News @ M-Media

Blog

  • ဘင်္ဂလားဒေ့ရှ်တွင် ဆော်ဒီမှ မုန်တိုင်းဒဏ်ခံ အဆောက်အဦး ၁၇၀ ဆောက်လုပ်ပေး

    ဘင်္ဂလားဒေ့ရှ်တွင် ဆော်ဒီမှ မုန်တိုင်းဒဏ်ခံ အဆောက်အဦး ၁၇၀ ဆောက်လုပ်ပေး

    ဇန်န၀ါရီ ၁၂၊ ၂၀၁၆
    M-Media

    saudi

    – ဘင်္ဂလားဒေ့ရှ်တွင် ဆော်ဒီက ငွေကြေးထောက်ပံ့ကာ ဆောက်လုပ်ပေးခဲ့သည့် မုန်တိုင်ဒဏ်ခံ ခိုလှုံရာအဆောက်အဦး စုစုပေါင်း  အခု ၁၇၀ ကို ယခုသီတင်းပတ်အတွင်း စစ်တကောင်းမြို့တွင် ဘင်္ဂလာဒေ့ရှ်အစိုးရသို့ တရားဝင်လွှဲပြောင်းပေးအပ်မည်ဟု သိရသည်။

    နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများဆိုင်ရာ ဘုရင်အဘ်ဒူလာဖောင်ဒေးရှင်း ဥက္ကဌ မင်းသား တာကီ ဘင် အဘ်ဒူလာ ဘင် အဘ်ဒူလ်အဇီးဇ်က အသစ်ဆောက်လုပ်ထားသည့် အဆိုပါ အဆောက်အဦးများကို ဘင်္ဂလားဒေ့ရှ်အစိုးရသို့လွှဲပြောင်းပေးအပ်ရန် ဒါကာသို့ ယမန်နေ့က ထွက်ခွာသွားခဲ့ပြီဖြစ်သည်။ အဆိုပါ အဆောက်အဦးများကို ဘုရင် အဘ်ဒူလာဖောင်ဒေးရှင်းက ငွေကြေးထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။

    ၂၀၀၇ ခုနှစ်က ဘင်္ဂလားဒေ့ရှ်တွင် ဆိုင်ကလုန်း ဆီဒါရ် တိုက်ခတ်မှုအတွင်း ဆော်ဒီက ကန်ဒေါ်လာ သန်း ၁၀၀ ကို ပထမဆုံးလှူဒါန်းခဲ့သည်။ ဘင်္ဂလားဒေ့ရှ်သံအမတ် ဂိုလမ်မိုရှီက အဆိုပါ မုန်တိုင်းဒဏ်ခံ အဆောက်အဦးများကို စစ်တကောင်း၊ ခုလ်နာ၊ ပါတူခါလီ၊ ဗိုလာ စသည့် ကမ်းရိုးတန်းမြို့များတွင် ဆောက်လုပ်ထားခြင်းဖြစ်ပြီး စာသင်ကျောင်းများ မဒ်ရာဆာများအဖြစ် အသုံးပြုသွားမည်ဟု ပြောကြားခဲ့သည်။

    ထိုအဆောက်ဦးများမှာ မုန်တိုင်းဝင်ရောက်ပါက ပြည်သူများ ခိုလှုံရာ နေရာများအဖြစ် အသုံးပြုနိုင်မည်ဖြစ်သည်။

    “ဒီအဆောက်အဦးတွေမှာ ဆိုင်ကလုန်းဒဏ်ခံရတဲ့သူတွေအတွက် လိုက်လျောညီထွေဖြစ်အောင် လိုအပ်တဲ့ကိရိယာ အပြည့်အ၀ တပ်ဆင်ထားပါတယ်၊ ဒုက္ခသည်တွေလိုအပ်မယ့် အသုံးအဆောင်တွေအားလုံးလည်း ပါဝင်ပါတယ်” ဟု မိုရှီက ပြောကြားခဲ့ပြီး အအကူညီပေးမှုအတွက် ဆော်ဒီအစိုးရအား ကျေးဇူးတင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    ၂၀၀၇ ခုနှစ် နိုဝင်ဘာလအတွင်းက တိုက်ခတ်ခဲ့သော အဆိုပါ ဆိုက်ကလုန်း ဆီဒါရ်မှာ အဆင့် ၄ မုန်တိုင်းဖြစ်ပြီး မုန်တိုင်းနှင့်အတူ ရေကြီးမှုများလည်း ဖြစ်ခဲ့သောကြောင့် မုန်တိုင်းသင့်ဒေသများတွင် အခြေခံအဆောက်ဦးများ ဆိုးဆိုးဝါးဝါး ပျက်ဆီးခဲ့သည်။

    Ref: Arabnews

  • အခွန်လိမ်လည်မှု၊ ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားမှုဖြင့် စပိန်တော်ဝင်မင်းသမီး တရားရင်ဆိုင်နေရ

    အခွန်လိမ်လည်မှု၊ ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားမှုဖြင့် စပိန်တော်ဝင်မင်းသမီး တရားရင်ဆိုင်နေရ

    ဇန်န၀ါရီ ၁၂၊ ၂၀၁၆
    M-Media

    spain

    – စပိန်နိုင်ငံ၏ တော်ဝင်မင်းသမီး ခရစ္စတီးနားအား အခွန်ရှောင်မှုနှင့် ပြည်သူ့ဘဏ္ဍာများကို အလွဲသုံးစားလုပ်သည်ဟူသော စွဲချက်ဖြင့် ယမန်နေ့က စတင်ကြားနာစစ်ဆေးခဲ့သည်ဟု သိရသည်။

    ခရစ်တီးနားမှာ အခွန်ငွေလိမ်လည်မှုဖြင့် တရားသူကြီး ၃ ဦးပါဝင်သော ခုံအဖွဲ့ရှေ့မှောက်တွင် ကြားနာစစ်ဆေးခံခဲ့ရခြင်းဖြစ်ပြီး စပိန်တော်ဝင်အသိုင်းအ၀ိုင်းတွင် ပထမဆုံး တရားစွဲဆိုခံရသူ ဖြစ်လာခဲ့သည်။

    သူမခင်ပွန်း၏ စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ မသမာမှုများရှိနေသောကြောင့် စပိန်တရားရေးဌာနက ကာလကြာရှည် စုံစမ်းမှု ပြုလုပ်ခဲ့ပြီးနောက် ခရစ္စတီးနား၊ သူမ၏ ခင်ပွန်းနှင့် အခြား ၁၆ ဦးကို ပြည်သူ့ဘဏ္ဍာအလွဲသုံးစားလုပ်မှု၊ အခွန်ငွေလိမ်လည်မှုတို့အတွက် ယခုကဲ့သို့ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ၎င်းတို့အားလုံးကမူ စွဲချက်များကို ငြင်းဆိုခဲ့သည်။

    ထိုကဲ့သို့ တရားစွဲဆိုခံရသောကြောင့် ဘုရင်ဖီးလစ် ၆ ၏ ညီမဖြစ်သူ အသက် ၅၀ အရွယ် ခရစ္စတီးနားမှာ သူမ၏ မြို့ စားဘွဲ့ကိုလည်း စွန့်လွှတ်ခဲ့ရသည်။

    ခရစ္စတီးနားမှာ ခင်ပွန်းနှင့်အတူ ပူးတွဲပိုင်ဆိုင်သည့် အိမ်ခြံမြေကုမ္ပဏီမှ အကုန်ကျခံသည့် တစ်ကိုယ်ရေ အသုံးစားရိတ်များနှင့် ပတ်သက်၍ အခွန်ငွေကို ကြေငြာရန် ပျက်ကွက်မှုဖြင့် တရားစွဲဆိုခံရခြင်းဖြစ်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၈ နှစ်အထိ ကျခံရနိုင်သည်။

    စီးပွားရေးသမားဖြစ်သူ သူမ၏ ခင်ပွန်း အီနာရီ အာရ်ဒန်ဂါရင်မှာ ၎င်းကိုင်တွယ်နေသော အကျိုးအမြတ်မယူသည့် အဖွဲ့မှတစ်ဆင့် ပါးလ်မားမြို့စားရာထူးကို အသုံးပြု၍ ပြည်သူ့ဘဏ္ဍာ ယူရိုသန်းပေါင်းများစွာကို အလွဲသုံးစား လုပ်ထားသည်ဟု စွပ်စွဲခံထားရသည်။ အစိုးရရှေ့နေများက အာရ်ဒါန်ဂါရင်ကို ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ရန်တင်ပြခဲ့သည်။

    Ref: Al-jazeera

  • ပဲရစ်ရှိ ဗလီတစ်လုံးသို့ ပြင်သစ်သမ္မတ သွားရောက်လည်ပတ်ခဲ့

    ပဲရစ်ရှိ ဗလီတစ်လုံးသို့ ပြင်သစ်သမ္မတ သွားရောက်လည်ပတ်ခဲ့

    ဇန်န၀ါရီ ၁၂၊ ၂၀၁၆
    M-Media

    – ပြင်သစ်နိုင်ငံတစ်ဝှမ်းက ဗလီဝတ်ကျောင်းတော်တွေရဲ့ တံခါးဖွင့်လှုပ်ရှားမှုမှာ ပြင်သစ်သမ္မတ ဖရန်ကိုအစ် ဟော်လန်ဒေးလည်း ပါဝင်ခဲ့ပြီး မြို့တော်ပဲရစ်က ဗလီဝတ်ကျောင်းတော်တစ်လုံးကို သွားရောက်လည်ပတ်ခဲ့ပါတယ်။

    အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် လူ့အဖွဲ့အစည်းအတွင်းမှာ မြင့်တက်လာတဲ့ အမုန်းတရားတွေ လျော့ကျရေးနဲ့ အစ္စလာမ်သာသနာအပေါ် နားလည်မှုလွဲမှားတာတွေကို ဖြေရှင်းဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဗလီဝတ်ကျောင်းတွေက ဒီလှုပ်ရှားမှုကို ပြုလုပ်ခဲ့တာဖြစ်ပြီး သမ္မတဟော်လန်ဒေးကတော့ ဇန်န၀ါရီ ၁၀ ရက်နေ့မှာ မြို့တော် ပဲရစ်က ဗလီဝတ်ကျောင်းတော်တစ်ခုကို သွားရောက်ခဲ့တာဖြစ်ပါတယ်။ ဒီခရီးစဉ်ကို တရားဝင်ထုတ်ပြန်ခြင်း မရှိပါဘူး။

    “သမ္မတက ရင်းရင်းနှီးနှီးနဲ့ လက်ဖက်ရည်သောက်ရင်း စကားစမြည်ပြောကြားခဲ့ပါတယ်” လို့ ပြင်သစ် သမ္မတရုံးက တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ စောစောပိုင်းကလည်း ချာလီဟဘ်ဒိုသတင်းစာနဲ့ ဂျူးစူပါမားကတ် တိုက်ခိုက်ခံရမှု တစ်နှစ်ပြည့်အခမ်းအနား တစ်ခုကို သမ္မတက တက်ရောက်ခဲ့ပါတယ်။

    ၂၀၁၅ ခုနှစ်အတွင်းမှာ ပြင်သစ်နိုင်ငံတစ်ဝှမ်း အကြမ်းဖက်တိုက်ခိုက်မှုအချို့ ပေါ်ပေါက်ခဲ့ပြီးတဲ့နောက်ပိုင်း မွတ်စလင်အမည်ခံ အကြမ်းဖက်သမားတွေကြောင့် ပြင်သစ်လူ့အဖွဲ့အစည်းတွင်းမှာ သံသယတွေပိုလာတာကို လျော့ပါးစေဖို့နဲ့ လူ့အဖွဲ့အစည်းအတွင်း ပေါင်းကူးတံတားတွေ ထိုးပေးဖို့အတွက် ပြင်သစ်နိုင်ငံတစ်ဝှမ်းက ဗလီဝတ်ကျောင်းတော်တွေဟာ တစ်ပတ်တာ တံခါးဖွင့်လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

    Ref: themalaysianinsider

  • ဆီးရီးယားရှိ ပိတ်ဆို့ခံပြည်သူများထံသို့ အကူအညီများရောက်ရှိ

    ဆီးရီးယားရှိ ပိတ်ဆို့ခံပြည်သူများထံသို့ အကူအညီများရောက်ရှိ

    ဇန်န၀ါရီ ၁၂၊ ၂၀၁၆
    M-Media

    syria

    – ပြည်သူ ထောင်ပေါင်းများစွာ ပိတ်မိနေပြီး၊ ငတ်မွတ်ခေါင်းပါးမှုကြောင့် သေဆုံးမှုများပင်ရှိခဲ့သည့် ဆီးရီးယားရှိ ပိတ်ဆို့ခံဒေသ ၃ ခုသို့ ဒေသတွင်းနှင့် နိုင်ငံတကာမှ အကူအညီပေးရေးအဖွဲ့များ ရောက်ရှိနေပြီဟု သိရသည်။

    ပိတ်ဆို့ခံဒေသများတွင် အကူအညီများ ထောက်ပံ့ပေးအပ်ရေးအတွက် ဆီးရီးယားအစိုးရနှင့် သူပုန်များအကြား သဘောတူညီမှု၏ အစိတ်အပိုင်းအဖြစ် အဆိုပါ အကူအညီပေးရေးအဖွဲ့များ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

    ဒမတ်စတ်အနောက်ပိုင်း သူပုန်များထိန်းချုပ်ထားရာ မဒ်ရာမြို့တွင် အကူအညီပေးရေး ထရပ်ကားများမှာ ပထမဆုံး ရောက်ရှိလာခဲ့သည်။ အဆိုပါမြို့မှာ ပြီးခဲ့သည့်နှစ် ဇူလိုင်လကတည်းက အစိုးရတပ်ဖွဲ့ဝင်များနှင့် ဟစ်ဇ်ဘိုလာတို့၏ ပိတ်ဆို့မှုကို ခံထားရသည့် နေရာဖြစ်သည်။

    ထို့ပြင် အစ်ဒ်လစ်ဘ်ပြည်နယ်ရှိ ပိတ်ဆို့ခံ မြို့ ၂ မြို့ဖြစ်သော ဖူအာနှင့် ကီဖရာယာတို့တွင်လည်း အကူအညီပေးရေးအဖွဲ့များ ရောက်ရှိခဲ့ကြသည်။ မဒ်ရာတွင် အကူအညီပေးမှုမှာ လူပေါင်း ၄၀၀၀၀ အတွက် တစ်လတာ စားနပ်ရိက္ခာ လုံလောက်စေမည်ဟု ကမ္ဘာ့စားနိပ်ရိက္ခာအစီအစဉ်က ပြောကြားခဲ့သည်။

    ဆီးရီးယားနိုင်ငံတစ်ဝှမ်း နေရာ ၁၅ နေရာတွင် အနည်းဆုံး ပြည်သူ ၄ သိန်းမှာ ၀န်းရံပိတ်ဆို့မှုများအောက်တွင် နေထိုင်နေရသည်ဟု ကုလက ပြောကြားခဲ့သည်။ နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF) က မဒ်ရာတွင် အသက် ၁ နှစ်အောက်အရွယ် ကလေးငယ် ၆ ဦးအပါအ၀င် အနည်းဆုံး လူ ၂၈ ဦးမှာ ငတ်မွတ်ခေါင်းပါးမှုနှင့် ဆက်စပ်သည့် အကြောင်းအရင်းများကြောင့် သေဆုံးခဲ့ရသည်ဟု ဆိုသည်။

    ထို့ပြင် အလွန်အမင်းအဟာရချို့တဲ့နေသူ ၂၅၀ ရှိနေပြီး ၎င်းတို့ထဲမှ ၁၀ ဦးမှာ အသက်ရှင်ရေးအတွက် ချက်ခြင်း ဆေးရုံတင်ကုသရန် လိုအပ်နေသည်ဟု MSF က ထည့်သွင်းပြောကြားခဲ့သည်။ အခြားသော ပိတ်ဆို့ခံဒေသများတွင်လည်း အလားတူအဖြစ်မျိုးရှိနေပြီး အကူအညီပေးရေးအဖွဲ့များမှာ ထိုဒေသများသို့လည်း သွားရောက်လျက်ရှိနေသည်။

    Ref: Aljazeera

  • ဇီဒိန်းအဖွင့်လှမှုနဲ့အတူ ထိပ်ဆုံးနေရာ အပြောင်းအလဲမရှိခဲ့တဲ့ လာလီဂါပွဲစဉ် ၁၉

    ဇီဒိန်းအဖွင့်လှမှုနဲ့အတူ ထိပ်ဆုံးနေရာ အပြောင်းအလဲမရှိခဲ့တဲ့ လာလီဂါပွဲစဉ် ၁၉

    ဇန်န၀ါရီ ၁၂၊ ၂၀၁၆
    M-Media

    laliga
    – ဒီတစ်ပတ်လာလီဂါမှာတော့ နည်းပြသစ်နဲ့ရီးယဲလ် ဂိုးပြတ်ခဲ့ပြီး ဘာစီလိုနာကလည်း အားကျမခံ ဂိုးပြတ်နဲ့ အနိုင်ရအောင် ကစားခဲ့ပါတယ်။

    အိမ်ကွင်းဘာနေဗျူး နည်းပြဇီဒိန်းရဲ့ ပထမဆုံးပွဲမှာ ရီးယဲလ်တို့ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး ဒီပို့တီဗိုကို ဘေးလ်ရဲ့ ဟက်ထရစ်ဂိုး၊ ဘန်ဇီမာရဲ့ ဂိုး ၂ ဂိုးနဲ့ ၅ ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။ အက်သလက်တီကိုရဲ့ ကျော်တက်မှုကို ခံထားရတဲ့ ဘာစီလိုနာကလည်း တန်းဆင်းဇုန်နားက ဂရာနာဒါကို တစ်ဖက်သတ်ကစားကာ ၄ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဂိုးတွေကိုတော့ မက်ဆီက ဟက်ထရစ်နဲ့ နေးမာက ၁ ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒီဟက်ထရစ်ဟာ မက်ဆီရဲ့ ဒီရာသီ ပထမဆုံးဟက်ထရစ် ဖြစ်ပါတယ်။

    ကစားရခက်တဲ့ အဆင့် ၅ က ဆဲလ်တာဗီဂိုကို အက်သလက်တီကိုက ဒုတိယပိုင်းသွင်းဂိုး ၂ ဂိုးနဲ့ အနိုင်ယူပြီး တစ်ပွဲပို ၂ မှတ်အသာနဲ့ ဇယားထိပ်ဆုံးကို ဆက်လက်ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဂယ်ရီနဗီးလ်ရဲ့ ဗလင်စီယာကလည်း အဝေးကွင်းမှာ ဆိုစီဒက်ကို ၂ ဂိုး ဂိုးမရှိနဲ့ အရှုံးပေးခဲ့ရပြီး နဗီးလ်လက်ထက် ကစားပုံ ပိုကောင်းလာပေမယ့် နိုင်ပွဲတော့ မရသေးပါဘူး။

    Laliga 2ဒီတစ်ပတ် လာလီဂါ ပွဲစဉ် ၁၉ ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ဘာစီလိုနာ ၄-၀ ဂရာနာဒါ
    ဆီးဗီးလား ၂-၀ ဘီဘာအို
    ဂီတာဖေး ၁-၀ ဘက်တစ်
    ရီးယဲလ် ၅-၀ ဒီပို့တီဗို
    လီဗန်တေး ၂-၁ ဗယ်လက်ကာနို
    ဗီလာရီးယဲလ် ၂-၀ စပို့တင်းဂီဂျွန်
    ဆိုစီဒက် ၂-၀ ဗလင်စီယာ
    လက်စ်ပါးလ်မက်စ် ၁-၁ မာလာဂါ
    အိုက်ဘာ ၂-၁ အက်စပန်ညို
    ဆဲလ်တာဗီဂို ၀-၂ အက်သလက်တီကို