News @ M-Media

Blog

  • အီရန်အပေါ် ပိတ်ဆို့ထားမှုများ ယနေ့တွင်ဖယ်ရှားပြီးဖြစ်မည်ဟု နိုင်ငံခြားရေးဝန်ကြီးပြော

    အီရန်အပေါ် ပိတ်ဆို့ထားမှုများ ယနေ့တွင်ဖယ်ရှားပြီးဖြစ်မည်ဟု နိုင်ငံခြားရေးဝန်ကြီးပြော

    ဇန်န၀ါရီ ၁၆၊ ၂၀၁၆
    M-Media

    Iran 1

    – နိုင်ငံတကာအနုမြူအေဂျင်စီ IAEA က အီရန်၏ နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ နောက်ဆုံး အစီရင်စာကို ယနေ့တွင် ထုတ်ပြန်မည်ဖြစ်ပြီး၊ ထိုကဲ့သို့ ထုတ်ပြန်ပြီးနောက် နာရီပိုင်းအကြာတွင်ပင် အီရန်ပေါ်ပြုလုပ်ထားသည့် နိုင်ငံတကာ ပိတ်ဆို့မှုများအားလုံးကို ပယ်ဖျက်ပြီးဖြစ်လိမ့်မည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်က ပြောကြားလိုက်သည်။

    ဗီယင်နာသို့ရောက်ရှိနေသည့် ဇာရစ်ဖ်က ယနေ့မနက်စောပိုင်းတွင် ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး IAEA က ယနေ့ထုတ်ပြန်မည့် အစီရင်ခံစာမှာ ပြီးခဲ့သည့်နှစ်က အီရန်နှင့် အင်အားကြီးနိုင်ငံများအကြား ရရှိခဲ့သည့် နျူအရေး သဘောတူညီစာချုပ်ပါ ကတိက၀တ်များကို အီရန်က အပြည့်အ၀ အကောင်အထည်ဖော်ခဲ့သည်ဟု အတည်ပြုထားသည့် အစီရင်ခံစာဖြစ်မည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “ပိတ်ဆို့မှုတွေကို ဒီနေ့မှာ ဖယ်ရှားမှာဖြစ်တာကြောင့် ဒီနေ့ဟာ အီရန်ပြည်သူတွေအတွက် ကောင်းမွန်တဲ့နေ့တစ်နေ့ဖြစ်မှာပါ” ဟု ဇာရစ်ဖ်က ဆိုသည်။

    ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့တွင် အီရန်နှင့် အင်အားကြီးနိုင်ငံ ၆ နိုင်ငံတို့မှာ နျူအရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါ သဘောတူညီချက်တွင် အီရန်က ၎င်းတို့၏ နျူလုပ်ငန်းစဉ်ကို လျော့ချရန်နှင့် အပြန်အလှန်အားဖြင့် အီးယူ၊ အမေရိကန်နှင့် ကုလတို့က ပိတ်ဆို့မှုများကို လျော့ချပေးရေး ပါဝင်သည်။ IAEA မှ အစီရင်ခံစာ ထွက်ပေါ်လာပါက ထိုသဘောတူညီချက် ပြည့်စုံအထမြောက်ကြောင်း အမှတ်အသားလည်း ဖြစ်မည်ဖြစ်သည်။

    Ref: Aljazeera

  • ထိုင်ဝမ်သမိုင်းတစ်လျှောက် ပထမဆုံးအမျိုးသမီးသမ္မတ ထွက်ပေါ်လာ

    ထိုင်ဝမ်သမိုင်းတစ်လျှောက် ပထမဆုံးအမျိုးသမီးသမ္မတ ထွက်ပေါ်လာ

    ဇန်န၀ါရီ ၁၆၊ ၂၀၁၆
    M-Media

    taiwan

    – ထိုင်ဝမ်တွင် ကျင်းပပြုလုပ်ခဲ့သည့် သမ္မတရွေးကောက်ပွဲတွင် တရုတ်မှ ခွဲထွက်ရေးကို လိုလားသည့် အတိုက်အခံပါတီခေါင်းဆောင် Tsai Ing-wen က အနိုင်ရရှိခဲ့ပြီး နိုင်ငံ၏ ပထမဆုံးသော အမျိုးသမီးသမ္မတ ဖြစ်လာခဲ့သည်။

    ယနေ့ မဲရေတွက်မှု တစ်ဝက်ကျော် ပြီးစီးခဲ့သည့်အချိန်တွင် Democratic Progressive Party မှ Tsai က စုစုပေါင်း မဲအရေအတွက်၏ ၅၈.၁ ရာခိုင်နှုန်းကို ရရှိခဲ့ပြီး၊ ထိုင်ဝမ်အား ၈ နှစ်ကြာအုပ်စိုးခဲ့သည့် တရုတ်ထောက်ခံသော အာဏာရ Kuomintang ပါတီခေါင်းဆောင် အဲရစ်ချူးကလည်း ၎င်း ရှုံးနိမ့်ကြောင်း လက်ခံခဲ့သည်။ သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်သည့် အဲရစ်ချူးမှာမူ ၃၂.၅ ရာခိုင်နှုန်းသာ မဲရရှိခဲ့သည်။

    ပါလီမန်ရွေးကောက်ပွဲကို တစ်ပြိုင်နက်ကျင်းပခဲ့ပြီး Democratic Progressive Party ပါတီက အနိုင်ရပါက Tsai မှာ လုပ်ပိုင်ခွင့် ပိုရလာမည်ဖြစ်သည်။ သူမ၏ပါတီမှာ ထိုင်ဝမ်လွတ်လပ်ရေးကို လိုလားသော်လည်း Tsai ကမူ သူမမှာ တရုတ်နှင့် လက်ရှိအခြေအနေကို ထိန်းသိမ်းသွားမည်ဟု ပြောကြားခဲ့သည်။ ကျွမ်းကျင်သူများကမူ လက်တွေ့တွင် Tsai  တရုတ်နှင့် ကင်းကွာအောင် ဆောင်ရွက်လိမ့်မည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဘာကီနာဖာဆိုရှိ ဟိုတယ်ကို သေနတ်သမားများ ၀င်ရောက်တိုက်ခိုက်

    ဘာကီနာဖာဆိုရှိ ဟိုတယ်ကို သေနတ်သမားများ ၀င်ရောက်တိုက်ခိုက်

    ဇန်န၀ါရီ ၁၆၊ ၂၀၁၆
    M-Media

    burkina

    – အာဖရိကနိုင်ငံတစ်ခုဖြစ်သည့် ဘာကီနာဖာဆိုမြို့တော် အူဂါဒူဂူရှိ ဟိုတယ်တစ်ခုမှာ သေနတ်သမားများ၏ စီးနင်းမှုကို ခံထားရပြီး အနည်းဆုံးလူ ၂၀ သေဆုံးခဲ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းမှုများ ပြုလုပ်နေသည်ဟု သိရသည်။

    Splendid Holel ဖြစ်ပြီး ယမန်နေ့ည ၈ နာရီကတည်းက သေနတ်သမားများက ၀င်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။ ကြယ်လေးပွင့်အဆင့်ရှိပြီး နိုင်ငံတကာလေဆိပ်နှင့် နီးသည့် အဆိုပါဟိုတယ်မှာ ကုလ၀န်ထမ်းမျာအပါအ၀င် နိုင်ငံခြားသားအများစု တည်းခိုရာ နေရာလည်းဖြစ်သည်။

    တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် ဟိုတယ်အတွင်း အနည်းဆုံး လူ ၃၀၀ ခန့် ရှိနေနိုင်သည်ဟု သိရသည်။ အစိုးရကမူ ၀န်ကြီးတစ်ဦးအပါအ၀င် ၆၃ ဦးမှာ ထိုဟိုတယ်မှ လွတ်မြောက်လာခဲ့သည်ဟု ကြေငြာခဲ့သည်။

    လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်မလာခင် သေနတ်သမားများမှာ ဟိုတယ်အပြင်ဘက်တွင် ကားများကို မီးရှို့ခြင်း၊ သေနတ်ကို လေထဲသို့ ပစ်ဖောက်ခြင်းများပြုလုပ်ခဲ့ပြီ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ တိုက်ခိုက်မှုနှင့် ဆက်နွယ်၍ အလောင်း ၂၀ ကို ရရှိထားသည်ဟု အူဂါဒူဂူဆေးရုံက ပြောကြားခဲ့သည်။ အစိုးရကမူ လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ ရှင်းလင်းရေးလုပ်ငန်းများကို လုပ်ဆောင်နေဆဲဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ထိုတိုက်ခိုက်မှုအတွက် အလ်ကိုင်းဒါးအဖွဲ့က ၎င်းတို့၏လက်ချက်ဟု ကြေငြာခဲ့သည်။ ဘာကီနာဖာဆိုမြို့တော်တွင် သေနတ်သမားများက ထိုကဲ့သို့တိုက်ခိုက်မှုမှာ ပထမဆုံးအကြိမ်လည်းဖြစ်သည်။

    Ref: Aljazeera

  • အစ္စလာမ်ကြောက်ရောဂါတိုက်ဖျက်ရေး အခမ်းအနားတစ်ခုကို အမေရိကန်တွင်ကျင်းပ

    အစ္စလာမ်ကြောက်ရောဂါတိုက်ဖျက်ရေး အခမ်းအနားတစ်ခုကို အမေရိကန်တွင်ကျင်းပ

    ဇန်န၀ါရီ ၁၆၊ ၂၀၁၆
    M-Media

    cair

    – မွတ်စလင်အမည်ခံ အကြမ်းဖက်သမားများေကြောင့် အစ္စလာမ်သာသနာအပေါ် ကြောက်ရွံ့စိတ်၊ သံသယစိတ်များ မြင့်တက်လာမှုများကို တိုက်ဖျက်ရန်အတွက် အခမ်းအနားတစ်ခုကို မကြာသေးမီက အမေရိကန်မှ အစ္စလာမ့်အဖွဲ့စည်းများ ပူးပေါင်းထားသည့် အဖွဲ့တစ်ခုက ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။

    “အစ္စလာမ်ကြောက်ရောဂါကို စိန်ခေါ်ခြင်း” ဟု အမည်ပေးထားသည့် အဆိုပါ ညီလာခံကို ဖရိုက်ဒလေမြို့ရှိ မင်နီဆိုတာအစ္စလာမ့်စင်တာတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး လူ ၄၀ နီးပါး တက်ရောက်ခဲ့သည်။

    အခမ်းအနားဖြစ်မြောက်ရေးအတွက် ပါဝင်ခဲ့သည့်အဖွဲ့များတွင် အမေရိကန်ရှိ အကြီးဆုံး မွတ်စလင်အဖွဲ့ဖြစ်သော အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီ (CAIR) ၏ ဒေသတွင်းအဖွဲ့ခွဲလည်း ပါဝင်ခဲ့သည်။ ထိုအဖွဲ့၏ ဒါရိုက်တာဖြစ်သူ ဂျလာနီဟူစိန်က ယခုသီတင်းပတ်ထဲတွင် အကြမ်းဖက်မှုပုဒ်မဖြင့် ဒုက္ခသည်နှစ်ဦး ဖမ်းဆီးထိန်းသိမ်းခံရမှု၊ IS ထောက်ခံသူဟု ကြေညာကာ ဖီလာဒဲလ်ဖီးယား ရဲအရာရှိအား ပစ်သတ်ခဲ့မှု စသည့်ကိစ္စများနှင့်ပတ်သက်၍ မိမိတို့မှာ စိုးရိမ်မိသည်ဟု ပြောကြားခဲ့သည်။

    “ဒီပြဿနာကို မီးမွှေးလှုံ့ဆော်နေတဲ့ အရာတွေရှိပါတယ်၊ ဒါတွေသာမကဘဲ မွတ်စလင်တွေအပေါ် တော်တော်လေး မကောင်းမြင်စေတဲ့ သတင်းအချက်အလက်တွေဟာလည် အွန်လိုင်းမှာ အများအပြား ပြန့်နှံ့နေပါတယ်” ဟု ဟူစိန်က ဆိုသည်။ ထို့ပြင် မိမိတို့ပြုလုပ်သည့် အခမ်းအနားသို့ တက်ရောက်လာကြသူများအနေဖြင့် ပြည်သူလူထု၏ အစ္စလာမ်အပေါ်နားလည်မှုကို တိုးမြှင့်နိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    မင်နီဆိုတာ အစ္စလာမ်စင်တာ ဥက္ကဌဖြစ်သူ ရှားဟ်ခန်းကလည်း အမေရိကန်မွတ်စလင်လူ့အဖွဲ့အစည်းအပေါ် ရန်လိုမှုများ မြင့်တက်လာမှုအတွက် စိုးရိမ်မိသည်ဟု ပြောကြားခဲ့သည်။

    လ၀ကအရာရှိတစ်ဦးဖြစ်ပြီး နှစ်ခြင်းခရစ်ယာန်တက္ကသိုလ်၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂျွန်မီဒီယာက မွတ်စလင်များနှင့် ပတ်သက်သည့် ၎င်း၏အမြင်ကို ယခုကဲ့သို့ ဖွင့်ဟခဲ့သည်။

    “ကျွန်တော့်ပတ်ဝန်းကျင်မှာရှိတဲ့ မွတ်စလင်တွေကို နားလည်ပေးဖို့ နည်းအမျိုးမျိုးနဲ့ ကျွန်တော် ကြိုးစားနေပါတယ်။ ကျွန်တော့်မှာ မွတ်စလင်မိတ်ဆွေတွေရှိပါတယ်၊ ပြီးခဲ့တဲ့နှစ်က ရမ်ဇာန်လမှာလည်း ဥပုသ်နည်းနည်း စောင့်ခဲ့ပါတယ်၊ ကျွန်တော်တို့က တစ်ဖက်သားကို နားလည်ရှုမြင်တတ်ဖို့ ကြိုးစားမယ်ဆိုရင် အကောင်းဆုံးပါပဲ”

    Ref: IINA

  • မြန်မာရွှေ့ပြောင်း အလုပ်သမားတို့၏ ဘဝအမော ဇာစ်မြစ်များ

    မြန်မာရွှေ့ပြောင်း အလုပ်သမားတို့၏ ဘဝအမော ဇာစ်မြစ်များ

    myanmar-migrants-wpcf_728x413
    မြန်မာရွှေ့ပြောင်း မိသားစုများကို ထိုင်းရဲတပ်ဖွဲ့များမှ စစ်ဆေးနေပုံ ၂၀၁၄ ခုနှစ်က ပုံဖြစ်ပါသည်။ ဓါတ်ပုံ (ဧရာဝတီ)

    David Scott Mathieson

    ထိုင်းတရားရုံးတစ်ခုက မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦးကို ခရစ္စမတ်အကြိုနေ့တွင် သေဒဏ် ချမှတ်လိုက်ခြင်းကြောင့် မြန်မာနိုင်ငံ အတွင်း ပြစ်တင်ရှုတ်ချမှုများ ပေါ်ပေါက်ခဲ့သည်။ ၂ဝ၁၄  စက်တင်ဘာလအတွင်းက ထိုင်းအပန်းဖြေစခန်း ခိုတောင်ကျွန်းတွင် ဗြိတိန်ကမ္ဘာလှည့်နှစ်ဦး ဖြစ်သည့် ဒေးဗစ်မေလာနှင့် ဟန်နာဝီသာဝေ့ခ်ျတို့ကို သတ်ဖြတ်သည်ဆိုသော စွပ်စွဲမှုဖြင့် အသက် ၂၂ နှစ် ဝန်းကျင် အရွယ်များဖြစ်ကြသည့် ဇော်လင်း၊  ဝင်းဇော်ထွန်းတို့ကို ဖမ်းဆီးခဲ့သည်။

    သံသယဖြစ်ခံရသူ ၎င်းတို့နှစ်ဦးထံမှ ကနဦးဖြောင့်ချက်များ ရရှိစေရန် ရဲတို့က နှိပ်စက်ညှဉ်းပန်းခဲ့သည်ဆိုသော ပြောဆိုမှုများအပါအဝင် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှု၊ တရားရုံးစစ်ဆေးကြားနာမှုတို့အပေါ် ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့သည်။ သို့သော် ထိုင်းရဲတပ်ဖွဲ့က ထိုစွပ်စွဲမှုများကို ငြင်းဆိုခဲ့သည်။ ပြစ်ဒဏ်ချမှတ်ရာတွင် အဓိကသက်သေအဖြစ် ဆွဲယူခဲ့သည့် ဝီသာဝေ့ခ်ျ အဓမ္မပြုကျင့် ခံရမှုတွင် တွေ့ရသော ဒီအင်န်အေနှင့်ပတ်သက်၍ ထိုင်း၊ သြစတြေးလျတို့မှ သေမှုသေခင်း စစ်ဆေးရေးပညာရှင်များက မေးခွန်း ထုတ်ခဲ့ကြသည်။ တရားခံတို့၏ ရှေ့နေများက တရားရုံး စီရင်ချက်အပေါ် အယူခံဝင်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

    ယင်းစီရင်ချက်အပေါ် ပြန်လည် သုံးသပ်ပေးရန် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးအပါအဝင် မြန်မာအစိုးရ တာဝန်ရှိသူများက တောင်းဆိုခဲ့ကြသည်။ ရန်ကုန်မြို့ရှိ ထိုင်းနိုင်ငံသံရုံးအနီးတွင်လည်း ဆန္ဒပြတောင်းဆိုမှုများ ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၂၅,ဝဝဝ က စုပေါင်းလက်မှတ်ရေးထိုးကာ မျှတသောတရားစီရင်ရေး အတွက် တောင်းဆိုခဲ့သကဲ့သို့ နှစ်နိုင်ငံ နယ်စပ်မြို့များတွင် ဆန္ဒပြုမှုများလည်း လုပ်ဆောင်ခဲ့သည်။ အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ကလည်း ရန်ကုန်မြို့တွင် ဆန္ဒပြမှုများ လုပ်ဆောင်ခဲ့သည်။

    အဆိုပါ အမှုသည် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား နှစ်သန်းကျော် ဆိုးရွားစွာ ဆက်ဆံခံနေရမှုကို မီးမောင်းထိုးပြ သကဲ့သို့ ဖြစ်နေသည်။ ယင်းကဲ့သို့ ဆက်ဆံခံရမှုသည်လည်း  အိမ်နီးချင်းနှစ်နိုင်ငံအကြား မကြာခဏတင်းမာမှုကို ဖြစ်စေသည့် အကြောင်းရင်းတစ်ရပ်ဖြစ်သည်။ ကမ်းလွန်ငါးဖမ်းလုပ်ငန်း၊ စားသောက်ကုန် ထုတ်လုပ်သည့်စက်ရုံများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ အထည်စက်ရုံများ၊ လူသုံးကုန်ပစ္စည်းစက်ရုံများ အပြင် နိုင်ငံ၏ဘဏ္ဍာငွေအမြောက်အများကို ရရှိစေသည့် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်း၌ပင် လူသတ်မှု၊ ရိုက်နှက်မှု၊ လူကုန်ကူးမှု၊ အလုပ်သမားတို့အပေါ် နှိပ်စက်မှုများကို ထိုင်းရဲများ၊ အစိုးရအရာရှိများ၊ အလုပ်ရှင်များက ပါဝင်ကျူးလွန်နေကြသည်။ ယင်းလုပ်ရပ်များကို Human Rights Watch အဖွဲ့နှင့် အခြားအဖွဲ့အစည်းများက ဆယ်စုနှစ်ပေါင်းများစွာကပင် မှတ်တမ်းများ ပြုစုထားကြသည်။

    မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိလာသည့်တိုင် အလုပ်သမားများက အန္တရာယ်များရောပြွမ်းနေသည့် ထိုင်းနိုင်ငံတွင် အဘယ်ကြောင့် အလုပ်သွားရောက်လုပ်ကိုင်နေကြ  သနည်း။ မြန်မာနိုင်ငံနေရာအများအပြားတွင် ရှိနေသေးသည့် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ၊ ထိုက်သင့်သည့်လစာမရရှိမှု၊ ညံ့ဖျင်းသည့် လုပ်ငန်းခွင် အခြေအနေ တို့သည်လည်း  ရွှေ့ပြောင်းလုပ်ကိုင်ရမှုတွင် အကြောင်းရင်းများအဖြစ်  ပါဝင်နေသည်။

    ယခုသေဒဏ်ချမှတ်ခံရသည့် မြန်မာလူငယ်နှစ်ဦးတို့၏ ဇာတိဖြစ်သော ရခိုင်ပြည်နယ်တွင် လုပ်ငန်းခွင်အခြေအနေ ညံ့ဖျင်းမှု၊ အလုပ်အကိုင် စီးပွားရေးအခွင့်အလမ်းနည်းပါးမှုများ ပေါ်ပေါက်နေသည်။ စစ်အစိုးရ၏ ဆယ်စုနှစ်ပေါင်းများစွာ စီမံခန့်ခွဲမှုညံ့ဖျင်းမှုများ၊ အခြေခံ လူနေမှုဘဝလိုအပ်ချက်များ မရရှိခြင်း စသည်တို့တွင် ရခိုင်ပြည်နယ်အနေဖြင့် အခြား ပြည်နယ်တို့ထက် ပိုမိုဆိုးရွားစွာ ခံစားခဲ့ရသည်။

    အလုပ်သမားများမှာ မိသားစုထံ ငွေပြန်ပို့နိုင်ရန် ရေခြားမြေခြားသို့ သွားရောက်အလုပ်လုပ်နေကြရသည်။ မိမိတို့ဒေသအတွင်း တရုတ်စီးပွားရေးလုပ်ငန်းများအတွက် ရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများကို ခွင့်ပြုပေးနေသော် လည်း ဒေသခံများ အနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းနှင့် အခြားအကျိုးကျေးဇူးများ ခံစားရခွင့် နည်းပါးသည်။ ထိုင်းတရားရုံးက ရခိုင်လူငယ်နှစ်ဦးကို ခိုတောင်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ချမှတ်လိုက်သည့် အချိန်မှာပင်     ကျောက်ဖြူမြို့နယ်အတွင်း မြေဧက ၄,ဝဝဝ ပေါ်တွင် အထူးစီးပွားရေးဇုန်တစ်ခု၊ ရေနက်ဆိပ်ကမ်းတစ်ခုတို့ကို တရုတ်နှင့်  ထိုင်းစီးပွားရေးကုမ္ပဏီများ လုပ်ကိုင်ခွင့်အတွက် လွှတ်တော်က အတည်ပြုလိုက်သည်။ သို့သော် ယင်းခွင့်ပြုချက်တွင် အလုပ်သမားအခွင့်အရေး ကာကွယ်မှုအတွက်  ပြဋ္ဌာန်းချက်များ မပါဝင်ဘဲ စီမံကိန်းတွင် ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်း ရရှိရန်သာ ဆောင်ရွက်ထားသည်။

    ခိုင်ခံ့လုံခြုံမှုမရှိသည့်  လှေများဖြင့် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ  မလေးရှားသို့ ရွှေ့ပြောင်းနေကြသည့် ရိုဟင်ဂျာမွတ်ဆလင်များ၏ ဒုက္ခကိုလည်း နိုင်ငံတကာအသိုင်းအဝိုင်းက စောင့်ကြည့်နေကြသည်။ ရခိုင်ပြည်နယ်အတွင်း  လူမျိုးရေးအဓိကရုဏ်းအပြင်  ဆင်းရဲနွမ်းပါးသည့် ရခိုင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် ထိုင်းနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်ပြီး နှိပ်စက်ညှဉ်းပန်းမှုများ ကြုံတွေ့နေရသည့်အပြင်  လူကုန်ကူးသမားများ၊  အလုပ်အကိုင်ပွဲစားများ၏ လိမ်လည်မှုများနှင့်လည်း ရင်ဆိုင်နေရသည်။ ယင်းကဲ့သို့ ဒုက္ခနှင့် ရင်ဆိုင်ကြုံတွေ့နေရခြင်းသည် မြန်မာစစ်အစိုးရကြောင့် ဖြစ်ရသည်ဟု ရခိုင်တိုင်းရင်းသား အများအပြားက နားလည်ထားကြသည်။

    မြန်မာနိုင်ငံအရှေ့ပိုင်းနှင့် မြောက်ပိုင်းတွင်  မြေသိမ်းမှုများဖြစ်ပွားနေခြင်းကလည်း  ကျေးလက်နေပြည်သူတို့၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ ထိခိုက်စေပြီး ၎င်းတို့၏ သားသမီးများကို နယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ပို့ကာ အလုပ်လုပ်ခိုင်းထားရသည်။ သဘာဝရင်းမြစ်များ တူးဖော် ထုတ်လုပ်ရာတွင် မြေယာဆုံးရှုံးမှုအများအပြား ဖြစ်ပွားနေခြင်းကြောင့် ကျေးလက်ဒေသအချို့တွင် မတည်ငြိမ်မှုနှင့် လာရောက်လုပ်ကိုင်သည့် ကုမ္ပဏီတို့အပေါ် ဆန္ဒပြမှုများ ဖြစ်ပွားနေသည်။ မြေယာသိမ်းမှုအချို့တွင် စစ်တပ်၏ ပါဝင်မှုများလည်း ရှိကြောင်း Global Witness အဖွဲ့၏ လေ့လာဆန်းစစ်မှုတစ်ရပ်တွင် ဖော်ပြထားသည်။ ၂ဝ၁၅ ခုနှစ်အတွင်းက ကရင်ပြည်နယ်၊ ဘားအံမြို့အတွင်းရှိ ကျေးရွာအချို့သို့ ရောက်ရှိခဲ့ရာတွင် အာဏာပိုင်များ၊ စစ်တပ်အရာရှိကြီးများ၏ မတရားသဖြင့် မြေသိမ်းယူမှု၊ စီးပွားရေးလက်ဝါးကြီးအုပ်မှု၊ အစိုးရကိုဝေဖန်သူများကို ခြိမ်းခြောက် ဖမ်းဆီးမှု၊ မြေယာဆုံးရှုံးခြင်း အတွက် လျော်ကြေးမရမှုတို့ကြောင့်  ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ကြသည့် အသက် ၂ဝ ဝန်းကျင် လူငယ်တချို့နှင့် တွေ့ ခဲ့ရသည်။ ၂ဝ၁၁ တွင် အရပ်သားတစ်ပိုင်းအစိုးရ တက်လာရာ  နိုင်ငံအတွင်း အခွင့်အလမ်းကောင်းများ ပေါ်ပေါက် လာပြီး ထိုင်းမှ ပြန်လာရမည်ဖြစ်သော်လည်း မိမိတို့ဘဝတိုးတက်မလာသည့်အပြင် ပိုမိုဆိုးရွားမှုများကို ကြုံတွေ့လာရသည့် နောက်ထပ် မျိုးဆက်တစ်ခုသည်လည်း ပြည်ပသို့ပင် ထွက်ခွာ အလုပ်လုပ်ကိုင်ကြရပြန်သည်။

    ရှမ်းပြည်နယ်အတွင်း လက်နက်ကိုင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး မကြာမီလပိုင်းအတွင်းကပင် အရပ်သား တစ်သောင်းကျော် နေရပ် စွန့်ခွာ  ထွက်ပြေးရသည်။ ၎င်းတို့အနက်မှ အများအပြားသည်  ထိုင်းနိုင်ငံမြောက်ပိုင်းသို့ ရောက်ရှိသွားကြကာ ၁၉၈ဝ ပြည့်နှစ်နောက်ပိုင်း ပြည်တွင်း စစ်ကြောင့် ထွက်ပြေးပြီး ယင်းဒေသသို့ ရောက်ရှိနေကြသည့် ရှမ်းတိုင်းရင်းသား ထောင်ပေါင်း များစွာထံ ရောက်ရှိသွားကြသည်။ ငြိမ်းချမ်းရေးနှင့်တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ပြောနေကြသော်လည်း မြန်မာနိုင်ငံတွင်  ၂ဝ၁၁  မှစတင်၍ လက်နက်ကိုင်တိုက်ခိုက်မှုများ ပြန်လည်မြင့်တက်လာသည်။ ကချင်ပြည်နယ်တွင် ပြင်းထန်သည့် တိုက်ပွဲများကြောင့်  အရပ်သား  ၁၃ဝ,ဝဝဝ ခန့် အိုးအိမ်စွန့်ခွာနေရပြီး အိမ်နီးချင်းနိုင်ငံများသို့ မြန်မာနိုင်ငံသားများ ထပ်မံ ရွှေ့ပြောင်းမည့်အခြေအနေရှိနေသည်။

    မြန်မာနိုင်ငံအတွင်းမှ ပြည်သူအများအပြားက ခိုတောင်ကျွန်းလူသတ်မှုတွင် သေဒဏ်ချမှတ်ခြင်းနှင့် ပတ်သက်၍ စိုးရိမ်တုန်လှုပ်နေကြပြီး ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အနှိမ်ခံနေရမှုအပေါ် မကျေနပ်ကြသည်မှာ ငြင်းဆိုဖွယ်ရာ မရှိပေ။  ရွှေ့ပြောင်း အခြေချနေထိုင်သူများအပေါ်  လူ့အခွင့်အရေးချိုးဖောက်မှုများ  ရပ်တန့်ရန်  ထိုင်းအစိုးရကို တောင်းဆိုနေကြသော်လည်း မကြာမီအာဏာရလာတော့မည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရအနေဖြင့်  လူနေမှုဘဝများစွာကွာဟခြင်း၊ လုပ်အား ခေါင်းပုံဖြတ် ခံရခြင်းတို့ကြောင့် မြန်မာနိုင်ငံသားများ နှစ်ပေါင်းများစွာကပင် ပြည်ပထွက် အလုပ်လုပ်နေရမှု ပြဿနာကို အမြန်ဆုံးဖြေရှင်းရန် လိုအပ်နေသည်။

    သဘာဝရင်းမြစ်သယံဇာတများမှရရှိသော အကျိုးအမြတ်၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့ကို အသက်မွေးဝမ်းကျောင်း အာမခံချက်မရှိသေးသော ကျေးလက်ဒေသနေ နွမ်းပါးသည့် ပြည်သူများ အတွက် ထိထိရောက်ရောက်  မျှဝေသုံးစွဲခြင်း မပြုသရွေ့ မြန်မာနိုင်ငံကို အနာဂတ်စီးပွားရေး အလားအလာကောင်းများ ရှိနေသည့် နိုင်ငံအဖြစ် သတ်မှတ်ရန် ခဲယဉ်းပေလိမ့်မည်။     ။

    David Scott Mathieson သည် Human Rights Watch ခေါ် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ အာရှရေးရာဌာန၏ အကြီးတန်းသုတေသီတစ်ဦးဖြစ်သည်။

    Myanmar Now သတင်းဌာနမှ ကူးယူဖော်ပြပါသည်။