News @ M-Media
Blog
  • အိုဇေးလ် Ballon d’Or ရသည်ကို ကြည့်ချင်သည်ဟု ၀င်းဂါးပြော
    အိုဇေးလ် Ballon d’Or ရသည်ကို ကြည့်ချင်သည်ဟု ၀င်းဂါးပြော
    ဇန်န၀ါရီ ၁၁၊ ၂၀၁၆
    M-Media
    misut
    – မိမိအနေဖြင့် တစ်ဦးချင်းဆုများကို အားမပေးသော်လည်း လာမည့်နှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or အား ကွင်းလယ်လူ မီဆုအိုဇေးလ်ဆွတ်ခူးသည်ကို ကြည့်ချင်သည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    ၂၀၁၅ ခုနှစ်အတွက် Ballon d’Or ဆုကို ယနေ့တွင် ရွေးချယ်ပေးအပ်သွားမည်ဖြစ်ပြီး မက်ဆီ၊ ရော်နယ်ဒိုနှင့် နေးမာတို့က ဇကာတင်စာရင်းတွင် ရှိနေသည်။ ၀င်းဂါးကမူ မက်ဆီရသင့်သည်ဟုဆိုပြီး လာမည့်နှစ်ဆုအတွက် အိုဇေးလ်ရနိုင်လားဟု မေးမြန်းရာ
    “ရမယ်လို့ မျှော်လင့်ပါတယ်။ အရင်ကပြောသလိုပဲ ကျွန်တော်ဟာ ဒီဆုတွေကို သိပ်ကြိုက်လှတာ မဟုတ်ပါဘူး။ အရေးကြီးတာက ကျွန်တော်တို့ဟာ အသင်းလိုက်ကစားရတဲ့ အားကစားပါ။ တစ်ဦးကောင်း တစ်ယောက်ကောင်း ထွန်းတောက်ဖို့ အားပေးတာကို ကျွန်တော် မနှစ်မြို့ပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။
    Ref: Goal
  • ဂျာမနီတွင် နိုင်ငံခြားသားများ တိုက်ခိုက်ခံရ
    ဂျာမနီတွင် နိုင်ငံခြားသားများ တိုက်ခိုက်ခံရ
    ဇန်န၀ါရီ ၁၁၊ ၂၀၁၆
    M-Media
    german
    – ဂျာမနီနိုင်ငံ ကိုးလုံးမြို့တွင် နိုင်ငံခြားသားများအား လူအုပ်စုများက လိုက်လံတိုက်ခိုက်မှုကြောင့် ပါကစ္စတန်နှစ်ဦးနှင့် ဆီးရီးယားအမျိုးသားတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။
    ဒေသတွင်းသတင်းစာဖြစ်သော Express က တိုက်ခိုက်သူများမှာ လူရမ်းကားများဖြစ်ပြီး ကိုးလုံးမြို့ လူစည်ကားရာနေရာတွင် နိုင်ငံခြားသားများကို လိုက်လံရှာဖွေကာ တိုက်ခိုက်မှုများပြုလုပ်ရန်အတွက် Facebook မှတစ်ဆင့် လူစုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
    ရဲတပ်ဖွဲ့ကမူ ထိုက်တိုက်ခိုက်မှုမှာ လူမျိုးရေးလှုံ့ဆော်မှုကြောင့်လားဆိုသည်နှင့် နှစ်သစ်ကူးတွင် ဖြစ်ပွားခဲ့သည့် လက်ရောက်ကျူးလွန်မှုများနှင့် ပတ်သက်မှု ရှိ၊ မရှိကို စုံးစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။ တနင်္ဂနွေနေ့ ညနေပိုင်းတွင် လူ ၂၀ ခန့်ပါဝင်သည့် အုပ်စုတစ်ခုမှာ ပါကစ္စတန် ၆ ဦးကို တိုက်ခိုက်ခဲ့ပြီး ထိုအထဲမှ ၂ ဦးမှာ ဒဏ်ရာရရှိခဲ့သည်ဟု ကိုးလုံးရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
    ထိုအဖြစ်အပျက်အပြီး သိပ်မကြာခင်မှာပင် ဆီးရီးယားအမျိုးသားတစ်ဦးမှာ လူ ၅ ယောက်ပါဝင်သည့် အုပ်စုတစ်ခု၏ တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရရှိခဲ့သည်။
    နှစ်သစ်ကူးညတွင် ကိုးလုံးနှင့် အခြားသော ဂျာမန်မြို့ကြီးများတွင် အမျိုးသမီးများအပေါ် လက်ရောက်ကျူးလွန်မှုများ ဖြစ်ပွားခဲ့ပြီး ထိုပြဿနာနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က ခိုလှုံခွင့်တောင်းခံထားသူများအပေါ် အာရုံစိုက်ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။ ထိုကိစ္စများ ဖြစ်ပွားခဲ့ပြီးနောက် ဂျာမနီနိုင်ငံတစ်ဝှမ်းတွင် နိုင်ငံခြားသားများပေါ် တိုက်ခိုက်မှု ၆၀၀ ကျော် ဖြစ်ပွားခဲ့သည်။
    ကိုလုံးမြို့တည်ရှိရာ နော့သ်ရိုင်း ၀က်စ်ဖာလီယာ ပြည်နယ်ရှိ ပြည်နယ် ပါလီမန်ကော်မရှင်ကမူ နှစ်သစ်ကူးအကြိုညတွင် ဖြစ်ပွားခဲ့သည့် ကိစ္စများနှင့်ပတ်သက်၍ ယနေ့တွင် ရဲတပ်ဖွဲ့အား မေးမြန်းသွားမည်ဖြစ်သည်။
    ထိုကိစ္စများနှင့် ဆက်စပ်၍ ယနေ့တွင် အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုဖြစ်သော Pegida အဖွဲ့ကလည်း နိုင်ငံအရှေ့ပိုင်းမြို့ လီပ်ဇစ်ဂ်မြို့တွင် ချီတက်လမ်းလျှောက်ပွဲ ပြုလုပ်မည်ဖြစ်သည်။ စနေနေ့က ကိုးလုံးမြို့တွင် ၎င်းတို့ပြုလုပ်ခဲ့သည့် ချီတက်လမ်းလျှောက်မှုတွင် ပုလင်းများ၊ မီးရှူးမီးပန်းများ ပစ်ဖောက်ခဲ့ကြပြီး ရဲတပ်ဖွဲ့က လူစုခွဲခဲ့ရသည်။
    Ref: Aljazeera
  • အမျိုးအစား (၂) ဆီးချိုရောဂါအတွက် ကိုယ်လက်လေ့ကျင့်ခန်း အလွန်အရေးကြီး
    အမျိုးအစား (၂) ဆီးချိုရောဂါအတွက် ကိုယ်လက်လေ့ကျင့်ခန်း အလွန်အရေးကြီး
    ဇန်န၀ါရီ ၁၁၊ ၂၀၁၆
    M-Media
    dia
    – အမျိုးအစား ၂ ဆီးချိုဝေဒနာရှင်များမှာ ရောဂါသက်သာရေးအတွက် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရန် အလွန်အရေးကြီးပြီး တစ်ဦးချင်းပေါ်လိုက်၍ လေ့ကျင့်ခန်းအမျိုးအစား၊ ကြာချိန်၊ ပြင်းထန်မှု၊ အကြိမ်အရေအတွက် စသဖြင့် ဆေးညွှန်းမျိုး ရေးပေးသင့်သည်ဟု လေ့လာမှုအသစ်အရ သိရသည်။
    ကိုယ်လက်လေ့ကျင့်ခန်းသည် သွေးတွင်းသကြားပါဝင်မှုကို လျှော့ချရာတွင်လည်းကောင်း၊ သွေးဖိအားနှင့် ကိုလက်စထရောပါဝင်မှု လျှော့ချရာတွင်လည်းကောင်း ထိရောက်ကောင်းမွန်စေသော်လည်း ဆီးချိုဝေဒနာရှင်အများစုက ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်း မရှိကြပေ။
    “ဇီဝရုပ်ဖြစ်ပျက်မှုလုပ်ငန်း ချို့တဲ့သွားတာကို စားသောက်နေထိုင်ပုံ ပြောင်းလဲလိုက်ခြင်းအားဖြင့် ပြန်ကောင်းသွားတဲ့ ဖြစ်ရပ်မျိုးတွေ အများကြီး ရှိပါတယ်၊ ဒါပေမဲ့ အာဟာရပြည့်ဝအောင် မစားသောက်ဘဲ ပုံမှန်လေ့ကျင့်ခန်းရပ်သွားပြီးဆိုရင်တော့ ခုနက ခံစားရတဲ့ အကျိုးကျေးဇူးတွေ ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်” ဟု လေ့လာမှုတွင် ပါဝင်ခဲ့သည့် ဆရာဝန် ရိုမီယူ မန်ဒက်ဇ်က ပြောကြားခဲ့သည်။
    “ဆီးချိုရောဂါဆိုတာ နာတာရှည်ရောဂါဖြစ်ပြီး တစ်သက်လုံး သေချာ ဂရုစိုက်သွားရပါမယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ကျန်းမာတဲ့ စားသောက်နေထိုင်မှုတွေကသာ ကုသမှုအခြေခံပါပဲ” ဟု မန်ဒက်ဇ်က ဆိုသည်။
    အေရိုးဗစ်လေ့ကျင့်ခန်းများတွင် အမြန်လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်းနှင့် အခြားသော လှုပ်ရှားမှုများ ပါဝင်သည်။ ခန္ဓာကိုယ်ကြံ့ခိုင်ရေးကဲ့သို့ စက်ကြီးများနှင့်ကစားခြင်း၊ ၀ိတ်ချခြင်းတို့ကိုလည်း ပြုလုပ်သင့်သည်ဟု လေ့လာမှုက ဆိုသည်။
    ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်ခြင်းမှာ အငြင်းပွားစရာမလိုသည့် သက်ရှည်ကျန်းမာရေး အကျိုးကျေးဇူးကို ရရှိစေသော်လည်း ဆီးချိုဝေဒနာရှင်များအတွက် ကိုယ်လက်လေ့ကျင့်ခန်းရဲ့ အကျိုးကျေးဇူးများအား အကန့်အသတ်ဖြင့် သုတေသနပြုလုပ်ထားသည်ဟု လန်ဒန်စီးပွားရေးတက္ကသိုလ်၏ ကျန်းမာရေးမူဝါဒသုတေသီ ဟူစီယင် နာဆီက ပြောကြားခဲ့သည်။
    Ref: Channelnewsasia
  • မိုင်းလား သို့မဟုတ် ဒုစရိုက်မှုများ ပျော်စံရာမြို့
    မိုင်းလား သို့မဟုတ် ဒုစရိုက်မှုများ ပျော်စံရာမြို့
    ဇန်န၀ါရီ ၁၁၊ ၂၀၁၆
    M-Media
    maila
    – ဒုစရိုက်မြို့တော် မိုင်းလား….
    မိုင်းလားဆိုသည်မှာ မြန်မာနိုင်ငံတွင်တည်ရှိသော မြို့ငယ်လေးတစ်ခု။ သို့သော်လည်း လောင်းကစား၊ ပြည့်တန်ဆာ၊ မူးယစ်ဆေးနှင့် တရားမ၀င် တိရိစ္ဆာန်ကုန်သွယ်မှုတို့ ပေါများပြန့်နှံ့သည့်အတွက်ကြေကာင့် မြန်မာအစိုးရ အာဏာပိုင်များကတော့ “အထူးဒေသ ၄” ဟု ခေါ်ကြသည်။
    မြို့အတွင်းရှိ ဈေးများသို့ လျှောက်ကြည့်ပါက ကျားလက်သည်းမှ ဆင်သားရေအထိ မည်သည့် တိရစ္ဆာန်ထွက်ကုန်ကိုမဆို တွေ့မြင်နိုင်ပြီး ထိုထွက်ကုန်အများစုအား ဆေးဘက်ဆိုင်ရာ ရည်ရွယ်ချက်ဖြင့် ရောင်းကြ၀ယ်ကြခြင်းဖြစ်သည်။ အစားအသောက်အတွက် ဆိုလျှင်တော့ ပုရွက်စားကောင်း၊ ၀က်ဝံနက်နှင့် မြန်မာ စပါးအုံးမွေးကြီများကိုလည်း တွေ့မြင်နိုင်ပြီး သတ်ဖြတ်ထားသည့် ထိုအကောင်ပလောင်များကို စိတ်တိုင်းကျ ခုတ်ထစ်ရောင်းချပေးလေသည်။
    ညအိပ်ညနေ စီးပွားရေးသမားဆိုလျှင်တော့ ဇိမ်မယ်များစာရင်းကို နံရံတွင်ကပ်ထားသည့် ဟိုတယ်များကို ရွေးချယ်နိုင်သည်။
    ပျော်စရာရှာသည့် ကမ္ဘာလှည့်ခရီးသွားများအတွက်လည်း ပြဿနာမရှိ။ ကာစီနိုလောင်းကစားဝိုင်းများလည်း မိုင်းလားမြို့တစ်းဝိုက်တွက် လက်ညှိုးထိုးမလွဲသလို စိတ်ကြွဆေးပြား၊ ခိုးရာပါကားနှင့် ပစ္စတိုများကိုလည်း ဖောဖောသီသီ ရရှိနိုင်လေသည်။
    ထိုထိုသော ဒုစရိုက်လုပ်ငန်းများ တည်ရှိရာ မိုင်းလားမြို့မှာ အဘယ်မြို့နည်း။
    ငြိမ်းချမ်းရေး သဘောတူညီချက် ပျက်သုဉ်းမှုမှ ပေါ်ထွက်လာသည့် မြို့ဖြစ်သည်။ ထိုဒေသကို စိုင်းလွန်းဟုခေါ်သည့် စစ်ဘုရင်က ကွပ်ကဲအုပ်ချုပ်ခြင်းဖြစ်သည်။ လက်နက်ကိုင်တပ်သား ထောင်ပေါင်းများစွာကို စုစည်းပြီး အာဏာစွန့်လွှတ်ရန် ငြင်းဆန်ခဲ့ပြီးနောက် ဆိုင်းလွန်းမှာ လုပ်ချင်သည်ကို လုပ်ခွင့်ရှိသော အာဏာနှင့်အတူ မိုင်းလားမြို့မှာလည်း သီးခြားလွတ်လပ်သောမြို့ ဖြစ်လာခဲ့သည်။
    မူအရ မြန်မာနိုင်ငံ၏ အစိတ်အပိုင်းဖြစ်နေသော်လည်း လက်တွေ့တွင်ထိုကဲ့သို့မဟုတ်။ ဒေသအတွင်း အများဆုံး အသုံးပြုသည့် ငွေကြေးမှာ တရုတ်ယွမ်ငွေဖြစ်သည်။ လျှစ်စစ်၊ ဖုန်းလိုင်းများကလည်း တရုတ်ပြည်မှပင်ဖြစ်ပြီး ပြောသည့်စကားမှာလည်း တရုတ်စကားဖြစ်သည်။ ထို့ပြင် အချိန်သတ်မှတ်မှုမှာလည်း မြန်မာနိုင်ငံ၏ အခြားသော ဒေသများနှင့်မတူဘဲ တရုတ်နိုင်ငံ မြို့တော်ဘေဂျင်း၏ စံတော်ချိန်ကို အသုံးပြုလေသည်။
    ထိုကဲ့သို့ ကွဲပြားခြားနားနေမှုမှာ လောင်းကစားလုပ်ရန်၊ နိုင်ငံကူးလက်မှတ် သို့မဟုတ် အထောက်အထားစာရွက်စာရွက်များကို အသုံးပြုဝင်ရောက်ခြင်းကို မလိုလားဘဲ တရားမ၀င်ကုန်ပစ္စည်းများဝယ်ယူရန်အတွက် တရုတ်ခရီးသွားများ နယ်စပ်ဖြတ်ကျော်ကာ ၀င်ရောက်လာခြင်းကြောင့်လည်း ဖြစ်လေသည်။
    maila 3
    မြို့တွင်းရှိ စီးပွားရေးလုပ်ငန်းကြီးများကို တရုတ်သူဌေးကြီးများက လျှို့ဝှက် ပိုင်ဆိုင်ထားကြပြီး ၎င်းတို့၏ ကာစီနိုဝိုင်းများ၊ ဟိုတယ်များကို တရုတ်နယ်နမိတ်အပြင်ဘက် ငွေကြေးခ၀ါချရာတွင် အသုံးပြုကြသည်။
    မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် တရားမ၀င်ဟု သတ်မှတ်ထားသည့် လုပ်ရပ်များက မိုင်လားမြို့တွင် အရေးယူခံရမှု မရှိသောကြောင့် မြို့အတွင်းတွင် ဥပဒေစိုးမိုးရေးအဖွဲ့များ မရှိဟု ယေဘူယျအားဖြင့် ယူဆ၍ရသည်။ ထို့ပြင် တရုတ်ခရီးသွားများ၊ ဈေးကွက်ကျယ်ပြန့်လာမှု၊ ပြည့်တန်ဆာလုပ်ငန်း မြင့်တက်လာခြင်းနှင့် မျိုးတုန်းမည့်အန္တရာယ်ရှိနေသော တိရစ္ဆာန်များ စတေးခံရမှုတို့မှတစ်ဆင့် ငွေကြေးများကလည်း မိုင်းလားမြို့ရှိ စီးပွားရေးတွင် ပို၍ပို၍ စီးဝင်နေလေသည်။
    ထိုမြို့၏ သားရဲတိရိစ္ဆာန်များကို နှစ်သက်မှုက မျိုးတုန်းမည့်အန္တရာယ်ရှိနေသည့် တိရစ္ဆာန်မျိုးစိတ်များကို ဆိုးရွားစွာ ထိခိုက်လေသည်။ သားရိုင်းတိရစ္ဆာန်များထိန်းသိမ်းရေး ဆောင်ရွက်သူများကတော့ မိုင်းလားနှင့် မြို့တွင်းရှိ ဈေး များကို ထိန်းချုပ်မှုမရှိသောကြောင့် တရုတ်နှင့် မြန်မာအစိုးရတို့ကို ပြစ်တင်ပြောကြားခဲ့သည်။ ရှားပါးတိရစ္ဆာန်များနှင့် မျိုးတုန်းတော့မည့် တိရစ္ဆာန်များကို မိုင်းလားတွင် ရောင်းချခြင်းက နှစ်နိုင်ငံစလုံး၏ သစ်တောများတွင်မကဘဲ အာဖရိကကဲ့သို့ ဝေးလံသည့်ဒေသရှိ သစ်တောများမှ မျိုးတုန်းမည့်အန္တရာယ်ရှိသည့် တိရစ္ဆာန်အရေအတွက်ကိုပင် ကျဆင်းလေသည်။
    သားရိုင်းတိရစ္ဆာန် ထိမ်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ Traffic မှ ဒေါက်တာနစ်ဂျမန်က မြို့တွင်းသို့ လှည့်လည်ကြည့်ရှုခဲ့ရာ မူလအတိုင်းရှိနေသည့် ဆင်စွယ် ၄၉ ချောင်းနှင့် ဆင်စွယ်ဖြင့်လုပ်ထားသည့်ပစ္စည်း ၃၃၀၀ ခန့်ကို တွေ့ရှိခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။
    maila 2
    “ပုန်းတာကွယ်တာမျိုး လုံးဝမရှိဘူးဗျ။ ပေါ်တင်ပဲ။ ရောင်းနေတဲ့ ပမာဏတွေက ကြောက်စရာကြီး” ဟု ဒေါက်တာ ပြောကြားခဲ့သည်။
    မိုင်းလားရှိ တရားမ၀င်ကုန်သွယ်မှုများတွင် တရုတ်လူမျိုးများ ခြေရှုပ်နေကြသော်လည်း တရုတ်အစိုးရကတော့ ထိုဒေသနှင့် အဆက်ဖြတ်ရန် ကြိုးစားခဲ့သည်။ လွန်ခဲ့သည့် ၁၀ နှစ်က မြို့တွင်းရှိ ကာစီနိုဝိုင်းများအားလုံးကို ပိတ်သိမ်းရန်အတွက် တရုတ်စစ်သားများမှာ နယ်စပ်ဖြတ်ကျော် ၀င်ရောက်လာကြသည်။ တရုတ်အစိုးရတာဝန်ရှိသူများက ၎င်းတို့ဖြောင်ထားသည့် ပြည်သူ့ဘဏ္ဍာများကို ကာစီနိုလောင်းကစားတွင် လာရောက် ဖြုန်းတီးခြင်းကြောင့်ဖြစ်လေသည်။
    သို့သော်လည်း စိုင်းလွန်းကတော့ တရုတ်နယ်စပ်မှ ၁၀ မိုင်အကွာအဝေးမှာပင် ကာစီနိုလောင်းကစားရုံများကို ထပ်မံတည်ဆောက်ခဲ့လေသည်။
    ၂၀၁၂ ခုနှစ်တွင် ကျော်ကြားလာသည့် အင်တာနက်လောင်းကစားမှုများကို ပိတ်ပစ်ရန် ကြိုးပမ်းမှုအဖြစ် တရုတ်နိုင်ငံမှာ မိုင်းလားဒေသအတွင်းအသုံးပြုနေသည့် ဖုန်းလိုင်းများကို ဖြတ်တောက်ပစ်ခဲ့သည်။
    သို့သော်လည်း စိုင်းလွန်းက အွန်လိုင်းလောင်းကစားကို ကြိုက်နှစ်သက်သည့် စီးပွားရေးသမားများ၏ အိတ်ကပ်ထဲမှ ငွေများကို နှိုက်ယူရန် ဂြိုဟ်တုစလောင်းကြီးများကို တပ်ဆင်လိုက်လေသည်။
    တရုတ်နိုင်ငံက ဆန္ဒရှိလျှင် မိုင်းလားဒေသအတွင်းသို့ ၎င်းတို့နိုင်ငံသားများ ခရီးသွားလာမှုကို ပိတ်ပင်နိုင်သည်။ သို့သော်လည်း ယူနန်ပြည်နယ်နှင့် မိုင်းလားတို့၏ စီးပွားရေးဆက်သွယ်မှုမှာ အလွန်ခိုင်မာနေပြီး၊ မိုင်းလားမှ ငွေကြေးအမြောက်အမြား စီးဝင်နေခြင်းကြောင့် ထိုသို့ မလုပ်ခြင်းဖြစ်သည်။ ယူနန်ရှိ လူမှုသိပ္ပံအကယ်ဒီမှ တရုတ်-မြန်မာ ဆက်ဆံရေး ကျွမ်းကျင်သူ ဇူ ဇန်နင်းက
    “ခရီးသွားလုပ်ငန်းကို လုံးဝ ပိတ်ပင်လိုက်ရင် ကာစီနိုထက်ကို ပိုပြီး အထိနာမှာပါ။ ပြည်နယ်စီးပွားရေးကို ထောက်ပံ့ ပေးနေတဲ့ လုပ်ငန်းတွေကို တော်တော်လေး ထိခိုက်သွားပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။
    ကာစီနိုလောင်းကစားဝိုင်းနှင့် ဟိုတယ်အသင်းများ ထပ်မံဆောက်လုပ်နေမှုကြောင့် မိုင်းလားမြို့ကတော့ ဆက်လက်ကြီးထွားနေအုံးမည်ဖြစ်သည်။ သို့သော်လည်း အဆောက်အဦးများက ဘေးအန္တရာယ်ကင်းရှင်းမှု လုံးဝမရှိ။ ကုန်ကျစားရိတ်များခိုခြင်းနှင့် အလျင်အမြန်ပြီးလိုခြင်းတို့ကြောင့်ဖြစ်သည်။ ထို့ကြောင့် ငလျင်လှုပ်ပါက ပြိုကျမည့်အန္တရာယ်ရှိနေသည်။
    သို့သော်လည်း ထိုအကြောင်းအရင်းက မြို့ပျက်စီးမည့် တစ်ခုတည်းသော အကြောင်းအရင်းတော့မဟုတ်။
    တစ်နေ့နေ့တစ်ချိန်ချိန် မြန်မာနှင့် တရုတ်အစိုးရကတို့ မိုင်းလား၏ မင်းမဲ့စရိုက်စနစ်ကြီးကို အဆုံးသတ်ရန်အတွက် အရေးယူမှု ပြုလုပ်မည်ဟု ထင်မြင်နေသည်များလည်း ရှိနေသည်။ ထိုကဲ့သို့ဖြစ်လာပါက ပြည့်တန်ဆာနှင့် လောင်းကစားသာသိကြသော ဒေသခံပြည်သူများအနေဖြင့် မည်သို့ ခံစားရမည်နည်း။ စိတ်ကြွဆေးပြားများနှင့် လက်နက်များကလည်း မည်သို့ ရောက်သွားမည်နည်း။
    maila 4
    Ref: Viralthread.com
  • အင်္ဂလန်သို့လာချင်သည့် ဂွါဒီယိုလာကို ကလော့ပ်သတိပေး
    အင်္ဂလန်သို့လာချင်သည့် ဂွါဒီယိုလာကို ကလော့ပ်သတိပေး
    ဇန်န၀ါရီ ၁၁၊ ၂၀၁၆
    M-Media
    liver
    – အင်္ဂလန်ပရီးမီးယားလိဂ်မှာ ဘောလုံးကို ရူးသွပ်သည့်လိဂ်တစ်ခုဖြစ်ပြီး ဂွါဒီယိုလာအနေဖြင့် ထိုအတွက် ပြင်ဆင်ထားသင့်သည်ဟု လီဗာပူးလ်နည်းပြ ကလော့ပ်က သတိပေးပြောကြားလိုက်သည်။
    ဂွါဒီယိုလာမှာ ယခုနှစ်ကုန်တွင် ဘိုင်ယန်မြူးနစ်မှ ထွက်ခွာတော့မည်ဖြစ်ပြီး ပရီးမီးယားလိဂ်သို့ လာရောက်ချင်သည်ဟု ဖွင့်ဟထားသည်။ ပရီးမီးယားလိဂ်အသင်းကြီး အများအပြားကလည်း ဂွါဒီယိုလာအား ပစ်မှတ်ထားနေပြီး ထိုအထဲတွင် မန်စီးတီးမှာ ရေပန်းအစားဆုံးဖြစ်နေသည်။ ကလော့ပ်ကမူ ပရီးမီးယားလိဂ် ဓလေ့နှင့်ပတ်သက်၍ သတိပေးခဲ့သည်။
    “(ပရီးမီးယားလိဂ်မှာ) ပွဲအများကြီး ကစားရပြီး၊ ဘောလုံးမှ ဘောလုံး ဖြစ်နေတာပါ။ ရာသီအကြိုပြင်ဆင်မှုမှာ အပြစ်အနာအဆာမရှိဖို့ လိုသလို၊ ရှည်လျားတဲ့ရာသီအတွက်လည်း ပြင်ဆင်ရပါတယ်။ ကျွန်တော်တို့ ဒါကိုသိပါတယ်။ ဒါပေမယ့် ခံစားမှုကတော့ မတူပါဘူး။ ပက်ပ် (ဂွါဒိယိုလာ) ဟာ တော်တော်အတွေ့အကြုံရှိတဲ့သူပါ။ ကစားသမား နည်းနည်းလေးဝယ်ပြီး အသင်းကောင်းတစ်သင်းဖြစ်အောင် လုပ်မယ်ဆိုတာ သေချာပါတယ်” ဟု ကလော့ပ်က ပြောကြားခဲ့သည်။
    ထို့ပြင် ပရီးမီးယားလိဂ်ကိုလည်း ၎င်းက ထည့်သွင်းချီးကျူးခဲ့သည်။
    “ဒီကအကြောင်းပြောရင်တော့ အကောင်းကြီးပဲဖြစ်မှာပါ။ ကြီးကျယ်တဲ့ တိုင်းပြည်၊ သဘောထားကြီးတဲ့ ပြည်သူတွေရှိတယ်။ အစားအသောက်ကလည်း လူတိုင်းပြောတာထက် ပိုကောင်းပါတယ်။ ရာသီဥတုကတော့ အားလုံး ပြောသလိုပဲ မကောင်းပါဘူး”
    Ref: Goal