News @ M-Media

Blog

  • ဟိန္ဒူဘာသာရေးပွဲတော်အတွက် နိုင်ငံ၏ အကြီးဆုံး ဟိန္ဒူဘုရားကျောင်းတစ်ဝိုက်တွင် မလေးရှားက လုံခြုံရေး တိုးမြှင့်ချထားပေး

    ဟိန္ဒူဘာသာရေးပွဲတော်အတွက် နိုင်ငံ၏ အကြီးဆုံး ဟိန္ဒူဘုရားကျောင်းတစ်ဝိုက်တွင် မလေးရှားက လုံခြုံရေး တိုးမြှင့်ချထားပေး

    ဇန်န၀ါရီ ၂၂၊ ၂၀၁၆
    M-Media

    malay

    – ဟိန္ဒူဘာသာဝင်များ၏ Thaipusam နီးကပ်လာသည့်အချိန်တွင် နိုင်ငံသားများ စိတ်အေးချမ်းသာစွာ ဘာသာရေးထုံးတမ်းဓလေ့များကို ကျင့်သုံးနိုင်ရန်အတွက် မလေးရှားအစိုးရမှာ ဟိန္ဒူများ အထွဋ်အမြတ်ထားရာ ဘုရားကျောင်းရှိသော Batu Caves တစ်ဝိုက်တွင် လုံခြုံရေးကို တိုးမြှင့်ချထားလိုက်သည်ဟု သိရသည်။

    Thaipusam ပွဲတော်မှာ ဇန်န၀ါရီ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ကျရောက်မည်ဖြစ်ပြီး ဆီလန်ဂေါပြည်နယ်တွင်ရှိသည့် အဆိုပါ Batu Caves မှာ ကမ္ဘာပေါ်တွင် အကြီးဆုံးနှင့် အလှပဆုံး Thaipusam ပွဲတော်ကျင်းပရာ နေရာဖြစ်ကာ ကမ္ဘာ့လှည့်ခရီးသွားများ လာရောက်လည်ပတ်ရာ နေရာလည်းဖြစ်သည်။

    မလေးရှားလုံခြုံရေးတပ်ဖွဲ့ဝင်များကမူ အဆိုပါနေရာတွင် ဇန်န၀ါရီ ၁၅ ရက်နေ့မှ စတင်ကာ လုံခြုံရေးကို တိုးမြှင့်ချထားခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်တစ်ပတ်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် IS အဖွဲ့ဝင်များ အကြမ်းဖက်တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် မလေးရှားတွင် အထူးသဖြင့် ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်ရာ နေရာများတွင် လုံခြုံရေးကို တိုးမြှင့်ချထားခဲ့သည်။

    Batu Caves တွင် ရဲတပ်ဖွဲ့အပြင် စစ်တပ်မှာလည်း လုံခြုံရေးတာဝန်ကို ရယူကာ ကင်းလှည့်စောင့်ကြပ်မှုများကို အချိန်ပြည့်ပြုလုပ်နေသည်။

    malay 2

    Ref: Channelnewsasia

  • မော်ရင်ဟိုနှင့် ဂွါဒီယိုလာတို့၏ အရည်အသွေးမှာ တော်တော်များများ တူညီသည်ဟု အလွန်ဆိုပြော

    မော်ရင်ဟိုနှင့် ဂွါဒီယိုလာတို့၏ အရည်အသွေးမှာ တော်တော်များများ တူညီသည်ဟု အလွန်ဆိုပြော

    ဇန်န၀ါရီ ၂၂၊ ၂၀၁၆
    M-Media

    morinho

    – မော်ရင်ဟိုနှင့် ဂွါဒီယိုလာတို့အကြား တူညီမှုမှာ အချို့သူများ ထင်ထားသည်ထက်ပင် ပိုသည်ဟု ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ဇာဘီအလွန်ဆိုက ပြောကြားလိုက်သည်။

    ဂွါဒီယိုလာက ဘာကာအား ကိုင်တွယ်နေသည့်အချိန်နှင့် မော်ရင်ဟိုက ရီးယဲလ်အား ကိုင်တွယ်နေသည့် အချိန်တို့တွင် ၂၀၁၀ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ မော်ရင်ဟိုနှင့် ဂွါဒီယိုလာတို့မှာ ခါးသီးသောပြိုင်ဘက်များဖြစ်ခဲ့သည်။ ထိုနည်းပြနှစ်ဦး လက်အောက်တွင် အောင်မြင်မှုအရသာကို မြည်းစမ်းနိုင်ခဲ့သည့် အလွန်ဆိုကမူ ၎င်းတို့နှစ်ဦးတွင် အရည်အသွေး အများအပြား တူညီမှုရှိသည်ဟု ပြောကြားခဲ့သည်။

    “သူတို့ရဲ့သဘာဝကိုက ခေါင်းဆောင်ဖြစ်ရမယ့်သူတွေပါ။ သူတို့တွေဟာ လူတွေကို ဘယ်လိုယုံကြည်အောင် လုပ်မလဲဆိုတာကို သိကြတဲ့ သြဇာတိက္ကမကြီးတဲ့ ပုဂ္ဂိုလ်တွပါပဲ။ လူတိုင်းမှာ ကိုယ်ပိုင် ပုံသဏ္ဍာန်တွေရှိပေမယ့် သူတို့နှစ်ယောက်မှာတော့ တော်တော်များများ တူညီကြပါတယ်။ ဥပမာအားဖြင့် နှစ်ယောက်စလုံးက စိတ်ခံစားလွယ်တယ်။ သူတို့ရဲ့ ဘောလုံးပညာကိုသာမက စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ်ကိုပါ မျှဝေသင်ကြားပေးနိုင်ပါတယ်။ ကိုယ့်ရဲ့ အမိန့်အတိုင်း အသင်းက လိုက်ကစားအောင် လုပ်ရတာဟာ တကယ်တော့ မလွယ်ပါဘူး။ လေ့ကျင့်ကွင်းမှာ ဘယ်လောက်ကောင်းကောင်း တကယ့်ပွဲမှာ ကစားသမားတွေက ကိုယ့်စကားနားမထောင်ရင် အလုပ်ဖြစ်မှာ မဟုတ်ပါဘူး” ဟု အလွန်ဆိုက ပြောကြားခဲ့သည်။

    ချယ်ဆီးမှထုတ်ပယ်ခံရပြီးနောက် မော်ရင်ဟိုမှာ ပရီးမီးယားလိဂ်တွင်ပင် ပြန်လည်နည်းပြမည်ဟု ဖွင့်ဟထားပြီး၊ ဂွါဒီယိုလာကလည်း ယခုရာသီကုန်လျှင် အင်္ဂလန်သို့လာရန် ဆန္ဒရှိသည်ဟု ပြောကြားထားသောကြောင့် ၎င်းတို့နှစ်ဦးမှာ ပြန်တွေ့ဆုံမည့်အလားအလာ ရှိနေသည်။

    Ref: Goal

  • ပထမဆုံး မြန်နှုန်းမြင့်ရထားလမ်းကို အင်ဒိုနီးရှားစတင်ဖောက်လုပ်

    ပထမဆုံး မြန်နှုန်းမြင့်ရထားလမ်းကို အင်ဒိုနီးရှားစတင်ဖောက်လုပ်

    ဇန်န၀ါရီ ၂၂၊ ၂၀၁၆
    M-Media

    indo

    – နိုင်ငံရဲ့ ပထမဆုံး မြန်နှုန်းမြင့်ရထားလမ်းဖောက်လုပ်မှုကို အင်ဒိုနီးရှားမှာ ကြာသပတေးနေ့က စတင်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

    ၁၄၂ ကီလိုမီတာရှည်တဲ့ အဲဒီရထားလမ်းဟာ မြို့တော်ဂျကာတာနဲ့ ဂျာဗားအနောက်ပိုင်း ဘန်ဒေါင်းတို့အကြား ဖြတ်သန်းပြေးဆွဲမှာ ဖြစ်ပြီး၊ ကန်ဒေါ်လာ ၅ ဘီလီယံ ကုန်ကျမယ့် အဲဒီစီမံကိန်းကို အင်ဒိုနီးရှားနိုင်ငံပိုင်ကုမ္ပဏီခြောက်ခုပူးပေါင်းထားတဲ့ အုပ်စုနဲ့ တရုတ်ရထားလမ်းကုမ္ပဏီတစ်ခုတို့ ကိုယ်ပိုင်ထည့်ဝင်ငွေတွေနဲ့ ပူးပေါင်းဆောက်လုပ်သွားမှာ ဖြစ်ပါတယ်။

    အနောက်ဘန်ဒေါင်းမှာ ပြုလုပ်ခဲ့တဲ့ အုတ်မြစ်ချပွဲ အခမ်းအနားကို အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက တက်ရောက်ခဲ့ပါတယ်။

    “ချီးမွမ်းခြင်းအားလုံးဟာ ဘုရားသခင်အဖို့သာဖြစ်ပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့တွေ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းကို စတင်တည်ဆောက်နိုင်ခဲ့ပါပြီ။ ဒါဟာ တရုတ်နဲ့ အင်ဒိုနီးရှားအစိုးရအကြား ကြီးမားတဲ့ ပူးပေါင်းဆောင်ရွက်ချက်ပါပဲ။ ဖွံ့ဖြိုးတိုးတက်မှုတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နေတဲ့ နိုင်ငံတစ်ခုဟာ နိုင်ငံတွေအကြား ယှဉ်ပြိုင်မှုမှာ အောင်မြင်သူတစ်ဦးအဖြစ် ပေါ်ထွက်လာပါလိမ့်မယ်” လို့ ဂျိုကို ၀ီဒိုဒိုက ပြောကြားခဲ့ပါတယ်။

    တစ်နာရီ ကီလိုမီတာ ၃၅၀ နှုန်းနဲ့ ပြေးဆွဲမယ့် အဲဒီ မြန်နှုန်းမြင့်ရထားလမ်းစနစ်ကို ၂၀၁၈ မှာ အပြီးသတ်ပြီး ၂၀၁၉ အစောပိုင်းလောက်မှာ စတင်ပြေးဆွဲနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

    ယမန်နှစ်က ဂျပန်နဲ့ တရုတ်ဟာ အဆိုပါစီမံကိန်းကိုလုပ်ကိုင်ဖို့ အကြိတ်အနယ်ယှဉ်ပြိုင်နေခဲ့ပါတယ်။ ဂျပန်က စီမံကိန်းအောင်မြင်နိုင်ချေရှိမရှိ စမ်းသပ်ဖို့ နှစ်ပေါင်းများစွာလေ့လာ၊ ဒေါ်လာသန်းပေါင်းများစွာသုံးစွဲပြီးနောက် အမြန်ရထားတည်ဆောက်ဖို့သာ ဦးစားပေးခဲ့ပါတယ်။

    ဘန်ဒေါင်းနဲ့ ဂျာကာတာ ကြားအကွာအဝေးဟာ မြန်နှုန်းမြင့်ရထားပြေးဆွဲဖို့ အဆင်မပြေဘူးလို့ယူဆတဲ့အတွက် သမ္မတ၀ီဒိုဒိုဟာ ပထမပိုင်းမှာ အဲဒီစီမံကိန်းကို ပယ်ချခဲ့ပါတယ်။ နဂိုပုံမှန်ပြေးဆွဲနေတဲ့ရထားလမ်း ရှိနှင့်ပြီးသားဖြစ်တာကြောင့် အဲဒီစီမံကိန်းအတွက် အစိုးရဘက်ဂျက်ကို ထုတ်ယူသုံးစွဲလိုစိတ် မရှိခဲ့ပါဘူး။

    ဒါပေမယ့် တရုတ်က အစိုးရစိုက်ငွေ သို့မဟုတ် အာမခံကြေး လုံးဝမလိုပေးစရာမလိုတဲ့ ၎င်းရဲ့အဆိုပြုလွှာကို ပြန်လည်ပေးပို့ခဲ့ပြီး စီမံကိန်းဆောင်ရွက်မှုအတွက် ဂျပန်ကိုကျော်ကာ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

    Ref: Channelnewsasia

  • အရှေ့ဂျေရုစလင်ကို မြို့တော်ထား၍ ပါလက်စတိုင်းနိုင်ငံထူထောင်မှုကို တရုတ်ထောက်ခံ

    အရှေ့ဂျေရုစလင်ကို မြို့တော်ထား၍ ပါလက်စတိုင်းနိုင်ငံထူထောင်မှုကို တရုတ်ထောက်ခံ

    ဇန်န၀ါရီ ၂၂၊ ၂၀၁၆
    M-Media

    pale

    – အီဂျစ်နိုင်ငံသို့ ရောက်ရှိနေသည့် တရုတ်သမ္မတ ရှီကျင်ပင်းက အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ်ထား၍ ပါလက်စတိုင်းနိုင်ငံထူထောင်ရန်အတွက် တိုက်တွန်းဆော်သြလိုက်သည်။

    ၎င်း၏ ဒုတိယအကြိမ်မြောက် အရှေ့အလယ်ပိုင်းခရီစဉ်အဖြစ် ရောက်ရှိနေသည့် ရှီက ပါလက်စတိုင်းကိစ္စအား ဘေးဖယ်ထား၍မရဟုလည်း ဆိုသည်။

    “အရှေ့အလယ်ပိုင်းမှာ ငြိမ်းချမ်းတဲ့လုပ်ငန်းစဉ်နဲ့ အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ်ထားပြီး ပါလက်စတိုင်းနိုင်ငံ ထူထောင်မှုကို ထောက်ခံပါတယ်” ဟု ရှီကျင်ပင်းက အာရပ်လိဂ်ရုံးချုပ်တွင် ပြုလုပ်ခဲ့သည့်မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် ပါလက်စတိုင်းပိုက်နက်များ၌ နေစွမ်းအင်သုံးကာ ဓာတ်အားထုတ်လုပ်ပေးနိုင်မည့် စီမံကိန်းများ တည်ဆောက်ရေးအတွက် ကန်ဒေါ်လာ ၇.၆ သန်း ကူညီသွားမည်ဟုလည်း တရုတ်သမ္မတက ကြေငြာခဲ့ကာ ပါလက်စတိုင်း-အစ္စရေး ပြဿနာကို အဆုံးသတ်ရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများကိုလည်း ရှေ့တိုးဆောင်ရွက်သင့်သည်ဟု ပြောကြားခဲ့သည်။

    “ပါလက်စတိုင်းပြည်သူတွေရဲ့ တရားဝင်အကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်တာဟာ အာရပ်လိဂ်နဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ တာဝန်ဝတ္တရားပါပဲ”

    အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ်သတ်မှတ်၍ ပါလက်စတိုင်းနိုင်ငံထူထောင်ရေးကို နိုင်ငံတကာအသိုင်းအ၀ိုင်းက တရားဝင် အသိအမှတ်ပြု ထောက်ခံထားသော်လည်း အစ္စရေးက ထိုနေရာအား ကျူးကျော် ပိတ်ဆို့ထားကာ ပါလက်စတိုင်း ပိုင်နက်များတွင်လည်း တရားမ၀င်အခြေချအိမ်ယာများကို ဆက်လက်ဆောက်လုပ်လျက်ရှိနေသည်။

    ဆီးရီးယား၊ ဂျော်ဒန်၊ လက်ဘနွန်၊ လစ်ဗျားနှင့် ယီမင်နိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီ ကန်ဒေါ်လာ ၃၅ သန်း ပေးအပ်သွားမည်ဟုလည်း ရှီက ကြေငြာခဲ့သည်။

    “ဆီးရီးယားပြဿနာမှာ အနိုင်ရတဲ့သူ မပေါ်တဲ့အတွက် ရှေ့မဆက်သင့်တော့ပါဘူး။ ဆီးရီးယားပြည်သူတွေကသာ ဒီကိစ္စမှာ ခံစားရတာပါ။ ဒီပဋိပက္ခကို အဆုံးသတ်ဖို့အတွက် ချက်ချင်းဦးစားပေးလုပ်ရမှာက အပစ်ရပ်ရေးနဲ့ နိုင်ငံရေးအတွက် ဆွေးနွေးညှိနှိုင်းမှုတွေပါ။ တစ်ချိန်တည်းမှာပဲ ဆီးရီးယားမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေ ချက်ချင်း လိုအပ်ပါတယ်”

    ရှီကျင်ပင်းမှာ ကိုင်ရိုသို့ ဗုဒ္ဓဟူးနေ့က ရောက်ရှိလာခြင်းဖြစ်ပြီး ၁၂ နှစ်တာကာလအတွင်း အီဂျစ်သို့ ပထမဆုံး ရောက်ရှိသည့် တရုတ်သမ္မတ ဖြစ်သည်။ အီဂျစ်နှင့် တရုတ်နိုင်ငံတို့မှ တာဝန်ရှိသူများမှာ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်ပေါင်း ၂၁ ခုကို လက်မှတ်ရေးထိုးခဲ့ကြသည်။

    Ref: Aljazeera

  • သင်းခွေချပ်အပါအ၀င် မြန်မာနိုင်ငံ၏ ရှားပါးမျိုးစိတ်ဝင်တိရစ္ဆာန်များ တရုတ် မှောင်ခိုဈေးကွက်၌ တွင်ကျယ်နေ

    ဇန်န၀ါရီ ၂၂၊ ၂၀၁၅
    M-Media
    ေေ
    (ဓာတ်ပုံ) တရုတ်ပြည် ကွမ်တုံပြည်နယ်ရှိ မြေအောက်သိုလှောင်ခန်းတစ်ခုမှ အာဏာပိုင်များ ဖမ်းဆီးမိခဲ့သော သင်းခွေချပ်များကို တွေ့ရစဉ်။ တရုတ်ပြည်၏ သည်းခြေကြိုက်လိုအပ်ချက်ဖြစ်သော ၎င်းတို့၏အစိတ်အပိုင်းများကို မြန်မာနိုင်ငံ မိုင်းလားမြို့၌ တရားမ၀င်ကုန်သွယ်မှုပြုလုပ်နေကြောင်း အစီရင်ခံစာသစ်တစ်ရပ်တွင် ဖော်ပြထားသည်။

    – တရုတ်နယ်စပ် မြန်မာမြို့တစ်မြို့တွင် ကမ္ဘာ့အကြီးအမားဆုံး နို့တိုက်သတ္တ၀ါမှောင်ခိုဈေးကွက်ကို ပွင့်လင်းမြင်သာစွာ ပြုလုပ်နေကြောင်း လေ့လာချက်သစ်တစ်ရပ်မှ ဖော်ပြလိုက်သည်။

    တောရိုင်းတိရစ္ဆာန်ကုန်သွယ်မှုစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်သော TRAFFIC ၏ လတ်တလောအစီရင်ခံစာသစ်ကို Global Ecology and Conservation ဂျာနယ်တွင် ဖော်ပြလိုက်သည်။ မြန်မာနိုင်ငံ မိုင်းလားမြို့(Mong La)သည် တောရိုင်းတိရစ္ဆာန်မှောင်ခိုဈေးကွက်ကြီးနှင့် ကုန်သွယ်ရေးကြားစခန်းဖြစ်နေကြောင်း ရေးသားထားသည်။ ၎င်းမိုင်းလားမြို့သည် မြန်မာနိုင်ငံ၏အထူးဒေသဇုန်တစ်ခုဖြစ်သော်လည်း တရုတ်ပြည်၏လက်အောက်ခံသဖွယ်ဖြစ်ကာ တရုတ်ရင်းနှီးမြှုပ်နှံသူများ တင်းကြမ်းပြည့်လျက်ရှိသည်။ မကောင်းမှုဒုစရိုက်စီးပွားရေးလုပ်ငန်းမှန်သမျှ တည်ရှိနေသဖြင့် တိုင်းမ်မဂ္ဂဇင်းမှ ဒုစရိုက်နိဗ္ဗာန် Ultimate Oasis of Sin ဟူ၍ အမည်ပေးထားသည်။ ကုန်သည်များသည် ဥပဒေကင်းမဲ့မှုကို အခွင့်ကောင်းယူကာ ဆင်၊ ကျား၊ ၀က်ဝံ၊ တိဗက်နွယ် တောင်ဆိတ်၊ ကျားသစ်၊ သင်းခွေချပ် အစရှိသော တားမြစ်စာရင်းဝင်တောရိုင်းတိရစ္ဆာန်တို့၏အစိတ်အပိုင်းများကို ကုန်သွယ်ဖောက်ကားလျက်ရှိကြသည်။ တရုတ်ပြည်၏ သည်းခြေကြိုက် သင်းခွေချပ်မျိုးစုံတို့ကို မြန်မာနိုင်ငံ မိုင်းလားမြို့၌ တရားမ၀င်ကုန်သွယ်မှုပြုလုပ်ပြီး ဈေးကွက်လိုအပ်ချက်ဖြည့်ဆည်းပေးနေကြောင်း အဆိုပါအစီရင်ခံစာသစ်တစ်ရပ်တွင် ဖော်ပြထားသည်။

    သင်းခွေချပ်သည် နို့တိုက်သတ္တ၀ါများအနက် ကမ္ဘာပေါ်တွင် ကုန်သွယ်ရောင်းဝယ်မှု အခံရဆုံးအမျိုးအစားဖြစ်သည်။ လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း အကောင်ရေ တစ်သန်းအထက်မှာ တရားမ၀င်ကုန်သွယ်ရောင်းဝယ်ခံခဲ့ရသည်။ ၎င်းပုရွက်ဆိတ်စား ခြေလေးချောင်း နို့တိုက်သတ္တ၀ါများကို နေရာအနှံ့ တွေ့နိုင်ကြသော်လည်း အသား၊ အရေပြား စသည့် အစိတ်အပိုင်းအားလုံး၏ အသုံးဝင်မှုအနေအထားကြောင့် ဥပဒေမဲ့သားကောင်ဖမ်းဆီးသူများက လက်လွတ်မခံကြသဖြင့် ၎င်းတို့၏မျိုးစိတ် ပျောက်ကွယ်တော့မည်ဖြစ်သည်။

    ၎င်းတို့ကို တရုတ်နှင့် ဗီယက်နမ်၌ စုပုံတွေ့ရလေ့ရှိပြီး၊ အကြောအဆစ်ရောင်နာကြင်သောဝေဒနာနှင့် နှင်းခူရောဂါမှသည် ကင်ဆာနှင့် ပန်းသေပန်းညှိုးရောဂါအထိ ရောဂါကုသရေးဆေးဝါးအဖြစ် ကျယ်ပြန့်စွာ အသုံးပြုကြ၏။ ၎င်းတို့၏အသားကိုလည်း ဟင်းလျာများအဖြစ် စားသုံးကြသည်။

    မကြာခဏဆိုသလို သင်းခွေချပ်များမှာ အစုလိုက်အပြုံလိုက် တရားမ၀င်ကုန်သွယ်ရောင်းဝယ်ခံရသည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာတွင် တရုတ်ပြည်တောင်ပိုင်း ကွမ်တုံပြည်နယ်၌ အေးခဲသေတ္တာ ၄၁၄ လုံးအတွင်း မက်ထရစ်တန်ချိန်ပေါင်း ၁၁.၅ တန်ကို အကောက်ခွန်အရာရှိများက ဖမ်းဆီးနိုင်ခဲ့သည်။

    အာရှ သင်းခွေချပ်မျိုးစိတ်လေးမျိုးအနက် သုံးမျိုးမှာ မြန်မာနိုင်ငံမှဖြစ်သည်။ TRAFFIC ၏ ကွင်းဆင်းလေ့လာသူများသည် တစ်မနက်ခင်းလေ့လာမှုအတွင်းမှာပင် မိုင်းလားဈေး၌ မြန်မာမျိုးစိတ် သင်းခွေချပ်အစိတ်အပိုင်းများ အပုံအပင်ရောင်းချနေသည်ကို တွေ့ရကြောင်း၊ မည်သည့်ဒေသမှတင်ပို့လာသည်ကို အတိအကျမသိရကြောင်း ဆိုသည်။ မြန်မာသည် တရုတ်ပြည်ဝင်ပေါက်ဖြစ်နေခြင်းကို အခွင့်ကောင်းယူ၍ မှောင်ခိုကုန်သည်များက မြန်မာနိုင်ငံမှသာ မဟုတ်၊ ကပ်လျက်နိုင်ငံများအပြင် အာဖရိကထွက် သင်းခွေချပ်များအထိ မြန်မာကို ကြားစခန်းပြု၍ ကုန်သွယ်နေကြပေသည်။ မြန်မာနိုင်ငံသည် ရှားပါးမျိုးစိတ်တိရစ္ဆာန်ကုန်သွယ်ဖောက်ကားခြင်းကို လျစ်လျူရှုထားကြောင်း၊ သင်းခွေချပ်များ ဖမ်းဆီးမှုသတင်းတစ်ပုဒ်မျှပင် ဖော်ပြခြင်း မရှိခြင်းမှာ ဤအချက်ကိုထင်ရှားစေကြောင်း ၎င်းအစီရင်ခံစာ၌ ဖော်ပြထားသည်။

    Sorce : National Geographic