News @ M-Media
Blog
  • ဒုံးကျည်ကိစ္စနဲ့ ကျူးဘားရဲ့ ကတုံးပေါ်ထိပ်ကွက်မှု ခံလိုက်ရတဲ့ အမေရိကန်
    ဒုံးကျည်ကိစ္စနဲ့ ကျူးဘားရဲ့ ကတုံးပေါ်ထိပ်ကွက်မှု ခံလိုက်ရတဲ့ အမေရိကန်
    ဇန်န၀ါရီ ၈၊ ၂၀၁၆
    M-Media
    us 1
    – ၂၀၁၄ ခုနှစ်အတွင်းက စပိန်ကနေ အမေရိကန်ကို ပြန်ပို့စဉ်အတွင်း ပျောက်ဆုံးသွားခဲ့တဲ့ အမေရိကန် ဝေဟင်ကနေ မြေပြင်ပစ် Hellfire ဒုံးကျည်ဟာ ကျူးဘားကို ရောက်သွားခဲ့ပြီး အဲဒီကနေတစ်ဆင့် ဒုံးကျည်မှာ အသုံးပြုထားတဲ့နည်းပညာဟာ ပြိုင်ဘက်နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ရုရှား ဒါမှမဟုတ် မြောက်ကိုရီးယားကို ရောက်သွားမလားဆိုပြီး အမေရိကန် အာဏာပိုင်တွေက စိုးရိမ်နေတယ်လို့ Wall Street Journal (WSJ) က မနေ့မှာ ဖွင့်ချလိုက်ပါတယ်။
    အဲဒီဒုံးကျည်ဟာ ထိပ်ဖူးတပ်မထားပေမယ့်လည်း ဥရောပကနေ ပြန်ပို့တဲ့အချိန် စိုးရိမ်စရာကောင်းတဲ့ လမ်းကြောင်းပြောင်းပြီး ကွန်မြူနစ်ကျူးဘားကို ရောက်သွားမှုဟာ ရာဇ၀တ်မှုဆိုင်ရာ လှုပ်ရှားမှုကြောင့်လား၊ ဒါမှမဟုတ် အဖြစ်နည်းတဲ့ မှားယွင်းမှုတွေကြောင့်လား ဆိုတာကို စုံစမ်းစစ်ဆေးဖို့ အမေရိကန်အာဏာပိုင်တွေကို တိုက်တွန်းလိုက်သလို ဖြစ်စေခဲ့တယ်လို့လဲ သတင်းစာက ဆိုပါတယ်။
    ပြီးခဲ့တဲ့နှစ်အတွင်းမှာ ကျူးဘားနဲ့ အမေရိကန်တို့ရဲ့ ဆက်ဆံရေးဟာ သမိုင်းဝင်လောက်အောင် ကောင်းမွန်ခဲ့ပေမယ့်လည်း ပျောက်ဆုံးသွားတဲ့ ဒီဒုံးကျည်ကို ပြန်ရအောင်တော့ အမေရိကန်တို့ မလုပ်ဆောင်နိုင်ခဲ့ဘူးလို့ အမည်မဖော်လိုသူ ရင်းမြစ်တွေက WSJ ကို ပြောကြားခဲ့ပါတယ်။
    ရဟတ်ယာဉ်တွေမှာ မကြာခဏအသုံးပြုတဲ့ ဒီ Hellfire ဒုံးကျည်ကို ကျူးဘားက ပိုင်ဆိုင်တာ အမေရိကန်က မစိုးရိမ်ပေမယ့် ဒုံးကျည်နည်းပညာကို ကျူးဘားက အမေရိကန်ရဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ တရုတ်၊ ရုရှားနဲ့ မြောက်ကိုရီးယားတို့ကို မျှဝေလိုက်လားဆိုတာကိုတော့ အမေရိကန်က စိုးရိမ်နေပါတယ်။
    ဒီဒုံးကျည်ကို ၂၀၁၄ ခုနှစ်မှာ လက်နက် ကုမ္ပဏီ Lockheed Matin က အော်လန်ဒို နိုင်ငံတကာလေဆိပ်ကနေ စပိန်နိုင်ငံကို ပို့ဆောင်ပေးခဲ့တာဖြစ်ပြီး နေတိုးအဖွဲ့ရဲ့ စစ်ရေးလေ့ကျင့်မှုတွေမှာ အသုံးပြုခဲ့ပါတယ်။
    စပိန်ကနေ အမေရိကန်ကို ပြန်ပို့ဖို့လို့ ယူဆရတဲ့ ခရီးစဉ် ပထမအကျော့မှာ ဒုံးကျည်ဟာ ပစ္စည်းပို့တဲ့ လုပ်ငန်းတော် တော်များများကို ဖြန်သန်းခဲ့ရပါတယ်။
    ဟာဗားနားသို့ ရောက်ခြင်း
    မက်ဒရစ်က သယ်ဆောင်သွားမယ့် လေယာဉ်ပေါ်ကို ဒုံးကျည်တင်နေစဉ်အတွင်းမှာ အာဏာပိုင်တွေဟာ ဒုံးကျည်ပျောက်ဆုံးကြောင်းကို သတိပြုမိသွားတာဖြစ်တယ်လို့ ဂျာနယ်က ဆိုပါတယ်။
    အဲဒီနောက်မှာတော့ ဒုံးကျည်ဟာ ပြင်သစ်လေကြောင်းက အသုံးပြုနေတဲ့ ထရပ်ကားတစ်စီးနဲ့ ပါသွားပြီး ပဲရစ်က ချားလ်စ်ဒီဂေါလ်လေယာဉ်ကွင်းကို ရောက်ရှိခဲ့ကာ အဲဒီကနေတစ်ဆင့် ကျူးဘားကိုသွားမယ့် လေယာဉ်ပေါ် တင်ဆောင်မိခဲ့တာဖြစ်မယ်လို့ တာဝန်ရှိသူတွေက ဆုံးဖြတ်ခဲ့ကြပါတယ်။
    ဒုံးကျည်ကို ခြေရာခံမိတဲ့အချိန်မှာတော့ လေယာဉ်ဟာ ဟာဗားနားကို သွားနေတဲ့ လမ်းကြောင်းပေါ်မှာ ရှိနေခဲ့ပြီး ရောက်ရှိတဲ့အခါမှာ ကျူးဘား အာဏာပိုင်တစ်ဦးက သေတ္တာမှာကပ်ထားတဲ့ တံဆိပ်ကိုတွေ့လို့ သိမ်းယူခဲ့တာဖြစ်ပါတယ်။
    ၂၀၁၄ ခုနှစ် ဇွန်လ၀န်းကျင်လောက်မှာ ဒုံးကျည်ပျောက်ဆုံးသွားကြောင်းကို Lockheed Martin က သိရှိသွားပြီးနောက်ပိုင်း ဒီအဖြစ်အပျက်ကို အမေရိကန်အစိုးရထံ အကြောင်းကြားခဲ့တာဖြစ်တယ်လို့ WSJ က ဆိုပါတယ်။
    အမေရိကန်တရားရေးဌာနကတော့ ဒီကိစ္စကို စုံးစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
    တကယ်လို့များ ဒီဒုံးကျည်ဟာ ဟာဗားနာကို ရည်ရွယ်ချက်ရှိရှိ လမ်းကြောင်းပြောင်းသွားတာဆိုရင်တော့ ဒါဟာ လက်နက်ခဲယမ်း တင်ပို့မှု ထိန်းချုပ်ရေး အက်ဥပဒေနဲ့ ကျူးဘားအပေါ်ပြုလုပ်ထားတဲ့ ပိတ်ဆို့မှု ဥပဒေတွေကိုချိုးဖောက်တာဖြစ်ပါတယ်။
    ပြီးခဲ့တဲ့ ဇူလိုင်မှာ သူတို့ နှစ်နိုင်ငံဟာ တရားဝင် သံတမန်အဆက်အသွယ် ပြန်စခဲ့ပြီး မြို့တော်တွေမှာ သံရုံးတွေကိုလည်း အသီးသီး ပြန်လည်ဖွင့်လှစ်ခဲ့ကြပါတယ်။
    နှစ်ပေါင်း ၅၀ လောက် ကျူးဘားနဲ့ သီးခြားဖြစ်နေတဲ့အချိန် ကျူးဘားနိုင်ငံအတွင်း ဒီမိုကရေစီနဲ့ စီးပွားရေးပြောင်းလဲမှုတွေဖြစ်လာဖို့ အားပေးတိုက်တွန်းမှုတွေဟာ မအောင်မမြင်ဖြစ်ခဲ့တယ်လို့ သုံးသပ်တာကြောင့် သံတမန်ဆက်ဆံရေး ပြန်စဖို့ ဆုံးဖြတ်ခဲ့တယ်လို့ အိုဘားမားက ပြောကြားခဲ့ပါတယ်။
    ဒီပြဿနာဟာ ဒီလအတွင်း ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုနဲ့ပတ်သက်ပြီး အမေရိကန်က မြောက်ကိုရီးယားကို ဖိအားပိုမိုပေးနေတာ၊ ဆီးရီးယားပြည်တွင်းစစ်၊ ယူကရိန်းပဋိပက္ခ၊ တောင်တရုတ်ပင်လယ်အတွင်း လွတ်လပ်စွာ ရေကြောင်းသွားလာမှု စတာတွေအတွက် ရုရှား၊ တရုတ်တို့နဲ့ အတိုက်အခံလုပ်နေရတဲ့အချိန် တိုက်တိုက်ဆိုင်ဆိုင် ထွက်ပေါ်လာတာဖြစ်ပါတယ်။
    Ref: Channelnewsasia
    (Channelnewsasia တွင်ဖော်ပြသည့် US missile disappears, turns up in Cuba: WSJ ဆောင်းပါးကို လေးေ
    မာင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်)
  • အာဖရိက အကောင်းဆုံးဘောလုံးသမားဆုကို အူဘာမီယန် ရရှိ
    အာဖရိက အကောင်းဆုံးဘောလုံးသမားဆုကို အူဘာမီယန် ရရှိ
    ဇန်န၀ါရီ ၈၊ ၂၀၁၆
    M-Media
    Africa
    – ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူး ပီယာရီ-အီမီရစ် အူဘာမီယန်မှာ အာဖရိကအကောင်းဆုံး ဘောလုံးသမားဆုကို ယာယာတိုးယေးအား ကျော်ဖြတ်၍ ရရှိခဲ့သည်ဟု သိရသည်။
    ဒေါ့မွန်အသင်း၏ အားထားရသည့် တိုက်စစ်မှူး အူဘာမီယန်မှာ ယမန်နေ့က ပြုလုပ်ခဲ့သည့် အာဖရိက ဘောလုံးထူးချွန်ဆုပေးပွဲတွင် မဲအရေအတွက် ၁၄၃ မဲဖြင့် အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ခြင်းဖြစ်ပြီး ယာယာတိုးယေးမှာမူ ၁၃၆ မဲသာ ရရှိခဲ့သည်။
    ထို့ကြောင့် အူဘာမီယန်မှာ အလယ်အာဖရိက နိုင်ငံဖြစ်သော ဂါဘွန်မှ အာဖရိက အကောင်းဆုံး ဘောလုံးသမားဆုရရှိသည့် ပထမဆုံးကစားသမား ဖြစ်လာခဲ့သည်။
    အူဘာမီယန်မှာ ပြီးခဲ့သည့် ဘောလုံးရာသီတွင် ဘွန်ဒစ်လီဂါ၌ ၂၉ ဂိုး သွင်းယူခဲ့ပြီး၊ ယခုရာသီတွင် ဘွန်ဒစ်လီဂါ၌ ၁၈ ဂိုး ယူရိုပါလိဂ်၌ ၇ ဂိုး သွင်းယူပေးထားသည်။ ၁၉၇၀ က စတင်ချီးမြှင့်ခဲ့သည့် အာဖရိကအကောင်းဆုံး ဘောလုံးသမားဆုကို ရရှိသူများတွင် အူဘာမီယန်မှာ ပထမဆုံး ဘွန်ဒစ်လီဂါအခြေစိုက် ကစားသမားဖြစ်ခဲ့သည်။
    “ဂါဘွန်ပြည်သူတွေကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ဒီဆုဟာ သူတို့အတွက်ပါပဲ။ လက်ရွေးအသင်းနဲ့ ဒေါ့မွန်အသင်းက အသင်းဖော်တွေကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ကျွန်တော်ဂိုးတွေသွင်းနိုင်တာဟာ သူတို့ရဲ့ ကူညီမှုကြောင့်ပါ။ အာဖရိက က လူငယ်တွေရဲ့ မိဘတွေအတွက် ကျွန်တော်ပြောချင်တာကတော့ ခင်ဗျားတို့ ကလေးတွေကို သူတို့ရဲ့ အိမ်မက်တွေ အကောင်အထည်ဖော်ခွင့် ပေးလိုက်ပါ ဆိုတာပါပဲ” ဟု အူဘာမီယန်က ဆုလက်ခံရယူပြီးနောက် ပြောကြားခဲ့သည်။
    Ref: Aljazeera
  • အီရန်နှင့် စစ်ဖြစ်မည်မဟုတ်ဟု ဆော်ဒီပြော
    အီရန်နှင့် စစ်ဖြစ်မည်မဟုတ်ဟု ဆော်ဒီပြော
    ဇန်န၀ါရီ ၈၊ ၂၀၁၅
    M-Media
    saudi 2
    ဆော်ဒီကာကွယ်ရေးဝန်ကြီး မိုဟာမက် ဘင် ဆလ်မန်
    – နှစ်နိုင်ငံ တင်းမာမှုများ မြင့်တက်နေသော်လည်း မိမိတို့မှာ အီရန်နှင့် စစ်မက်ဖြစ်ပွားမည်မဟုတ်ဘဲ မိမိတို့နှစ်နိုင်ငံကို စစ်ဖြစ်စေရန် တွန်းပို့နေသူများမှာ စိတ်သဘောထား မမှန်သူများသာဖြစ်သည်ဟု ဆော်ဒီအာရေဗျ ကာကွယ်ရေးဝန်ကြီး မိုဟာမက် ဘင် ဆလ်မန်က ပြောကြားလိုက်သည်။
    “ဆော်ဒီနဲ့ အီရန်အကြား စစ်ဖြစ်တာဟာ ဒေသတွင်းမှာ ကပ်ဆိုးကြီးကို အစပျိုးလိုက်တာပါပဲ။ ပြီးတော့ ကျန်ရှိနေတဲ့ ကမ္ဘာတစ်ဝှမ်းလုံးကိုလည်း ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားပါလိမ့်မယ်။ သေချာတာကတော့ ကျွန်တော်တို့ ဒီလိုမျိုး အဖြစ်မခံပါဘူး” ဟု ဆလ်မန်က The Economist နှင့် အင်တာဗျူးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
    ရှီအာဘာသာရေခေါင်းဆောင်အား ဆော်ဒီက ကွပ်မျက်မှုနှင့်ပတ်သက်၍ အီရန်တွင် ဖြစ်ပွားခဲ့သော ဆန္ဒပြမှုများအတွင်း ဆန္ဒပြသူများမှာ ဆော်ဒီသံရုံးကို တိုက်ခိုက်ခဲ့ပြီး၊ ထိုအဖြစ်အပျက်ကြောင့် ဆော်ဒီက အီရန်နှင့် သံတမန် အဆက်အသွယ် ဖြတ်တောက်ခဲ့သည်။ ဆော်ဒီ၏ ထိုလုပ်ရပ်ကြောင့် ကမ္ဘာ့နိုင်ငံများက စိုးရိမ်မိကြောင်း ပြောကြားခဲ့ကြသည်။
    ထိုကဲ့သို့ တင်းမာမှုများက စစ်ရေးပဋိပက္ခအသွင် ဆောင်သွားတော့မည်ဆိုသည့် ဖော်ပြမှုများလည်း ရှိခဲ့သည်။ သို့သော်လည်း ဆော်ဒီကာကွယ်ရေးဝန်ကြီးက ထိုကဲ့သို့ ဖြစ်မည်မဟုတ်ဟု ဆိုသည်။
    “(စစ်ဖြစ်ပွားဖို့ဆိုတာဟာ) ကျွန်တော်တို့ လုံးဝ မစဉ်းစားတဲ့အရာပါ။ ဒါမျိုးဖြစ်လာဖို့ တွန်းပို့နေတဲ့သူတွေဟာ စိတ်ထားမမှန်သူတွေပါပဲ” ဟု ဆလ်မန်က ထည့်သွင်းပြောကြားခဲ့သည်။
    ဆွေးနွေးရန် အဆင်သင့်ရှိနေ
    အီရန်သမ္မတ ဟာဆန်ရူဟာနီကလည်း ဆော်ဒီနှင့် သံတမန်ရေးရာတင်းမာမှု လျော့ပါးရေးအတွက် ဆွေးနွေးရန် အဆင်သင့်ရှိနေသည်ဟု ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။
    “ကျွန်တော်တို့ဟာ ဒေသတွင်းက နိုင်ငံအားလုံးနဲ့ ရင်းနှီးချစ်ခင်မှု၊ ညီရင်းအကိုဖြစ်မှုနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကို လိုချင်ပါတယ်” ဟု ရူဟာနီက ဆိုသည်။ ထို့ပြင် ဆော်ဒီအနေဖြင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်မှုကို ပြန်စဉ်းစားရန်အတွက် ဆော်သြခဲ့ပြီး IS အား ဘုံရန်သူအဖြစ် သဘောထားကာ တိုက်ခိုက်မှုတွင် အပြုသဘောဆောင်သည့် ကူညီမှုများကို ပေးရန်အတွက်လည်း တိုက်တွန်းခဲ့သည်။
    ရူဟာနီမှာ တီဟီရန်ရှိ ဆော်ဒီသံရုံးအား တိုက်ခိုက်မှုတွင် ပါဝင်သူများကို ဖမ်းဆီး၊ အရေးယူ၊ အပြစ်ပေးရန် အတွက်လည်း တရားရေးဌာနကို အမိန့်ပေးထားသည်။
    “တိုက်ခိုက်တဲ့သူတွေဟာ ရာဇ၀တ်ကောင်တွေဖြစ်ပြီး သူတို့ရဲ့ တရားမဲ့တဲ့ ဒီလုပ်ရပ်၊ အစ္စလာမ့်ရဲ့ သွန်သင်မှုနဲ့ မကိုက်ညီတဲ့ ဒီလုပ်ရပ်ဟာ အီရန်ရဲ့ နိုင်ငံတကာ ဂုဏ်သိက္ခာကို ထိခိုက်စေပါတယ်” ဟူ ရူဟာနီက ထည့်သွင်းပြောကြားခဲ့သည်။
    Ref: RT, IINA
  • ကျွန်ုပ်သိသမျှ မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်း အကြောင်း
    ကျွန်ုပ်သိသမျှ မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်း အကြောင်း
    ဇန်န၀ါရီ ၈၊ ၂၀၁၆
    M-Media
    north
    Hwa Islet ကာကွယ်ရေးတပ်ခွဲတစ်ခုအား မှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးနေသော မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်း (ဓာတ်ပုံ – Reuters)
    – ဗုံးခွဲစမ်းသပ်မှုအပေါ် နိုင်ငံတကာအသိုင်းအ၀ိုင်းမှ တွေးမြင်ယူဆချက်များနှင့်ပတ်သက်ပြီး သူသည် အလျဉ်း အရေးမလုပ်။
    မြောက်ကိုးရီးယားပြည်သူများစွာသည် ဇန်န၀ါရီ ၈ ရက်မှာ အထူးအလေးထားရမည့်နေ့ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဇန်န၀ါရီအစောပိုင်းကပင် သိမြင်ခဲ့ကြသည်။ ထိုနေ့သည်ကား ကြယ်လေးပွင့်ဗိုလ်ချုပ်ရာထူးသို့ လတ်လတ်ဆတ်ဆတ် တိုးမြှင့်ခံရသည့် လူငယ်တစ်ဦးကို အမှတ်တရဂုဏ်ပြုအခမ်းအနား၊ ၎င်းအပြင် မြောက်ကိုးရီးယား၏ထိပ်တန်းခေါင်းဆောင်ပိုင်းသို့ အဖွဲ့ဝင်အဖြစ် ထည့်သွင်းခြင်း စသည့်ဖြစ်ရပ်များကြောင့် ထင်ရှားသည်။
    ထိုလူငယ်၏အမည်က ကင်မ်ဂျုံအွန်း။ သူ့အား ယခုအခါကွယ်လွန်သွားပြီဖြစ်သည့် ချစ်လှစွာသောခေါင်းဆောင်ကြီးနှင့်စစ်တပ်အပေါင်းဦးစီးချုပ် ကင်မ်ဂျုံအီ၏သားအဖြစ် လူတိုင်းက သိရှိနေကြသည်။ သို့တိုင် တရားဝင်မီဒီယာ၌ အဆိုပါ မိသားစုဆက်နွှယ်မှုကို လူသိရှင်ကြား ဖော်ပြခြင်း အလျဉ်း မရှိခဲ့ချေ။
    သူသည် ၁၉၈၄ ခုနှစ်တွင် မွေးဖွားခဲ့သော်လည်း သူ့မွေးသက္ကရာဇ်အား လျှို့ဝှက်ထားသေး၏။ ဤသည်မှာ လူငယ်လေးတစ်ဦးအား အမွေစားအမွေခံအဖြစ် စီမံထားခြင်းအပေါ် စစ်သည်များ ထိတ်လန့်ကုန်မည်ကိုစိုး၍ ပြုလုပ်ထားခဲ့သည့် မြောက်ကိုးရီးယား၏နိုင်ငံရေးအစီအမံ ဖြစ်တန်ရာ၏။ ကင်မ်ဂျုံအီ၏ ကျန်းမာရေး ဆိုးဝါးနေစဉ်က သူ့လက်ရှိနေရာ ဆက်ခံမည့်သူကို မျှော်လင့်ထားသူဟူ၍ တစ်ဦးတစ်ယောက်မျှ မရှိခဲ့။
    ၂၀၁၀ ခုနှစ် စက်တင်ဘာလ၌ ပုံနှိပ်စာမျက်နှာများထက်တွင် ကင်မ်ဂျုံအွန်း၏အမည် ပထမဆုံး ထွက်ပေါ်လာသည်။ သို့သော် ၁၄ လတာမျှ လွန်မြောက်ချိန် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ၌ သူ့ဖခင်သည် ရုတ်တရက်ကွယ်လွန်ပြီးသည့်နောက် သူသည် မြောက်ကိုးရီးယား၏ ခေါင်းဆောင်အဖြစ် တင်မြှောက်ခံရသည်။
    ထိုစဉ်က လူငယ်လေးကင်မ်သည် အုပ်ချုပ်ရေးကောင်စီမှ အရေးပါသည့်အခန်းကဏ္ဍကို ပဲ့ထိန်းမောင်းနှင်နေကြသော သူ့ဖခင်၏၀ါရင့်အကြံပေးပုဂ္ဂိုလ်များ၏ နည်းပေးလမ်းညွှန်မှုကို နှစ်အနည်းငယ်မျှ ခံယူလိမ့်ဦးမည်ဟု လေ့လာသူအများစုက မျှော်လင့်ထားခဲ့ကြသည်။ (စင်စစ်၌ ထိုသူများသည် အမည်ခံမျှသာဖြစ်ကြသည်)။
    သို့သော်လည်း ကင်မ်ဂျုံအွန်းမှာ ကိုယ့်လမ်းကိုယ်ရှာဖောက်သူ ဖြစ်နေခဲ့သည်။ သူ့အုပ်ချုပ်မှု၏ ပထမဆုံးရက်သတ္တပတ်အတွင်းမှာပင် အခြေခိုင်ပြီးသော စနစ်များကို တစ်ခုပြီးတစ်ခု ချိုးဖောက်ခဲ့၏။ အုပ်ချုပ်ရေးဆိုင်ရာအကြီးအကဲများ၏အကြံပြုလမ်းညွှန်မှုကို အလေးအနက် မထားကြောင်း ပြသလိုက်ခြင်းဖြစ်သည်။
    နောက်ဆုံးတော့ ယင်းအနေအထားနှင့်ပတ်သက်၍ ထိပ်တန်းအကြံပေးပုဂ္ဂိုလ်သုံးဦးမှ အသံထွက်လာကြသည်။ အကြံပေးတစ်ဦးမှာ အစိုးရအစည်းအဝေးတစ်ခုအတွင်း ကင်မရာများရှေ့မှောက်မှာပင် အဖမ်းခံရပြီး နောက်တစ်ပတ်၌ ကွပ်မျက်ခံရသည်။ နောက်တစ်ဦးမှာ တနင်္ဂနွေနံနက်ခင်းတွေ့ဆုံမှုအတွက် ဖိတ်ကြားခံရပြီးနောက် ၎င်းနှင့်စပ်လျဉ်းပြီး မည်သည့်အသံ မကြားရတော့။ ကင်မ်၏အဒေါ်အရင်းခေါက်ခေါက်ဖြစ်နေသော နောက်ထပ်တစ်ဦးမှာကား နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံလိုက်ရသည်ဟု ဆိုကြသည်။
    ကင်မ်ဂျုံအွန်းမှာ သူ၏သဘောထားတင်းမာမှုကိုယ်ရည်ကိုယ်သွေးကို သူကိုယ်တိုင်ကပင် ခင်းကျင်းပြသခဲ့သူဖြစ်၏။ တိုတောင်းလှသော သူ့လက်ထက်အတွင်း စစ်တပ်ဗိုလ်ချုပ်များ၊ ကက်ဘိနက်ဝန်ကြီးများ၊ ပါတီအတွင်းရေးမှူးများ ကဲ့သို့ ထိပ်တန်းအရာရှိပေါင်း ၇၀ ကျော်ကို သုတ်သင်ခဲ့ပြီးလေပြီ။
    ကျွန်ုပ်တို့မှ ဖော်ပြရန် မမေ့သင့်သည့်သူများရှိနေ၏။ ယမန်နှစ်က ကာကွယ်ရေးဝန်ကြီးသည် ဧပြီလအတွင်း ပျောက်ဆုံးသွားခဲ့ပြီး၊ ၎င်းမှာ ကွပ်မျက်ခံလိုက်ရသည်ဟု လူအများစုမှ ယုံကြည်ထားကြသည်။ ထို့အပြင် တောင်ကိုးရီးယားနှင့် စေ့စပ်ညှိနှိုင်းရေးခေါင်းဆောင်သည် လူ ၁၀၀ စီးနင်းလိုက်ပါလာသော ကားတစ်စီးအတွင်း ယာဉ်မတော်တဆမှုဖြင့် ကံဆိုးလှစွာ သေဆုံးခဲ့ကြောင်း အသံထွက်ခဲ့၏။
    အူကြောင်ကြောင် ဆံပင်ပုံစံ၊ ကို့ယို့ကားရား ၀တ်စားဆင်ယင်မှု၊ ထိပ်တန်းအရာရှိများအား သုတ်သင်ရှင်းလင်းရေး၌ ခုံမင်နှစ်သက်နေခြင်းတို့ကြောင့် ကင်မ်ဂျုံအွန်းမှာ ကမ္ဘာ့မီဒီယာများအလယ် ပြောင်လှောင်စရာသတ္တ၀ါ ဖြစ်လာခဲ့သည်။ သို့သော် ယင်းသို့ဖော်ပြချက်များက သူ၏အမှန်တကယ်ထူးခြားသည့်အောင်မြင်မှုများကို ကျွန်ုပ်တို့အား မျက်စေ့လျှမ်းသွားစေခဲ့၏။
    တောင်ကိုးရီးယားလူ့အဖွဲ့အစည်း၏ခေါင်းဆောင်ပိုင်းမှ သူ၏ပြိုင်ဖက်ဖြစ်သူများကပင်လျှင် အဆိုပါ ချာတိတ်ခေါင်းဆောင်သည် မြောက်ကိုးရီးယားသားအများစုအကြား အလွန်ရေပန်းစားလူကြိုက်များနေကြောင်း ယေဘူယျအားဖြင့် ၀န်ခံထားကြရသည်။
    သူ၏ ဖြုတ်ထုတ်သတ်အုပ်ချုပ်ရေးမှာ ပြုံးယမ်းရှိ လက်တစ်ဆုပ်စာ အခွင့်ထူးခံများအား ထိခတ်လှုပ်ခတ်သွားသော်လည်း လူနေမှုအဆင့်အတန်းများမှာမူ ခပ်ကြမ်းကြမ်း တိုးတက်လာသည်ကို တွေ့ရပေသည်။
    ဤသည်မှာ အနောက်တိုင်းမီဒီယာပရိသတ်များအဖို့ အထူးတဆန်း ဖြစ်သွားစေပေမည်။ ကင်မ်ဂျုံအွန်း၏ လေးနှစ်တာမျှ အုပ်ချုပ်မှုကာလလေးအတွင်း အရေးပါသောတိုးတက်မှုများ ထင်ထင်ရှားရှား ဖြစ်ပေါ်ခဲ့သည်။ နှစ်စဉ်တိုးတက်မှုနှုန်းက ပျမ်းမျှ ၃ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းအထိ ရှိနေသည်။ လွန်ခဲ့သောနှစ် ၂၀ ကာလ၌ စီးပွားရေးမှာ ဒလိမ့်ကောက်ကွေးကျဆင်းသွားပြီးနောက် ရပ်တန့်ဝပ်ဆင်းနေခဲ့၏။ ကင်မ်ဂျုံအီ၏နောက်ဆုံးနေ့ရက်များအတွင်း အနည်းငယ် ခေါင်းပြန်ထောင်လာသော်လည်း သူ့သားလက်ထက်တွင်မူ အရှိန်အဟုန်ဖြင့် တိုးတက်လာလေသည်။
    လယ်ယာစိုက်ပျိုးရေးအစီအမံများကို အပြောင်းအလဲလုပ်လိုက်ခြင်းမှသည် မည်သို့မျှ ထင်မှတ်မထားသော ဤအောင်မြင်မှုကို အကျိုးဆက်ဖြစ်ထွန်းသွားစေသည်။ မြောက်ကိုးရီးယားသားတို့မှာ ဆယ်စုနှစ်များစွာ ပုံသေခွဲတမ်းများဖြင့် နိုင်ငံတော်အတွက် အလုပ်လုပ်ခဲ့ကြသည်။ သို့သော် ကင်မ်ဂျုံအွန်းသည် အဆိုပါစနစ်ကို ၂၀၁၂ ခုနှစ်တွင် ပြောင်းလဲလိုက်သည်။
    ယခုသော် လယ်သမားတို့သည် သီးနှံများ၏ ၃၀ ရာခိုင်နှုန်းဝေစုအတွက် အလုပ်လုပ်ကိုင်နေကြလေပြီ။ သူတို့သည် ပို၍ ကြိုးစားလာသဖြင့် မြောက်ကိုးရီးယား၏ စားနပ်ရိက္ခာအနေအထားမှာ ခါတိုင်းနှင့်မတူအောင် ကောင်းမွန်တိုးတက်လာပုံရ၏။
    ပုဂ္ဂလိကစီးပွားရေးကဏ္ဍမွမ်းမံမှုတည်းဟူသော ကင်မ်ဂျုံအွန်း၏ ပေါ်လစီတစ်စိတ်တစ်ပိုင်းကိုလည်း မျက်စေ့လျှမ်းနေကြသည်။ ၎င်းမှာ လူအများအပြားမှ သိမြင်ထားသည်ထက်ပင် သြဇာကောင်းလျက်ရှိ၏။
    ကွန်မြူနစ်ဝါဒမှိုင်း အကြွင်းမဲ့ဖုံးလွှမ်းနေလင့်ကစား ယခုအခါတွင် မြောက်ကိုးရီးယား၌ ပုဂ္ဂလိကပိုင်စားသောက်ဆိုင်နှင့် တည်းခိုရိပ်သာများသာမက ပုဂ္ဂလိကပိုင် သတ္ထုတွင်းများ၊ ရေနံချက်စက်ရုံများနှင့် ငါးလုပ်ငန်းကုမ္ပဏီများကိုပင် တွေ့မြင်နိုင်ပေသည်။ ၎င်းတို့ကို ပုဂ္ဂလိကပိုင်အဖြစ် သတ်မှတ်ဖော်ပြမှုမရှိသော်လည်း အလွန်အကျိုးအမြတ်များပြားလှ၏။ သူ့ဖခင်နှင့်မတူကွဲပြားစွာ ကင်မ်ဂျုံအွန်းသည် ပုဂ္ဂလိကပိုင်စီးပွားရေးအား အုံ့ပုန်းလက်ခံထားပြီး အခါအားလျော်စွာ အားပေးအားမြှောက်ပြုပေးခြင်းကို တွေ့ရပေ၏။
    ကင်မ်ဂျုံအွန်းသည် ယခုနှစ်သူ၏မွေးနေ့တွင် သူ့ဖာသာသူ လက်ဆောင်ကောင်းတစ်ခု ပေးအပ်လိုက်သည်။ ဇန်န၀ါရီ ၆ ရက်နေ့က သူသည် အပူချိန်မြင့်နျူကလိယလက်နက်တစ်ခုကို ဖောက်ခွဲစမ်းသပ်ခဲ့၏။ ဤသည်မှာ မြောက်ကိုးရီးယားခေါင်းဆောင်က နိုင်ငံတကာအသိုင်းအ၀ိုင်းကို ကရုမစိုက်လှကြောင်း၊ မိမိပြည်တွင်း၌ ကြိုက်ရာလုပ်သည့်ကိစ္စ နိုင်ငံတကာမသက်ဆိုင်ကြောင်း ပြသလိုက်သည့် သတိပေးချက်တစ်ရပ်ဖြစ်လာသည်။
    မြောက်ကိုးရီးယား၏ လက်ဝေခံခေါင်းဆောင်ငယ်မှာ ၁၉၈၄ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ဧကန်ပင် သူ၏ ၃၂ နှစ်မြောက်ကို ကျင်းပနေခြင်းဖြစ်သည်။ ဤမွေးနေ့အထိမ်းအမှတ်လုပ်ရပ်ကလည်း သူ၏အာဏာရသက်တမ်း လေးနှစ်မြောက်နှင့် အတန်ပင် တိုက်ဆိုင်နေသည်။ သူအာဏာရခဲ့သည့် ရှေ့ပိုင်းနှစ်အနည်းငယ်က သွေးရူးသွေးတန်းဆန်ပြီး ပရမ်းပတာဖြစ်နေခဲ့သော်လည်း ကျဆုံးမှုမရှိခဲ့ကြောင်း ရှင်းလင်းလှသည်။ မည်သို့ပင်ဆိုစေ ၎င်းမြင်းရိုင်းစီးမူဝါဒမှာ အချိန်ကာလတစ်ခုအထိ တည်ရှိနေဦးမည်ဟု သုံးသပ်ရပါကြောင်း။
    Sorce : Al Jazeera
    (The Real North Korea : Life and Politics in the Failed Stalinist Utopia စာအုပ်ရေးသားသူ၊ ဆိုးလ်မြို့ Kookmin တက္ကသိုလ် ကိုးရီးယားရေးရာလေ့လာရေးပါမောက္ခ Andrel Lankov ရေးသားသော Kim Jong-un: What we know about the North Korean Leader ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုသည်။)
  • ပါလက်စတိုင်းမြေပေါ်တွင် အစ္စရေးက မြို့သစ်တည်မည်
    ပါလက်စတိုင်းမြေပေါ်တွင် အစ္စရေးက မြို့သစ်တည်မည်
    ဇန်န၀ါရီ ၈၊ ၂၀၁၆
    M-Media
    စူေ
    – အစ္စရေးစစ်တပ်က မီးရှို့ဖျက်ဆီးထားသော ပါလက်စတိုင်းရွာနှစ်ခုတွင် မြို့သစ်တစ်ခု တည်ဆောက်ရန် အစ္စရေးအစိုးရက အတည်ပြုခဲ့သည်ဟု သိရသည်။
    ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့သော ကြောငြာချက်၌ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက မြို့သစ်နှင့်ပက်သက်၍ “ဒရုဇ်လူမျိုးတွေအတွက် စီးပွားရေး၊ လူမှုရေးအကျိုးဖြစ်ထွန်းစေမည်” ဟု ပြောကြားခဲ့သည်။ ထို့ပြင် ယခုမြို့သစ်မှာ ၁၉၄၈ ခုနှစ် အစ္စရေးနိုင်ငံ တည်ထောင်ကတည်းက ဒရုဇ်လူမျိုးများအတွက် ပထမဆုံးတည်ဆောက်မည့်မြို့ ဖြစ်မည်ဟု ဆိုသည်။
    ထိုသို့ ဆောက်လုပ်ပေးခြင်းမှာ အစ္စရေးစစ်တပ်တွင် ရာခိုင်နှုန်းအမြင့်ဆုံးပါဝင်ပြီး နိုင်ငံရေးတွင်လည်း အရေးပါသည့် ဒရုဇ်လူမျိုးများကို ပေးထားသောကတိအား ဖြည့်ဆည်းပေးခြင်းဖြစ်ဟု နေတန်ယာဟုက ထည့်သွင်းပြောကြားခဲ့သည်။
    ယခုတည်ဆောက်မည့်မြို့မှာ ၁၉၄၈ ခုနှစ်က ဖျက်ဆီးခံထားရသည့် ဟစ်တင်နှင့် နမ်ရင်းဟုခေါ်သော ပါလက်စတိုင်းရွာနှစ်ရွာ၏ မြေပိုင်နက်တွင် ဖြစ်သည်။
    သို့သော်လည်း ဒရုဇ်လူမျိုးများမှာ ထိုလုပ်ရပ်ကို ဝေဖန်ခဲ့ကြသည်။ ဒရုဇ်လူမျိုးများ၏ ဘာသာရေးခေါင်းဆောင်ရှိခ်မူဝါကဖ် တာရီဖ်ကမူ အဆိုပါဆုံးဖြတ်ချက်အပေါ် များစွာအံ့သြမိသည်ဟု ပြောကြားခဲ့ကြောင်း ၎င်းနှင့်နီးစပ်သည့် ရင်းမြစ်ကို ကိုးကား၍ အစ္စရေးနေ့စဉ်သတင်းစာတွင် ရေးသားခဲ့ကြသည်။
    “ကျွန်တော်တို့ ဒရုဇ်တွေ ဒီလိုကိစ္စမျိုးကို လက်မခံနိုင်ပါဘူး” ဟု အငြိမ်းစားရဲအရာရှိ ခါလီလ် ဟာလာဘီက ပြောကြားခဲ့သည်။ “ဒရုဇ်ရွာတွေရဲ့ အနီးအနားဝန်းကျင်မှာ ဖွံ့ဖြိုးရေးလုပ်လို့ရတဲ့ မြေတွေ အမြောက်အများရှိပါတယ်”
    ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းနှင့် အရှေ့ဂျေရုစလင်ကို အစ္စရေးက သိမ်ယူပြီ ဆောက်လုပ်ထားသည့် တရားမ၀င်အိမ်ယာများတွင် နေထိုင်သူ ဂျူးများမှာ သန်းဝက်ကျော် ရှိနေသည်။ ကုလသမဂ္ဂနှင့် နိုင်ငံအများစုကမူ အစ္စရေး၏ ထိုကဲ့သို့ ကျူးကျော်နေထိုင်မှုကို တရားမ၀င်ဟု သတ်မှတ်ထားသည်။
    Ref: Presstv