News @ M-Media
Blog
  • လူမျိုးဘာသာပေါင်းစုံ အရေး ကူညီတဲ့ နွယ်အေး ဗလီ သာရေးနာရေး အသင်း (၅) နှစ်ပြည့်ပြီ
    လူမျိုးဘာသာပေါင်းစုံ အရေး ကူညီတဲ့ နွယ်အေး ဗလီ သာရေးနာရေး အသင်း (၅) နှစ်ပြည့်ပြီ
    ဇန်နဝါ၇ီ ၁၇၊ ၂၀၁၆
    M-Media
    မိုးစက်
    2
    ရန်ကုန်။    ။ ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်မှာ ရှိတဲ့ နွယ်အေး စွန္နီဂျာမေဗလီကြီးသည် ရပ်ကွက်အတွင်း လူမျိုးဘာသာပေါင်းစုံတို့၏ သာရေး နာရေးတို့ကို ကူညီဆောင်ရွက်ပေးခဲ့သည်မှာ ၂၀၁၆ ခုနှစ်တွင် (၅) နှစ်တိုင် ရှိခဲ့ပြီ ဖြစ်ပါတယ်။
    ကျွန်တော်တို့ ဆပ်ကော်မတီကနေ အခက်အခဲ၊ အကျပ်အတည်းပေါင်းများစွာကို ကျော်လွှားပြီးတော့ ၅ နှစ်တိုင် အောင်မြင်စွာလျှောက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အစ္စလာမ်ဘာသာရဲ့အဆုံးအမ၊ တမန်တော် မိုဟမ္မဒ် (ငြိမ်းချမ်းပါစေ) ရဲ့ သြဝါဒတွေအတိုင်း လူသားအကျိုးတွေကို ဆောင်ရွက်နေခြင်း ဖြစ်ပြီး အစဉ်အလာကောင်းတွေကို ဆက်လက်ထိန်းသိမ်းနေခြင်း ဖြစ်တယ်လို့ နွယ်အေး စန္နီဂျာမေဗလီကြီး၏ သာရေးနာရေး ဆပ်ကော်မတီမှ တွဲဘက်အတွင်းရေးမှုးဖြစ်သူ ကိုဇော်မင်းလတ်က သာရေးနာရေး ဆပ်ကော်မတီရဲ့  (၅) နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားမှာ အခုလို ပြောဆိုခဲ့ပါတယ်။
    သာရေးနာရေးဆပ်ကော်မတီရဲ့ ဆောင်ရွက်ချက်များနှင့် ပတ်သတ်ပြီး ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းကလည်း “ဒီကော်မတီဟာ စည်းစည်းလုံးလုံးနဲ့ နာရေးသာမကပဲ လူမှုရေး၊ ပညာရေးတွေကိုပါ ဆောင်ရွက်ပေးတဲ့အတွက် ကျွန်တော်အနေနဲ့ အထူးပဲ ဂုဏ်ပြုအပ်ပါတယ်။ ဘာသာတရားရဲ့ အဆုံးအမတွေကို ခံယူပြီး ဒီလိုလုပ်တာ အရမ်းကောင်းပါတယ်။” ဟု နှစ်ပတ်လည် အခမ်းအနားတွင် ဝမ်းမြောက်ကြောင်း ဆိုခဲ့ပါတယ်။
    အဆိုပါ နှစ်ပတ်လည်အခမ်းအနားတွင် ရပ်ကွက်အတွင်း ပညာရေးမှာ ထူးချွန်ခဲ့ကြသည့် ကျောင်းသူ ကျောင်းသားများကို ဂုဏ်ပြုဆုများ ချီးမြှင့်ခြင်း၊ ရပ်ကွက်အတွင်းမှာရှိတဲ့ နိုင်ငံတော်မှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ အငြိမ်းစားယူပြီး ဖြစ်တဲ့ စစ်မှုထမ်းဟောင်းများကို ဂုဏ်ပြုလတ်မှတ်များ ပေးအပ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြပါတယ်။
    10
    အစ္စလာမ်သာသာနာရေးရာ ကောင်စီဌာနချုပ်မှ ဥက္ကဌဖြစ်သူ အလ်ဟာဂ်ျ ဦးညွှန့်မောင်ရှိန်ကလည်း ဒီလို သာရေးနာရေးအလုပ်တွေကို ပြုလုပ်ခြင်းဟာ သာသနာရဲ့အဆုံးအမတွေနဲ့လည်း ကိုက်ညီမှုရှိတဲ့အပြင် ခေတ်ကာလရဲ့ လိုအပ်ချက် ကွက်လပ်တွေကိုလည်း ဖြည့်စွမ်းပေးရာ ရောက်ပြီး  ကောင်းမွန်တဲ့ လုပ်ရပ်တွေကို နှလုံးသားချင်းထိတွေ့ပြီး စည်းစည်းလုံးလုံး လုပ်ဆောင်နေတဲ့အတွက် များစွာ ဂုဏ်ယူမိကြောင်း ပြောဆိုခဲ့ပါတယ်။
    (၅) နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ နွယ်အေး စန္နီဂျာမေဗလီကြီး၏ သာရေးနာရေး ဆပ်ကော်မတီသည် လူမျိုးဘာသာပေါင်းစုံအတွက် ရပ်ကွက်အတွင်းမှာရှိတဲ့ နာရေးလုပ်ငန်းများသာမက ပညာရေးအတွက် ကျောင်းသား ကျောင်းသူများကို ထောက်ပံ့ပေးခြင်း၊ ကျန်းမာရေးဆေးပေးခန်း အခမဲ့ ဖွင့်လှစ်ပေးထားခြင်း၊ သဘာဝဘေးအန္တရယ်သင့်သည့် နေရာများကို သွားရောက်လှူဒါန်းခြင်းတို့ကို လုပ်ဆောင်လျက်ရှိသည်။
    9
    12
  • ဆွီဒင်၏ ပါလက်စတိုင်းအား ထောက်ခံမှုကို မကျေနပ်၍ ဆွီဒင်ပရိဘောဂလုပ်ငန်းကို သပိတ်မှောက်ရန် အစ္စရေး တိုက်တွန်း
    ဆွီဒင်၏ ပါလက်စတိုင်းအား ထောက်ခံမှုကို မကျေနပ်၍ ဆွီဒင်ပရိဘောဂလုပ်ငန်းကို သပိတ်မှောက်ရန် အစ္စရေး တိုက်တွန်း
    ဇန်န၀ါရီ ၁၇၊ ၂၀၁၆
    M-Media
    ikea
    – ပါလက်စတိုင်းများကို အစ္စရေးက တရားလက်လွတ်သတ်ဖြတ်မှုများအတွက် စုံစမ်းစစ်ဆေးရန် ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး၏ ဆော်သြမှုကို တုန့်ပြန်သည့်အနေဖြင့် ဆွီဒင်ပရိဘောဂလုပ်ငန်း Ikea ကို သပိတ်မှောက်ရန် အစ္စရေးက တိုက်တွန်းနေသည်ဟု သိရသည်။
    ပါလက်စတိုင်းအား အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် အသိအမှတ်ပြုထားသည့် ဆွီဒင်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး မာဂေါ့ ဝေါလစထရုမ်မှာ အစ္စရေးနှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိသူဖြစ်ပြီး အစ္စရေးများကို တိုက်ခိုက်သည်ဟု စွပ်စွဲခံရသော ပါလက်စတိုင်း၏ သေဆုံးမှုများအတွက် အစ္စရေးက တရားလက်လွတ် သတ်ဖြတ်ခြင်း ရှိ၊ မရှိကို စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ပြီးခဲ့သည့်သီတင်းပတ်အတွင်း တိုက်တွန်းဆော်သြခဲ့ခြင်းဖြစ်သည်။
    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဝေါလ်စရုမ်း၏ ပြောကြားမှုအား ရှုတ်ချခဲ့ပြီး၊ အစ္စရေးအစိုးရကလည်း မိမိတို့နိုင်ငံမှာ သူမအား မကြိုဆိုဟု ပြောကြားခဲ့သည်။ ထို့ပြင် အစ္စရေး နိုင်ငံရေးသမားအချို့မှာ သံတမန်ရေးရာ၏ အခြားတစ်ဖက်မှ ဆွီဒင်နိုင်ငံအား တုန့်ပြန်ချင်နေသည်။
    “ဆွီဒင်နဲ့ ဆက်ဆံရေးရပ်တန့်ုဖို့ ကျွန်တော် ဆော်သြနေတာမဟုတ်ပါဘူး။ ဒါပေမယ့် Ikea မှာဈေးဝယ်တာတွေကို ရပ်ဖို့ လူတိုင်းကို အကြံပေးချင်ပါတယ်” ဟု အစ္စရေး နိုင်ငံခြားရေ၀န်ကြီးဟောင်း အာဗစ်ဂ်ဒေါရ် လီဘာမန်က ပြောကြားခဲ့သည်။
    ဆွီဒင်နာမည်ကြီး ပရိဘောကလုပ်ငန်းဖြစ်သော Ikea မှာ အစ္စရေးတွင် ကြီးမားသည့် ဆိုင်ခွဲသုံးခု ဖွင့်လှစ်ထားသည်။ ဆွီဒင်မှာ ၂၀၁၄ ခုနှစ်နှောင်းပိုင်းက ပါလက်စတိုင်းအား အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် အသိအမှတ်ပြုခဲ့ပြီး ထိုလုပ်ရပ်က အစ္စရေးအား ဒေါသထွက်စေခဲ့သည်။
    “ဆွီဒင်အစိုးရအနေနဲ့ သိထားဖို့လိုတာက အရှေ့အလယ်ပိုင်းက ဆက်ဆံရေးတွေဟာ အိမ်မှာ ကိုယ့်ဟာကိုယ်တပ်ဆင်လို့ရတဲ့ Ikea က ပရိဘောကပစ္စည်းထက် ပိုပြီး ရှုပ်ထွေးတယ် ဆိုတာပါပဲ” ဟု လီဘာမန်က ပြောကြားခဲ့သည်။
    ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးကလည်း လီဘာမန်၏ မှတ်ချက်ကို ပြန်လည်တုန့်ပြန်ခဲ့သည်။
    “လီဘာမန်ကို ပရိဘောက ပါကင်တစ်ခုလောက် တပ်ဆင်ဖို့ ပို့ပေးရင် ကျွန်မ ၀မ်းသာမိမှာပါ။ အဲဒီအခါကျမှ ဒါကို ဆင်တဲ့အခါ လုပ်ဖော်ကိုင်ဖက်တစ်ယောက်၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ တပ်ဆင်နည်းလမ်းညွှန်စာအုပ်ကောင်းတစ်အုပ် စတာတွေ လိုအပ်တယ်ဆိုတာ သိလာမှာပါ” ဟု ဝေါလ်စထရုမ်းက ပြောကြားခဲ့သည်။
    ဆွီဒင်အပါအ၀င် အခြားသောဥရောပနိုင်ငံအချို့လည်း ပါလက်စတိုင်းအား အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် မူအရ အသိအမှတ်ပြုထားကြပြီး အစ္စရေး၏ ပါလက်စတိုင်းပြည်သူများအပေါ် ကျူးလွန်မှုများကို ရှုတ်ချမှုများ ပြုလုပ်ခဲ့သည်။
    Ref: Telegraph
  • လိုချင်တာရပါက နျူစမ်းသပ်မှု ရပ်တန့်ပေးမည်ဟု မြောက်ကိုရီးယားပြော
    လိုချင်တာရပါက နျူစမ်းသပ်မှု ရပ်တန့်ပေးမည်ဟု မြောက်ကိုရီးယားပြော
    ဇန်န၀ါရီ ၁၇၊ ၂၀၁၆
    M-Media
    north
    – အမေရိကန်က မိမိတို့နဲ့ ငြိမ်းချမ်းရေးသဘောတူညီမှု လက်မှတ်ရေးထိုးကာ တောင်ကိုးရီးယားနဲ့ပူးတွဲစစ်ရေး လေ့ကျင့်တာတွေ ရပ်တန့်မယ်ဆိုရင် နျူကလီးယားစမ်းသပ်မှုတွေ ရပ်ပေးမယ်လို့ မြောက်ကိုရီးယားက ပြောကြားလိုက်ပါတယ်။
    မြောက်ကိုးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမည်မဖော်လိုသူ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက စနေနေ့က ကမ်းလှမ်းခဲ့တာဖြစ်တယ်လို့ တောင်ကိုးရီးယားသတင်းဌာန KCNA က ဖော်ပြခဲ့တာပါ။
    “ကျွန်တော်တို့ရဲ့ နျူကလီးယားစမ်းသပ်မှုကို ရပ်တန့်မှုနဲ့ ငြိမ်ချမ်းရေးစာချုပ် အဆုံးသတ်တာတွေ အပါအ၀င် ကိုရီးယားကျွန်းဆွယ်နဲ့ အရှေ့မြောက်အာရှမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းဖို့ အဆိုပြုချက်တွေအားလုံးက အတည်ဖြစ်နေပါသေးတယ်။ အပြန်အလှန်အားဖြင့် အမေရိကန်က တောင်ကိုရီးယားနဲ့ပြုလုပ်တဲ့ ပူးတွဲ စစ်ရေးလေးကျင့်မှုကိုတော့ ရပ်တန့်ပေးရမှာပေါ့လေ” လို့ အဲဒီ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။
    မြောက်ကိုရီးယားရဲ့ ဒီပြောကြားချက်နဲ့ပတ်သက်လို့ အမေရိကန်ကအစိုးရက တုန့်ပြန်ရာမှာ သူတို့အနေနဲ့ မကြာခင်ကဘဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် တံခါးဖွင့်ထားတယ်လို့ ပြောဆိုခဲ့ပြီး၊ မြောက်ကိုရီးယားအနေနဲ့ နျူလက်နက်ဖျက်သိမ်းဖို့အတွက် အဓိပ္ပါယ်ရှိတဲ့ ဆောင်ရွက်မှုတွေ ပြုလုပ်ရမယ်လို့ ဆိုပါတယ်။
    အမေရိကန်နဲ့ တောင်ကိုးရီးယား ပူးတွဲစစ်ရေးလေ့ကျင့်နေတာက သူတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေပြီး နိုင်ငံရဲ့လုံခြုံရေးကိုလည်း တိုက်ရိုက်ခြိမ်းခြောက်လျက်ရှိတယ်လို့ မြောက်ကိုရီးယားက ရှုမြင်သုံးသပ်ပါတယ်။ တောင်ကိုးရီးယားမှာ အမေရိကန်တပ်သား ၂၈၅၀၀ ခန့် ရှိနေပါတယ်။
    အမေရိကန်ကို တောင်ကိုးရီးယားနဲ့ပူးတွဲစစ်ရေးလေ့ကျင့်မှုရပ်ဖို့ အစီအစဉ်ရှိ မရှိမေးမြန်းခဲ့ရာမှာ အမေရိကန်အစိုးရရဲ့ ပြာရေးဆိုခွင့်ရှိသူ ဂျွန်ကီရ်ဘီက အမေရိကန်ဟာ တောင်ကိုးရီးယားနဲ့ မဟာမိတ်ဆိုင်ရာသဘောတူညီချက်တွေရှိတယ်လို့ ဖြေကြားခဲ့ပါတယ်။
    Ref: PressTV
  • ကွာလာလမ်ပူတွင် အသေခံဗုံးခွဲရန်ကြံစည်သူကို နာရီပိုင်းအလိုတွင် မလေးရှား ဖမ်းဆီး
    ကွာလာလမ်ပူတွင် အသေခံဗုံးခွဲရန်ကြံစည်သူကို နာရီပိုင်းအလိုတွင် မလေးရှား ဖမ်းဆီး
    ဇန်န၀ါရီ ၁၇၊ ၂၀၁၆
    M-Media
    malay
    – မြို့တော် ကွာလာလမ်ပူတွင် အသေခံဗုံးခွဲရန် ကြံစည်ထားသည့် မလေးရှားအမျိုးသားတစ်ဦးအား ဖောက်ခွဲမှုမပြုလုပ်ခင် နာရီပိုင်းအလိုတွင် ဖမ်းဆီးနိုင်ခဲ့သည်ဟု မလေးရှားအာဏာပိုင်များက ယနေ့တွင် ပြောကြားလိုက်သည်။
    အင်ဒိုနီးရှားနိုင်ငံ ဂျကာတာတွင် ယခုသီတင်းပတ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် မလေးရှားအာဏာပိုင်များက သတိပေးမှုအဆင့်ကို မြှင့်တင်ခဲ့ပြီး ယခုကဲ့သို့ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးရမိခဲ့သည့် အမျိုးသားမှာ အသက် ၂၈ နှစ်အရွယ်ရှိပြီး မြို့တော် ကွာလာလမ်ပူရှိ ဖျော်ဖြေရေး နေရာကို အသေခံဗုံးခွဲရန် ကြံစည်ခဲ့ခြင်းဖြစ်သည်။
    ယခု အသေခံဗုံးခွဲရန် ကြံစည်သူကို သောကြာနေ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး မလေးရှားရဲတပ်ဖွဲ့အကြီးအကဲ ခါလစ် အဘူဘာကာရ်က ဖမ်းဆီးခံရသူမှာ IS အဖွဲ့မှ အဖွဲ့ဝင်များထံမှ အမိန့်ရရှိခဲ့ပြီးနောက် အသေခံဗုံးခွဲရန် ကြံစည်ခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။
    အမည်မဖော်လိုသူ အစိုးရအရာရှိတစ်ဦးက AP သတင်းဌာသို့ ပြောကြားရာတွင် ဗုံးခွဲရန် ကြံစည်သူမှာ နိုင်ငံအရှေ့မြောက်ပိုင်း တရန်ဂနူ ပြည်နယ်မှ အာမခံရောင်းချသူတစ်ဦးဖြစ်သည်ဟု AP သတင်းဌာနသို့ ပြောကြားခဲ့သည်။
    ရဲတပ်ဖွဲ့မှ ထုတ်ပြန်ခဲ့သော ကြေငြာချက်တွင် ခါလစ်က အဆိုပါအမျိုးသားမှာ မလေးရှားအစိုးရ၏ စစ်သွေးကြွများအား နှိမ်နှင်းမှုကို ဆန့်ကျင်သည့်အနေဖြင့် မလေးရှားရှိ ပြည်နယ်အများအပြားတွင် IS အလံများကို ချိတ်ဆွဲနေခဲ့သည်ဟု ဖော်ပြခဲ့သည်။ ထို့ပြင် ဖမ်းဆီးမှုအတွင်း လက်နက်များနှင့် IS ၏ အထောက်အထားများကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။
    Ref: Straitstimes
  • စင်ကာပူရှိ နှစ် ၂၀၀ နီးပါးရှိသော သမိုင်းဝင်ဗလီကြီးကို ၀န်ကြီးချုပ်လီရှန်လွန်း သွားရောက်လည်ပတ်
    စင်ကာပူရှိ နှစ် ၂၀၀ နီးပါးရှိသော သမိုင်းဝင်ဗလီကြီးကို ၀န်ကြီးချုပ်လီရှန်လွန်း သွားရောက်လည်ပတ်
    ဇန်န၀ါရီ ၁၇၊ ၂၀၁၆
    M-Media
    sg1
    – စင်ကာပူက သမိုင်းဝင်ဗလီကြီးကို ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ၀န်ကြီးချုပ်လီရှန်လွန်း သွားရောက်လည်ပတ်ခဲ့တယ်လို့ ၀န်ကြီးချုပ်ရဲ့ Facebook စာမျက်နှာမှာ လွှင့်တင်ထားမှုအရ သိရပါတယ်။
    ဆူလ်တန်ဗလီဝတ်ကျောင်းတော် (Sultan Mosque) လို့ခေါ်တဲ့ အဲဒီဗလီဝတ်ကျောင်းတော်ကြီးရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၁၉၁ နှစ်ရှိပြီဖြစ်ပြီး မကြာခင်က အဆင့်မြှင့်တင်မှု ပြန်လည်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ၀န်ကြီးချုပ် လီရှန်လွန်းကတော့ ပြင်ဆင်မှု ပြီးမြောက်မှုကို သွားရာက်ကြည့်ရှုခဲ့တာပါ။
    “ဒီဗလီဝတ်ကျောင်းတော်ကြီးဟာ ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ လူမှုရေးလှုပ်ရှားမှုတွေရဲ့ အချက်အခြာနေရာဖြစ်ပါတယ်။ နောက်ပြီး ပရဟိတလုပ်ငန်းတွေ၊ အလှူဒါနတွေ ဆောင်ရွက်တဲ့ ဗလီကြီးဖြစ်ပြီး ဟောပြောပွဲတွေ၊ ဂုဏ်သရေရှိ လူကြီးလူကောင်းတွေ၊ ဘာသာရေးခေါင်းဆောင်တွေကို လက်ခံတဲ့နေရာဖြစ်ပါတယ်” လို့ လီရှန်လွန်းက Facebook စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
    နောက်ပြီး ဗလီဝတ်ကျောင်းတော် ဂေါပကအဖွဲ့၊ စီမံခန့်ခွဲရေးအဖွဲ့၊ စင်ကာပူအစ္စလာမ်သာသနာရေးကောင်စီနဲ့ အမျိုးသားအမွေအနှစ်ဘုတ်အဖွဲ့အပါအ၀င် ဗလီဝတ်ကျောင်းတော် အဆင့်မြှင့်တင်မှုမှာ ပါဝင်ခဲ့သူတွေအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
    sg 3
    “သူတို့ရဲ့ ထောက်ပံ့မှု၊ အလှူရှင်တွေ၊ မွတ်စလင်လူ့အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုက ဒီဗလီကြီးကို အားလုံးဂုဏ်ယူနိုင်ဖို့ လှပတဲ့အမှတ်သညာအဖြစ် တည်တံ့စေခဲ့ပါတယ်” လို့ လီရှန်လွန်းက နိဂုံးချုပ် ရေးသားခဲ့ပါတယ်။
    စင်ကာပူက သမိုင်းဝင်ဗလီဝတ်ကျောင်းတော်တွေနဲ့ အခြား သမိုင်းဝင် ဘာသာရေးအဆောက်အဦးတွေကို စင်ကာပူ အမျိုးသားအမွေအနှစ်ဘုတ်အဖွဲ့က ဦးဆောင်ပြီး ထိန်းသိမ်းစောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေတာဖြစ်ပါတယ်။
    ဆူလ်တန်ဗလီဝတ်ကျောင်းတော်ကို ၁၈၁၉ ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပြီး စင်ကာပူက အစ္စလာမ်ဘာသာဝင် လူ့အဖွဲ့အစည်းအတွက အရေးပါတဲ့ ဗလီဝတ်ကျောင်းတော်တွေထဲက တစ်ခုလည်းဖြစ်ပါတယ်။
    Ref: Facebook Page of Lee Hsien Loong
    Photo : Facebook Page of Lee Hsien Loong