News @ M-Media

Blog

  • မြောက်ကိုရီးယားက ရေငုပ်သင်္ဘောသုံး တိုက်ချင်းပစ် ဒုံးကျည်ကို ထုတ်ဖော်ပြသ

    မြောက်ကိုရီးယားက ရေငုပ်သင်္ဘောသုံး တိုက်ချင်းပစ် ဒုံးကျည်ကို ထုတ်ဖော်ပြသ

    ဇန်န၀ါရီ ၁၀၊ ၂၀၁၆
    M-Media

    north

    – ရေငုပ်သင်္ဘောတွင် တပ်ဆင်ပစ်လွှတ်ရသော ဒုံးကျည်စမ်းသပ်မှုကို ပြီးခဲ့တဲ့လက အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်း ဖော်ပြသည့် ဗီဒီယိုတစ်ခုကို မြောက်ကိုးရီးယားက ထုတ်လွှင့်ခဲ့ပြသခဲ့ပြီး ဟိုက်ဒရိုဂျင်ဗုံးကို အောင်မြင်စွာ ထုတ်လုပ်စမ်းသပ်နိုင်ခဲ့သည်ဟု ပြောဆိုပြီး နှစ်ရက်အကြာတွင် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

    မြောက်ကိုရီးယား၏ စစ်ရေးပြင်ဆင်မှု တစ်စိတ်အပိုင်းအဖြစ် ဒီဇင်ဘာ ၂၁ ရက်က ရေငုပ်သင်္ဘောတစ်ခုပေါ်မှ တိုက်ချင်းပစ်ဒုံးကျည် ပစ်လွှတ်မှု ဗီဒီယိုစိတ်အပိုင်းတစ်ခုကို Koreaan Central Television တွင် ပြသခဲ့ခြင်းဖြစ်သည်။ ယင်းဗီဒီယိုတွင် မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်က ဒုံးကျည် တိမ်ကိုခွင်းသွားသည့် ပုံအား ကြည့်ရှုနေမှုလည်း ပါဝင်သည်။

    ဗီဒီယိုပါ တိုက်ချင်းပစ်ဒုံးကျည်မှာ လက်ရှိမြောက်ကိုရီးယားက ထုတ်လုပ်နေသည့် KN-11 ဖြစ်ပုံရသည်။ Washington Free Beacon (WFB) ၏ ပြောကြားချက်အရ ရှင်ပိုအတန်းအစား ရေငုပ်သင်္ဘောတည်ဆောက်နေသည့် ရှင်ပိုဆိပ်ကမ်း၌ ဒုံးကျည်ကို ပစ်လွှတ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

    “အခုက စမ်းသပ်ပစ်လွှတ်တာလောက်ပဲ ဖြစ်နိုင်ပါတယ်။ အပြီးသတ်အောင်မြင်တဲ့ အခြေအနေတော့ မတွေ့ရပါဘူး” ဟု တောင်ကိုးရီးယားစစ်တပ်အရာရှိက ပြောကြားခဲ့သည်။

    ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့သည့် မြောက်ကိုးရီးယား၏ နျူကလီးယားစမ်းသပ်မှုကို ကုလလုံခြုံရေးကောင်စီက တစ်ညီတစ်ညွှတ်တည်း ရှုတ်ချခဲ့ပြီးနောက် သောကြာနေ့တွင် အဆိုပါဗီဒီယို ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ မြောက်ကိုရီးယားက သာမိုနျူကလီးယားဗုံးအသစ်တစ်လုံးကို စမ်းသပ်နိုင်ခဲ့ဟု ပြောဆိုပြီးနောက် ကျွမ်းကျင်သူများကမူ စမ်းသပ်လိုက်သည့် လက်နက်မှာ အက်တမ်ဗုံးတစ်လုံးဖြစ်သည်ဟု မှတ်ချက်ပြုခဲ့ကြသည်။

    Ref: RT

  • အပြစ်မရှိဘဲ ဂွာတာနာမိုတွင် ၁၄ နှစ်ကြာ နှိပ်စက်ခံရသည့် ကူဝိတ်နိုင်ငံသားတစ်ဦး လွတ်မြောက်လာ

    အပြစ်မရှိဘဲ ဂွာတာနာမိုတွင် ၁၄ နှစ်ကြာ နှိပ်စက်ခံရသည့် ကူဝိတ်နိုင်ငံသားတစ်ဦး လွတ်မြောက်လာ

    ဇန်န၀ါရီ ၁၀၊ ၂၀၁၆
    M-Media

    guata

    – ဂွာတာနာမို ပင်လယ်ကွေ့စစ်အကျဉ်းစခန်းတွင် မည်သည့်အပြစ်မှမရှိဘဲ ဖမ်းဆီးထိန်းသိမ်းခံရကာ ၁၄ နှစ်ကြာ ငြှင်းပမ်းနှိပ်စက်မှုများကို ခံခဲ့ရသည့် ကူဝိတ်အမျိုးသားတစ်ဦးမှာ လွတ်မြောက်လာခဲ့သည်ဟု သိရသည်။

    အသက် ၄၀ အရွယ်ရှိ ဖယစ်ဇ် မိုဟာမက် အဟ်မဒ် အလ်-ကန်ဒရီဖြစ်ပြီး စစ်ရာဇ၀တ်မှုနှင့်ပတ်သက်၍ မည်သည့်စွဲချက်မှ မတင်နိုင်ခဲ့ပေ။ ၎င်းအား လွှဲပြောင်းပေးအပ်ရန်အတွက် ပင်တဂွန်စစ်ဌာနချုပ်က သောကြာနေ့တွင် ကြေငြာခဲ့ခြင်းဖြစ်သည်။

    အလ်-ကန်ဒရီကို ကန်တပ်ဖွဲ့များက ၂၀၀၂ ခုနှစ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လက်နက်ကိုင်သင်တန်းပေးရန်အတွက် လူစုပေးခဲ့သည်ဟု စွပ်စွဲခံထားရသူ ဖြစ်သည်။

    အလ်-ကန်ဒရီက ၎င်းမှာ အဖာဂန်နစ္စတန်တွင် ပရဟိတလုပ်ငန်းများကိုသာ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ပြီး ၁၄ နှစ်တာကြာမြင့်ပြီးနောက် ၎င်း၏ ဖြူစင်ရိုးသားမှုကို ပြသနိုင်ခဲ့သည်။ ကန်ဒရီအပေါ် စွဲချက်တင်ထားသည့် အမှုအားလုံးကို ပြီးခဲ့တဲ့နှစ်က ရုပ်သိမ်းပေးခဲ့သည်။

    အလ်-ကန်ဒရီကို ပြန်လည်ထူထောင်ရေး လုပ်ဆောင်ပေးမည်ဖြစ်ပြီး ကူဝိတ်အစိုးရက ၎င်း၏ ဘ၀တစ်လျှောက်လုံးကို ထောက်ပံ့ကူညီသွားမည်ဖြစ်သည်။

    အလ်-ကန်ဒရီအား ကိုယ်စားပြုသည့် ဗိုလ်ချုပ် ဘာရီဝင်ဂါဒ့်က ကန်ဒရီ နှိပ်စက်ခံရမှုများနှင့် ပက်သက်၍ Pittsburgh Post-Gazette သတင်းစာတွင် ဆောင်းပါးရေးသားခဲ့သည်။ ထိုဆောင်းပါးတွင် ကန်ဒရီမှာ လုံလောက်စွာအိပ်စက်ခွင့်မပေးခြင်း၊ ကိုယ်လက်နာကျင်အောင် ပုံစံထိုင်ခိုင်းခြင်း၊ လိင်ပိုင်းဆိုင်ရာ အရှက်ရစေခြင်း၊ ပူလောင်အိုက်စပ်နေအောင်လုပ်ခြင်း၊ သီချင်းသံကို ကျယ်လောင်စွာနားထောင်စေခြင်း၊ ခွေးများဖြင့် ခြိမ်းခြောက်ခြင်း အပါဝင် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ငြှင်းပမ်းနှိပ်စက်မှုများ ခံခဲ့ရသည်ဟု ဖော်ပြခဲ့သည်။

    ၎င်းကို ဖမ်းဆီးထားစဉ်အတွင်းမှာ နံရိုးများကျိုးသွားခြင်း၊ ချိန်းကြိုးများဖြင့် ရိုက်နှက်သဖြင့် အရှိုးရာ၊ အမာရွတ်များ ထင်ကျန်ရစ်ခြင်းများ ရှိခဲ့သည်။

    “သူ့ကို အာဖဂန်နစ္စတန်မှာ မှားယွင်းဖမ်းဆီးခဲ့တဲ့ အချိန်က မွတ်စလင်ဖြစ်တာကလွဲလို့ တခြားဘာအထောက်အထားမှ မရှိခဲ့ပါဘူး။ သူ့ကို ၈ နှစ်လောက် တစ်ယောက်တည်းတိုက်ပိတ်ထားခဲ့တဲ့ စီရင်ချက်မျိုးကို ကျွန်တော် ဘယ်တုန်းကမှ မတွေ့ဖူးပါဘူး” ဟု ၀င်ဂါ့ဒ်က ပြောခဲ့ပါသည်။

    အလ်ကန်ဒရီ လွတ်မြောက်ခဲ့သော်လည်း ဂွါတာနာမို အကျဉ်းစခန်းတွင် ထိန်းသိမ်းထားခံရသူ ၁၀၄ ယောက်ခန့် ကျန်ရှိသေးကြောင်း အစိုးရမှတ်တမ်းများအရ သိရသည်။

    သမ္မတအိုဘားမားက အဆိုပါစစ်အကျဉ်းစခန်း ပိတ်ပေးမည်ဟု စည်းရုံးမဲဆွယ်ခဲ့ပြီး ၂၀၁၇ ဇန်န၀ါရီတွင် ၎င်းမနှုတ်ထွက်မီ ကတိပေးထားသည့်အတိုင်း လုပ်ဆောင်ပေးမည်ဟု ပြောကြားထားသည်။ ရီပတ်ဘလေကန်ဦးဆောင်သော ကွန်ဂရက်လွှတ်တော်ကမူ ယင်းအဆိုကို အကြီးအကျယ်ကန့်ကွက်ခဲ့ကြသည်။

    Ref: RT

  • အမုန်းများ ပြေလျော့ကာ၊ ရင်းနှီးချစ်ကြည်မှု တိုးပွားရေး ပြင်သစ်ဗလီများ ဆောင်ရွက်

    အမုန်းများ ပြေလျော့ကာ၊ ရင်းနှီးချစ်ကြည်မှု တိုးပွားရေး ပြင်သစ်ဗလီများ ဆောင်ရွက်

    ဇန်ဝါရီ ၁၀၊ ၂၀၁၆
    M-Media

    france

    – မကြာသေးမီ ကာလအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေပြီးတဲ့နောက် လူအဖွဲ့အစည်းအတွင်းမှာ တိုးပွားလာတဲ့ သံသယတွေကို ချေဖျက်ဖို့အတွင် ပြင်သစ်နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ဗလီဝတ်ကျောင်းတော်တွေနဲ့ ၀တ်ပြုဆောင်တွေဟာ မွတ်စလင်မဟုတ်တဲ့သူတွေ လက်ကမ်းကြိုဆိုတဲ့ လှုပ်ရှားမှုတစ်ခုကို ဒီတစ်ပတ်မှာ စတင်လိုက်ပါတယ်။

    “နွေးထွေးတဲ့ လက်ဖက်ရည်တစ်ခွက်” လို့ အမည်ပေးထားတဲ့ ဒီလှုပ်ရှားမှုမှာ ကော်ဖီ၊ လက်ဖက်ရည်နဲ့ မုန့်အချိုတွေ တိုက်ကြွေးတာ၊ ဗလီဝတ်ကျောင်းတော်တွေကို လိုက်လံပြသတာ၊ ဆွေးနွေးမှုတွေပြုလုပ်တာ၊ အာရဘီ လက်ရေး လက်သားအလှတွေကို ခင်းကျင်းပြသတာနဲ့ မွတ်စလင်တွေရဲ့ တစ်နေ့ငါးကြိမ်ဝတ်ပြုမှုကို တက်ရောက်ဖို့ ဖိတ်ခေါ်တာတွေ ပါဝင်ပါတယ်။

    နိုင်ငံအတွင်းက ထိပ်တန်းမွတ်စလင်အဖွဲ့ဖြစ်တဲ့ ပြင်သစ်မွတ်စလင်ကောင်စီ CFCM က ဦးစီးပြုလုပ်တဲ့ ဒီလှုပ်ရှားမှုဟာ အစ္စလာမ်နဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေဖြစ်လာဖို့၊ နိုင်ငံအတွင်းက လူ့အဖွဲ့အစည်းတွေအကြား အစေးကပ်စေဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

    “ရည်ရွယ်ချက်ကတော့ လူတွေ အတူတကွရှိနိုင်မယ့် နေရာလေးတစ်ခု ဖန်တီးပေးဖို့၊ မွတ်စလင်ဝတ်ပြုသူတွေနဲ့ ကျွန်တော်တို့နိုင်ငံသားတွေ တွေ့ဆုံပေးဖို့ပါပဲ” လို့ CFCM ဥက္ကဌ အန်နူရ် ကဘီဘက်ခ်ျက ပြောကြားခဲ့ပါတယ်။ ဒါတင်မကသေးဘဲ အစ္စလာမ်ရဲ့ စစ်မှန်တဲ့တန်ဖိုးတွေကို မီးမောင်းထိုးပြဖို့လည်းဖြစ်တယ်လို့ သူက ဆိုပါတယ်။

    ချီးကျူးမှု

    ပြင်သစ်ပြည်ထဲရေးဝန်ကြီး ဘားနတ် ကာဇီနျူဗီကလည်း ပဲရစ်အနီးက ဗလီဝတ်ကျောင်းတော်ရဲ့ ဖိတ်ကြားမှုကို တက်ရောက်ခဲ့ပြီး မွတ်စလင်တွေရဲ့ ဒီလှုပ်ရှားမှုကို ချီးကျူးခဲ့ပါတယ်။

    “မွတ်စလင်အားလုံးနဲ့ အရောတ၀င်ရှိဖို့ ပြင်သစ်ဟာ အရင်ကထက် ပိုပြီး လိုအပ်နေပါတယ်” လို့ ၀န်ကြီးက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ပဲရစ်ဗလီဝတ်ကျောင်းတော်ကြီးအပါအ၀င် နိုင်ငံတစ်ဝှမ်းလုံမှာရှိတဲ့ ဗလီဝတ်ကျောင်းတော်တွေ၊ ၀တ်ပြုဆောင်တွေ စုစုပေါင်း ၂၅၀၀ စလုံး ဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံမှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူအရေအတွက်ဟာ ၅ သန်းလောက်ရှိပြီး ဂျာမနီပြီးရင် ဥရောပမှာ ဒုတိယမြောက် အစ္စလာမ်ဘာာသာဝင်အရေအတွက် အများဆုံးတိုင်းပြည် ဖြစ်ပါတယ်။

    Source : AFP

  • ဦးရာရှစ်- လူမှန်နေရာမှန် (အပိုင်း -၃)

    ဦးရာရှစ်- လူမှန်နေရာမှန် (အပိုင်း -၃)

    ဇန်နဝါရီ ၁၀ ၊ ၂၀၁၆
    M-Media
    ဆောင်ပါးရှင် – ဦးခင်မောင်ချို (တရားလွှတ်တော်ရှေ့နေ)

    aung_san-u_raschid-22 copy
    လူမှန်နေရာမှန် (အပိုင်း – ၃)
    Right man in the right place

    ဗိုလ်ချုပ်အောင်ဆန်းရွေးခဲ့တဲ့ နောက်ပုဂ္ဂိုလ်တစ်ဦးကတော့ ဦးရာရှစ်ဖြစ်ပါ တယ်။စစ်ကြီးပြီးသွားတဲ့ အခါမှာဗိုလ်ချုပ်အောင်ဆန်းက ဦးရာရှစ်ကို သတိရနေခဲ့ပါပြီ။ ၁၉၄၅ ခုနှစ်၊ ဒီဇင်ဘာလပိုင်းလောက်မှာ ဗိုလ်ချုပ်အေင်ဆန်းက ဂျဝဟာလာနေရူး ထံသို့ စာတစ်စောင်ရေးခဲ့ပါတယ်။ ဦးရာရှစ်က မြန်မာနိုင်ငံကို ပြန်လာစေဖို့၊ ဒါနဲ့ နေရူးက ဦးရာရှစ်ဆီကို အကြောင်းကြားခဲ့ပါတယ်။ သူ့စာမှာ “အောင်ဆန်းဆီက စာရတယ်။ မင်းကို မြန်မာပြည်ပြန်လာစေချင်တယ်တဲ့။ ငါဘုံဘေကို လာစရာရှိတယ်။ မင်းနဲ့တွေ့မယ်၊ အစီအစဉ် ပတေးလ်ကိုမေးပါ” လို့စာမှာဖော်ပြထားပါတယ်။ စာက သံကြိုးစာပါ။ ည ၁၂ နာရီလောက်မှာ သံကြိုးလိုင်းရှင်းပြီး (all line clear) နဲ့ ရောက်လာတဲ့ အိန္ဒိယ၀န်ကြီးချုပ်ဆီက သံကြိုးစာဖြစ်ပါတယ်။ နေရူး ဘုံဘေရောက် တော့ ဦးရာရှစ်နဲ့တွေ့ပြီးပြောတယ်။ “မင်း အိန္ဒိယမှာနေချင်ရင်လဲနေ၊ ငါတာဝန်ယူ တယ်၊ ကွန်ဂရက်မှာ မင်းအတွက် အလုပ်သမား ကိစ္စတွေနဲ့ ဆိုင်တဲ့နေရာပေး ဖို့စဉ်းစားထားတယ်။ ဗမာပြည်ပြန်ချင်ရင်လဲ ပြန်၊ ဒါမင်းဟာ မင်းဆုံးဖြတ်ပါ”လို့ ပြော တယ်။ ဦးရာရှစ်ကတော့ မြန်မာပြည်ကို စိတ်ရောက်နေပါပြီ။

    ဦးရာရှစ် မြန်မာပြည်ပြန်လာပြီး ဗိုလ်ချုပ်ကို ချက်ချင်းသွားတွေ့ပါတယ်။ ဗိုလ်ချုပ်က အရေးကြီးတဲ့အစည်းအဝေးထိုင်နေတော့၊ ဗိုလ်ချုပ်ရဲ့ပီအေ ဗိုလ်ထွန်းလှ ကို ဗိုလ်ချုပ်နဲ့တွေ့ချင်ကြောင်းပြောလိုက်တယ်။ ဗိုလ်ချုပ်အောင်ဆန်းက အစည်း အဝေးခန်းမကနေ ချက်ချင်းထွက်လာပြီး သူ့ကိုဖက်ပြီး အားရပါးရနှုတ်ဆက်တယ်။ အိန္ဒိယရောက်တုန်းက နေရူးကြီးကို သွားတွေ့သလိုပါပဲ။ (ဦးရာရှစ် အိန္ဒိယကို ရောက်ပြီးနောက်တစ်နေ့မှာ နေရူးကြီးကို သွားတွေ့စဉ်က နေရူးက အိန္ဒိယနိုင်ငံလုံး ဆိုင်ရာ အလုပ်အမှုဆောင် အစည်အဝေးထိုင်နေတော့ ဦးရာရှစ်ရောက်လာတာနဲ့ အစည်းအဝေးခန်းမထဲက ထွက်လာတယ်။ သူ့ကိုပုခုံးဖက်ပြီး အစည်းအဝေးခန်း ထဲကို ခေါ်သွားခဲ့တယ်။ အဲဒီမှာ ဂန္ဒီကြီးက လွဲလို့ အိန္ဒိယခေါင်းဆောင်များအားလုံး ရှိနေပြီး မိတ်ဆက်ပေးခဲ့တယ်။ အဘူလ်ကလမ်အာဇတ် (နောင်ပညာရေးဝန်ကြီးဖြစ် လာသူ)နဲ့ အဲ့ဒီကစပြီး သိကျွမ်းလာခဲ့ပါတယ်။)

    ဗိုလ်ချုပ်က သူ့ကို ည ၈ နာရီလောက် အိမ်ကိုခေါ်ခဲ့ဖို့ ဗိုလ်ထွန်းလှကို ပြောတယ်။ ဗိုလ်ထွန်းလှက အဲ့ဒီအချိန်မှာ အစီအစဉ်တွေရှိတယ်လို့ပြောတော့ “ကျုပ်အဲ့ဒီအစီအစဉ်တွေကို ပြောင်းလိုက်တယ်။ ကိုရာရှစ်ကိုသာခေါ်ခဲ့ပါ” လို့ပြော တယ်။အိမ်မှာည၁၁နာရီလောက်အထိ မြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေတွေကို ပြောပြခဲ့တယ်။

    အဲ့ဒီနောက်ပိုင်းမှာ ဗိုလ်ချုပ်နဲ့ အမြဲတွေ့ဆုံခဲ့ပါတယ်။ တစ်နေ့မှာ ဗိုလ်ချုပ်က မြန်မာနိုင်ငံအစိုးရရဲ့ အလုပ်သမားအကြံပေး အရာရှိလုပ်ဖို့ပြောတယ်။ ဦးရာရှစ်က ငြင်းခဲ့ပါတယ်။ အိန္ဒိယကအလုပ်သမားအကြံပေးအရာရှိခေါ်ပေးမယ်လို့ ဦးရာရှစ်က ပြောခဲ့တယ်။ အကြောင်းအမျိုးမျိုးကြောင့်အဲ့ဒီအရာရှိ မလာနိုင်တာနဲ့ ဗိုလ်ချုပ်လည်း အကွက်ရ သွားပြီး “ဒါဆို ခင်ဗျား အဲ့ဒီတာဝန်ယူရမယ်ဆိုပြီး အလုပ်သမားရေးရာ ဥပဒေ ပြင်ဆင်ရေးကော်မတီမှာ ဦးရာရှစ်ကို ဥက္ကဋ္ဌခန့်လိုက်တယ်။ ၁၉၃၆ခုနှစ်၊ ကျောင်း သားသပိတ်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဦးရာရှစ်တို့ဟာ ရင်းနှီးခဲ့ကြတယ်။ ဦးရာရှစ်ရဲ့ ဆောင်ရွက်ချက်များကတော့….

    – ရန်ကုန်မြို့၊ မဂိုလမ်း (ယခုရွှေဘုံသာလမ်း)မှာရှိတဲ့ ရန်ဒေးရီးယား အထက် တန်းကျောင်း (ယခု အ.ထ.က-၂ ) မှာ စတင်ပညာသင်ကြားခဲ့ပြီး ငယ်ရွယ်စဉ်ကတည်းက ပညာထူးချွန်ခဲ့တယ်။ တန်းစဉ် ပထမ၊ ဒုတိယ ရခဲ့တယ်။ ၇ တန်းမှာ အစိုးရ စကောလားရှစ်ရခဲ့တယ်။ ၁၀ တန်းကို ဂုဏ်ထူး ၅ ဘာသာနဲ့ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှာ ပထမရခဲ့တယ်။ စကားရည်လုပွဲများ၊ ဟောပြောပွဲများမှာ လည်း ထူးချွန်ခဲ့တယ်။

    •. ၁၉၂၃ ခုနှစ်မှာ Muslim Students’ Society လို့ခေါ်တဲ့ မွတ်စလင်မ် ကျောင်းသားများအသင်းဝင်ခဲ့တယ်။ လက်ထောက် စာကြည့်တိုက်မှူး၊ အကျိုးဆောင်အတွင်းရေးမှူး၊ ဒု-ဥက္ကဋ္ဌအဖြစ် အဆင့်ဆင့်ဆောင်ရွက်ခဲ့ တယ်။ အဲ့ဒီအသင်းမှာ သူ အတွင်းရေးမှူးဖြစ်စဉ် မြန်မာပြည်မှာ ပထမ ဦးဆုံးတမန်တော်မွေးနေ့ကို ကျင်းပခဲ့တယ်။ အသင်းတိုက်တည်ရာ (ယခု ဗိုလ်ဆွန်ပက်လမ်းနဲ့ ဗိုလ်ချုပ်လမ်းဒေါင့်က ချစ်တီးဘုရားကျောင်းဘေးက နေရာမှာ အသင်းတည်ရှိပြီး ဖရေဇာလမ်း (ယခု အနော်ရထာလမ်း) မဂိုလမ်း (ယခု ရွှေဘုံသာလမ်း) အသင်းတိုက်ကို ပြန်ရောက်တဲ့အထိ Block တစ်ခု လှည့်လည်ခဲ့ကြတယ်။
    RUMSA and M.A Ra Shid
    • ၁၉၃၁ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (RUSU) ကို စတင်ဖွဲ့စည်းစဉ်က ပထမဦးဆုံးသောအတွင်းရေးမှူးဖြစ်ပြီး (၁၉၃၅-၃၆) သမဂ္ဂမှာ ဒု-ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ၁၉၃၆ ခုနှစ်၊ ဇွန်လ သမဂ္ဂ ရွေးချယ်ပွဲမှာ ဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက် ခဲ့ပါတယ်။ သူ ဥက္ကဋ္ဌ ဖြစ်စဉ်မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗ.က.သ)ဖွဲ့စည်း ရန် အကြံပြုခဲ့ပြီး၊ ဗ.က.သ ရဲ့ ပထမဦးဆုံးသော ဥက္ကဋ္ဌအဖြစ် တာဝန် ပေးအပ်ခြင်းခံရပါတယ်။ ထိုစဉ်က တက္ကသိုလ်အုပ်ချုပ်ရေးကောင်စီသို့ ပထမဦးဆုံးစေလွှတ်ခံ ရတဲ့ကျောင်းသား ကိုယ်စားလှယ်လည်းဖြစ်ခဲ့တယ်။

    • ၁၉၃၉ ခုနှစ်၊ မြို့တော်ခန်းမမှာ ကျင်းပတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်မ် လူငယ်များညီလာခံမှာ ဦးရာရှစ်ကို ဥက္ကဋ္ဌအဖြစ်တင်မြှောက် ခဲ့ကြတယ်။ ဗိုလ်မှူးးဘရှင်က အတွင်းရေးမှူးအဖြစ်တင်မြှောက်ခံရတယ်။

    • ၁၉၃၇ ခုနှစ်၊ ဥပဒေဘွဲ့ရပြီး၊ အစ်ကိုဒေါက်တာ ရအုဖ်နဲ့တွဲပြီး ရှေ့နေ လိုက်ခဲ့တယ်။ ဇေယျဝတီက လယ်ရှင်တွေနဲ့ လယ်သမားတွေဖြစ်တဲ့ အမှုမှာ လယ်သမားများဘက်ကလိုက်ပါဆောင်ရွက်ပေးခဲ့တယ်။အမှုကို စေ့စပ်ကျေအေးပေးခဲ့ပါတယ်။ တီတီလုစ် (ပါမောက္ခ လုစ်ရဲ့ဇနီး) ရဲ့ ကလေးသူငယ်တရားရုံးမှာ လူတစ်ဦးက ကလေးသူငယ်တစ်ဦးကို စက်ဘီးနဲ့တိုက်မိတဲ့အမှုမှာ ကလေးဘက်မှာ လိုက်ပါဆောင် ရွက်ခဲ့တယ်။

    • စစ်ကြီးအတွင်း အိန္ဒိယမှာရှိပြီးအလုပ်သမား အရာရှိအဖြစ်စတင် ဆောင်ရွက်ခဲ့တယ်။ နောက်တော့ဒေသဆိုင်ရာ အလုပ်သမားရေးရာကော်မရှင်နာ အဖြစ် တာဝန်ယူခဲ့တယ်။ အလုပ်သမားသပိတ်တစ်ခုကို အောင်မြင်စွာစေ့စပ် ပေးနိုင်ခဲ့တယ်။

    • ဗိုလ်ချုပ်ရဲ့တာဝန်ပေးချက်အရ အလုပ်သမားရေးရာ ဥပဒေပြင်ဆင်ရေး ကော်မတီ မှာဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ခဲ့တယ်။ ၀ါဏိဇ္ဇပဋိပက္ခ ခုံရုံးမှာ ပထမအဖွဲ့ဝင်အဖြစ် ခန့်အပ်ခံရပြီးနောက်ဥက္ကဋ္ဌအဖြစ်ဆက်လက်ဆောင်ရွက်ခဲ့တယ်။ ပင်လယ်ကူး သင်္ဘောများ ကုန်တင်ကုန်ချ အလုပ်သမားများ အလုပ်ရရှိရေး ကော်မတီ ဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်ခဲ့ တယ်။

    • အိန္ဒိယ၊ မြန်မာ၊ ပါကစ္စတန်၊ ကိုလိုနီနယ်များကို ဗြိတိသျှက လွတ်လပ်ရေး ပေးတော့မယ့်အချိန်မှာ နယ်စပ်ပြဿနာ တစ်ခုပေါ်လာခဲ့တယ်။ နယူး ဒေလီ၊ စစ်တကောင်းက လူအချို့က ရခိုင်မြောက်ပိုင်းကိုအရှေ့ပါကစ္စတန်နယ်ထဲ ထည့်သွင်းဖို့ ပါကစ္စတန်ဝန်ကြီးချုပ်ဖြစ်လာမဲ့ မစ္စတာ ဂျင်းနားကို ဖိအားပေးခဲ့ကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းက သိလျှင်သိချင်း ဦးရာရှစ်ကို မိမိရဲ့ကိုယ်စားလှယ်အဖြစ်နဲ့ မစ္စတာဂျင်းနားဆီလွှတ်ပြီး ဆွေးနွေးစေခဲ့တယ်။ရခိုင်မြောက်ပိုင်းကိုမြန်မာနိုင်ငံနယ်နိမိတ်ထဲမှာပါ ၀င်အောင် ဦးရာရှစ်က ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။

    • အာရှဆက်ဆံရေးညီလာခံ (Asian Relation Conference) ကို ဦးရာရှစ် ဦးဆောင်တက်ရောက်ခဲ့တယ်။ အတွင်းရေးမှူးအဖြစ် ဒေါ်ခင်မျိုးချစ်၊ ၀တ်လုံတော်ရ ဦးကျော်မြင့်၊ ဒေါက်တာ ထင်အောင်၊ ဦးဝန် (မင်းသုဝဏ်)၊ ဦးသိန်းဟန် (ဇော်ဂျီ)၊ ဦးကိုကိုလေး (မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် ဖြစ်ခဲ့သူ)၊ ဦးဘလွင် (မြို့မ) တို့အဖွဲ့ဝင်များအဖြစ် ပါဝင်ခဲ့ကြတယ်။ မြန်မာနိုင်ငံအမျိုးသားရေးလှုပ်ရှားမှုအကြောင်းကို အဲ့ဒီညီလာခံမှာ တင်ပြခဲ့ ကြတယ်။

    • ဗိုလ်ချုပ်ကိုယ်တိုင်ဆောင်ရွက်ခဲ့တဲ့ ကမ္ဘာ့ရေးရာကောင်စီ (Burmese Council of World Affairs) မှာ ပထမဆုံး အတွင်းရေးမှူးအဖြစ်၊(၃)၊ (၄)နှစ်အကြာမှာ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့တယ်။

    • ကမ္ဘာ့ကုလသမဂ္ဂအသင်းချုပ် (World Federation of United Nation’s Association)မှာ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့တယ်။ ၁၉၄၇ ခုနှစ်ပိုင်း လောက်မှာ ဘူးသီးတောင်ဘက်မှာ သူပုန်ထသလိုဖြစ်တော့ ဗိုလ်ချုပ်ရဲ့ တာဝန်ပေးချက်အရ ဘင်္ဂလားပြည်နယ်ဝန်ကြီး (နောက်ပါကစ္စတန် ၀န်ကြီးချုပ်ဖြစ်လာသူ) မစ္စတာစာရစ်ဒီနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်။ မစ္စတာစာရစ်ဒီကလည်း ‘သူပုန်တွေကို မကူညီပါဘူး၊ သူများနိုင်ငံရေးများ မှာ ၀င်မရှုပ်ပါဘူး’လို့ အာမခံချက်ကတိရရှိခဲ့တယ်။

    • ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီဝင်အဖြစ်လည်း ကောင်း၊ လူမျိုးစုများဆိုင်ရာ ကော်မတီတွင်လည်းကောင်း၊ အင်္ဂလိပ် ဘာသာဖြင့် အခြေခံဥပဒေပြုစုရေး ကော်မတီတွင် လည်းကောင်း ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဖွဲ့စည်းပုံအခြေခံဥပဒေ(ပထမမူကြမ်း) ပြုစုရေးကော်မတီတွင်လည်းကောင်း ဆောင်ရွက်ခဲ့တယ်။

    • ၁၉၅၂ ခုနှစ်၊ ရန်ကုန်အရှေ့ပိုင်းကနေ အရွေးခံပြီး၊ အထက်လွှတ်တော် အမတ်ဖြစ်လာတယ်။ (၁၉၅၂ – ၅၄) ခုနှစ်များမှာ ပြည်သူ့အိုးအိမ်ပြန်လည် ထူထောင်ရေးနှင့်အလုပ်သမားဝန်ကြီးဖြစ်ခဲ့တယ်။အိုးအိမ်ဌာနကို သူရောက်ပြီးမကြာမီ ဖ.ဆ.ပ.လ ကွက်သစ်၊ ပြည်တော်သစ် (ပုဇွန်တောင် အနီး)၊ ဂျို့ကုန်းလမ်းသစ်၊ ဟယ်ပင်လမ်း၊ ပြည်ထောင်စုရိပ်သာ၊ ၆ထပ်ရုံးအသံလွှင့်ရုံ၊ စာပေဗိမာန်အဆောက်အဦး နဲ့ရန်ကင်းတိုက်တွေဆောက်လုပ်ပေးခဲ့တယ်။ ယာယီအဆောက်အအုံများ အဖြစ်ထီရုံ၊သင်္ဃန်းကျွန်း ဖ.ဆ.ပ.လ ကွက်သစ်နေရာတွေမှာ ဆောက်လုပ် ပေးခဲ့တယ်။ မန္တလေး၊ ပြည်မြို့များမှာ လည်းပြည်တော်သာ တိုက်များ၊ရွှေဘို၊တောင်ငူ၊ မော်လမြိုင်၊ မကွေးစတဲ့မြို့များမှာအိမ်ယာများ၊မိတ္ထီလာ၊ပြည်မြို့များ ဘက်မှာစံပြရွာများ၊ စံပြရွာများမှာစာသင်ကျောင်း၊ဆေးပေးခန်း၊အစည်းအဝေးခန်းမဆောင်များ ပါဝင်တယ်။ ရန်ကုန်မြို့တွင်R.I.T၊တောင်ကြီးမြို့မှာ စပ်စံထွန်းဆေးရုံတည် ဆောက်ပေးခဲ့တယ်။
    RUMSA193940
    • အလုပ်သမားရေးရာဝန်ကြီးဖြစ်စဉ်က လူမှုဖူလုံရေးစီမံကိန်း (Social Security Scheme) တစ်ရပ် အကောင်အထည်ဖော်ခဲ့တယ်။ အလုပ်ရှင်၊ အလုပ်သမားများနဲ့ အစိုးရက ထည့်ဝင်ငွေပေးရပါတယ်။ အလုပ်ရှင်က အလုပ်သမားများရဲ့ ၄ ဆ၊ အလုပ်သမားများနဲ့ အစိုးရက နည်းနည်းပဲ ပေးရတယ်။ အလုပ်သမားများရဲ့ ကျန်းမာရေး၊ နာရေး၊ လျော်ကြေး အလုပ်မရခင်ထောက်ပံ့ငွေ (Employment benefits) ကိစ္စများဆောင်ရွက် ရပါတယ်။ အာရှမှာ အအောင်မြင်ဆုံးစီမံကိန်းဖြစ်တယ်လို့ ထိုစဉ်က အိုင်၊ အယ်လ်၊ အို အကြီးအကဲဖြစ်တဲ့ မစ္စတာ ဇာလန်းကားက ချီးကျူးခဲ့တယ်။

    • အမေရိကန်သို့လည်း ဦးရာရှစ် ဦးဆောင်တဲ့အဖွဲ့တစ်ဖွဲ့သွားခဲ့တယ်။ ဒေါက်တာ ဘသန်း၊ ဒေါက်တာ မင်းစိန်၊ ဦးကျော်ခိုင် (သစ်တော)၊ ဦးခင် (စိုက်ပျိုးရေး)၊ ဦးထွန်းအောင် (တိရိစ္ဆာန်ဆေးကု ပါမောက္ခဟောင်း၊ ဒေါက်တာလှကျော်၊ ဦးဇာရဲလျှံတို့အဖွဲ့ဝင်များ အဖြစ်လိုက်ပါခဲ့ကြတယ်။ ဆေးရုံကြီးတစ်ရုံဆောက်ဖို့နဲ့ဆေးဝါးထုတ်လုပ်ရေးစက်ရုံ တည်ဆောက်ရန် သစ်တောဌာနသုတေသန ၊ စိုက်ပျိုးရေးသုတေသန၊ တိရိစ္ဆာန်ဆေးကု သုတေသနနဲ့ နို့ချက်စက်ရုံစတဲ့ အမေရိကန်အကူအညီ (American aid) ယူဖို့ အောင်မြင်စွာဆောင် ရွက်နိုင်ခဲ့ကြတယ်။ နယ်စပ်မှာ ကေ၊ အမ်၊ တီ ကိစ္စပြဿနာပေါ်လာတာနဲ့ စီမံကိန်းရပ်ဆိုင်းခဲ့တယ်။

    • အိန္ဒိယနဲ့ခွဲစဉ်က မြန်မာက အိန္ဒိယကို ပေးရမဲ့ကြွေးကျန်ကိစ္စ ၁၉၅၂ ခုနှစ်လောက်မှာ အိန္ဒိယက တောင်းခဲ့တယ်။ ကျန်တဲ့ငွေက ကျပ် ၄၈ ကုဋေ၊ အတိုးကျပ် ၂၃ ကုဋေ ပေါင်း ၇၁ ကုဋေကို အိန္ဒိယက တောင်းလာ ခဲ့တယ်။ ဦးနုက ဦးရာရှစ်က အိန္ဒိယ၀န်ကြီးချုပ် နေရူး ဆီလွှတ်လိုက်တယ်။ ဦးရာရှစ်ရဲ့ ကြိုးပမ်းမှုနဲ့ အိန္ဒိယက အတိုး ၂၃ ကုဋေမယူဖို့ သဘောတူခဲ့ တယ်။ ကျန်တဲ့ ၄၈ ကုဋေအနက် ပါကစ္စတန်ခွဲထွက်သွားလို့ ပါကစ္စတန် ဝေစုက ၈ ကုဋေ က အိန္ဒိယနဲ့မဆိုင်၊ ကျန်ကုဋေ ၄၀ ကိုလည်း မြန်မာက အိန္ဒိယကို ဈေးပိုယူဆန်ရောင်းပြီး ဒီကျန်ငွေကို ချေနိုင်ခဲ့တယ်။ နောက်ဆုံး ၂ ကုဋေကို၊ ၃ ကုဋေလောက် ကျန်တာကို တောင်းနေသေး တော့ ဦးရာရှစ်က “လျှော်လိုက်ပါတော့” လို့မေတ္တာ ရပ်ခံတာနဲ့ အိန္ဒိယက မြန်မာကို ကိုလံဘိုစီကိန်းအရ ကူညီတဲ့အနေနဲ့ အဲဒီ ၂ ကုဋေ၊ ၃ ကုဋေကို ပေးလိုက်ပါတယ်။ (အိန္ဒိယငွေအရဆိုရင် အကြွေး ရူပီ သန်း ၄၀၀ ၊ အတိုး ရူပီ သန်း ၂၀၀ ဖြစ်ပါတယ်။)

    • နောက်မြန်မာပြည်မှာ ငွေအကြီးအကျယ်လိုနေဒါနဲ့ ဦးနုက ဦးရာရှစ်ကို ကုဋေ ၂၀ ချေးခိုင်းတယ်။ အိန္ဒိယက ၅ ကုဋေသာချေးတယ်။ ဦးရာရှစ်ရဲ့ ကြိုးပမ်းမှုနဲ့ ကုဋေ ၂၀ ရအောင်ချေးနိုင်ခဲ့တယ်။

    • (၁၉၅၄-၅၆) ခုနှစ်မှာ ကုန်သွယ်မှုတိုးတက်ရေးနှင့် အလုပ်သမား ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ထိုစဉ်က ပထမဦးဆုံးအလုပ် က ရောင်းမထွက်တဲ့ ဆန်တန်ချိန်သိန်း ၂၀ ရောင်းဖို့ကိစ္စဖြစ်ပါတယ်။ အိန္ဒိယ၊ သီဟို၊ ဂျပန်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားစတဲ့ နိုင်ငံတွေမှာဆန်တွေကုန်အောင် ရောင်းချပေး နိုင်ခဲ့တယ်။ မြန်မာနိုင်ငံဆိုင်ရာ ရှရှားသံအမတ်နဲ့ ဆက်သွယ်ပြီး ဆန်ရောင်းချခဲ့တယ်။ အဲ့ဒီအချိန်ကစပြီး မြန်မာနိုင်ငံကအရှေ့အုပ်စုနဲ့ဆက်ဆံရေးပွင့်လာခဲ့တယ်။မြန်မာက ဆန်ရောင်းပြီး မြန်မာက လိုချင်တာ တွေယူဖို့ပေးမယ်။ တရုတ်၊ ရုရှား၊ ချက်ကိုစလိုဗေးကီးယား၊ ဟန်ဂေရီ၊ ယူဂိုစလေးဗီးယားတို့နဲ့ တစ်နိုင်ငံချင်း စာချုပ်ပြီး Clearance account ဖွင့်ပြီး ကုန်သွယ်ရေးတွေ လမ်းဖွင့် ခဲ့တယ်။

    • (၁၉၅၆-၅၈) ခုနှစ်များမှာ အလုပ်သမားနှင့် သတ္တုတွင်းဝန်ကြီး ဌာန၀န်ကြီး ဖြစ်စဉ်မှာ ရေနံရှာဖွေရေး၊သတ္တုရှာဖွေရေးနဲ့ မြန်မာများ အစားသွင်းခန့် ထားရေး ၊သန်လျင်ရေနံချက်စက်ရုံ တိုးချဲ့ရေးများဆောင်ရွက်ခဲ့ပါတယ်။

    • (၁၉၅၈ – ၆၀) ခုနှစ်များတွင် သတ္တုတွင်ဌာန၀န်ကြီးအဖြစ်ဆောင်ရွက်ခဲ့ တယ်။ ဘီအိုစီမှာ မြန်မာအမျိုးသားများ အစားထိုးရေးမူကို ဖိအားသုံးပြီး၊ ဘီအိုစီဥက္ကဋ္ဌကို မြန်မာအမျိုးသားအားရွေးချယ်ခန့်ထားခဲ့တယ်။ ရေနံပိုမို ရှာဖွေရေး၊ ကျောက်မီးသွေးတွင်းများ တိုးချဲ့ရေး၊ တောင်ကြီးပင်ပက်ဘက် မှာ သံရှာဖွေရေး၊ ဂျာမန်ပါရဂူများကို ခေါ်ယူပြီး သံမဏိစက်ရုံတည် ဆောက်ရေးများကို ကြိုးပမ်းခဲ့တယ်။

    • ၁၉၆၁ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့ ဂျနီဗာတွင်ကျင်းပသော ၄၅ ကြိမ်မြောက် နိုင်ငံတကာအလုပ်သမားညီလာခံကြီးတွင် သဘာပတိအဖြစ် ရွေးချယ် တင်မြှောက်ခံခဲ့ရတယ်။ အဲ့ဒီ ညီလာခံမှာ နိုင်ငံပေါင်း ၁၀၀ က ကိုယ်စားလှယ်ပေါင်း ၁၀၀၀ ကျော်တက်ရောက်တဲ့အထဲမှာ အရှေ့တောင် အာရှက ပထမဦးဆုံးသောရွေးချယ် ခံရတဲ့ ပထမဦးဆုံးသော မြန်မာနိုင်ငံ သားအဖြစ် ဂုဏ်ယူဖွယ်ရာ ကန့်ကွက်သူမရှိ ရွေးချယ်ခံခဲ့ရပါတယ်။

    • ရန်ကုန်တက္ကသိုလ်ကောင်စီတွင် ၁၅ နှစ်ခန့် ကောင်စီဝင်၊ မန္တလေး တက္ကသိုလ်ရဲ့ ပထမဦးဆုံးသော အဓိပတိ၊ မြို့ရွာစီမံသူများ တက္ကသိုလ် (အိန္ဒိယ)၏ဂုဏ်ထူးဆောင် အသင်းသား၊ ထိုင်းနိုင်ငံမှ ပထမဆင့်သရဖူချီး မြှင့်ခံရပါတယ်။ ၁၉၅၄-၅၈ ခုနှစ် Trade Union Congress (Burma) တွင် ဥက္ကဋ္ဌ၊၁၉၅၈-၆၀ခုနှစ်၊ မြန်မာနိုင်ငံ အလုပ်သမား အဖွဲ့တွင် ဒု-ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ခဲ့ပါတယ်။
    URashidandDASSK copy
    မွတ်စလင်မ်အဖွဲ့အစည်းများ

    • မြို့နယ်ပေါင်း ၄၂ မြို့နယ်၊ ခရိုင်ပေါင်း ၃၆ ခရိုင်၊ ကိုယ်စားလှယ်ပေါင်း ၄၅၇ဦးတို့ကရန်ကုန်မြို့၊ဇီနက်အစ္စလာမ်ယောက်ျားကလေးများ ဂေဟာမှာ စုဝေးတိုင်ပင်ကြပြီး၊ ၁၉၆၀ ခုနှစ်၊ မေလ ၂၂ ရက်နေ့မှာ ဗမာ မွတ်စလင်မ် အဖွဲ့(B.M.O)ကိုအဖွဲ့ဝင်ဦးရေရှစ်သောင်းကျော်နဲ့ဖွဲ့စည်းပြီး၊ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့ပါတယ်။

    • Islamic Society, Burma တွင် ဒု-ဥက္ကဋ္ဌအဖြစ် ကုရ်အာန်ဘာသာပြန် လုပ်ငန်းများကို အကောင်အထည်ဖော်ခဲ့တယ်။

    • မွတ်စလင်မ်၏ဗဟိုရန်ပုံငွေအဖွဲ့တွင် (၁၉၅၂-၇၂) ခုနှစ်အထိ ဥက္ကဋ္ဌအဖြစ် ကုရ်အာန်ဘာသာပြန်လုပ်ငန်း၊ ဘာသာရေးစာအုပ်စာတမ်းများ၊ မိဘမဲ့ ကလေးဂေဟာ၊ ဘာသာရေးကျောင်းများ၊ ဗလီများပြင်ဆင်ရေး၊ မော်လ၀ီ အဆင့်မြင့် ကျောင်းများတက်ရောက်ရေး၊ တက္ကသိုလ်ကျောင်းသူ/သားများ ပညာသင်စရိတ်ထောက်ပံ့ခြင်းများကိုဆောင်ရွက်ခဲ့ပါတယ်။

    • မွတ်စလင်မ်ဖောင်ဒေးရှင်း ဒု-ဥက္ကဋ္ဌ၊ ဇီးနတ်အစ္စလာမ် မိဘမဲ့ဂေဟာနှင့် ပညာရေးအသင်း ဒု-ဥက္ကဋ္ဌ၊ မွတ်စလင်မ်အခမဲ့ဆေးရုံအုပ်ချုပ်ရေးအဖွဲ့ ဒု-ဥက္ကဋ္ဌ၊ ဗမာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်မ် လူငယ်များ ကွန်ဖရင့် ဥက္ကဋ္ဌ၊ အစ္စလာမ်ရေးရာကောင်စီ ၁၉၅၄-၆၀ ခုနှစ်၊ ဒု-ဥက္ကဋ္ဌ ၊ ၁၉၆၀ -၇၂ ခုနှစ်၊ ဗမာ မွတ်စလင်မ်အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဗမာ မွတ်စလင်မ် ဂျမီတွလ်အုလ်မာ အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်၊ ဗမာ မွတ်စလင်မ်ပညာရေးအသင်းဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ရာတွင် ဗမာမွတ်စလင်မ် အထက်တန်းကျောင်း ၄-ထပ်အဆောက်အဦး သုံးပုံတစ်ပုံခန့် တည်ဆောက်ပြီးသောအခါ ၂ နှစ်ခန့်ကျောင်းဖွင့်ခဲ့ပါတယ်။ ဒုတိယအဆင့်တည်ဆောက်စဉ် ဆောက်လုပ် ရေးပစ္စည်းများနှင့်အတူ ပြည်သူပိုင်သိမ်းခံခဲ့ရတယ်။

    • ဒါတွေက ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦး ရဲ့ ဆောင်ရွက်ချက်တွေပါ။နိုင်ငံအတွက် ဘယ်လောက်စွမ်းစွမ်းတမံဆောင် ရွက်ခဲ့တယ်ဆိုတာကိုတွေ့မြင်နိုင်ပါတယ်။ဒါကြောင့်လည်း ဗိုလ်ချုပ်အောင်ဆန်းကသူ ကွယ်လွန်သည်အထိ လက်တွဲချင်တဲ့ပုဂ္ဂိုလ်လို့ ၁၉၃၆ ဒုတိယ ကျောင်းသား သပိတ်မှောက်စဉ် ကဦးရာရှစ်ရဲ့အော်တိုစာအုပ်ထဲမှာ ရေးခဲ့ဒါပါ။
    URashid4
    “M.A. San to M.A. Raschid,
    But there is no M.A. after our names.
    This is one point of resemblance between us
    But many others too which you know of course. We two have served together on the Union E.C. and perhaps
    will have to do so till our death.”

    “အမ်၊ အေ ဆန်းမှ အမ်၊ အေ ရာရှစ်သို့
    ဒါပေမဲ့ ကျွန်တော်တို့နာမည်တွေနောက်မှာ အမ်၊ အေ ဘွဲ့တွေမပါဘူး နော်။ ဒါ ကျွန်တော်တို့နှစ်ယောက်ရဲ့ တူညီတဲ့အချက်တစ်ချက်ဖြစ် တယ်။ အခြားတူညီချက်တွေကိုလည်း ခင်ဗျားသိနိုင်ပါတယ်။ သမဂ္ဂအမှု ဆောင်အဖွဲ့မှာ ကျွန်တော်တို့ အတူတူ အလုပ်လုပ်ခဲ့ကြတယ်။ သေ သည့်တိုင်အောင် လက်တွဲမဖြုတ်စတမ်း အလုပ်လုပ်ကြမယ်”

    အားလုံးကို ကျေးဇူးတင်ပါတယ်။
    ခင်မောင်ချို

    စတုတ္ထပိုင်း – NLD ဘယ်လိုလူတွေကို ရွေးချယ်မလဲ? (စတုတ္ထနိဂုံးချုပ် အပိုင်း) ကို ဆက်လက်တင်ပြပါမယ်။

    ဆက်စပ် ဆောင်းပါးများဖတ်လိုလျင်
    ———————————
    လူမှန်နေရာမှန် (အပိုင်း – ၁)
    http://www.m-mediagroup.com/news/50534

    လူမှန်နေရာမှန် (အပိုင်း -၂)
    http://www.m-mediagroup.com/news/50599

    ဦးရာရှစ်၏ တိုင်းပြည်အတွက် ဆောင်ရွက်ချက်များ (ရေးသူ ဒေါက်တာမောင်မောင်)
    http://www.m-mediagroup.com/news/7469

    ဒေါက်တာမောင်မောင် ရေးခဲ့တဲ့ ဦးရာရှစ်အကြောင်း
    http://www.m-mediagroup.com/news/7441

    ဗိုလ်ချုပ်ရွေးတဲ့ လူထုခေါင်းဆောင် ဗိုလ်ချုပ်ပေးချင်တဲ့ သာတူညီမျှအခွင့်ရေး
    http://www.m-mediagroup.com/news/1583

  • ဆော်ဒီရှိ သမိုင်းဝင်ဗလီများ ထိန်းသိမ်းရေးအစီအစဉ် စတင်

    ဆော်ဒီရှိ သမိုင်းဝင်ဗလီများ ထိန်းသိမ်းရေးအစီအစဉ် စတင်

    ဇန်န၀ါရီ ၁၀၊ ၂၀၁၆
    M-Media

    qiblatain

    – နိုင်ငံအတွင်းရှိ သမိုင်းဝင် ဗလီဝတ်ကျောင်းတော်ပေါင်း ၉၀၀ ကို ထိန်းသိမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ဆော်ဒီ ခရီးသွားလာရေးကော်မရှင်နှင့် အစ္စလာမ့်ရေးရာ ၀န်ကြီးဌာနတို့ သဘောတူညီချက် ရရှိခဲ့သည်ဟု သိရသည်။

    သမိုင်းဝင် ဗလီဝတ်ကျောင်းတော်များအား ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ၎င်းတို့နှစ်ဖွဲ့မှာ မြို့တော် ရီယာ့ဒ်တွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပြီး၊ ထိုလုပ်ငန်းအတွက် ၎င်းတို့ ပါဝင်ရမည့် အခန်းကဏ္ဍအသီးသီးအတွက် ဆုံးဖြတ် သဘောတူညီခဲ့ကြသည်။

    အမျိုးသားအမွေအနှစ်စင်တာ၏ အကြီးအကဲဖြစ်သူ မက်စ်ဟာရီ အလ်-နအီးမ်ကမူ ကော်မရှင်နှင့် ၀န်ကြီးဌာနတို့၏ သဘောတူညီချက်မှာ သမိုင်းဝင်ဗလီဝတ်ကျောင်းတော်များအား ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ကာကွယ်ရေး နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် တံခါးဖွင့်ပေးခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    သဘောတူညီချက်တွင် သမိုင်းဝင်ဗလီဝတ်ကျောင်းတော်များကို ပြင်ဆင်ခြင်းနှင့် လည်ပတ်ခြင်းတို့အတွက် စနစ်တစ်ခု ဖေါ်ဆောင်ရေးလည်း ပါဝင်သည်။

    အစ္စလာမ့်ရေးရာဝန်ကြီးဌာန၏ အကြံပေးဖြစ်သူ အဘ်ဒူရ် ရဟ်မန် အလ်-အက်စ်ကာရက်ကမူ မိမိတို့ဝန်ကြီးဌာနမှာ အဆိုပါ ဗလီဝတ်ကျောင်းတော်များအား စောင့်ရှောက်ရေးနှင့် လိုအပ်ချက်များ ပြည့်မီရေး ဆောင်ရွက်ရန် စိတ်အားထက်သန်သည်ဟု ပြောကြားခဲ့သည်။

    ဆော်ဒီရှိ သမိုင်းဝင်ဗလီဝတ်ကျောင်းတော်များ ကာကွယ်စောင့်ရှောက်ရေးအတွက် ကော်မတီကိုလည်း ၀န်ကြီးဌာနက ဖွဲ့စည်းခဲ့သည်ဟု အလ်-အက်စ်ကာရက်က ဆိုသည်။ ထို့ပြင် အဖွဲ့ခွဲများအနေဖြင့် ထိုလုပ်ငန်းတွင် ပူးပေါင်း ဆောင်ရွက်ရေးရန်အတွက်လည်း ၎င်းက တိုက်တွန်းခဲ့သည်။

    Ref: Arabnews