါတယ်
“အခုဆောက်လုပ်မယ့် မက္ကာပြတိုက်ဟာဆိုရင် ကမ္ဘာတစ်ဝှမ်းက အရပ်ရပ်က သန်းပေါင်းများစွာသော မွတ်စလင်တွေရဲ့ သက်ဝင်ယုံကြည်မှုကို ပြိုင်ဘက်ကင်း ထင်ဟပ်ပြသနိုင်မှာ ဖြစ်ပါတယ်။ မွတ်စလင်တွေရဲ့ အမြင့်မြတ်ဆုံးမြို့တော်မှာ ဒီလိုယဉ်ကျေးမှုဆိုင်ရာအဆောက်အအုံမျိုး မရှိသေးပါဘူး” ဟု Mossessian Architecture ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပါဝင်ပါတယ်။
၂၀၀၅ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ Mossessian Architecture ကုမ္ပဏီဟာ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတစ်ဝှမ်းမှာ ဗိသုကာဆိုင်ရာ စီမံကိန်းတွေကို လုပ်ကိုင်နေတဲ့ ကုမ္ပဏီလည်းဖြစ်ပါတယ်။
Ref: Arabnews