News @ M-Media

Blog

  • မွတ်စလင်လူငယ်သိပ္ပံပညာရှင်ကို ဂုဏ်ပြုသည့်အနေဖြင့် နာဆာက ဂြိုဟ်တစ်လုံးကို ၎င်း၏အမည် မှည့်ခေါ်

    မွတ်စလင်လူငယ်သိပ္ပံပညာရှင်ကို ဂုဏ်ပြုသည့်အနေဖြင့် နာဆာက ဂြိုဟ်တစ်လုံးကို ၎င်း၏အမည် မှည့်ခေါ်

    ဇန်န၀ါရီ ၁၂၊ ၂၀၁၅
    M-Media

    saudi student

    – သိပ္ပံပညာရပ်တွင် လေးစားလောက်သည့် စွမ်းဆောင်မှုများကို ပြသခဲ့သော ဆော်ဒီ ကျောင်းသား အလ်ဒူလ် ဂျာဘာရ် အလ်-ဟာမွဒ်အား ဂုဏ်ပြုသောအားဖြင့် မကြာသေးမီက တွေ့ရှိခဲ့သည့် ဂြိုဟ်တစ်လုံးကို “ဟာမွဒ်” ဟု အမည်ပေးခဲ့သည်ဟု သိရသည်။

    အလ်-ဟာမွဒ်မှာ ကမ္ဘာပေါ်တွင် အကြီးဆုံး တက္ကသိုလ်အကြို သိပ္ပံဆိုင်ရာပြိုင်ပွဲတစ်ခုဖြစ်သည့် ၂၀၁၅ ခုနှစ် နိုင်ငံတာသိပ္ပံနှင့် အင်ဂျင်နီယာပွဲတော် ISEF တွင် ချန်ပီယံဖြစ်ခဲ့သူဖြစ်ပြီး ဆုကြေးငွေ ကန်ဒေါ်လာ ၅ သန်း ရရှိခဲ့သည်။ အဆိုပါပြိုင်ပွဲသို့ နိုင်ငံပေါင်း ၇၀ မှ ကျောင်းသားပေါင်း ၁၇၀၀ ကျော်ဝင်ရောက်ကာ ၎င်းတို့၏ သုတေသနနှင့် သိပ္ပံပညာ အစွမ်းအစကို ပြသခဲ့ကြသည်။

    နာဆာကမူ အလွန်ခက်ခဲသည့် ISEF ပြိုင်ပွဲတွင် ဇီဝ-ရုက္ခဗေဒနှင့် ပတ်သက်၍ သိပ္ပံဆိုင်ရာ တော်လှန်ရေးကို ချပြကာ ချန်ပီယံဖြစ်ခဲ့သည့် ဟာမွဒ်၏ စွမ်းဆောင်ရေကို အသိအမှတ်ပြုသည့်အနေဖြင့် အသစ်တွေ့ရှိသည့် ဂြိုဟ်တစ်လုံးအား ထိုကဲ့သို့ အမည်ပေးခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အသက် ၁၇ နှစ်အရွယ်ရှိ အလ်-ဟာမွဒ်မှာ ထိုကဲ့သို့ အောင်မြင်မှုအပြင် ဆွီဒင်၌ ကျင်းပပြုလုပ်မည့် နိုဘယ်ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားခံခဲ့ရသည်။

    အလ်-ဟာမွဒ်မှာ မျိုးရိုးအင်ဂျင်နီယာနယ်ပယ်တွင် TRV ဗိုင်းရပ်စ်ကို အသုံးပြုကာ စမ်းသပ်စစ်ဆေးမှုများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး ၎င်း၏ တွေ့ရှိမှုကို အပင်ပေါင်း ၄၅၀ နှင့် ခရမ်းချဉ်သီးအပင်ပေါင်း ၅၀ တို့တွင် အသုံးပြုနေပြီဖြစ်သည်။

    Ref : IINA News

  • မြန်မာနိုင်ငံ အင်္ဂလိကန် ခရစ်ယာန်အသင်းတော်၏ တွေ့ဆုံပွဲသို့ နယူးဇီလန်မှ ဂိုဏ်းချုပ်ဘုန်းတော်ကြီး တက်ရောက်

    မြန်မာနိုင်ငံ အင်္ဂလိကန် ခရစ်ယာန်အသင်းတော်၏ တွေ့ဆုံပွဲသို့ နယူးဇီလန်မှ ဂိုဏ်းချုပ်ဘုန်းတော်ကြီး တက်ရောက်

    ဇန်န၀ါရီ ၁၂၊ ၂၀၁၆
    M-Media

    christian
    ရန်ကုန်မြို့ရှိ အင်္ဂလိကန်ဘုရားကျောင်းမှ ၀တ်ပြုဆုတောင်းမှု ပုံရိပ်တစ်ခု

    – မြန်မာနိုင်ငံရှိ ခရစ်ယာန် အင်္ဂလိကန်အသင်းတော်က ငါးနှစ်တစ်ကြိမ် ကျင်းပပြုလုပ်သော အင်္ဂလိကန်မိသားစု တွေ့ဆုံပွဲသို့ နယူးဇီလန်နှင့် ပိုလီနီးရှား အင်္ဂလိကန်အသင်းတော်၏ ဂိုဏ်းချုပ်ဘုန်းတော်ကြီးများထဲမှ တစ်ဦးဖြစ်သူ ဘုန်းတော်ကြီး ဖိလစ် ရစ်ချက်ဆန် တက်ရောက်ခဲ့သည်ဟု သိရသည်။

    ဒီဇင်ဘာ ၃၀ ရက်နေ့မှ ဇန်န၀ါရီ ၃ ရက်နေ့အထိ ပြုလုပ်ခဲ့သည် တတိယအကြိမ်မြောက် အဆိုပါတွေ့ဆုံပွဲတွင် မြန်မာနိုင်ငံတစ်ဝှမ်းမှ အင်္ဂလိကန်အသင်းဝင် ထောင်ပေါင်းများစွာ ပါဝင်ခဲ့ကြပြီး အာရှပစိဖိတ်ဒေသမှ အသင်းတော် ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြသည်။

    ဘုန်းတော်ကြီး ဖိလစ်ကမူ နိုဝင်ဘာရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်ပြိုကမ်းပြို အနိုင်ရမှုက အကောင်းမြင်စရာဖြစ်ခဲ့သည်ဟု ပြောကြားခဲ့သည်။ စစ်တပ်မှာ ဆက်လက်အာဏာရှိနေပြီး မြန်မာ့လူ့အဖွဲ့အစည်းတွင် အမြဲတမ်းပါဝင်မည်ဖြစ်သော်လည်း ဘုန်းတော်ကြီးကမူ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ခရီးရောက်နေပြီး ထိုတိုးတက်မှုများမှာလည်း နောက်ပြန်သွားတော့မည်မဟုတ်ဆိုသော မျှော်လင့်ချက်များမှာ ပြည်သူများအကြားတွင် ရှိလာစေခဲ့သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၏ ကြံ့ခိုင်မှုနှင့် ရွေးကောက်ပွဲ အောင်နိုင်မှုတို့က မြန်မာအမျိုးသမီးများအတွက် အားဖြစ်စေသည်ဟု ဆိုသည်။

    ဘုန်းတော်ကြီးဖိလစ်မှာ တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ပြီးနောက်ပိုင်း တောင်ငူမြို့ရှိ အသင်းတော်၏ ဘုရားကျောင်းသို့ သွားရောက်လည်ပတ်ခဲ့ပြီး၊ ကရင်လူ့အဖွဲ့အစည်းနှင့် တွေ့ဆုံခဲ့သည်။

    Ref: Anglicannews

  • နေးမာကို ရီးယဲလ်သို့ခေါ်ယူမည်ဟု ရော်ဘတ်တိုကားလို့စ်ပြော

    နေးမာကို ရီးယဲလ်သို့ခေါ်ယူမည်ဟု ရော်ဘတ်တိုကားလို့စ်ပြော

    ဇန်န၀ါရီ ၁၂၊ ၂၀၁၆
    M-Media

    neymar

    – နေးမာမှာ အနာဂတ်တွင် ရီးယဲလ်အသင်း၏ဂျာစီကို ၀တ်ရဖွယ်ရှိနေပြီး မိမိအနေဖြင့် ၎င်းအား ရီးယဲလ်သို့ ခေါ်ယူနိုင်မည်ဟု နောက်ခံလူဟောင်း ရော်ဘတ်တိုကားလို့စ်က ပြောကြားလိုက်သည်။

    အသက် ၄၂ နှစ်အရွယ်ရှိ ဘရာဇီးနောက်ခံလူဟောင်း ကားလို့စ်က မိမိမှာ ရီးယဲလ်၏ အုပ်ချုပ်မှုပိုင်းသို့ ပြန်လာရန် ဆွေးနွေးနေသည်ဟု မကြာသေးမီက ဖွင့်ဟထားသည်။ ၎င်းရောက်ရှိပါက အနာဂတ်တွင် တစ်နိုင်ငံတည်းသားနေးမာအား ခေါ်ယူနိုင်ရန် ဆောင်ရွက်သွားမည်ဟု ဆိုသည်။ ကားလို့စ်မှာ ရီးယဲလ်၌ ၁၁ နှစ်ကာလအတွင်း ပွဲပေါင်း ၅၀၀ ကျော် ကစားခဲ့သူဖြစ်သည်။

    “နေးမာကို ရီးယဲလ်ရောက်အောင် ကျွန်တော် ခေါ်ဆောင်နိုင်မှာပါ။ သူက တော်တော်ငယ်သေးပြီး နောက်နှစ်ဆိုရင် Ballon d’Or ဆုမှာ ဒီထက်မြင့်တဲ့အဆင့်နဲ့ အဆုံးသတ်မယ်လို့ ကျွန်တော် အသေအချာပြောရဲပါတယ်” ဟု ကားလို့စ် Punto Pelota သို့ ပြောကြားခဲ့သည်။

    ကားလို့စ် ရီးယဲလ်သို့ရောက်ရှိပါက နည်းပြအဖြစ်ဆောင်ရွက်နေသည့် အသင်းဖော်ဟောင်း ဇီဒိန်းနှင့် လက်တွဲရမည် ဖြစ်သည်။ နေးမာမှာ ယမန်နေ့က ပေးအပ်ခဲ့သည့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or တွင် မက်ဆီနှင့် ရော်နယ်ဒိုတို့၏နောက် တတိယနေရာတွင် ရှိခဲ့သည်။

    Ref: Goal

  • တူရကီ အစ္စတန်ဘူလ်မြို့လယ်ခေါင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

    တူရကီ အစ္စတန်ဘူလ်မြို့လယ်ခေါင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

    ဇန်န၀ါရီ ၁၂၊ ၂၀၁၆
    M-Media

    turkey

    – တူရကီနိုင်ငံ  အစ္စတန်ဘူလ်မြို့လယ်ခေါင်ရှိ သမိုင်းဝင် ဆူလ်တန်အဟ်မတ်ရင်ပြင်၌ ယနေ့တွက် ပေါက်ကွဲမှု ဖြစ်ခဲ့သောကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့သည်ဟု အစ္စတန်ဘူလ်အုပ်ချုပ်ရေးမှူးရုံးက ပြောကြားလိုက်သည်။

    အဆိုပါ ရင်ပြင်မှာ ကမ္ဘာလှည့်ခရီးသွားများနှင့် ဒေသခံပြည်သူများဖြင့် စည်ကားသည့်နေရာဖြစ်ပြီး ယနေ့မနက် ဒေသစံဆော်ချိန် ၁၀ နာရီ မိနစ် ၂၀ က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သေဆုံးမှုအပြင် ဒဏ်ရာရရှိသူမှာလည်း ၁၅ ဦးအထိ ရှိခဲ့သည်။

    အုပ်ချုပ်ရေးမှူးရုံးမှ ထုတ်ပြန်သော ကြေငြာချက်တွင် အဆိုပါ ပေါက်ကွဲမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေသည်ဟု ဖော်ပြခဲ့သည်။ ထိခိုက်ဒဏ်ရာရသူများတွင် နိုင်ငံခြားသားများလည်း ပါဝင်သည်ဟု တူရကီသမ္မတ ရီဆက်ပ် တိုင်ယစ် အာဒိုဂန်က အတည်ပြုခဲ့သည်။

    တူရကီမှာ ယခုနောက်ပိုင်းတွင် IS အကြမ်းဖက်အဖွဲ့၏ ပစ်မှတ်ထားရာ ဖြစ်လာခဲ့ပြီး ပြီးခဲ့သည့်နှစ်က ၎င်းတို့အဖွဲ့မှ ဗုံးခွဲမှုနှစ်ခုပြုလုပ်ခဲ့ကာ စုစုပေါင်း လူ ၁၀၀ ကျော် သေဆုံးခဲ့သည်။ ယခုပေါက်ကွဲမှုအတွက် မည်သူမှ တာဝန်မယူသေးပေ။

    Ref: Aljazeera

  • နိုင်ငံရပ်ခြားအထိ လက်တံရှည်လာတဲ့ မြန်မာဟက်ကာများ

    နိုင်ငံရပ်ခြားအထိ လက်တံရှည်လာတဲ့ မြန်မာဟက်ကာများ

    ဇန်န၀ါရီ ၁၂၊ ၂၀၁၆

    M-Media


    – အင်တာနက်ကို ကောင်းစွာအသုံးချနိုင်မှုက မြန်မာဟက်ကာအသိုင်းအ၀ိုင်းကို မြှင့်တင်ပေးနေသလိုဖြစ်နေ၏။ ၎င်းတို့အနက် အဖွဲ့အ၀င်အချို့သည် အိမ်နီးချင်းနိုင်ငံတို့ကိုပင် ဆိုက်ဘာစစ်ပွဲ ဆင်နွှဲနေပေသည်။

    “ကျွန်တော်တို့က မြန်မာကို မတိုက်ဘူး။ အများအားဖြင့် ဘင်္ဂလားဒေ့ရှ်နဲ့ အင်ဒိုနီးရှား ၀က်ဘ်ဆိုက်တွေကို Hacking ဖောက်ယူပါတယ်” ဟူ၍ မိမိကိုယ်ကို Cyber Root ဟု အမည်ပေးထားသော မြန်မာဟက်ကာတစ်ဦးက ဆိုသည်။

    လွန်ခဲ့သော ၃ နှစ်ကတည်းက ၎င်း Cyber Root နှင့် အခြားဟက်ကာ အမြောက်အများတို့သည် ဘင်္ဂလားဒေ့ရှ်မှ ဟက်ကာတို့ကို မြေအောက်ဆိုက်ဘာစစ်ဆင်ရေးတစ်ရပ် ပြုလုပ်နေခဲ့ကြသည်။

    “သူတို့ဟာ ကျွန်တော်တို့ရဲ့ အစိုးရနဲ့လုပ်ငန်းပိုင်းဆိုင်ရာ ၀က်ဘ်ဆိုက်တွေကို တိုက်ခိုက်ကြတယ်။ ၀က်ဘ်ဆိုက်ရဲ့ ဖော်ပြချက်အညွှန်းတွေ၊ သွင်ပြင်လက္ခဏာတွေကိုပြောင်းလဲပြီး အချက်အလက်အားလုံးကို ဖျက်ဆီးပစ်ကြပါတယ်။ သူတို့က မြန်မာနိုင်ငံကို အကျည်းတန်အောင် လုပ်ချင်နေပုံရတယ်။ ဒါကြောင့် ကျွန်တော်တို့ လက်တုန့်ပြန်ရမယ်။ မြန်မာ(ရဲ့ပုံရိပ်)ကို ကျွန်တော် ကာကွယ်သွားမယ်” ဟု Mr.$ud0 အဖြစ် လူသိများသည့် နောက်ထပ်ဟက်ကာတစ်ဦးက Frontier သို့ပြောကြားသည်။

    ဘင်္ဂလားဒေ့ရှ်ဝက်ဘ်ဆိုက်များကို တိုက်ခိုက်နေသည့် မိမိတို့၏လုပ်ရပ်များကို ဖော်ပြ၍ ဂုဏ်ယူလျက်ရှိကြသော်လည်း မြန်မာပြည်တွင်းရှိ အစိုးရ၀က်ဘ်ဆိုက်များ၌ ယင်းသို့ပြုလုပ်ရန်အစီအစဉ် ရှိမရှိ အဆိုပါဟက်ကာများကို မေးမြန်းသောအခါ မည်သူမျှအားတက်သရော မရှိကြောင်း တွေ့ရ၏။ ယင်းမေးမြန်းချက်ကို တစ်ဦးသောသူက “တခြားသူတွေနဲ့ အင်တာဗျူးတာတွေလည်း ကံကောင်းပါစေ” ဟုသာ တုန့်ပြန်ခဲ့သည်။

    ဆိုက်ဘာစစ်ပွဲများကြောင့် မြန်မာသမ္မတရုံးနှင့် ဘင်္ဂလားဒေ့ရှိလေတပ် ၀က်ဘ်ဆိုက်များအပါအ၀င် ရာနှင့်ချီသော ၀က်ဘ်ဆိုက်များ ကျဆုံးခဲ့ကြသည်။ ဟက်ကာတစ်ဦး၏အဆိုအရ ၎င်းတို့သည် အကယ်၍ အကြောင်းတစ်ရပ်ရပ်ကို သိစေလိုလျှင် သတင်းနှင့်မီဒီယာဝက်ဘ်ဆိုက်များကို ပစ်မှတ်ထားမည်၊ ထိုးဖောက်သိမ်းဆည်းခံရသည့် မြန်မာဝက်ဘ်ဆိုက်တစ်ခုကို ပြန်ပေးလိုလျှင် ၎င်းတို့၏အစိုးရ၀က်ဘ်ဆိုက်များကို ထိုးဖောက်တိုက်ခိုက်မည်ဖြစ်ကြောင်း သိရသည်။

    နှစ်ဖက်စလုံးမှ တူညီစွာအသုံးပြုနေကြသည်မှာ DDos – Distributed Denial of Service တိုက်ခိုက်ရေးနည်းလမ်းနှင့် ၀က်ဘ်ဆိုက်များကို အသွင်ပြောင်းလိုက်ခြင်းဖြစ်သည်။ ယင်းသို့နည်းလမ်းမှာ Hacking လောကတွင် ရိုးစင်းလွန်းလှသော်လည်း ထိထိရောက်ရောက် တိုက်ခိုက်နိုင်ကြ၏။

    ဆိုက်ဘာပဋိပက္ခသည် လူနည်းစုမြန်မာမွတ်စ်လင်မ်များနှင့် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအပေါ် ပြုမူဆက်ဆံမှု၌ အခြေပြုနေသည်။ ရိုဟင်ဂျာများမှာ ဘင်္ဂလားဒေ့ရှ်မှ တရားမ၀င် ၀င်ရောက်လာသူများအဖြစ် မြန်မာနိုင်ငံအစိုးရနှင့် နိုင်ငံသားအများစုက ယုံကြည်နေခြင်းကြောင့် သူတို့ကို ဘင်္ဂလီများဟူ၍ ခေါ်ဆိုကြသည်။

    “ကျွန်တော်တို့က အချင်းချင်း သတ်နေကြတယ်လို့ သူတို့(ဘင်္ဂလားဒေ့ရှ်သား)တွေက ပြောတယ်။ ဒါပေမယ့် ကျွန်တော်တို့ မသတ်ကြဘူး၊ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေးစားမှု ရှိကြပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ ဆိုတာ မရှိပါဘူး” ဟု Cyber Root က ဆိုသည်။

    ၂၀၁၂ ခုနှစ် ဇွန်လအတွင်း ရခိုင်ပြည်နယ်တွင် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စ်လင်မ်တို့အကြား ပွင့်ထွက်လာသည့် အကြမ်းဖက်မှုက ဆိုင်ဘာစစ်ပွဲကို အရှိန်မြင့်တက်သွားစေခဲ့သည်။ အစိုးရထုတ်ပြန်ချက် စာရင်းအင်းအရ ယင်းမတည်ငြိမ်မှုကြောင့် လူ ၂၀၀ သေဆုံးပြီး တစ်သိန်းလေးသောင်းခန့် အိုးအိမ်မဲ့ခဲ့ရသည်။ အများစုမှာ မွတ်စ်လင်မ်များ ဖြစ်ကြသည်။

    “မြန်မာနိုင်ငံထဲမှာ အပြစ်မဲ့မွတ်စ်လင်မ်တွေ သတ်ဖြတ်ခံနေကြရတယ်။ မွတ်စ်လင်မ်တွေအပေါ် ဒီလို တရားမဲ့လုပ်ရပ်တွေနဲ့ ဘင်္ဂလားဒေ့ရှ်ဆိုက်ဘာလောကကိုတိုက်ခိုက်ချက်ဟာ ကျွန်တော်တို့ကို ပြန်လည်တုန့်ပြန်လာစေဖို့ တွန်းအားပေးခဲ့ပါတယ်” ဟူ၍ ၂၀၁၂ ဇွန်လ ၁၉ ရက်တွင် မြန်မာကို ဆိုက်ဘာစစ်ပွဲဆင်နွှဲမည်ဟု ကြေငြာလိုက်သော ဘင်္ဂလားဒေ့ရှ်မှ Cyber Army – BCA က ဆိုသည်။ များမကြာမီ ပြည်ထဲရေးဝန်ကြီးဋ္ဌာနအပါအ၀င် မြန်မာပြည်မှ နာမည်ကြီးဝက်ဘ်ဆိုက်တို့ကို BCA မှ စတင်တိုက်ခိုက်တော့သည်။ ဟိုတယ်များ၊ ခရီးသွားလာရေးလုပ်ငန်းများအပါဝင် ၀က်ဘ်ဆိုက်အများအပြားကို ထိုးဖောက်သိမ်းယူနိုင်ခဲ့ကြသည်။

    နောက်တစ်နေ့၌ မြန်မာဟက်ကာများ လက်တုန့်ပြန်ခဲ့ကြသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရ၀က်ဘ်ဆိုက် ၉၂ ခု အွန်လိုင်းပေါ်မှ ပျောက်သွားသည်။ စစ်တကောင်းတက္ကသိုလ်ဝက်ဘ်ဆိုက်မှာ အသွင်ပြောင်းခံရသည်။ ဘင်္ဂလားဒေ့ရှ်၏ ပင်မသတင်းဋ္ဌာနတစ်ခုဖြစ်သော BDNews24 သတင်းဆိုက်၏ အချက်အလက်များစွာ ဖျက်ဆီးခံရသည်။ အဆိုပါတိုက်ခိုက်မှုပြီးသည့်နောက် မြန်မာဟက်ကာတစ်ဦးက “အလိမ်အညာတွေရပ်၊ ရိုဟင်ဂျာတွေအကြောင်း အသင်တို့ မသိ၊ အသင်တို့လူကို အသင်တို့တိုင်းပြည်ထဲ ပြန်ခေါ်သွားကြ၊ ဗမာပြည်ကို ကျူးကျော်ဖို့ မကြိုးစားနှင့်” ဟု ရေးသားခဲ့သည်။

    ၂၀၁၃ ခုနှစ်တွင် ကမ္ဘာ့နာမည်ကြီး Anonymous အဖွဲ့က ၎င်း၏ပစ်မှတ်ကို မြန်မာအစိုးရဖက်သို့ လှည့်ပြောင်းသည့်အခါ နိုင်ငံတကာအသိုင်းအ၀ိုင်းမှ ဤဆိုင်ဘာစစ်ပွဲအပေါ် စိတ်ဝင်စားလာကြလေသည်။ Anonymous အဖွဲ့ကို နိုင်ငံတကာမှ လှုပ်ရှားတက်ကြွသူဟက်ကာများနှင့် လျော့တိလျော့ရဲ ဖွဲ့စည်းထားပြီး၊ V for Vendetta ရုပ်ရှင်ဇာတ်ကားမှ နာမည်ကြီး မျက်နှာဖုံးစွပ်ပုံအမှတ်အသားဖြင့် လူသိများထင်ရှားသည်။

    Anonymous အဖွဲ့သည် မြန်မာအစိုးရအပေါ် ပြတ်ပြတ်သားသား ဆန့်ကျင်မှုပြုသော်လည်း၊ မိမိတို့သည် ဆိုင်ဘာပဋိပက္ခ၏ မည်သည့်ဖက်ကိုမျှ မလိုက်ဟု အဖွဲ့သားတစ်ခုမှ Frontier သို့ပြောကြားသည်။

    “ဒီမြန်မာဟက်ကာတွေဟာ ဘင်္ဂလားဒေ့ရှ်အစိုးရကို တိုက်ခိုက်ကြတယ်။ ပြီးတော့ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်နေတဲ့ နောက်အစိုးရတစ်ရပ်ကိုလည်း တိုက်ခိုက်ကြပြန်တယ်။ ဒါကြောင့် သူတို့ဟာ သူတို့ရဲ့နလပိန်းတုံးလုပ်ရပ်တွေထဲ ပစ်မှတ် လွဲချော်နေကြတယ်။ ရိုဟင်ဂျာတွေအပေါ် နောက်ထပ်တိုက်ခိုက်မယ့်အစီအမံဆိုင်ရာ ကောလဟလတွေကို ကျွန်တော်တို့ ၂၀၁၃ ခုနှစ်မှာ စတင်တုန့်ပြန်ခဲ့ကြတယ်။ အဲ့ဒီချိန်ကစပြီး ကျွန်တော်တို့ရဲ့ပန်းတိုင်ဟာ အာဏာပိုင်အစိုးရဖက်က ကျူးလွန်တဲ့ဒုစရိုက်တွေကို ဖော်ထုတ်ဖို့ သို့မဟုတ် ဇောင်းပေးဖော်ပြဖို့ဆိုပြီးဖြစ်လာပါတယ်။ ကာလတစ်ရပ်အထိတော့ တကယ်ကို ထိရောက်အောင်မြင်ခဲ့ကြတယ်။ ဒါပေမယ့် ဘေးဒုက္ခတစ်ခုပြီးတစ်ခု ဆက်တိုက်စုပြုံကျရောက်နေတဲ့ လောကတစ်ခုထဲ ရေရှည်တည်တံ့မယ့်အပြောင်းအလဲတစ်ရပ်ကို ဖန်တီးဖို့ဆိုတာ အတော်ခဲယဉ်းလှပါတယ်”။

    ၂၀၁၃ မတ်လ ၂၄ ရက် ကြေငြာတိုက်ခိုက်မှု နာရီအနည်းငယ်အတွင်း Anonymous အဖွဲ့၏ ဗွေဆော်ဦးလက်စွမ်းပြချက်က သိသိသာသာ ကသောင်းကနင်း ဖြစ်သွားစေခဲ့၏။ သမ္မတရုံး၊ ပြန်ကြားရေးဝန်ကြီးဋ္ဌာနအပါအ၀င် အစိုးရ၀က်ဘ်ဆိုက် ၁၄ ခု အွန်လိုင်းပေါ် တက်မရတော့။ အခြားဝက်ဘ်ဆိုက်အများအပြားမှာလည်း အစိုးရဆန့်ကျင်ရေးကြွေးကြော်ချက်တို့နှင့်တစ်ကွ ပုံပြောင်းခံလိုက်ရသည်။ ယင်းအုပ်စုသည် #RohingyaNOW ဟူသောစာသားနှင့်အတူ ရိုဟင်ဂျာပုံ ပရိုဖိုင်းများကို တင်ကြရာ ၂၀၁၃ မတ် ၂၄ ရက်၌ တစ်နာရီအတွင်း ယင်းစာသားအသုံးပြုမှု အကြိမ်ရေ ၂၄၀၀၀ အထိ ကမ္ဘာ့ hashtag ကဏ္ဍအတွက် စံချိန်တင်သွားခဲ့သည်။

    “ဒီအရေးကို ထိပ်ဆုံးအထိ ဆွဲတင်ပြီး နိုင်ငံတကာအရေးဖြစ်အောင် စီမံကူညီပေးဖို့ ကျွန်တော်တို့ စဉ်းစားထားပါတယ်။ ရိုဟင်ဂျာတွေဟာ နိုင်ငံသားအဖြစ် သူတို့ရဲ့ မူလအခွင့်အရေးနဲ့ ကာကွယ်မှုရလာမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဒီလုပ်ဆောင်ချက်ကို ရပ်နားပါမယ်။ အဲ့ဒါပြီးတဲ့နောက်မှာ မြန်မာပြည်သူလူထုတွေအတွက်လည်း ဆက်လက်တိုက်ပွဲဝင်သွားဦးမှာဖြစ်ပါတယ်” ဟု ၎င်းက အသိပေးလိုက်သည်။

    မြန်မာနိုင်ငံဖက် ပစ်မှတ်ထားနေသော Anonymous ၏ လှုပ်ရှားမှုများက ကျဆင်းလာသော်လည်း မျက်ခြေမပြတ် စောင့်ကြည့်နေဆဲဖြစ်သည်။ ထိုအုပ်စုက ၂၀၁၅ ဇွန်လအတွင်း တစ်ယူသန်ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒီများအဖွဲ့ ၉၆၉ (နှင့်) ၎င်း၏ခေါင်းဆောင် မဘသအဖွဲ့ဝင် အရှင်ဝီရသူတို့အား တုန့်ပြန်သော Operation 969 ကို စတင်ရန် အချက်ပြခဲ့ကြသည်။ Anonymous ၏အဆိုအား လက်ခံသည့်အနေနှင့် ဘာသာမဲ့မြန်မာဟက်ကာအုပ်စုက ဦးဝီရသူ၏ ဖေ့စ်ဘွတ်နှင့် ဂျီမေးလ်အကောင့်များကို တိုက်ခိုက်ခဲ့ကြသည်။

    “ဒီလူတွေဟာ လူထုအကြား အမုန်းတရားထည့်သွင်းမွှေနှောက်ပြီး သွေးကွဲအောင် – လူမျိုးခွဲခြားရေးဝါဒ ကြီးထွားလာအောင် နိုင်ငံတော်က ကျောထောက်နောက်ခံပြုစီမံထားတယ်လို့ ယုံကြည်ယူဆထားသူတွေဖြစ်တယ်။ ဒီလူတွေ(မြန်မာနိုင်ငံသားလှုပ်ရှားတက်ကြွသူတွေ)က ဒီအချက်ကို သတိပေးနှိုးဆော်ပေးချင်လို့ ဒီလိုလုပ်ကြတာပါ။ ရိုဟင်ဂျာနဲ့ မြန်မာမွတ်စ်လင်မ်တွေ၊ ဒါ့အပြင် ကရင်နဲ့ကချင်တွေထဲမှာလည်း အားပေးကူညီသူတွေ အများအပြား ရှိနေကြပါတယ်။ ဒါပေမယ့် သူတို့ကိုယ်တိုင်က ဒါကို ထုတ်ဖော်ပြောချင်မှပြောပါလိမ့်မယ်” ဟု အဆိုပါ Anonymous အဖွဲ့ပြောရေးဆိုခွင့်ရှိသူက အစိုးရအပေါ် ပြည်တွင်းဟက်ကာများ၏တိုက်ခိုက်မှု မြင့်မားလာကြောင်းကိုပါ ထည့်သွင်းရှင်းပြခဲ့သည်။

    အထူးသဖြင့် E-Commerce စနစ်ဖက်သို့ အရှိန်အဟုန်မြင့် ကူးပြောင်းလာလျှင် ဆိုက်ဘာပဋိပက္ခများသည် မြန်မာနိုင်ငံအတွက် တကယ့်အန္တရာယ်ကြီးတစ်ရပ်အဖြစ် ဆက်လက်တည်တံ့နေဦးမည်ဖြစ်သည်။ မြန်မာနိုင်ငံအခြေစိုက် ဆိုက်ဘာလုံခြုံရေးအကြံပေးပုဂ္ဂိုလ် Doron Landau က အောက်ပါအတိုင်း ပြောကြားသည်။

    “လက်ရှိအချိန်မှာ အပျော်တမ်းလက်သင်တွေအဆင့်ပဲ ရှိနေပေမယ့် (မကြာခင်) အံတိုနောကျေပြီး တိုက်ခိုက်မှုများ မြင့်တက်လာပါတော့မယ်။ မြန်မာနိုင်ငံထဲ ပီပြင်ခိုင်မာတဲ့ ဆိုက်ဘာလုံခြုံရေးစနစ်ဆိုတာ မရှိသေးပါဘူး။ ဒါကြောင့်မို့ ဆိုက်ဘာဒုစရိုက်မှုက အဲ့ဒီအချိန်မှာ အန္တရာယ် အထူးကြီးမားလာမှာဖြစ်ပါတယ်။ ဆိုက်ဘာစစ်ပွဲခေါင်းစဉ်အောက်က ပါဝင်နေကြတဲ့ ဒီဟက်ကာများဟာ – ငါတို့က ငွေကြေးတွေ ခိုးယူနေတာ မဟုတ်ဘူးလို့ အကြောင်းပြပြောဆိုနေကြတယ်။ သို့သော် သူတို့ဟာ ပြစ်မှုကျူးလွန်သူစာရင်းထဲ ပါဝင်နေကြပြီဖြစ်တယ်။ ပြီးတော့ ဒီလိုလုပ်ရပ်မျိုးနဲ့ ငွေအပုံအပင် ရှာနိုင်ကြောင်း သူတို့ နားလည်သွားတဲ့အခါ သူတို့ ဒီလိုမလုပ်ပါဘူးလို့ ဘယ်သူပြောနိုင်မလဲ”။

    မြန်မာနိုင်ငံ၏ E-Commerce သက်တမ်းနုနုလေးမှာပင်လျှင် ငွေကြေးဆိုင်ရာ ဆိုက်ဘာရာဇ၀တ်မှု၏ သားကောင်ဘ၀ ရောက်ခဲ့ရပြီးဖြစ်၏။

    ၂၀၁၄ ခုနှစ်တွင် ATM ကဒ်အတုပြုလုပ်ပြီး လူလိမ်များက ကျပ်ငွေ ၂၅.၂ သန်း ခိုးယူရန် ကြံစည်ခဲ့သည်။ ရန်ကုန်မြို့ ဟော်တယ်တစ်ခုတွင် ရုံးဖွင့်ထားပြီး နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲ၌ လေ့လာသူများကိုစေလွှတ်ကူညီခဲ့သော အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းကြီးတစ်ခုဖြစ်သည့် Carter Center ရုံးလိပ်စာကို သူခိုးတစ်ဦးမှ hacking လုပ်ကာ ၂၀၁၅ နိုဝင်ဘာလတွင် အမေရိကန်ဒေါ်လာ ၄၂၄၆၆ (ကျပ်ငွေ ၅၅ သန်းခန့်) ခိုးယူသွားခဲ့သည်။

    မြန်မာဆိုက်ဘာစစ်ပွဲမှာ အရှိန်လျော့ခြင်း၊ ရပ်တန့်ခြင်း၏ မည်သည့်လက္ခဏာမျှ မတွေ့ရ။ သာမန် hacking နည်းပညာများအပြင် အခြားနည်းလမ်းများ အသုံးပြုမည့် အရိပ်အယောင်ကိုလည်း မမြင်သေးချေ။ သို့သော် မစ္စတာ Landau က သတိပေးစကားတော့ ဆိုလိုက်ပါသည်။

    “ဒီကာလမှာဖြစ်စေ နောင်တစ်ချိန်မှာဖြစ်စေ ဖောက်ယူလိမ်လည်တဲ့ အဓိကရအဖွဲ့တစ်ခု ပေါ်ပေါက်လာပါလိမ့်မယ်။ ဒီဟက်ကာတွေထဲကဟုတ်မဟုတ် မပြောတတ်ပေမယ့် ဒီလိုကိစ္စတွေ ဖြစ်လာပါလိမ့်မယ်”။

    ရန်ကုန်မြို့ အင်တာနက်ဆိုင်တစ်ဆိုင်တွင် တွေ့ရသော လူငယ်တစ်ဦး (ဓာတ်ပုံ – AFP)

    (Ref : James Coe’s The Cyber Wars ; Frontier Myanmar)

    ပြန်ဆိုသူ – သာကီထက်ကောင်း